ဇောက်ထိုးစမ်းသပ်လက်ဆော့ခြင်း…. သို့မဟုတ် အမေ…

ကျမနာမည်က “မပန်းသီးပင်”တဲ့။ လူတော်တော်များက ကျမရဲ့ သားသမီး လေးတွေကို သိကြပါတယ်။ တန်ဖိုးလဲ ထားကြပါတယ်။ အမြတ်တနိုးလဲ ပြုကြပါတယ်။
ကျမ မပန်းသီးပင်နေတာက ရွာလေးတစ်ရွာနဲ့ ကွင်းပြင်ကျယ်လေး ခြားတဲ့ နေရလေးမှာ နေပါတယ်။
ကျမဘဝမှာ တော်တော်ပြည့်စုံတယ်လို့ဆိုချင်ပါတယ်။ ကျမလိုတဲ့ မြေဆီ လွှာကိုလဲ လုံလုံလောက်လောက်ရပါတယ်။
ကျမလိုအပ်တဲ့ ရေဓာတ်လဲ ပြည့်ပြည့်စုံစုံပါပဲ။ နေရောင်ခြည် …လေကောင်း လေသန့်အားလုံး ကျမအတွက်ပြည့်စုံပါတယ်။
အားလုံးခြုံပြီးပြောရရင်တော့ သဘာဝမိဘများက ပြည့်ပြည့်စုံစုံ နဲ့ မွေးဖွား ထား တဲ့ တဦးတည်းသော သူဋ္ဌေးသမီးလေး မပန်းသီးပင်ပေါ့။

ကျမအရွယ်ရောက်တော့ အားလုံးကပြည့်စုံနေတော့.. စိုစိုပြေပြေ အခက်အရွက် အသီးအပွင့် တွေ ဝေဝေဆာဆာနဲ့ အလွန်လှပ သန်မာတဲ့ မပန်းသီးပင်လေးပေါ့…..

အဲ …ကျမဘဝမှာ လိုတာလေးတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ အဖော် ပါပဲ… ကျမက အထီးကျန်မှုကို အလွန်မုန်းပါတယ်။
ရွာနဲ့ခပ်လှမ်းလှမ်းမှာ တစ်ယောက်ထဲနေနေရတာဆိုတော့ ကျမ ပျင်းတာ ပေါ့။ မိုးတွေရွာရင် မိုးရေးချိုးရင်း ယိမ်းထိုးပြီးဆော့ကစားရတာ လောက်ပဲ ပျော်စရာရှိတာပါ။
အဲဒီလို အထီးကျန်လှတဲ့ ကျမဘဝထဲကို သူကလေးရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ကျမရဲ့ အချစ်ဆုံး သားလေးပေါ့…

တစ်နေ့…
ဟုတ်ပါတယ်.. အဲဒီတစ်နေ့ကိုတော့ ကျမတသက် ဘယ်တော့မှ မမေ့နိုင်ပါဘူး။
နွေအခါရဲ့ ပူပြင်းတဲ့ နေ့လယ်ခင်းတစ်ချိန်မှာ… သားလေးကျမဆီကို ရောက်လာခဲ့ပါတယ်။ သူ့အသက်က ၆- ရနှစ်အရွယ်လေးပေါ့။
ပူပြင်းလှတဲ့ နေ့ခင်းမှာ ရွာနဲ့ကျမကြား ခွဲခြားထားတဲ့ လွင်ပြင်ကြီးတစ်ခုကို ဖြတ်သန်းပြီး မောမောပန်းပန်းနဲ့ ကျမရှိရာ ကို စိုက်စိုက်မတ်မတ်နဲ့ရောက် လာတဲ့ ကလေးလေးတစ်ဦးပေါ့။

ကွင်းပြင်ကိုဖြတ်သန်းပြီး နေပူမှာ လျှောက်လှမ်းလာတဲ့ ကျမသားလေးဟာ ကျမမပန်းသီးပင်အောက်ရောက်တော့လေ… အမောတွေပြေပြီး ကျမပန်းသီး ပင်ကြီးရဲ့ မျက်နှာကြီးကို လှည့်ပတ်ကြည့်နေလိုက်တာများ…

