ဆိုက်ရောက် ဗီဇာကြောင့် ခရီးသည် ပိုဝင်

introJune 29, 20101min740

ဗီဇာ စနစ် (Visa-on-arrival) စတင်ပြီးနောက် မြန်မာနိုင်ငံသို့ ခရီးသည် အဝင်နှုန်းမှာ မေလ တလတည်းတွင် ၂ သောင်းနီးပါး ရှိခဲ့ကြောင်းမြန်မာ့ခရီးသွား လုပ်ငန်း သတင်း ရပ်ကွက်မှ သိရသည်။

ဆိုက်ရောက် ဗီဇာ စနစ် ကို ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် နှစ်ခုတွင်မေလ ၁ ရက်နေ့က စတင်ခဲ့ ပြီးနောက် ခရီးသည် အဝင်နှုန်း သာမန်ထက် ၂ရ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

“ဆိုက်ရောက် ဗီဇာ ဖွင့်လိုက်ပြီး ကတည်းက ခရီးသည် အဝင် များလာတယ်။ ခရီးသွားလုပ်ငန်းလှုပ်လှုပ်ရှားရှား ပြန်ဖြစ် လာတယ်။ အရင်က တိုးရစ်တွေ ဒီကို လာချင်ရင် ပုံမှန်ဆို ထိုင်း ဒါမှမဟုတ် စင်ကာပူကနေ ဗီဇာ လျှောက်ရတယ်။ ဗီဇာရဖို့ ၂ရက် ၃ ရက် စောင့်ရတာလည်း ရှိတယ်” ဟု ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်း
ဝန်ဆောင်မှု ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ပြောသည်။

အာရှ နိုင်ငံများအနက် ခရီးသည်အများဆုံး လာရောက်သောနိုင်ငံများမှာ တရုတ်နှင့် တောင်ကိုရီးယားဖြစ်ကြောင်း၊ ၂၀၁ဝ ပြည့်နှစ် ပထမ ၅ လအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သော ခရီးသည်မှာ စုစုပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာပြည်ဝင်ခွင့် ဗီဇာ ရရှိရေးအတွက် လျှောက်ထားရာတွင် ဘေဂျင်းမှ ၄ ရက်၊ ဂျကာတာမှ ၁ ရက်၊ ပါရီနှင့် တိုကျိုမှ ဆိုလျှင် ၅ ရက်၊ လန်ဒန်မှ ၃ ရက်နှင့် ဘန်ကောက်နှင့် စင်ကာပူမှ ၂ ရက် ကြာမြင့်မည်ဟု ဆင်ဟွာသတင်းတပုဒ်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကား ဖော်ပြထားသည်။
ဆိုက်ရောက် ဗီဇာ ဖွင့်ပေးလိုက်ပြီးနောက် ခရီးသည် ရောက်ရှိမှု မြင့်တက်လာသည်နှင့်တပြိုင်တည်း နိုင်ငံခြားသားများအတွက် လေဆိပ်အခွန်ကို တိုးမြှင့်မည်ဖြစ်သည်။ နိုင်ငံခြားသားများအတွက် ယခင် ၅ ဒေါ်လာမှ ၁ဝ ဒေါ်လာ၊မြန်မာနိုင်ငံသားများအတွက် ယခင် ၅၀ဝ ကျပ်မှ ၃ ထောင်ကျပ် (၃ ဒေါ်လာ) အထိ တိုးမြှင့်မည်ဟု မြန်မာ့လေကြောင်းလိုင်းမှ ဝန်ထမ်းတဦးက ဆိုသည်။
ခရီးသွားလုပ်ငန်းရှင်များသည် ခရီးစဉ်အတွင်း ဖြစ်ပွားသည့် ကမာ္ဘလှည့် ခရီးသည်များ၏ ထူးခြားဖြစ်စဉ်များကို အချိန်နှင့် တပြေးညီ တင်ပြရန် မြန်မာ့ခရီးသွားလုပ်ငန်းက မေလအတွင်း ထပ်မံ ညွှန်ကြားထားကြောင်းလည်း သိရသည်။
အချိန်မီ မတင်ပြသဖြင့် သတင်းစာစောင်များက ဖော်ပြမှ သိရသည့် ကိစ္စများရှိကြောင်း၊ထူးခြားဖြစ်စဉ်များကို အချိန်နှင့် တပြေးညီ သတင်းပေးပို့ခြင်းမရှိပါက ပြဿနာ၏ အကျိုးဆက်ကို ခရီးသွားလုပ်ငန်းရှင်များက တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ခရီးသွားလုပ်ငန်းရှင် တဦးက ပြောသည်။
ဆိုက်ရောက် ဗီဇာ ခွင့်ပြုခြင်း ကြေညာချက်တွင် ကန့်သတ်နယ်မြေများကို ကမာ္ဘလှည့်ခရီးသွားများ သိရှိစေရေးအတွက်
ခရီးသွားလုပ်ငန်းများက ဆောင်ရွက်ရမည်ဖြစ်ကြေင်း၊ ခရီးသည် လှည့်လည် သွားလာနေစဉ် ညအိပ်ရပ်နားသည့် လိပ်စာကို သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးသို့ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။
ဆိုက်ရောက် ဗီဇာ ကြီးကြပ်ဆောင်ရွက်ရေး အဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေး၊ နှင့် နိုင်ငံခြားရေး ဌာနတို့မှ အပြင် ရဲ၊ အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး)၊ စစ်ဘက်ရေးရာ လုံခြုံရေးတို့မှ တာဝန်ရှိသူများလည်း ပါဝင်ကြောင်း မြန်မာ့ ခရီးသွား လုပ်ငန်း၏ ထုတ်ပြန်ချက် တခုအရ သိရသည်။
မြန်မာနိုင်ငံသို့ ၂၀၀၆ ခုနှစ်တွင် ကမာ္ဘလှည့် ခရီးသွား ၂ သိန်း ၆ သောင်းကျော်၊ ၂၀၀ရ ခုနှစ်တွင် ၂ သိန်း ၄ သောင်း၊ ၂၀၀၈ ခုနှစ်တွင် ၁ သိန်း ရ သောင်းနှင့် ၂၀၀၉ ခုနှစ်တွင် ၂ သိန်း ၂ သောင်း ရ ထောင် ဝင်ရောက်သည်။
သာမန်အားဖြင့် အာဆီယံ နိုင်ငံများအတွင်း ကမာ္ဘလှည့် ခရီးသည် အနည်းဆုံး ဝင်ရောက်သော နိုင်ငံမှာ ဘရူနိုင်းနှင့် မြန်မာ ဖြစ်ပြီး အများဆုံး ဝင်ရောက်သော နိုင်ငံမှာ ထိုင်း ဖြစ်ကြောင်း သိရသည်။

Report from ayeyarwaddy.com