တိမ်ယံသစ္စာ အပိုင်း ( ၂၁ )

alinsettJuly 3, 20121min1447


”ကောလိပ်တက်ဖို့ ကားလိုမယ်လေကွာ”

ကျွန်တော် မျက်ရည်ဝိုင်းရပြီ။ ဘာဘာ့လက်ကို ကျွန်တော်ဆွဲယူပြီး ဖျစ် ထားသည်။ မျက်နှာများကိုကွယ်ထားသော မှောင်ရိပ်ကိုသာ ကျေးဇူးတင်မိတော့သည်။

”ကျေးဇူးတင်ပါတယ်၊ ဘာဘာ”

ကျွန်တော်တို့ကားထဲမှ ထွက်ပြီး ဖို့ဒ်ကားထဲဝင်သည်။ အပြာရင့်ရောင် ဂရင်းတော်ရီနိုကားဟု ဘာဘာဆိုသည်။ တိုက်တန်းကိုပတ်ပြီး ကျွန်တော် ကားမောင်း သည်။

ဘရိတ်၊ ရေဒီယိုနှင့် အချိုးအကွေ့ပြခလုတ်တို့ကို စစ်ဆေးသည်။ တိုက်တန်း မြေကွက်လပ်တွင် ကားရပ်ပြီး အင်ဂျင်ကို စက်သတ်သည်။

”ကျေးဇူးတင်ပါတယ် ဘာဘာ”
………………………

……………………….

…………………………..
____________________________________-

”ကျေးဇူးတင်ပါတယ် ဘာဘာ”

တကယ်တော့ သည့်ထက်များများ ပြောပြချင်ပါသည်။ ဘာဘာ့မေတ္တာ အတွက်၊ ဘာဘာလုပ်ပေးခဲ့သမျှ အဝဝအတွက် ကျွန်တော် မည်မျှတန်ဖိုးထားကြောင်း၊

မည်မျှစိတ်ထိခိုက်ရကြောင်း ပြောပြချင်ပါသည်။ သို့သော် ”ကျေးဇူးတင်ပါတယ်” ဟုသာ ပြောထွက်ခဲ့သည်။

ဘာဘာပြုံးပြီး ခေါင်းလှန်ထိုင်နေသည်။ ဘာဘာ့နဖူးက ကားအမိုးနှင့် ထိလုထိခင်။ ကျွန်တော်တို့စကားမဆိုဘဲ ကားထဲသည်အတိုင်းထိုင်ကာ အင်ဂျင်အေး ကျသွားသော

တတက်တက်အသံနှင့် အဝေးမှ ဥဩဆွဲသံကို နားစွင့်နေသည်။ ထိုစဉ် ကျွန်တော့်ဘက် ဘာဘာခေါင်းလှည့်လာပြီး ”ဒီကနေ့ ဟက်ဆန်သာရှိရင် ကောင်းမှာကွာ” ဟုဆိုသည်။

ဟက်ဆန့်အမည်ကို ကြားလိုက်ရစဉ် သံမဏိလက်တစ်စုံက ကျွန်တော့် လေရှုပြွန်ကို လာညှစ်သည်။ ကျွန်တော် ကားပြတင်းမှန်ကိုချပြီး

သံမဏိလက်များ ဖြေအလျော့ကို စောင့်နေခဲ့ရသည်။
္ထ
————————————–

နောက်တစ်နေ့တွင် အငယ်တန်းကောလိပ် တက်မည့်အကြောင်း ဘာဘာ့ကို ကျွန်တော်ပြောပြသည်။ ဘာဘာသည် လက်ဖက်ရည်ကြမ်းသောက်ရင်း ဖာလာစေ့ ဝါးနေသည်။

အရက်နာကျ၍ ခေါင်းကိုက်တိုင်း သူ့ဖာသာကုသော ဖြေဆေးဖြစ်၏။

”ကျွန်တော် အင်္ဂလိပ်စာ အဓိကယူမယ် စိတ်ကူးတယ်” ဘာဘာ့အဖြေကို စောင့်နေသောကျွန်တော် ရှုံ့မဲ့မဲ့ ဖြစ်လာသည်။

”အင်္ဂလိပ်စာ ဟုတ်လား”

”ဖန်တီးရေးသားမှု”

ထိုအချက်ကို ဘာဘာစဉ်းစားနေသည်။ လက်ဖက်ရည်ကြမ်းသောက် သည်။ ”ဝတ္ထုကို ပြောတာပေါ့။ မင်းက ဝတ္ထုရေးမယ်ပေါ့”

ကျွန်တော် ကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်နေလိုက်သည်။

”ဝတ္ထုရေးရင် ပိုက်ဆံရသလား”

”ကောင်းရင်တော့ရတာပေါ့ ဘာဘာ။ ကိုယ့်ကိုလူသိဖို့လည်း လိုသေးတယ်”

”လူသိဖို့က ဖြစ်နိုင်ချေ ဘယ်လောက်ရှိသလဲ”

”ဖြစ်တော့ဖြစ်တတ်ပါတယ်”

ဘာဘာ ခေါင်းညိတ်သည်။ ”မင်းစာရေးကောင်းလာတဲ့အချိန်ထိ၊ လူသိ လာတဲ့အချိန်ထိ စောင့်ရဦးမယ်။ ဒီကြားကာလမှာ မင်းဘာလုပ်မလဲ။ ငွေဘယ်လိုရှာ မလဲ။ မိန်းမယူရင် မိန်းမကို

ဘယ်လိုရှာကျွေးမလဲ”

ကျွန်တော် မျက်လုံးပင့်မကြည့်ရဲ။ ”ကျွန်တော် … ကျွန်တော် အလုပ်ရှာမယ်”

”ဩော … ဒီတော့ ငါနားလည်တာက မင်းဘွဲ့တစ်ခုရဖို့ နှစ်တွေ အသင်္ချေ စောင့်ရဦးမယ်ပေါ့။ ပြီးတော့ ငါလုပ်သလို အစုတ်အပြတ် အနုံအချာ အလုပ်တွေရှာမယ်။ မင်းကိုလူသိဖို့

မင်းရဲ့ဘွဲ့ကြီးက ကူညီမှိုင်းမပါလိမ့်မယ်ပေါ့။ ဖြစ်နိုင်ချေ ဘယ်လောက်ပဲနည်းနည်း ဟုတ်လား”

ဘာဘာသည် ပင့်သက်ကြီးကိုတင်ပြီး ဆေးကျောင်း ဥပဒေကျောင်း တကယ့်အလုပ်အကြောင်း စသဖြင့် ခပ်ပြတ်ပြတ် ပြောနေသည်။ ကျွန်တော့်ပါးပြင်များ ပူထွက်နေသည်။

ကျွန်တော့်အပြစ်မကင်း။ ဘာဘာ့အိုင်းအနာ၊ ဘာဘာ၏မဲညစ်နေ သော လက်သည်းများ၊ ကိုက်ခဲနေသော လက်ကောက်ဝတ်များ … ဤအရာများကို အရင်းပြု၍ ကျွန်တော်ကတော့

မိမိကိုယ်ကို လိုက်လျောနေသည်။ သို့သော် ကျွန်တော် ကြံ့ကြံ့ခံမည်။ ဘာဘာ့အတွက် ကျွန်တော်မိမိကိုယ်ကို မစတေးချင်တော့။ နောက်ဆုံး တစ်ခါ ဘာဘာ့အတွက်

ကျွန်တော်စတေးခဲ့စဉ်က ကျွန်တော်ကိုယ်တိုင် ငရဲကျခဲ့သည်။

ဘာဘာသည် သက်ပြင်းကြီးကို ချသည်။ ထို့နောက် လက်ခုပ်ထဲမှ ဖာလာစေ့အားလုံး ပါးစပ်ထဲ ပစ်သွင်းလိုက်တော့၏။

———————————————-

တစ်ခါတလေတော့လည်း ဖို့ဒ်ကားပေါ်မှ ကျွန်တော် မဆင်းတမ်းမောင်း ခဲ့သည်။ အရှေ့ပင်လယ်အော်မှ တောင်ပင်လယ်အော်ထိ၊ ကျွန်းဆွယ်ကို ထက်အောက် စုန်ဆန်

နာရီပေါင်းများစွာ မောင်းခဲ့သည်။ ရှင်ဘုရင်နှင့် လက်ဆွဲမနှုတ်ဆက်ဖူးသော အောက်တန်းလွှာဆင်းရဲသားများ ပဝတ္တိပြုရာ ကျွန်တော်တို့၏ ဖရီးမောင့်ရပ်ကွက်ထဲ လမ်းကြိုလမ်းကြားမကျန်

ကျွန်တော်မောင်းသည်။ ပြတင်းတွင် သံတိုင်ရံထားသော တစ်ထပ်အိမ်ကုပ်လေးများ၏ ဆင်ဝင်လမ်းတွင် ကျွန်တော့်ကားလို ဟောင်းမြင်း နေသော ကားများသာရှိသည်။ ကျွန်တော်တို့

ရပ်ကွက်ထဲတွင် ခြံနောက်ဘက်ကို ခဲသားရောင် သံဆန်ကာဖြင့် စည်းရိုးခတ်သည်။ ကစားစရာများ၊ ကားတာယာဟောင်းများ၊ ပုလင်းပတ်ကွာနေသော ဘီယာဘူးများ

အိမ်ရှေ့မြေကွက်လပ်တွင် ပြန့်ကျဲနေသည်။

သစ်ရိပ်တို့ဆိုင်းညို့ကာ သစ်ခွံနံ့သင်းပျံ့နေသော ပန်းခြံများလည်း ကျွန်တော်ရောက်သည်။ သားသေကောင်ကိုလုပြီး မြင်းကိုဒုန်းစီးပြေးရသည့် အာဖဂန် တို့၏ ရိုးရာ ‘ဘူကာရှီ’ ပွဲမျိုး

ငါးပွဲစာ တစ်ပြိုင်တည်း ကျင်းပနိုင်လောက်အောင် အလျားဆန့်သော ဈေးကိုလည်း ကျွန်တော်လိမ့်သည်။ လော့စ်အဲလ်တို တောင်ကုန်း များပေါ် ကျွန်တော်ကားမောင်းတက်သည်။