ဒါနဲ့ ကျမလဲ ကလေးလေးကို သားလေးမောလာတာလားလို့မေးလိုက်တော့ သားလေးက ခေါင်းငြိတ်ပြရှာတယ်။
ဒါနဲ့သားလေးကို ကိုင်းလေးညွတ်ပေးပြီး ကျမရဲ့ရင်ခွင်ကြားမှာ ထားပြီး အရွက်တွေနဲ့ ယပ်ခတ်ပေးလိုက်တယ်လေ….
ကိုင်းတွေပေါ်မှာပြေးလွှားပြီး အသီးတွေကိုခြွေစားရင်း ဆော့ကစားနေတဲ့ သားလေးကိုကြည့်ပြီး ကျမပျော်လိုက်တာ… ကျမဘဝအထီးမကျန်တော့ဘူး။ ကျမဘဝ ပြည့်စုံသွားပြီ… ကျမဘဝ အဓိပ္ပါယ်ရှိသွားပြီ….

ရှင်တို့လူတွေ နားလည်ခံစားတတ်အောင် ပြောရရင်တော့ မိဘရင်ခွင်ထဲမှာ မိခင်ရဲ့နို့ကိုစို့ပြီး မိခင်ရဲ့ရင်ဘတ်ကြီးကို ကုတ်လိုက် ဖဲ့လိုက် .. မိခင်က ဖင်လေးပုတ်လိုက်နဲ့ သားဦးနဲ့ပျော်မြူးနေတဲ့ သားအမိတွေသာ မြင်ကြည့်လိုက်ပါတော့…

အဲဒီကျမှပဲ ကျမဘဝ အစအစပြည့်စုံသွားတယ်လို့ခံစားမိတော့တယ်။ ပျော်လိုက်တာလေ…..ကျမကလဲ သူ့ကို သားလေး..သားလေး နာမည်ပါပေးပြီး တခါထဲခေါ်နေတော့တာပေါ့…သားလေး…သားလေး…

ဒီလိုနဲ့ …ညနေကျ သားလေးက ရွာထဲပြန်… နက်ဖန်ခါ ဆက်လာဖို့ကျမက မှားကြား… ကျမနဲ့သားလေးရဲ့ကြားမှား မေတ္တာတရားတွေ တဖွားဖွားနဲ့ပေါ့။

နောက်နေ့တွေရောက်ပြန်တော့လဲ… မနက်လင်းတာနဲ့ မှုံပြပြသာမြင်နေရ တဲ့ ရွာလေးဆီကိုလှမ်းမျှော်ပြီး သားလေးအလာကို စောင့်နေမိတယ်လေ.. အဲဒါကို ဒုက္ခလို့ပြောကြရင်တော့ ဒီစကား ကျမက ပုတ်ချပစ်လိုက်မှာနော်…

ကျမရဲ့အမြင်မှုံဝါးဝါးမှာ တလွှားလွှားနဲ့ ပြေးလွှားလာတဲ့ သားလေးကို ပြုံးပြီးကြည့်နေရတဲ့ ကျမရဲ့အရသာ…နတ်သုဒ္ဓါဆိုတာနဲ့ နှစ်လေးပေး ပြိုင်လိုက်ချင်ပါရဲ့….
ကျမ မပန်းသီးပင်ရဲ့ ရင်ခွင်ထဲရောက်လာတဲ့ သားလေးကို ကိုင်းလေးညွှတ်ပေး… အရွက်လေးနဲ့ယပ်ခတ်။ အသီးလေးတွေ ကျွေး… အဲဒီလိုနေ့စဉ်နေနေရတာကိုကိုက ကျမဘဝရဲ့ အဓိပ္ပါယ်။ ကျမဘဝရဲ့ပြည့်စုံမှု မဟုတ်ပါလား။
အဲဒီလိုနဲ့ ကျမ မပန်းသီးပင်ကြီးနဲ့ သားလေး… အပျော်တွေတထွေးကြီးနဲ့ နေလာရင်းကနေ… တနေ့မှာတော့ သားလေးပေါ်မလာခဲ့ဘူး။ ကျမမှာတော့ လာနိုးလာနိုးနဲ့ မျှော်နေမိခဲ့တယ်။
ညနေနေဝင်သွားမှပဲ သားလေးမလာတော့ ပါလားဆိုပြီး စိတ်ကိုဒုံးဒုံးချ လိုက်မိတယ်။ ဒုံးဒုံးကျသွားမှပဲ ကျမ စိတ်ထဲမှာ ပူလောင်မှုတွေ အရမ်းခံစားရတော့တာ…..

