မင်္ဂလာပါခင်ဗျား…။
၂၀၁၂ မတိုင်ခင်တုန်းက…
၂၀၁၂မှာ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ကြောင့် ကမ္ဘာပျက်မယ် ဆိုပြီး ကောလဟာလ တွေဖြစ်ခဲ့ ၊ ရုပ်ရှင်ဇါတ်ကားတွေ ထွက်ခဲ့ပေမယ့် .. ယနေ့ ၂၀၁၂ မှာ ကမ္ဘာကြီးဟာ ဘာမှမဖြစ်ပါဘူး ။ အေးဆေးပါဘဲ ။ အေးဆေးဆိုပေမယ့်လည်း ကမ္ဘာပေါ်မှာ ငလျင်ကြီးတွေ မုန်တိုင်းတွေ ရေကြီးတာတွေ မြေပျိုတာတွေ တော့ ဖြစ်တာပေါ့ဗျာ ။ ကျုပ်တို့ မြန်မာနိုင်ငံမှာတော့ ရေကြီးတာရယ် ၊ ငလျင်အသေးစားလေးတွေ လှုပ်တာတွေလည်း ဖြစ်ခဲ့ပါတယ် ။ အဲဒါခဏထားဗျာ…
အခုရေးမယ့်စာကတော့ မောင်ပေ့အကြောင်းပါဘဲ…။ ၂၀၀၈ကနေ ၂၀၁၂ အခုအချိန်အထိ ဖြစ်ခဲ့ပုံ ၊ ကြုံခဲ့ရပုံ ၊ ကြုံနေရပုံလေးတွေကို ရေးပြချင်လို့ ပါ ။ စာဖတ်သူအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ချင်မှ ဖြစ်မှာပါ ။ သို့ ပေသည့်..အပျင်းပြေလို့ ပြေငြားဆိုတဲ့ မျှော်လင့်ချက်လေး ရှေ့ တန်းတင်ပြီး ရေးတင်လိုက်ပါတယ်ဗျာ ။ ဖတ်လို့ မကောင်း ၊ မှတ်သားစရာတစ်စုံတစ်ရာမှ မပါခဲ့တဲ့ စာတစ်ပုဒ်ဖြစ်မှာ ၅၀%ကျော်သေချာနေတာမို့ .. ဖတ်ပြီး စိတ်တိုင်းမကျခဲ့ရင် ၊ မောင်ပေ ဆိုတဲ့ကောင်ကိုသာ အားမနာတမ်း ဆဲလိုက်ပါ စာဖတ်သူရေ… ကျုပ် သည်းခံပါမယ် ။ အခုစာရေးတဲ့အချိန်ထိ ခံစားချက်များစွာနဲ့ လုံးဝနေလို့ ထိုင်လို့ မကောင်းဖြစ်ရတာမို့ ရင်ဖွင့်ပြလိုက်ပါတယ်။ အပိုင်း၂ပိုင်း သို့ မဟုတ် ၃ပိုင်းအဖြစ် တစ်ပုဒ်ကို word count 600 ကျော်နဲ့ ခွဲရေးတင်ပါမယ် ခင်ဗျား။
*******
မောင်ပေတစ်ယောက် အိပ်လို့ မရတဲ့ည ၊ အိပ်ရေးပျက်တဲ့ည ၊ အိပ်မက်ဆိုးတွေနဲ့ ည ပေါင်းများစွာ နဲ့ ဂယောင်ခြောက်ခြားတွေဖြစ်နေပြီး… အတွေးထဲမှာ အမြဲတမ်းတွေးနေမိတဲ့အကြောင်းအရာ ဖြစ်ချင်မိတဲ့ ဆန္ဒတစ်ခုဘဲ ရှိနေခဲ့ပါတယ် ။ အဲဒါဘာလဲဆိုတော့ “ ၂၀၁၂ ၂လပိုင်း ၁ရက်နေ့ ” အချိန်ကထိ ဘဝမျိုးကို ပြန်လိုချင်နေမိတာပါဘဲ ။ ကြုံတွေ့ ခဲ့ရတဲ့ ကံဆိုးမှုများဟာ လုပ်ကြံခံလိုက်ရသလိုမျိုး ခံစားရပေမယ့် ဘယ်သူ့ ကိုမှ အပြစ်တင်စရာအကြောင်းလဲ မရှိတော့ ၊ တစ်ယောက်ထဲ ကြိတ်မှိတ်မျိုသိပ်ခံစားခဲ့ရတာပါ။
၂၀၁၀
မောင်ပေ ဆိုတဲ့ အသက်၂၇ နှစ်အရွယ် ဘာဘွဲ့ မှမရ တဲ့ ယောက်ျားတစ်ယောက်ဟာ သူ့ မိဘတွေရဲ့ ဈေးဆိုင်လေးမှာ ကူလုပ်ပေးရင်း သူ့ ဘဝနေ့ ရက်တွေကို ရိုးရှင်းလှစွာဖြတ်သန်းခဲ့ပါတယ်။ သူ့ ရဲ့ တစ်လဝင်ငွေကတော့ စရိတ်ငြိမ်း တစ်သိန်းကျပ်ခန့် ရှိပါတယ်။ သူဟာ ကံတိုက် ၊ ကံနဲ့ ကစားတယ်လို့ ဆိုတဲ့.. ဘောလုံးလောင်းကစားခြင်းကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ် ။ ၂၀၀၈ ကမ္ဘာ့ဖလားမှာ သူဟာလောင်းကစားရင်း နိုင်လိုက်ရှုံးလိုက်နဲ့ ၊ ကမ္ဘာ့ဖလားအပြီးမှာ ၈သိန်းခန့် ရှုံးသွားခဲ့ပါတယ် ။ အဲဒီအချိန်မှာ သူ့ လက်ထဲမှာ ပေးစရာ ပိုက်ဆံဆိုလို့ ၂သိန်းကျပ်ခဲ့ဘဲ ရှိပါတယ် ။ ဒါနဲ့ သူဟာ သူ့ အမေ ဆီကနေ ၆သိန်းကျပ်သော ပိုက်ဆံကို ပြန်ပေးပါမယ်ဟု ကတိပြုကာ ၊ တောင်းပန် ၊ တောင်းယူခဲ့ကာ ရှင်းပေးခဲ့ပါတယ် ။
အဲဒါပြီးတဲ့နောက်ပိုင်း ၊ သူဟာ အကြွေး၆သိန်းကို ပြန်ဆပ်ဖို့ ၊ သူ့ အသုံးစရိတ်ရဖို့ ပိုက်ဆံကို ဘယ်လိုရှာရမလဲဆိုတာ အသည်းအသန်စဉ်းစားခဲ့ပါတယ် ။ မောင်ပေ ရဲ့ မိဘဆိုင်လေးဟာ နေ့ စဉ် နံနက် ၇နာရီ ၄၅ ကနေ ညနေ ၅နာရီ အထိ ဖွင့်ရောင်းရပါတယ် ။ ညနေ၅နာရီ ဆိုင်သိမ်းပြီ ဆိုတာနဲ့ မောင်ပေတစ်ယောက် ရေချိုး ညစာစားပြီးရင် အင်တာနက်သုံးရင်း နက်ဂိမ်းကစားလို့ ရတဲ့ ဆိုင်တစ်ဆိုင်မှာ အမြဲ ထိုင်ဖြစ်ခဲ့ပါတယ် ။ ထိုင်တာကြာတော့ အဲဒီဆိုင်က ဆိုင်ရှင် ၊ ဂိမ်းလာကစား အင်တာနက်လာသုံးကြတဲ့ ချာတိတ်တွေ ၊ သူ့ လိုအရွယ်တွေ နဲ့ ခင်မင်သွားကြပြီး ၊ အင်တာနက်အတူသုံးရုံမက ၊ နက်ဂိမ်းအတူကစားရုံမက ဟိုသွားဒီသွား.. ဘော်လုံးပွဲ အတူကြည့် ၊ ဘီယာအတူသောက် ၊ အရက်အတူသောက် ရန်ဖြစ်ရင်လဲအတူ အစရှိသဖြင့် ငယ်ပေါင်းတွေလို ပေါင်းသင်းဖြစ်သွားပါတယ် ။ အဲဒီလိုနေရင်းနဲ့ မောင်ပေ တစ်ယောက်ဟာ မိတ်ဆွေအပေါင်းအသင်းများစွာတိုးခဲ့ပါတယ် ။ သူရဲ့ နဂို မိတ်ဆွေအပေါင်းအသင်းများဟာလဲ သူ့ ထက် ၂နှစ်လောက် ငယ်တဲ့သူတွေချည်းပါဘဲ ။ သူပေါင်းတဲ့အထဲမှာ သူ့ ထက် အသက်ကြီးတဲ့လူဆိုလို့ လေး ငါးယောက်လောက်ဘဲ ရှိပါတယ် ။
မောင်ပေ တစ်ယောက် ၂၀၁၀ကမ္ဘာ့ဖလားမှာ ရှုံးခဲ့ရတဲ့ ရှုံးကြေး ၈သိန်းကို ဒိုင်ဆီမှာ သွားပေးရင်း ၊ အလုပ်လေး ဘာလေးမရှိဘူးလား ၊ ပိုက်ဆံရမယ့်အလုပ်လေးများဘာလေးများ ရှိရင် ကူညီပါ ဟု ပြောခဲ့သောအခါ ၊ ဒိုင် က မောင်ပေ့ ကို နည်းလမ်းတစ်ခု ပြောပြခဲ့ပါတယ် ။ ဘာလဲဆိုတော့.. မောင်ပေ့ ဘော်ဒါမိတ်ဆွေတွေထဲက ဘောလုံးလောင်းတဲ့လူတွေကို မောင်ပေ က ကော်မရှင်စား ဒိုင်လုပ်ပေးဖို့ ပါဘဲ ။ မောင်ပေက သူ့ မိတ်ဆွေတွေ လောင်းသမျှ ကို စာရင်းမှတ် လက်ခံယူပြီး ၊ ဒိုင်ဆီမှာ တစ်ဆင့်ပြန်တင်ပေးရမယ့်အလုပ်ပါ ။ ငွေရေးကြေးရေးအနေနဲ့ ဘယ်လောက်ရမလဲ ဆိုရင် ၊ တစ်သိန်းကို ၁ကျပ်ခွဲ ပြန်ပေးမယ်လို့ ဆိုပါတယ် ။ ဥပမာ မောင်ပေ့ ဘော်ဒါ ပေါက်ဖော်က ဘောလုံးအသင်းတစ်သင်းသင်း ကို တစ်သိန်းကျပ် မောင်ပေ့ဆီမှာ လာလောင်းရင် ၊ မောင်ပေ က အဲဒီတစ်သိန်း ကို ဒိုင်ဆီမှာ ပြန်တင်ပေးရပါတယ် ။ အဲဒီတစ်သိန်းကျပ်တင်တဲ့အတွက် တစ်ထောင့်ငါးရာကျပ်ရပါတယ် ။ ၁၀သိန်းကျပ်လောင်းရင် ၁၅၀၀၀ ကျပ်ပေါ့ ။ အဲဒါထက်ပိုရနိုင်တဲ့ အနေအထားလဲရှိပါတယ် ။ ဥပမာပြောရရင်.. “ မန်ချက်စတာယူနိုက်တက် ” နဲ့ “ အာဆင်နယ် ” အသင်းကန်တဲ့ပွဲမျိုးမှာ မောင်ပေ့ မိတ်ဆွေတွေထဲက တစ်ယောက်က မန်ချက်စတာယူနိုက်တက် အသင်းဘက်ကနေ ၁သိန်းကျပ် လောင်းပြီး ၊ နောက်တစ်ယောက်က အာဆင်နယ် အသင်းဘက်ကနေ ၁သိန်းကျပ် လောင်းတယ်ဆိုပါစို့ ၊ အဲဒီအခါမျိုးဆိုရင် ၊ သူတို့ လောင်းသမျှ ကို ဒိုင်ဆီတင်စရာမလိုတော့ဘဲ ၊ ကြားထဲကနေ အကောက်ထိုင်ယူလိုက်ရုံပါဘဲ ။ အဲဒီအခါကျ ငါးကျပ်ရပါတယ် ။ ၁သိန်းကို ၅၀၀၀ကျပ် ပါ ။ ရှုံးတဲ့အသင်းကို လောင်းမိသူဟာ ၁သိန်းကျပ်ရှုံးမှာဖြစ်ပြီး ၊ နိုင်မယ့်အသင်းကို လောင်းခဲ့တဲ့သူကတော့ ၉၅၀၀၀ ကျပ်ဘဲ အလျော်ရပါမယ် ။ ၅၀၀၀ ကျပ်ကတော့ ဒိုင်ရတဲ့အကောက်ပါ ။ တစ်ကယ်လို့ အဲဒီပွဲကို ဆန့် ကျင်ဘက် လောင်းတဲ့လူမရှိဘဲ ၊ တစ်သင်းထဲဘဲ လောင်းကြတယ်ဆိုရင်တော့ သူရို့ လောင်းသမျှ ကို ဒိုင်ဆီ တင်ပေးရတာပါ ။ အဲဒီအခါကြ ၁သိန်းကို ၁ကျပ်ခွဲ ရတာပေါ့ ။
အဲဒီလိုနဲ့ ၊ မိဘလုပ်ငန်း ဈေးဆိုင်လေးမှာ ဈေးကူရောင်းပေးရင် တစ်ဘက်က ဘော်လုံးပွဲကော်မရှင်စား လုပ်ဖြစ်ခဲ့ပြီး ၊ ၂၀၁၀ ၁၂လပိုင်းလောက်မှာဘဲ ၊ မောင်ပေ့အမေဆီကနေ အကြွေးယူထားတဲ့ ၆သိန်းကျပ် ကို ပြန်ဆပ်နိုင်ခဲ့တဲ့အပြင် ၊ လက်ထဲမှာလဲ ၄ သိန်းခန့် စုမိခဲ့ပါတယ် ။
ဘော်လုံးပွဲဒိုင်ဆီမှာ ကော်မရှင်စားတစ်ယောက်အဖြစ်လုပ်ကိုင်နေရင်း ၊ အခက်အခဲအသေးလေးတွေ ကြုံတွေ့ ခဲ့ရသေးပေမယ့် ၊ ချက်ချင်းဖြေရှင်းနိုင်ခဲ့ပါတယ် ။ မောင်ပေ နဲ့ လုပ်ခဲ့တဲ့ ဒိုင်ဟာ အသေးစားလက်ခွဲဒိုင်တစ်ယောက်ဘဲ ဖြစ်ပါတယ် ။ သူနဲ့ အလုပ်လုပ်ရင်း ၊ မောင်ပေ့အကြွေးကျေသွားတဲ့ အချိန်မှာ ပြဿနာကြီးတစ်ခု ထပ်ဖြစ်ခဲ့ရပြန်ပါတယ် ။ ဘာလိုလဲ ဆိုတော့ ၊ စနေ တနင်္ဂနွေ ဘောလုံးပွဲများစွာ ရှိတဲ့အထဲမှာ ၊ ရှုံးမယ့်အသင်းတစ်သင်း ဘက် ကို မောင်ပေ က ၄၈၀၀၀ ကျပ် လှမ်းလောင်းရာမှာ ၊ ၄သိန်း၈သောင်း လောင်းပါတယ်ဆိုပြီး ဇယားရှုပ်ကြခြင်းပါ ။ မောင်ပေ့ဆီမှာ လောင်းခိုင်းတဲ့သူဟာ အဲဒီရှုံးမယ့်အသင်းကို ၄၈၀၀၀ ဘဲ လောင်းခိုင်းတာပါ ။ မောင်ပေ ဒိုင်ဆီမှာ ပြန်လောင်းတော့လဲ ၄၈၀၀၀ ပါဘဲ ။ ကိုယ်မှ ပိုက်ဆံမရှိလို့ အလုပ်လုပ်နေပါတယ်ဆိုမှ ၊ ဘယ်လိုလုပ် ၄သိန်းကျော် လောင်းနိုင်မှာလဲ ။ ဒိုင်က သူ့ ဖုန်းနဲ့ ရီကောဒင်းတစ်ခုကို ဖွင့်ပြပြီး ၊ မောင်ပေ မှားတာ ဆိုတဲ့အကြောင်းကို ဇွတ်အတင်းပြောပါတယ် ။ တစ်ကယ်တမ်း သူ့ ဖုန်း ရီကောဒင်းထဲမှာတော့ အဲဒီ ၄သိန်း၈သောင်း လို့ ပြောထားတာမှန်ပေမယ့် ၊ စကားပြောသံက မောင်ပေ ပြောတဲ့အသံ မောင်ပေ့ စကားသံမှန်း အတိအကျပြောလို့ မရပါဘူး ။ မောင်ပေကိုယ်တိုင် ဇဝေဇဝါ နဲ့ အားနာတဲ့ စိတ်ကြောင့် ခံလိုက်ရပါတယ် ။ နောက်ပြီး ရီကောဒင်းဆိုတာ ကိုယ့်ဘာသာကိုယ်လဲ လုပ်ကြံပြီး အသံသွင်းလို့ လဲ ရနိုင်ပါတယ်လို့ ပြောပေမယ့်လဲ ၊ နောက်ဆုံးမှာ မောင်ပေ တစ်ယောက်ဟာ..
“ ကောင်းပါပြီ ၊ ကျွန်တော်မှားတာပဲ ဆိုပါတော့ ၊ ဒီအတွက် အဲဒီပိုက်ဆံကို အခုလောလောဆယ်တော့ မရှိသေးလို့ မပေးနိုင်သေးဘူး ၊ မဟုတ်လဲ ကျွန်တော့် လူတွေ လောင်းသမျှ အစ်ကို့ ဆီမှာ တင်ပေးရင်း တစ်ပတ်..တစ်ပတ် ကို ကော်မရှင် ၁သိန်းလောက် ရနေတာဘဲ ၊ အဲဒီရတာကနေ တဖြည်းဖြည်းချင်း ဖဲ့ဆပ်ပေးသွားပါမယ် ” ဆိုပြီး ညှိနှိုင်းခဲ့ကာ ၃ပတ်ခန့် ငွေစုပြီး ပေးခဲ့ရပါတယ်။ ဒါပေမယ့် ကိုယ်မမှားဘဲ ၊ အညစ်ခံလိုက်ရတဲ့ပုံမျိုး ကိုတော့ လုံးဝသဘောမကျခဲ့တာမို့ ၊ သူ့ အကြွေးကျေတာနဲ့ သူနဲ့ လမ်းခွဲတော့မယ်လို့ ၊ ဆုံးဖြတ်ချက် ချခဲ့လိုက်ပါတယ် ။
( ဆက်လက်ရေးသားပါဦးမည် ၊ စိတ်ရှည်ရှည်နဲ့ သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်)
……. အားလုံးကို ကျေးဇူးတင်ပါတယ် …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..