” ၀ုန်း”

အား …. အား …. ဆူလိုက်တာနော်

၅ လွှာမှာနေတဲ့ကလေး ခုန်ခုန်ပြီးဆော့နေတာ  ၄ လွှာမှာနေတဲ့ ငုံတို့ နေ့စဉ်ကြားနေကျ မိုးကြိုးသံပေါ့။ ဒီကလေးခုန်လိုက်တဲ့ “၀ုန်း’ဆိုတဲ့အသံကြားတိုင်း ငုံ့ရဲ့ကလေးဘ၀တွေကို လွမ်းဆွတ်သတိရမိတယ် ….

ငုံတို့မှာက မောင်နှမ ၅ ယောက်ရှိတယ်၊ မမ ငုံ မောင်လေးနှစ်ယောက် ညီမလေးတစ်ယောက်ပေါ့၊ မောင်နှမတွေ ဆော့လိုက်တာမှ ကမ်းကုန်နေတာပဲ၊ အိမ်နီးချင်းတွေက အမေ့ကိုပြောတယ် ” ကလေးတွေက မျောက်နဲ့များ စပ်ကျထားတာလားဟယ်” တဲ့လေ၊ ငုံ ၁၀ နှစ်သမီးလောက်မှာပေါ့ အဖေကပြောတယ် ကလေးတွေကလည်း ကြီးလာကြတော့မှာဆိုတော့ အိမ်အကြီးကြီးဆောက်မယ်ပြောပြီးဆောက်တာပေါ့ အိမ်အသစ်က အမြင့်ကြီးပဲလေ အခင်းတွေခင်းနေတုန်း အကာတွေမကာရသေးခင် ၀ါးထရံကို သံ ၃ ချက်ရိုက်ပြီး ယာယီအနေနဲ့ကာထားတာပေါ့ အိမ်မပြီးခင် ကလေးတွေကျမှာစိုးလို့တဲ့ ငုံတို့မောင်နှတွေကလည်း မျောက်စပ်လေးတွေကိုး၊  ဒီလိုကာထားတော့ ငုံတို့ကပိုတောင်ကြိုက်သေး ၊ အိမ်ပေါ်မှာကစားနည်းမျိုးစုံကစားပြီးတော့မှ ငုံတို့မောင်နှမ အကြီး ၃ ယောက် ကစားစရာအသစ်တွေ့သွားတယ်လေ ၊ တစ်-နှစ်-သုံး လို့အော်အော်ပြီး အိမ်ဝါးထရံကို ကိုယ်လုံးနဲ့ပြေးပြေးတိုက်ကြတာ .. အိုး … ပျော်မှပျော်ပဲ၊ အဲ့လို “၀ုန်း”လိုက်ကြတာ ၇ ခါလောက်လဲ “၀ုန်း”ပြီးရော ထရံကြီးနဲ့အတူ မောင်နှမ သုံးယောက် အောက်ကို ကော်ဇောပျံကြီးစီးသလို ပါသွားပါလေရော… အောက်ကျပေမယ့် ထရံကြီးနဲ့အတူပါသွားတာဆိုတော့ လူတွေကတော့မနာဘူးပေါ့ ဒါပေမယ့် မမ ကတော့ မတ်တပ်ကြီးကိုမေ့လို့ … အဲ့နေ့ အိမ်ပေါ်ကကျတာမနာပေမယ့်  အမေ့ရဲ့ ၀ါးခြမ်းပြားနဲ့ ငုံတို့ခြေသလုံးနဲ့ ၃ ချက်စီမိတ်ဆက်လိုက်ကြရတယ်လေ …

### ရွာသူရွာသားတွေလည်း ကော်ဇောပျံစီးချင်တယ်ဆို ငုံ့မှာအတွေ့အကြုံရှိပါတယ်လို့၊ ဒါမှမဟုတ် အိမ်ကိုလိုက်လည်ပြီး စီးမယ်ဆိုလည်း အားလုံးကို ဖိတ်ခေါ်ပါတယ်နော် … ဘာရယ်မဟုတ်ပါဘူး မိုးလေးက အုံ့နေတော့ ငယ်ငယ်ကဘ၀လေးတွေကို လွမ်းဆွတ်မိနေလို့ ချရေးကြည့်မိတာပါ ။ ။ ။

 

About နှင်းဆီ ငုံ

နှင်းဆီ ငုံ has written 2 post in this Website..