ငါ့သားလေး ဘာများဖြစ်ပါလိမ့်…. နေများမကောင်းလို့လား… တခုခုများဖြစ်နေလား… ကျမပြေးသွားလို့ရရင် ပြေးသွားလိုက်ချင်ပါတယ်။ အော်ခေါ်လို့ ရရင်လဲ တအားအော်လိုက်ချင်ပါတယ်။

ဒါပေမယ့် ကျမရင်ထဲမှာတော့ သားလေး..သားလေး..နဲ့ အော်နေခဲ့တာပါရှင်….တညလုံးလဲ အိပ်လို့မပျော်တော့ပါဘူး။

ဒီလိုနဲ့ နောက်နေ့လဲမျှော်… ဟိုနောက်နေ့လဲမျှော်… သားလေးကတော့ ပေါ်မလာတော့ပါဘူး။ အစက ကျမဘဝ အထီးကျန်ခဲ့ပေမယ့် အခုလိုတော့ မပူပန်ခဲ့ပါဘူး။ စိတ်မဆင်းရဲခဲ့ရပါဘူး။
ဘုရားပြောခဲ့တဲ့ “ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော” ချစ်နေတဲ့သူနဲ့ဝေးကွာကွေကွင်းရတဲ့ ဆင်းရဲကို တပည့်တော်မ ခံစားနေရပါပြီဘုရားလို့ အကြိမ်ကြိမ် ငိုငြီးပြီး နေခဲ့ရပါပြီ။
မခေါ်ဘဲနဲ့ရောက်လာပြီး မနှင်ဘဲနှင့် ပေါ်မလာတဲ့သားလေးကို ကျမဘယ်လိုပြောရပါ့မလဲ….
ကွင်းပြင်ထဲမှာ နွားကျောင်းနေတဲ့ ကလေးတွေကို မြင်ရပေမယ့် ကျမမှာ လူစားလဲမထိုးနိုင်ပါဘူး… ကျမသားလေးမှ ကျမသားလေးပါ… မလာတာ ငါ..ဘာတတ်နိုင်မှာလဲလေ… တစ်နေ့တော့ သူငါဆီလာမှာပါ… အဲဒီလိုနဲ့ မျှော်နေတုန်းတစ်နေ့မှာပဲ…
သားလေးကျမဆီ ရောက်လာခဲ့ပြန်ပါတယ်။ သားလေး..သားလေး.. သားလေးရယ် အမေကို ဘာလို့ဒီလောက်ကြီးခွဲထားရတာလဲ သားလေးရယ်… လို့ တတွတ်တွတ်နဲ့ရေရွတ်ပြီး အရွက်တွေနဲ့ယပ်ခတ်… အသီးတွေကို တဖတ်ဖတ်နဲ့ကျွေးပြီး တမေးထဲ မေးတဲ့ ကျမကို သားလေးက ပြန်ပြောပါတယ်….
“အမေ…သားလေးက အရွယ်ရောက်ပြီဆိုတော့ စာတွေတတ်အောင် ကျောင်းတက်နေရပြီ အမေတဲ့..ဒါကြောင့်အမေဆီကို သားမလာဖြစ်တာပါ တဲ့… အခုသားကျောင်းမှာ စာတွေရေးဖို့ ဗလာစာအုပ်တွေလိုနေပြီအမေ.. ပေတံတွေလဲ လိုနေပြီအမေ… အဲဒါဝယ်ဖို့ သားမှာပိုက်ဆံမရှိဖြစ်နေလို့…..”
သားလေးရဲ့အသံက ဒီမှာတင်ရပ်သွားတယ်။ ကျမတစ်ယောက်လုံးရဲ့ရှေ့မှာ သားလေးခုလိုညည်းနေတော့ ကျမ ဘယ်လိုခံစားရမလဲ… ဒါနဲ့ကျမလဲ အမြန်စဉ်းစားပြီး ပြောလိုက်တယ်…

“သားလေးရယ် ဗလာစာအုပ်တွေ..ပေတံတွေ.. ဖောင်တိန်တွေဝယ်ပေးဖို့ ပိုက်ဆံတော့ အမေမှာဘယ်ရှိမှာလဲ…ဒါပေမယ့် မပူနဲ့ငါ့သား… အမေမှာ ပန်းသီးတွေရှိတယ်လေသားရဲ့.. အဲဒီပန်းသီးတွေကို ဆွတ်ခူးပြီး ရောင်း လိုက်ပေါ့… ရလာတဲ့ငွေနဲ့ ငါ့သားလိုချင်တာဝယ်…လို့ပြောလိုက်တော့…..

အမေတကယ်ပြောတာနော်… အဲလိုဆို သား.. ပန်းသီးတွေခူးမယ်နော်ဆိုပြီး သားလေးကပန်းသီးတွေခူးပါတယ်။ ကျမ မနာပါဘူး။ ကျမသားလေးလိုတဲ့ စာအုပ်တွေပေးနေရတယ်။ ပေးတံတွေပေးနေရတယ်လို့ခံစားပြီး ကျမပျော်လိုက်တာ… ဒါမှ ကျမသားလေး ကျောင်းမှာ မျက်နှာမငယ် မှာလေ…
ဒါမှ ကျမသားလေး စာတတ်ကြီးဖြစ်မှာလေ… ဘွဲ့ရပညာတတ်ကြီးဖြစ်မှာ မဟုတ်လား…
အဲ…ပန်းသီးတွေခူးပြီးသွားတဲ့ ကျမသားလေးကို ကျမတစ်ခုတော့ မှာလိုက် မိတယ်။ သားလေးရယ် … အမေဆီကိုတော့ နေ့တိုင်း လာပါ နော်လို့… သားလေးမလာရင် အမေလွမ်းတယ် သားရယ်… ဆိုတော့ သားလေးက ပြောပါတယ်.. သားကျောင်းပိတ်တဲ့နေတိုင်း အမေနဲ့ တနေကုန်နေမှာ ပေါ့ တဲ့….
ကျောင်းဖွင့်တဲ့ရက်တွေမှာ တော့ မနက်ကျောင်းမတက်ခင် အမေနဲ့နေမယ်။ ကျောင်းပြန်ရင်လဲ အမေဆီပြေးခဲ့မယ်တဲ့…
အမလေး လိမ်မာလိုက်တဲ့သား…. ဒါမှ ငါ့သား..ဆိုပြီး မျက်ရေတွေ တောင်လည်မိပါတယ်ရှင်….
ဒီလိုနဲ့ ပန်းသီးတွေပွေ့ပိုက်ပြီး ပြန်သွားတဲ့သားကို မျက်စိတဆုံး လှမ်းကြည့်ပြီး ငေးနေမိတယ်။ မျက်လုံးအိမ်မှာလဲ ပီတိမျက်ရည်တွေလား.. ခွဲခွာရလို့ ဝမ်းနည်းမျက်ရည်တွေလား မသိဘူး။ မျက်လုံးအိမ်မှာတော့ စိုနေပါတယ်…
ဒီလိုနဲ့ နေ့စဉ်သားလေးနဲ့ အချိန်တွေကုန်… မနက်ခင်းမျှော်… နေ့လယ်ခင်းလွမ်း…. ညနေခင်းမျှော်နဲ့ နေလာရင်းနဲ့ ကျမသားလေး တက္ကသိုလ်ရောက်လာခဲ့ပါပြီ… ကျမမှာလဲ သားလေးစာအုပ်ဖိုး ခံတံဖိုး မုန့်ဖိုးလိုတိုင်း ပန်းသီးတွေပေးပေးလာခဲ့တာ အပေါ်ယံပန်းသီးတွေလဲ နည်းနည်းလာခဲ့ပြီလေ…
ကျမ မပန်းသီးပင်ကိုယ်တိုင်ကလဲ အားကောင်းမောင်းသန်မဟုတ်တော့ပဲ အနည်းငယ်တော့ အရွယ်ရလာပြီလေ… ဒီတော့ အသီးသီးနိုင်အားတော့ သိပ်မရှိတော့ဘူးပေါ့…

ဒါပေမယ့် ကျမ ဘာတွေကျကျ ဘယ်လောက်အိုအို.. ကျမသားကို ချစ်တဲ့ အချစ်ကတော့ ပျိုတုန်း..သန်မာတုန်း… တပြားသားမှ လျှော့ကျမသွားတဲ့ ကျမအချစ်….
တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့ တက္ကသိုလ်ကျောင်းကို ဟို..ရှင်….. စက်ကြီးတတ်ထားတဲ့ ဆိုင်ကယ်ဆိုတဲ့ဟာနဲ့ ကျောင်းတက်ချင်တာတဲ့.. အဲ..ပိုက်ဆံကတော့ မနည်းဘူးတဲ့… အို…ငါ့သား ဘာမှအားမငယ်နဲ့ .. အမေရှိရင် ငွေရှိတယ်သာမှတ်ဆိုပြီး အပင်မှာရှိသမျှ ပန်းသီးတွေအခူးခိုင်းပြီး ပေးလိုက်တယ်။ ဆိုင်ကယ်ဝယ်ဖို့ပေါ့..

