ဂဇက်ကုန်းရွာကြီးမှာ ကလေးက စပြီး သက်ကြီးရွယ်အို ယောက်ျားကြီးများအထိ ဆံပင်ညှပ်ခြင်း အမှုကိုပြုကြရန် ဆံပင်ညှပ်သမားကြီး ၂ ယောက် ရှိသောဟူ၏။
၎င်းတို့မှာ ၁။ ဦးကြီးမိုက် (အသက် ၅ဝ စွန်းစွန်း၊ အမှတ်တမဲ့ ကြည့်လျှင် ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း နှင့် ခပ်ဆင်ဆင်၊ စစ်ပြန်စစ်မှုထမ်းဟောင်းကြီး၊ ညနေခင်းများတွင် ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင်တွင် တစ်ခွက်တစ်ဖလား မော့တတ်သောအကျင့်ရှိ၊ ဓါးကိုင် အင်မတန်ကျွမ်းကျင်၊ သူဆံပင်ညှပ်ရင် ဓါးရှတယ်ဆိုတာ ဘယ်တုန်းက မှ ရာဇဝင်မရှိခဲ့)
၂။ မောင်အာဂ ( အသက် ၃ဝ ခန့်၊ အမှတ်တမဲ့ကြည့်လျှင် စိုင်းစိုင်းခမ်းလှိုင် နှင့် ခပ်ဆင်ဆင်၊ အလုပ်မရှိသဖြင့် ရွာထဲမှ အခြောက်မ အလှဖန်တီးရှင် ခင်စန်းဖြိုးကို ရင်းနှီးအောင် ပေါင်းသင်း၍ ဆံပင်ညှပ်အတတ်ကို တစ်ပတ်နှင့် အတတ်သင်ထားသူ၊ ဆော် အင်မတန်ကြည်သူ၊ သူလည်း ချောင်ယွန်မတ် ဆိုင်မှာ သောက်လေ့ရှိသူ)
တို့ဖြစ်ကြသည်။
ဆံပင်ညှပ်သည်ဆိုသော်လည်း ဆိုင်ခန်းနှင့် ဘာနှင့် ညှပ်နိုင်ကြသည်မဟုတ်ပါ။ အိမ်ရှေ့က ကုက္ကိုလ်ပင်ရိပ်အောက် ကုလားထိုင်တစ်လုံးချပြီး ညှပ်ကြခြင်းဖြစ်သည်။ ရွာမှာလည်း ဆံပင်ညှပ်ချင်လျှင် ဒီနှစ်ယောက်သာ အားကိုးအားထားရှိသဖြင့် သူတို့ကိုသာ အားကိုးကြရသည်က များလေသည်။
သူတို့ နှစ်ယောက်လုံးမှာ တစ်ရွာလုံးက ပေးထားသော နာမည်လေးတွေ ကိုယ်စီ ရှိကြပါသည်။
ကိုကြီးမိုက် ကို တောင်လှေကား ကြီးမိုက် တဲ့။
အာဂကို ဓါး အာဂ တဲ့။
ဟေးဟေး အထူးအဆန်းကြီးတွေဗျ။
ဘာလို့များ ဒီလို ဘွဲ့တွေ ပေးထားသလဲ စုံစမ်းကြည့်လိုက်တော့
ကိုကြီးမိုက်ကြီးကတဲ့ ဆံပင်ညှပ်ရင်တဲ့ အထစ်အထစ်တွေနဲ့ တောင်လှေကားလေးတွေလို ဖြစ်ဖြစ်နေ တတ်လို့ တောင်လှေကား ကြီးမိုက်ဆိုတဲ့ ဘွဲ့ကို ရထားတာပါတဲ့။ ဒါပေမယ့် ကိုကြီးမိုက်ကြီးက တပ်မတော်စစ်ပြန်ကြီးဆိုတော့ ဆံပင်ညှပ်ရင်း စစ်တပ်ထဲက အတွေ့အကြုံလေးတွေ ပြန်ပြန်ပြောပြတာ အရမ်းနားထောင်လို့ ကောင်းပါသတဲ့။ ခေါင်းကို ကိုင်တာတွယ်တာကလည်း နူးညံ့သလား မမေးပါနဲ့တဲ့။ ဆံပင်ညှပ်ပြီးရင် ဇက်တွေဘာတွေ ဆွဲလှည့် ပုခုံးကျောလေးတွေဘာတွေ နှိတ်နယ်ပေးတာများ မြို့ပေါ်က မာဆတ်တွေထက်တောင် ကောင်းဆိုပဲ။