မှန်ပြင်ကျယ်ပြတင်းများ၊ ငွေခြသေ့င်္ စောင့်သော သံပန်းဂိတ်တံခါးများ၊ သူငယ်တော်ရုပ်ကလေးပါသော ရေပန်းများ၊ သေသေသပ်သပ် အနုစိတ်လူသွားလမ်းများ …

ထိုအိမ်ကြီးအိမ်ကောင်းများ၏ ဆင်ဝင်လမ်းတွင် တော်ရီနိုဖို့ဒ်ကား မရှိ။ ဝဇီရာအက္ခဘာခန်ရပ်ကွက်မှ ဘာဘာ့ အိမ်ကား အစေခံတန်းလျားနှင့် တူနေတော့၏။

စနေနေ့မနက်များတွင် ကျွန်တော်စောစောထပြီး အဝေးပြေးလမ်းမ ၁ရ အတိုင်း တောင်ဘက်ကိုမောင်းသည်။ စန်တာခရုစ်ကိုရောက်အောင် ခရုပတ်လမ်း အတိုင်း တောင်ကိုတက်၊

မီးပြတိုက်အိုကြီးဘေးတွင် ကားရပ်ပြီး နေလုံးကြီး တက်အလာကို စောင့်သည်။ ပင်လယ်ဘက်မှ ရစ်သိုင်းလှိမ့်ဝင်လာသော မြူများကို ကားထဲမှထိုင်ကြည့်သည်။

အာဖဂန်နစ္စတန်တုန်းကဆိုလျှင် ပင်လယ်ကို ရုပ်ရှင်ထဲ တွင်သာမြင်ဖူးသည်။ စာအုပ်ထဲပါသည့်အတိုင်း ပင်လယ်လေဟူသည် ဆားရနံ့ သင်းပျံ့နေသလော၊

ဟက်ဆန့်ဘေးနား မှောင်ထဲထိုင်ရင်း တွေးခဲ့ဖူးသည်။ ဟက် ဆန့်ကို ကျွန်တော်ကတိပေးခဲ့ဖူးသည်။ တစ်နေ့နေ့ကျမှ ပင်လယ်ရေမှော်တွေပေါ် လမ်းလျှောက်ဦးမည်။ ပစိ္စဖိတ်သမုဒ်အဏ္ဏဝါကို

ပထမဦးဆုံးမြင်လိုက်ချိန်တွင် ကျွန်တော် ဟစ်အော်မိတော့မလိုပင်ဖြစ်ခဲ့သည်။ ကလေးဘဝတုန်းက ရုပ်ရှင် ပိတ်ကားပေါ်ကြည့်ခဲ့ရသည့် ပင်လယ်များအတိုင်း ပစိ္စဖိတ်သည် အတိုင်းမရှိ မဟာ၊

အတိုင်းမသိ အပြာ။

တခါတလေတော့လည်း ညနေစောစော မိုးပျံလမ်းနံဘေး ကားရပ်ကာ စည်းရိုးကို မျက်နှာအပ်၍ တမျှော်တခေါ် ကားမီးတန်းကို ကျွန်တော်ရေတွက်သည်။ BMWများ၊၊ ပေါ်ရှေးများ၊

ကဘူးတွင် ကျွန်တော်မမြင်ဖူးခဲ့သည့် ကားများ။

အမေရိကန်ပြည်ထောင်စုကိုရောက်ပြီး နှစ်နှစ်ခန့်ကြာသည်အထိ ကျွန်တော် သည် ပြည်ထောင်စုကြီး၏ ပမာဏကို အံ့ဩနေရဆဲဖြစ်သည်။ လမ်းနောက်တွင်လမ်း၊

မြို့နောက်တွင်မြို့၊ တောင်တန်းနောက်တွင် တောင်ကုန်း၊ တောင်ကုန်းနောက်တွင် တောင်တန်း၊ လူတွေပြီးလျှင် လူတွေ … ။

အာဖဂန်နစ္စတန်ထဲ ရုရှားများ လှိမ့်ဝင်မလာခင်၊ စာသင်ကျောင်းနှင့် ကျေးရွာများ မီးရှို့အဖျက်ဆီးမခံရခင်၊ မိုင်းကျင်းများကို သေမင်းတမန် ပျိုးခင်းများ အဖြစ် မဖန်တီးခင်၊

ကလေးသူငယ်များကို ကျောက်တုံးဂူမသွင်းခင် အစောကြီး ကတည်းက ကဘူးသည် ကျွန်တော့်အတွက် တစ္ဆေမြို့ဖြစ်ခဲ့သည်။ နှုတ်ခမ်းကွဲ တစ္ဆေများ၏မြို့။

အမေရိကားကတော့ မတူ။ အတိတ်ကို သတိမရဘဲ အော်မြည်စီးဆင်း နေသော မြစ်တစ်စင်းမှာ အမေရိကားပင်ဖြစ်၏။ မြစ်ထဲ ကျွန်တော် တစွပ်စွပ် ဆင်းလျှောက်၍ရသည်။

ကျွန်တော့်ပြစ်မှုကို မြစ်ကြမ်းခင်းထိ ခဝါချပစ်ခဲ့သည်။ တစ္ဆေမရှိသော၊ အတိတ်မရှိသော၊ အတိတ်တစ္ဆေ မရှိသော … ခပ်ဝေးဝေး တစ်နေရာဆီရောက်အောင် မြစ်ရေက ကျွန်တော့်အား