သားကပြောသေး…တော့… သားဆိုင်ကယ်ရှိရင် အမေဆီ နေ့တိုင်း လာလို့ရသလို အမြန်လဲလာလို့ရတယ်တဲ့…. အိုဝမ်းသာလိုက်တာ… မြန်မြန်သာဝယ်လိုက်….မြန်မြန်သာဝယ်လိုက်ပေါ့……
ဒီလိုနဲ့ အဲဒီစက်တတ်ထားတဲ့ စက်ကြီးဝယ်ပြီး ကျောင်းတက်ဖို့ဆိုကာ ပန်းသီးတွေအားလုံးခူးပြီးယူသွားလိုက်တာ…
ကျမ မပန်းသီးပင်ကြီးဆီ ပေါ်မလာပြန်ဘူးလေ…ကျမလဲ ဟိုငယ်ငယ် တုန်းကလို သိပ်ပြီးမပူးဆွေးတော့ပေမယ့် … မလာတဲ့ရက်ဝေးတော့ စိုးရိမ်စိတ်လေးနဲ့ လွမ်းတဲ့စိတ်လေးတွေကတော့ တားမရပါဘူး…

ငါ့သားလေးဘာဖြစ်ပါလိမ့်.. လူလိမ်များခံလိုက်ရသလား…ရှင်တို့လူသားတွေက ပြောရတာ မဟုတ်ဘူး လေ.. အသိညာဏ်ရှိသူတွေ။ အဲဒီအသိညာဏ်ဆိုတာကြီးက ကောင်းရင်တော်ရဲ့.. မကောင်းတဲ့ အသိညာဏ်ဆိုဒါကြီးတွေဖြစ်နေရင် ကြောက်ရတယ်မဟုတ်လား…
ကျမသားလေး… တော်တော်နဲ့ကို ပေါ်မလာခဲ့ဘူး။
အဲ…တနေ့။ ကျမနားက ကွင်းပြင်မှာ နွားကျောင်းနေတဲ့လူတွေ ပြောသံကြားတာကတော့ ကျမသားလေး အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျသွားပြီတဲ့…
ဘာလဲ အိမ်ထောင်ကျတယ်ဆိုတာ… ဘုရား..ဘုရား.. ကောင်းတာလား မသိ.. ဆိုးတာလားမသိ… စိတ်ထဲမှာတော့ ပူမိပြန်တာပေ့ါ…

တခါတလေတော့လဲ.. ဟင်း…ဒင်းတို့နွားကျောင်းတဲ့လူတွေက ကလေ ကချေ တွေ… ငါ့သားလိုပညာတတ်မှမဟုတ်တာ.. မနာလိုလို့ ပြောကြတာ.. မသိဘဲပြောကြတာနေမှာဆိုပြီး ဒီနွားကျောင်းတဲ့လူတွေကို မျက်မုန်း တောင် ကျိုးနေမိသေးတယ်။
ဒါပေမယ့် ကျမသားကတော့ လတွေကြာတဲ့အထိပေါ်မလာခဲ့ပါဘူး… ကျမလဲ အထီးကျန်တဲ့ဆင်းရဲကို အသက်ကြီးမှ ခံစားရပြန်ပါတယ်…..
ဘာတတ်နိုင်မှာလဲ… သူနဲ့ငါနဲ့ဟိုတုန်းက ဘာမှတော်ခဲ့တာမှမဟုတ်တာ.. ခုမှတာ တွေ့ရ ဆုံရတာ…
နောင်ဘဝမှာလဲ သူ့လမ်းသူသွား…ငါ့လမ်းငါသွားရမှာ မဟုတ်လား…ဘာမှ လွမ်းဆွေးနေဖို့မဟုတ်ပါဘူးဆိုပြီး ဖြေတဲ့အခါလဲ ဖြေရတာပေါ့ရှင်…
ဒါပေမယ့် လဲ မိခင်မေတ္တာဆိုတာ ရှင်တို့လူတွေလဲ သိကြမှာပါ…