အဲဒီလို ပြောကြတာပဲဗျာ။
အဲ..အဲ…။ အာဂကျတော့တဲ့ ဆံပင်ညှပ်တုန်းတော့ ဖြောင့်နေတာပဲတဲ့။ ဆံပင်ညှပ်ပြီးလို့ ဓါးနဲ့ တိတဲ့အချိန်ဆိုရင် သွေးသံရဲရဲ အမြဲတမ်းဖြစ်ပါတယ်တဲ့။ ဓါးကိုင်တာ မကျွမ်းကျင်ဘူးပေါ့ဗျာ။ အဲဒီလို ဓါးရှပြီဟေ့ဆိုတာနဲ့ အပေါစားပေါင်ဒါလက်တစ်ဆုတ်လောက်နဲ့ ဓါးဒဏ်ရာပေါ်ကို သူမဟုတ်သလိုနဲ့ ပွတ်ချလိုက်တတ်ပါတယ်တဲ့။ ဒါကြောင့် ဓါးကိုင်မကျွမ်းလို့ ဓါး အာဂလို့ ဘွဲ့ပေးထားတာပါတဲ့။ လူဆိုး…။ သူကလည်း အပြောကောင်းဆိုပဲ။ ဆံပင်ညှပ်ရင်းများ ရွာထဲက အပျိုလေးတွေ အပျိုကြီးတွေ အကြောင်းကို သားရေတမြားမြားကျအောင်ကို ပြောနိုင်ပါတယ်တဲ့။
တိုက်ဆိုင်ချင်တော့ သူတို့ နှစ်ယောက်ရဲ့ အိမ်ချင်းက ကပ်ရက်ကြီးဗျာ။
အဲဒီလို ကပ်နေလို့ ဈေးကွက်သဘောအရ အပြိုင်အဆိုင် ရှိနေမယ်လို့ များထင်ရင်မှားသွားမယ်။
ညနေ ချောင်ယွန်မတ် ဆိုင်မှာ သောက်ကြစားကြရင် တစ်ဝိုင်းတည်း အတူတူ။ လေပေးလည်း ဖြောင့်လို့။ အဲဒီလို…။
ဒီနေ့မနက်တော့ ဆယ်အိမ်ခေါင်း အသစ်စက်စက် ရွှေတိုက်တစ်ယောက် သူ့ခေါင်းက အမွှေးအမျှင်တွေ ရိတ်သိမ်းမယ်ဆိုပြီး တောင်လှေကား ကြီးမိုက်နဲ့ ဓါးအာဂတို့ရဲ့ ကုက္ကိုလ်ပင်ရိပ်က ဆံပင်ညှပ်ဆိုင်ဆီ ပေါက်ချလာပါရောတဲ့ဗျာ။
အရင်က ညှပ်လက်စရှိနေတဲ့လူကို မစောင့်ပဲ အားတဲ့လူနဲ့ ညှပ်နေကြဗျ…။
ကိုကြီးမိုက် အားရင် ကိုကြီးမိုက်နဲ့၊ အာဂ အားရင် အာဂနဲ့ ပေါ့ဗျာ။
ဒီနေ့မှ တိုက်တိုက် ဆိုင်ဆိုင် နှစ်ယောက်လုံးက ညှပ်မယ့်လူမရှိပဲ ညက ဝတုတ်တို့ ဗီဒီယိုရုံမှာ ကြည့်ခဲ့တဲ့ ဂျနီဖာလိုပက် ရဲ့ တင်ပါးကြီးတွေ အကြောင်း စားမြုံ့ပြန်နေကြတဲ့အခိုက်ပေါ့…။
ဆယ်အိမ်ခေါင်းရွှေတိုက်က ရောက်ချလားပြီး
“အာဂရေ ငါ ဆံပင်ညှပ်မယ်ဟေ့”
ဆံပင်ညှပ်ဖို့ ချထားတဲ့ ကုလားထိုင်လေး ပေါ်တက်ထိုင်လိုက်တယ်တဲ့။
ကိုကြီးမိုက်ကိုလည်း လှမ်းပြောလိုက်ပါသေးတယ်။