သယ်ယူဆောင်ကျဉ်းပေးခဲ့သည်။ ဤတစ်ချက်ထဲနှင့် အမေရိကားကို ကျွန်တော် ထွေးပွေ့ခဲ့သည်။

—————————————–

၁၉၈၄ခု၊ နွေရာသီ၊ ကျွန်တော့်အသက် နှစ်ဆယ့်တစ်တွင် ဘာဘာသည် သူ့ကားဟောင်းကြီးရောင်းပြီး ကားစုတ်တစ်စီးဝယ်သည်။ အာဖဂန်အသိအကျွမ်းထံမှ ဒေါ်လာ ၅၅ဝဖြင့်

ဝယ်ခဲ့သော ၇၁ ခုထုတ် ဗောက်စ်ဝက်ဂွန်ဘတ်စ်ကားကြီးသည် ရစရာမရှိအောင် စုတ်ပြတ်နေသည်။ ကားဟောင်းကြီးကို ဂလုံဂလွမ်မောင်းဝင် လာလျှင် ရပ်ကွက်ထဲမှ

ဦးခေါင်းများလှည့်လာကြသည်။ ထိုအခါ ဘာဘာသည် စက်သတ်ပြီး ကားကို တိတ်တိတ်ကလေး လှိမ့်ဝင်လာသည်။ ကျွန်တော်တို့ သားအဖ ကားထဲငုတ်တုတ်ထိုင်ပြီး မျက်ရည်ထွက်အောင်

ရယ်ကြရသည်။ ရပ်ကွက်သူ ရပ်ကွက်သားများ ကြည့်မနေဖို့က ပိုအရေးကြီးသည်။

ဘတ်စ်ကားကြီး၏ဘော်ဒီသည် သနားစရာကောင်းလောက်အောင် သံချေး ကိုက်နေသည်။ ပြတင်းမှန်ကွဲများနေရာတွင် အိတ်စုတ်ကြီးများ အစားထိုးထားသည်။

ကားတာယာသည် ပြောင်ပွန်းလျက်။ ကားကူရှင်များ အောက်ခံစပရိန်အထိ အမြှောင်း မြှောင်း ကွဲလျက်။ သို့သော် ကားအင်ဂျင်နှင့် ဂီယာအုံ ဒေါင်ဒေါင်မြည်ကြောင်း

ကားရောင်းသူ ကျောင်းဆရာအိုကြီးက ဘာဘာ့အား အာမဘန္တေခံခဲ့သည်။

စနေနေ့များတွင် ဘာဘာက ကျွန်တော့်အား အစောကြီးနှိုးသည်။ ဘာဘာ အဝတ်အစားလဲနေစဉ် ကျွန်တော်က ဒေသမြေပုံတွင် အလုပ်ရုံကြော်ငြာများ ရှာပြီး ဝိုင်းထားသည်။

ဓာတ်ဘူးထဲမှ လက်ဖက်ရည်ငှဲ့သောက်ရင်း ဘာဘာကားမောင်းသည်။ ကျွန်တော်ကတော့ လမ်းပြ။ အလုပ်ရုံများတွင် ကားရပ်ပြီး စွန့်ပစ်ပစ္စည်း ထွေလီကာလီများဝယ်သည်။

အပ်ချုပ်စက်အဟောင်း၊ မျက်စိတစ်ဖက်လပ် ဘာဘီအရုပ်၊ တင်းနစ်ဘက်တံ၊ ကြိုးပြတ်ဂစ်တာ၊ လျှပ်စစ်ပန်းကန်ဆေးစက် စသည်တို့အတွက် ကျွန်တော်တို့ ဈေးဆစ်ရသည်။

တနင်္ဂနွေနေ့ မနက်ရောက်လျှင် စန်ဟိုဇေးလဟာပြင်ဈေးကို ကျွန်တော်တို့ ကားမောင်းပြီး ချီတက်ကြပါပြီ။ တစ်နေရာငှားပြီး ကားနှင့်တိုက်လာသော အစုတ်

အပြတ်များကို မြတ်သည်ဆိုရုံလောက်နှင့် ရောင်းသည်။ ၁ဝဒေါ်လာနှင့်ဝယ်ခဲ့သော စင်းဂါးအပ်ချုပ်စက်ကို ပြန်ရောင်းလျှင် ၂၅ဒေါ်လာခန့် ရသည်။

စန်ဟိုဇေးလဟာပြင်ဈေးသည် အာဖဂန်မိသားစုများ အုံလိုက်ကျင်းလိုက် အလုပ်လုပ်ရာနေရာ။ တစ်ပတ်ရစ်ပစ္စည်းများရောင်းသည့် အကွက်တွင် အာဖဂန် တေးများ ခြိမ့်ခြိမ့်လျှံနေသည်။

လဟာပြင်ဈေး အာဖဂန်များကြားထဲ ဖွင့်ဟ ထုတ်ဖော်မပြောထားသော စည်းမျဉ်းများရှိသေးသည်။ မျက်နှာချင်းဆိုင်မှ အာဖဂန် ငနဲတစ်ကောင်ကို သင်နှုတ်ဆက်၍ရသည်။ အာလူးနှင့်

