အကယ်၍သာ …..

အကယ်၍သာ …
ယခုအချိန်တွင် သေဆုံးသွားခဲ့ပါရင်
ကျွန်ုပ်အတွက် ..
ငိုကြွေးမည့်သူ မည်သူရှိမည်နည်း ..
ကျွန်ုပ်အား ..
တမ်းတမည့်သူ မည်သူရှိမည်နည်း …

ကျွန်ုပ်၏ အသုဘအား
စိတ်ပါလက်ပါ ဆောင်ရွက်ပေးမည့်သူ
မည်သူ ရှိမည်နည်း …
ကျွန်ုပ်အတွက် ငွေတစ်မတ်
မည်သူ ထည့်ပေးပါမည်နည်း …
ကျွန်ုပ်၏ နောက်ဆုံးခရီးအား
လိုက်ပါပို့ပေးမည့်သူများမှာ မည်သူတို့ ဖြစ်မည်နည်း
ကျွန်ုပ်အတွက် စာတိုပေစ
ဘယ်သူက ရေးမည်နည်း …
ကျွန်ုပ်၏ အမည်အား
မည်သူက မှတ်တမ်းထားမည်နည်း ..

ကျွန်ုပ်အတွက် မည်သူက
အမျှပေးဝေမည်နည်း …
ကျွန်ုပ်အတွက် ရက်လည်ဆွမ်းသွပ်
မည်သူက ပြုလုပ်ပေးမည်နည်း …

အကယ်၍သာ …
သေလွန်ပြီး တစ်နှစ်ခန့်ကြာသည့်အခါ …
မည်သူက ကျွန်ုပ်အတွက်
အမှတ်တရ ဖြစ်နေမည်နည်း …
မည်သူက မှတ်မှတ်ရရ
ကုသိုလ်တွေ ဝေမျှပါမည်နည်း …

__________________________

အကယ်၍သာ …
သေလွန်ပြီးနောက် …..
ကံမကောင်း အကြောင်းမလှ၍
တိရစ္ဆာန် ဘုံဘဝ ရောက်ခဲ့ရပါက
အသားစား သတ္တဝါ
မဖြစ်ပါရစေနဲ့ …

အကယ်၍သာ …
ပြိတ္တာဘဝသား ဖြစ်ရပါကလည်း
ရဟန်းသံဃာနဲ့ နီးရာ
ခိုကပ်စားရသူသာ ဖြစ်ရပါစေ …

အကယ်၍သာ …
အသူရကာယ် သံသရာ
ကျင်လည်ရပြန်ကလည်း
နေ့စံသည့်အချိန်
ကောင်းမှုပြုနိုင်ပါစေ …

အကယ်၍သာ …
ငရဲအိုးမှာ တိုးဝှေ့ရပါကလည်း
ပြုခဲ့သည့် အပြစ်တို့ ကျေစေ …
ငရဲအိုးမှ တက်ရပါက
နိဗ္ဗာန်ကို မျက်မှောက်ပြုရသူ ဖြစ်ပါစေ …

အကယ်၍သာ …
နတ်ပြည်ဗိမ္မာန် စံမြန်းရပါက
ဥယာဉ်စခန်းမှာသာ အချိန်မကုန်ရ
တရားသဘင်မှာ ပျော်ရွှင်ရသူသာ
ဖြစ်ရပါစေ …

အကယ်၍သာ …
နတ်တို့၏မင်း သကြားမင်း
ဖြစ်ခဲ့ပါကလည်း
လူ့ဘုံကို ဆောင်မ
သာသနာ ထွန်းပအောင်
တွန်းအားပေးတတ်သူသာ ဖြစ်ရပါစေ …

အကယ်၍သာ …
ဈာန်အရာကြောင့်
ဗြဟ္မာဘဝ ရောက်ခဲ့ပါက
မေတ္တာ၊ ဂရုဏာ လွမ်းခြုံကာနဲ့
အေးချမ်းတဲ့ဓါတ်တွေ
သာသနာကို ဖြန့်ကြက်နိုင်ပါစေ …

အကယ်၍သာ …
လူ့ဘုံဘဝ ပြန်ရပါက
ဝိနည်းနဲ့ညီ
ရာဂမီးကို ငြိမ်းသတ်
ကိလေသာတောမှ ရုန်းထွက်
အဆုံးမသတ်တဲ့
သံသရာ ချားရဟတ်ကိုလည်း ရပ်
ရဟန်း အဖြစ်ကို ရည်မှန်းလျှက်
ကြည်သန့်တဲ့ အဖြစ်ကိုသာ
မျှော်တွေးမိပါတော့သတည်း …………………… ။

အထက်ပါ ကဗျာလိုလို၊ ဘာလိုလို စာများမှာ ဘာရယ်၊ ညာရယ် မဟုတ် စိတ်ကူးပေါက်တုန်း ရေးထားခြင်း ဖြစ်ပါကြောင်း ….. ။

ယခုကဲ့သို့ ကျွန်ုပ်၏ ဟိုလိုလို ဒီလိုလို စာများအား ဖတ်ရှုသည့်အတွက် ကျွန်ုပ်မှ ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားရင်းဖြင့် နိဂုံးမှာရပ် အဆုံးသတ်လိုက်ရပါတော့သည်။

အားလုံးသော သူအပေါင်းတို့
ကျမ်းမာ၊ ချမ်းသာ
ဝမ်းသာ လန်းဖြာနိုင်ကြပါစေသား …………..

မေတ္တာဖြင့်
မစ္စတာ တောက်တဲ့

(http://anzartone.wordpress.com/)

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။

   Send article as PDF