တနေ့တော့ ရှပ်ရှပ်..ရှပ်ရှပ်နဲ့ ဖိနပ်သံကြားလို့ထကြည့်လိုက်တော့
ကျမသားလေးလေ…… စက်တတ်ထားတဲ့ ဆိုင်ကယ်ဆိုတာကြီးနဲ့ ကျောင်းတက်ဖို့ထွက်သွားတဲ့သား.. ကျမဆီပြန်လာ တော့ အဲဒီစက်တတ်ဆိုတာကြီးလဲ ပါမလာ..ဘူး….ခေါင်းကြီးငိုက်စိုက်ကြီးနဲ့ ကျမဆီရောက်လာခဲ့ပါတယ်…

ကျမလေ…. စိတ်ထဲမကောင်းလိုက်တာ… အဝေးကနေ မောပန်းလာတဲ့ သားလေးကို အရွက်တွေနဲ့ယပ်ခတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် သားလေးကို ကျွေးစရာအသီးကတော့ မရှိတော့လို့ ကျမ မကျွေးနိုင်တော့ပါဘူး…သားလေးဆာများနေမလား… အမေမှာ အသီးတွေတော့ မရှိတော့ဘူးသားရယ်။ အမေရှိရင် ငွေရှိတယ်.. အမေရှိနေသမျှ ဘာမှမပူနဲ့လို့ဆိုခဲ့တဲ့ ကျမ ..
ခု …ကျမသားလေးကို တခုခုကျွေးချင်လိုက်တာ…

“ဒါနဲ့…သားလေးဘာဖြစ်လာတာလဲ.. အမေကိုပြောစမ်း စာမေးပွဲတွေများ ကျလာသလား.. ကျောင်းမှာ သားကိုဆရာတွေက ဆူလို့လား.. အမေကို ပြောစမ်း… အမေကိုပြောစမ်းလို့ဆိုပြီးမေးလိုက်တော့
“ ကျနော် အိမ်ထောင်ကျသွားပြီအမေ… သားမှာချစ်ရမယ့်သူရှိနေပြီအမေ …သူ့ကို အိမ်တစ်လုံးဆောက်ပြီးထားရမယ်အမေ… အဲဒါ သားမှာ အိမ်ဆောက်ဖို့ ငွေလိုနေတယ်အမေရယ်”တဲ့….
သားမှာချစ်တဲ့သူရှိနေပြီတဲ့… အဲဒီချစ်တဲ့သူကို အိမ်ဆောက်ပြီးထားဖို့ငွေလို နေပြီတဲ့… ကျမ ဘာမှမပြောနိုင်ပဲ ခဏတော့ ငေးကြောင်သွားမိတယ်။ သားပြောတဲ့စကားက နားဖျားမှာ ထပ်ထပ်ပြီး ဝဲနေသလိုခံစားနေရတယ်။
အမေ..သားကိုအိမ်ဆောက်ဖို့ အကြံပေးပါဦး… ဆိုတဲ့ သားရဲ့အသံကိုကြားမှ ကျမ သတိဝင်လာခဲ့တယ်။
“ငါ့သားရယ် သားအိမ်ဆောက်ဖို့ အမေမှာ ပေးစရာငွေတော့ အမေ ဘယ်ရှိမှာလဲ သားရယ်….ဒါပေမယ့် မပူနဲ့ငါ့သား… ငါ့သားအိမ်ဆောက်ဖို့ ဒီပန်းသီးပင်က ကိုင်းတွေကိုခုတ်ယူသွားလေ သားရဲ့.. အဲဒီအသားတွေကို ဖြတ်တောက်ဖောက်စွပ်ပြီး အိမ်ဆောက်လို့ရတယ်မဟုတ်လား.. ”လို့ကျမ ပြောလိုက်တော့ ….
သားက..ဝုန်း…ဆိုပြီး ထခုန်လိုက်တာ.…ကျမတောင်လန့်သွားတယ်… ပြီးတော့မှ ဟုတ်တာပေါ့ အမေရယ်… ကျွန်တော် အိမ်ဆောက်ဖို့ အသား လိုနေတာ ကိုင်းတွေခုတ်ပြီး အိမ်ဆောက်ရင် ရတာပဲနော်…ဆိုပြီး…… ပြောပြောဆိုဆိုနဲ့ ကျမ ပန်းသီးပင်ကြီး ရဲ့ အကိုင်းအခက်တွေကို ဖြတ်ပါတော့တယ်။