“ဆယ်အိမ်ခေါင်းလုပ်ရမှာ ဆိုတော့ ခေါင်းရှင်းထားဖို့လိုတယ် ကိုကြီးမိုက်ရေ။ သိတ် ခေါင်းစားတဲ့ အလုပ်ဗျ”
ကိုကြီးမိုက်ကလည်း ရွှေတိုက်တစ်ယောက် ဆယ်အိမ်ခေါင်းဖြစ်သွားတာ သိပေမယ့် ဒီလိုပဲ ရွာမှာ အားယားနေတဲ့လူတွေ ဆယ်အိမ်ခေါင်းလုပ်နေကျဆိုတော့ သိတ်ပြီး အထူးအဆန်းကြီးတော့ မဟုတ်ဘူးပေါ့။
“ဟေ အေးပေါ့ အေးပေါ့”
လို့ သံယောင်တော့ လိုက် ပေးလိုက်ပါသေးတယ်။
အဲဒါနဲ့ အာဂက ရွှေတိုက်ခေါင်းကို စညှပ်တယ်ဆိုပါစို့ဗျာ။
ညှပ်ရင်းလည်း ရွှေတိုက်ရဲ့ ဆယ်အိမ်ခေါင်း ဖြစ်သွားလို့ ကြွားတဲ့ စကားလုံးတွေရဲ့ ဒဏ်ကို ကြိတ်မှိတ်သည်းခံ ပေးရသေးတယ်ဆိုပဲ။
၁၅ မိနစ်လောက်ညှပ်ပြုပြီးတော့ လက်စသတ်ဖို့ အာဂတစ်ယောက် လက်သုံးတော် ဓါးကို ထုတ်လိုက်ပါတယ်။
အဲဒီမှာပဲ ရွှေတိုက်က ထိုင်ရာက ထလိုက်ပြီး
“တော်ပြီ အာဂရေ။ ဒီလောက်ဆိုတော်ပါပြီကွယ်။ ကျေးဇူးပါ”
အာဂလည်း အံ့ဩသွားတာပေါ့။
“ဟာ ကိုကြီးရွှေတိုက် မပြီးသေးဘူးလေ၊ တိရဦးမယ်လေ”
ရွှေတိုက်ကလည်း အတင်းကြီးကို
“ရပါပြီ အာဂရယ်။ ဒီလောက်ဆိုရပါပြီ” ပေါ့။
ပြီးတော့မှ ကိုကြီးမိုက်ကြီးရဲ့ ဆံပင်ညှပ်ဖို့ ချထားတဲ့ ကုလားထိုင်မှာ သွားထိုင်လိုက်ပြီး
“ကဲ ကိုမိုက်ရေ၊ ကျွန်တော့် ဆံပင်ကို ဓါးနဲ့ တိပေးပါဦး” လို့ ပြောလိုက်ပါတယ်တဲ့။
ပထမညှပ်ခဲ့တဲ့ အာဂကလည်း ဒီလို တစ်ခါမှ မကြုံဘူးတာကြောင့် ဒေါသထွက်သွားပေမယ့် ညိမ်နေလိုက်ပါတယ်တဲ့။
ကိုကြီးမိုက်ကြီးကလည်း အာဂကို အားနာတဲ့စိတ်တွေ ဝင်ပြီး ကိုယ်ချင်းစာစိတ် ဖြစ်မိတယ်ပေါ့ဗျာ။
ရွှေတိုက်ကိုလည်း နည်းနည်း အမြင်ကတ်သွားတယ်တဲ့ဗျ။
အဲဒါနဲ့ သူ့လက်သုံးတော် ဓါးကို ယူပြီး ဆယ်အိမ်ခေါင်းရွှေတိုက်ရဲ့ ဆံပင်ကို တိတယ်ပေါ့ဗျာ။
တစ်သက်လုံး ဆံပင် ညှပ်ရင် ဓါးမရှဘူးခဲ့တဲ့ ဓါးကိုင်ကျွမ်းကျင်ခဲ့တဲ့ ကိုကြီးမိုက်ကြီး အဲဒီနေ့က ရွှေတိုက် ဆံပင် ကို တိပေးလိုက်တာ ဓါးရှသွားလို့ ရွှေတိုက်တစ်ယောက် သုံးချက်ချုပ်လိုက်ရပါတယ်တဲ့။
ဂဇက်ကုန်းရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

About black chaw

black chaw has written 332 post in this Website..