သားရေစာစားဖို့ ဖိတ်ခေါ်ကာ စကားစမြည်ပြော၍ရသည်။ သူ့အမိအဖသေဆုံးမှုအတွက် သင် ဝမ်းနည်းစကား ပြော၍ရသည်။ သူ့သားသမီးမွေးဖွားမှုအတွက် သင်

ဝမ်းသာစကားပြော၍ရသည်။ အာဖဂန်နှင့် ရုရှားကိစ္စဆီ စကားရောက်သွားလျှင် သင်ဝမ်းနည်းပက်လက် ခေါင်းကြီးရမ်း၍ရသည်။ သို့သော် စနေနေ့ခေါင်းစဉ်ကိုတော့ သင်ရှောင်ရမည်။

မရှောင်လျှင် အဟောင်းဈေးအစ်အောက်နေသည်ဟု သင်အထင်ခံရတော့မည်။

လဟာပြင်ဈေးထဲ လက်ဖက်ရည်ကြမ်းထက် ပိုစီးမျောနေသည်က အာဖဂန်ကောလဟာလများဖြစ်သည်။ ဗာဒံစေ့ခပ်ထားသော အဖန်ရည်သောက်ရင်း

အတင်းအဖျင်းမျိုးစုံ ပြောမကုန်ကြ။ စေ့စပ်ပွဲဖျက်ပြီး အမေရိကန်ကောင်နှင့် လိုက်ပြေး သွားသော ဘယ်သူဘယ်ဝါ့သမီး၊ ကဘူးတွင် ကွန်မြူနစ်ဖြစ်သွားသူ၊ ဘယ်သူကတော့

လူမှုဖူလုံရေးငွေကို လက်ခံပြီး လက်သိပ်ထိုးဈေးဖြင့် အိမ်တစ်လုံးဝယ်ခဲ့ပုံ – အဖန်ရည်၊ နိုင်ငံရေး၊ အတင်းအဖျင်း စသည်တို့ကား အာဖဂန်လဟာပြင်ဈေး၏ အကျုံးဝင်သောပစ္စည်းများတည်း။

ဈေးလမ်းထဲ ဘာဘာလျှောက်လည်လျှင် ကျွန်တော် ဆိုင်ထိုင်ရသည်။ ကဘူးမှ အသိအကျွမ်းများတွေ့လျှင် ဘာဘာက လက်ကို

ရင်ဘတ်ပေါ်အုပ်၍ လေးလေးစားစား နှုတ်ဆက်သည်။ သံအမတ်ဟောင်း၊ အလုပ်ပြုတ်ခွဲစိတ်ဆရာဝန်၊ တက္ကသိုလ်ပါမောက္ခများနှင့် ရင်ဘောင်တန်းကာ စက်ပြင်နှင့် အပ်ချုပ်သမားများ အကျႌ

ဦးထုပ် အဟောင်းအမြင်းများ ရောင်းကြသည်။

———————————–

၁၉၈၄ ခု ဇူလိုင်လ၏ တနင်္ဂနွေတစ်မနက်တွင် ဘာဘာ ဆိုင်ထိုင်သည်။ ကျွန်တော်က သက်သာဆိုင်မှ ကော်ဖီနှစ်ခွက် သွားဝယ်ပြီး ပြန်အလာတွင် ဘာဘာက လူတစ်ယောက်နှင့်

စကားပြောနေသည်။ ဘာဘာ့ထက် အသက်ပိုကြီးသော ဧည့်သည်သည် ဥပဓိရုပ်ခန့်ငြားသည်။ ကော်ဖီခွက်များကို ကျွန်တော် ကားဘန်ပါပေါ် တင်လိုက်သည်။

”အေမားရေ … ဗိုလ်ချုပ်ကြီး ဆပ်တာဟီရီကို နှုတ်ဆက်ပါဦး။ ကဘူး မှာတုန်းက ကာကွယ်ရေးဌာနမှာ တာဝန်ထမ်းခဲ့တာ”

တာဟီရီ … ဘာကြောင့်များ ထိုအမည် ကျွန်တော်နှင့် ရင်းနှီးနေပါလိမ့်။

ဗိုလ်ချုပ်ကြီးသည် ပုံမှန်ပါတီပွဲတက်သလို ပြုံးရယ်နေသည်။ အရေးကြီး ပုဂ္ဂိုလ်များ၏ အသေးအမွှား ဟာသလေးများအပေါ် ရယ်ပြရသည့်အတိုင်းဖြစ်၏။

ဗိုလ်ချုပ်ကြီး၏ နေလောင်ထားသော နဖူးပြောင်ပြောင်ပေါ်တွင် ငွေရောင်လွနေသော ဆံပင်ပါးပါးကို နောက်လှန်ဖြီးထားသည်။ မျက်ခုံးဘုတ်သိုက်နှစ်ဖက်သည်လည်း ငွေရောင်။

ဝတ်စုံပြည့်သုံးထပ် ဝတ်စားထားပြီး ကိုလုံးရေမွှေးနံ့ရသည်။ အတွင်းခံ အကျႌမှထွက်ကျနေသော ရွှေနာရီကြိုး … စသော အဆာပလာများဖြင့် ပြောင်ပြောင် လက်လက်ရှိသည်။

”ဆာလမ်၊ မင်္ဂလာပါ မောင်ရင်လေးရေ”

ဗိုလ်ချုပ်ကြီး၏ အသံဩကြီးက မွန်ရည်နေသည်။

”ဆာလမ်၊ ဆပ်” ဟုဆိုကာ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ကြသည်။ ဗိုလ်ချုပ်ကြီး၏ ပိန်ပိန်ပါးပါးလက်ကလေးက အထင်နှင့်အမြင် ကွာခြားနေသည်။

စိုသောအသားအရည်အောက် သံမဏိချောင်း ထည့်ထားသည့်အလား ဆုပ်ကိုင်မှု အားပါလှသည်။ ”အေမားက စာရေးဆရာကြီးလုပ်မှာဗျ” ဟုဘာဘာပြောလိုက်ရာ ကျွန်တော်

ဘယ့်နှယ့်ကြီး ဖြစ်သွားမှန်းမသိ။ ”အေမားက ကောလိပ်ပထမနှစ်ပြီးပြီ။ အတန်းတိုင်း အေအဆင့်နဲ့ချည်း အောင်ခဲ့တာ” ဟု ဘာဘာဆက်ပြောနေသည်။

”အငယ်တန်းကောလိပ်ပါ” ဟု ကျွန်တော် အမှန်ဝင်ပြင်သည်။

‘ကိုယ့်တိုင်းပြည်အကြောင်း ရေးမှာလား။ ရာဇဝင်ကြောင်းလား၊ စီးပွား ရေးလား”

”ကျွန်တော် ဝတ္ထုရေးတာပါ”

ရာဟင်ခန်ပေးသည့် သားရေဖုံးမှတ်စုထဲ ဝတ္ထုတိုလေးများ ရေးသွင်းခဲ့ပုံကို သတိရပြီးပြောလိုက်ခြင်းဖြစ်သည်။ ထိုလူကြီးရှေ့တွင် ဘယ်လိုဖြစ်မှန်းမသိ၊ ကျွန်တော် အလိုလိုနေရင်း

အရှက်ရနေသည်။

”အား … စာဟောဆရာပေါ့။ အင်း … လူတွေ ဒုက္ခသုက္ခရောက်ချိန်မှာ လမ်းကြောင်းပြောင်းပေးဖို့ ဝတ္ထုတွေလိုအပ်တယ်” ဗိုလ်ချုပ်ကြီးသည် ဘာဘာ့ပခုံးပေါ် လက်တင်လိုက်ပြီး

ကျွန်တော့်ဘက်လှည့်လာသည်။ ”ဇာတ်လမ်းလေးတွေ ပြောရမယ် ဆိုရင် … မောင်ရင်လေးအဖေနဲ့ ဦးနဲ့ ဂျာလာလာဘက်မှာ ရစ်ငှက်လိုက်ပစ် ဖူးတယ်ကွဲ့။ နွေရာသီဆိုတော့

တကယ့်အချိန်ကောင်း။ ဦး မှတ်မိတာကို အမှန်အကန် ပြောမယ်နော်။ မောင်ရင်လေးအဖေဟာ စီးပွားရေးမှာ အမြင်စူးသလို တောလိုက် တော့လည်း အင်မတန် အမြင်စူးတယ်”

ဘာဘာသည် ဖျင်စပေါ်မှ သစ်သားရက်ကက်ကို ကန်သည်။ ”စီးပွားရေး တချို့တလေပါ” ဟုဆိုသည်။

ဗိုလ်ချုပ်ကြီးတာဟီရီသည် ယဉ်ကျေးစဖွယ်ရှိသော စိတ်မကောင်းသည့် အပြုံးဖြင့် သက်မချသည်။ ဘာဘာ့ပခုံးကို အသာအယာပုတ်သည်။ ”ဘဝဆိုတာ ဒီလိုပါပဲကွာ” ဟုဆိုသည်။

ဗိုလ်ချုပ်ကြီး၏အကြည့် ကျွန်တော့်ဘက်လှည့်လာကာ ”အာဖဂန်လူမျိုးဆိုတာက ဘာပြောပြော ပုံကြီးချဲ့ပြောတတ်ကြတာကလား။ လူတော် တော်များများက ကိုယ့်ကိုယ်ကိုယ်တော့

သူရဲကောင်းတံဆိပ်ကပ်ကြတယ်ကွ။ မောင်ရင့် အဖေကတော့ မတူဘူး။ ဒီတံဆိပ်နဲ့ တကယ်ထိုက်တန်တဲ့ လူနည်းစုထဲမှာပါတယ်”

ထိုအပြောတိုတိုလေးက ဗိုလ်ချုပ်ကြီး၏ ဝတ်စားပုံကို ပေါ်လွင်စေသည်။ သဘာဝမကျစွာ ပြောင်ပြောင်လက်လက်ဖြစ်နေသော ဝတ်စုံသည် ဝတ်ဖန်များလှပြီ။

”မြှောက်နေပြန်ပြီ” ဟု ဘာဘာပြောသည်။

”မမြှောက်ရပါဘူးဗျာ” ဟု ဗိုလ်ချုပ်ကြီးက ခေါင်းလေးငဲ့ကာ လက်ကိုရင် အုပ်တွင်ဖိပြီး နိဝါတတရားလက်ကိုင်ပြုသည်။

”သားသမီးတွေဟာ အဖေ့အမွေကို သိနားလည်ရမယ်။ ဒီကမောင်ရင် လေးကော အဖေကိုချစ်သလား”

”ချစ်တာပေါ့ ဆပ်” ဟု ဖြေပေးလိုက်သည်။ ကျွန်တော့်အား မောင်ရင်လေး ဟု ဆက်မခေါ်စေချင်တော့။

”ဝမ်းသာတယ်ဟေ့။ မောင်ရင့်အဖေကိုမီဖို့ လမ်းတစ်ဝက်ရောက်နေပြီ”

ထိုစကားကို ဗိုလ်ချုပ်ကြီးသည် နောက်ပြောင်ပြောနေခြင်း မဟုတ်။ သရော်ခြင်းမဟုတ်။ မာနတရားကို ချီးကျူးလိုက်ခြင်းသာဖြစ်၏။

”အဖေ၊ အဖေ့ လက်ဖက်ရည်”

မိန်းမပျိုလေးတစ်ဦး၏ အသံ။ ကျွန်တော်တို့နောက်တွင် ရပ်နေသော မိန်းကလေးသည် ပိတုန်းရောင်ကေသာနှင့် တင်ဝန်းကျပုံသွယ်လျသော အလှပဂေး လေးဖြစ်သည်။ လက်ထဲတွင်

ဓာတ်ဘူးနှင့်ပန်းကန်လုံး ကိုင်ထားသည်။ ကျွန်တော် မျက်တောင်ပုတ်သည်။ ကျွန်တော် နှလုံးအခုန်မြန်လာသည်။ ခုံးမျက်စလေးနှစ်ခု အလယ်တွင် ဆက်နေပုံသည် ပျံသန်းနေဆဲ

ငှက်ကလေး၏ အတောင်ပံများအလား။ နှာယောင်ခပ်ကောက်လေးကား ရှေးဟောင်းပါရှားမင်းသမီးလေးအတိုင်းဖြစ်၏။ ကော့မျက်တောင် ဝန်းရံထားသော သပြေညိုရောင်မျက်လုံးကြီးများ

ကျွန်တော်နှင့် ဆုံဆည်းသွားတော့ တစ်ခဏတန့်နေပြီးမှ ဖယ်ရှဲသွားသည်။

ဗိုလ်ချုပ်ကြီး တာဟီရီက မိန်းမပျိုထံမှ ပန်းကန်လုံးလှမ်းယူသည်။ ဈေးလမ်း နှစ်လမ်းခြားမှ အညိုရောင်ဗင်ကားဆီ ဓာတ်ဘူးပြန်ထားရန် မိန်းမပျိုလှည့်ထွက် သွားသည်။ မိန်းမပျိုလေး

လှည့်မထွက်ခင် ဘယ်မေးရိုးအထက်နားမှ တံဇဉ်ပုံစံ အညိုရောင် မွေးရာပါအမှတ်ကို ကျွန်တော်မြင်လိုက်သည်။

”ကျုပ်သမီး စိုးရာယာ” ဟု ဗိုလ်ချုပ်ကြီးပြောသည်။ စကားခေါင်းစဉ် ပြောင်းလိုဇောဖြင့် ပင့်သက်မောကြီးကိုတင်သည်။ ထို့နောက် အိတ်ဆောင်ရွှေနာရီကို ထုတ်ပြီး ”သွားဦးမှ၊

ဆိုင်ခင်းရဦးမယ်” ဟုဆိုကာ ဘာဘာနှင့် ပါးပြင်ကို အပြန်အလှန် နမ်းရှုတ်သည်။ ကျွန်တော့်မျက်လုံးများထဲကြည့်ပြီး ကျွန်တော့်ကို လက်နှစ်ဖက်စလုံးဖြင့် လက်ဆွဲနှုတ်ဆက်သော

ဗိုလ်ချုပ်ကြီး၏ အပြာဖျော့ဖျော့ မျက်လုံးများသည် ဘာကိုမျှ မဖော်ပြ။

ကျန်တစ်နေ့လုံး အညိုရောင်ဗင်ကားကို ကြည့်လိုသည့် ကျွန်တော့်ဆန္ဒကို တိုက်ထုတ်နေရသည်

အိမ်အပြန် လမ်းတစ်လျှောက်လုံး ‘တာဟီရီ’ ဆိုသောအမည် ကပ်ပါလာ သည်။ စိတ်ထင် ထိုအမည်သည် ကျွန်တော်နှင့်မစိမ်း။

”တာဟီရီ့သမီးအကြောင်း အပြင်မှာ ပြောတာကြားဖူးလား၊ ဘာဘာ” ဟု ပုံမှန်အသံရအောင် မနည်းကြိုးစားပြီး ဘာဘာ့ကိုမေးကြည့်သည်။

”မင်းငါ့အကြောင်း သိပြီးသားပဲ။ စကားဖောင်လာရင် ငါလှည့်ထွက် ခဲ့တာချည်း”

”ဒါပေမယ့် သိုးသိုးသန့်သန့်တော့ရှိတယ် မဟုတ်လား”

”မင်းကကော ဘာကြောင့်မေးနေရတာလဲ”

ဘာဘာက ကျွန်တော့်အား စပ်ဖြဲဖြဲကြည့်နေ၍ ကျွန်တော် ပခုံးတွန့်ပြပြီး မချိသွားဖြဲ ရယ်ပြလိုက်သည်။

”သိချင်ရုံသက်သက်ပါ”

”ဟုတ်လို့လားကွ။ ဒါအကုန်ပဲလား”

ဘာဘာ့မျက်လုံးများ ဆော့ကစားလိုရိပ်ဖြင့် ကျွန်တော့်ကိုကြည့်နေသည်။ အဝေးပြေးလမ်း ၆၈ဝ ကို ဦးတည်ကြသည်။ တစ်ခဏတော့ စကားမဆိုဖြစ်သေး။ ”တစ်ခါတုန်းကတော့

လူတစ်ယောက်ရှိခဲ့ဖူးတယ် … အရာရာ အဆင်မပြေဖြစ်လာ တော့လည်း …” ဘာဘာ ကျွန်တော့်အား လေးလေးနက်နက်ပြောနေပုံမှာ စိုးရာယာ တွင် ရင်သားကင်ဆာပဲ

ရှိနေတော့သယောင် အတည်ကြီးဖြစ်နေသည်။

”ဖြစ်ရလေ …”

”ကောင်မလေးက သိက္ခာရှိတယ်လို့ကြားတယ်။ အလုပ်လုပ်တယ်။ စိတ်သဘော နူးညံ့တယ်။ ဒါပေမယ့် ချစ်ရေးဆိုတဲ့လူ မရှိတော့ဘူူး။

ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ ………………………..

လာမခေါက်တော့ဘူး”

……………………..
……………………..
……………………..
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

7 comments

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 6:56 pm

    အူးဆတ်..အူးဆတ်..
    ဘယ်နှစ်ပိုင်းလောက်ကျန်တေးလဲဂျ
    အားလုံးပြီးရင် ပီဒီအက်ဖ်နဲ ့ ဆက်ဖတ်မယ်နော.
    ဂိန်..

  • အလင်းဆက်

    July 3, 2012 at 7:20 pm

    ဗိုက်ဗိုက်ရေ..နောက် ထပ် သိပ်မကျန်တော့ပါဘူး ။
    အပိုင်း..50 ကျော်တယ်..ဆိုတော့… နောက်ထပ် အပိုင်း..30 .ေ.လာက် ကျန်သေးတယ်..။
    စ…တင် ကာစ ထက်တော့ နည်းလာပါပြီ။ အဟိ ။

    အပိုင်း ငါးဆယ် ကျော်..ဆိုတော့..တစ်ပိုစ် ့ကို 30 နဲ ့….တွက် ..နည်းဘူး…ဟ။ အဟိ ။

  • မောင်ပေ

    July 3, 2012 at 10:11 pm

    အိုဗျာ
    ဘာဖြစ်ဖြစ် ကူးတယ်ဗျာ
    လက်မတစ်ချောင်း ထောင်ပေးခဲ့တယ်
    ဟုတ်ပြီလား
    ဟဲဟဲ

  • shwe kyi

    July 4, 2012 at 9:46 am

    ”အာဖဂန်လူမျိုးဆိုတာက ဘာပြောပြော ပုံကြီးချဲ့ပြောတတ်ကြတာကလား။ လူတော် တော်များများက ကိုယ့်ကိုယ်ကိုယ်တော့
    သူရဲကောင်းတံဆိပ်ကပ်ကြတယ်ကွ။ မောင်ရင့် အဖေကတော့ မတူဘူး။ ဒီတံဆိပ်နဲ့ တကယ်ထိုက်တန်တဲ့ လူနည်းစုထဲမှာပါတယ်”

    အာဖဂန်လူမျိုးမှမဟုတ်လောက်ဘူးနော် တို့နိုင်ငံကလူတော်တော်များများ ပုံကြီးချဲ့တတ်ကြတယ်ထင်တယ်။
    😀

  • mamanoyar

    July 4, 2012 at 2:17 pm

    လာဖတ်သွားပြန်ပြီနော်
    နောက်လဲဖတ်ဦးမယ်

  • မဂွတ် ထော်

    July 4, 2012 at 2:26 pm

    ဆက်လက်အားပေးသွားပမယ်

  • အလင်းဆက်

    July 4, 2012 at 7:55 pm

    ကိုကြီး.မောင်ပိန်..အဲ… မောင်ပေ…
    ကျွန်တော်…တင်ပေးရကျိုး နပ်ပါရဲ ့ဗျာ..။

    ရွှေကြည်..ရေ… ရွှေကြည့်ရဲ ့အမြင်ကလည်း…မှန်သင့်သလောက် မှန်ပါတယ် ။

    ကျွန်တော်တောင်..တစ်ခါ တစ်ခါ..ဆို ပုံကြီးချဲ ့ ပြီး.တွေးနေတတ်တယ်လေ..။

    မမနိုရာ..ရေ… အပိုင်းတိုင်း ကို လာ ဖတ်နေလို ့.ကျေးဇူးပါပဲ.ဗျ ။

    မဂွက်ထော်…လည်း..လာဖတ်တယ်…ဝမ်းသာ လိုက်တာဗျာ..။

    အားလုံးကို ခင်မင်လေးစားလျက်…

Leave a Reply