ကျမမနာပါဘူး.. ကျမသားလေးလိုချင်တဲ့အရာ ရသွားလို့ပျော်နေတာမြင်ရ ရင် ကျမကျေနပ်ပါတယ်။ ကျမသားရဲ့ဘဝဟာ ကျမဘဝပဲ မဟုတ်လား။ ကျမသားရဲ့ ဘဝပျော်ရွှင်နေရင် ကျမလဲ ပျော်ရွှင်တာပေ့ါ… ဒီလိုနဲ့ ကျမသားလေးဟာ ကျမပန်းသီးပင်ကနေ အကိုင်းအခက်တွေကို အကုန်ခုတ်သွားခဲ့ပါတယ်။
ကျမပန်းသီးပင်ကြီးမှာတော့ နေပူကျဲကျဲမျာ အခက်အလက်အရွက် ဘာမှမရှိ ပင်စည်လုံးကြီးထောင်ထောင်ကြီးပဲ ကျန်ခဲ့ပါတယ်။
ဒီဒဏ်ကို ကျမခံနိုင်ပါတယ်။ ကျမ မခံစားနိုင်တာက ကျမသား။ ကျမနား မလာနိုင်တော့တာကိုပါပဲ..နောက်ပြီးတော့ ကျမနေရာကိုဝင်ယူတဲ့ သူ့ ချစ်သူ ဆိုတဲ့ မိန်းကလေး…

အဲဒီမိန်းကလေးက သားကို ကျမလောက်ချစ်နိုင်မှာမို့လား… အဲဒီဒဏ်တွေကိုတော့ ကျမခံစားရပါတယ်။ ဒါပေမယ့်လဲ ကျစရာ မျက်ရည် မရှိတော့လို့လားတော့ မသိဘူး… ဝမ်းတွင်းမှာပဲ ရှိုက်ငိုမိပါတော့တယ်။ သားရယ် ငယ်ရွယ်တုံးက အပြင်မှာမျက်ရည်ကျအောင် အော်ပြီးငိုလိုက် ရတာကမှ သက်သာပါသေးတယ်သားရယ်။။ ခုအမေအဖြစ်က ရင်တွင်းမှာပဲ ကျတဲ့မျက်ရည်မို့… အမေမခံစားနိုင်တော့ပါဘူးသားရယ်လို့ ရင်တွင်းမှာပဲ ပြောနေမိပါတယ်…
နေပူပြင်မှာ အရွက်မရှိ..အခက်မရှိ..အလက်မရှိ..တဲ့ကျမဘဝမှာ နေပူဒဏ် အလူးအလဲခံရင်း လောကအတွင်းမှာ အံတင်းထားရတော့မှာပေါ့လေ….

ချစ်တဲ့စိတ်ကို နာတဲ့စိတ်နဲ့ဖျောက်လို့ ပြောသံကြားဖူးပေမယ့် ကျမသား လေးကိုချစ်ရုံပဲချစ်ခဲ့တာ… တခါမှ မနာခဲ့ဖူးဘူး၊ ဒီတော့ ဘယ်နာတဲ့စိတ်နဲ့ သားလေးချစ်တဲ့စိတ်ကိုဖျောက်ရမှာလဲ…

အဲ…အကိုင်းအခက်တွေအိမ်ဆောက်ဖို့ခုတ်ယူသွားလို့ သိပ်မကြာခင်မှာပဲ ကျမသားလေး ကျမဆီကိုပြန်ရောက်လာပြန်ပါတယ်…ကဲ..ကြည့် ကျမသား ကလဲကျမကိုချစ်ပါတယ်။ ခုသတိရလို့…မိခင်ကျမပန်းသီးပင်ကြီးကို်လွမ်းလို့ ပြန်လာပြီလေ…
“သား…အမေကိုလွမ်းလို့များ အလည်လာတာလားဟင်”
“မဟုတ်ပါဘူး..အမေရယ်… သားမှာ မယားနဲ့ကလေးနဲ့ဆိုတော့ စီးပွားရှာရ တာ သိပ်ပင်ပန်းတယ်အမေ…ခုသားမှာ စီးပွားရှာဖို့ လှေကလေးတစ်စင်းလို နေတယ်အမေရယ်တဲ့.. အဲဒါလှေဝယ်ဖို့ပိုက်ဆံ သားလိုက်ရှာနေတာတဲ့…ခုနေပူလို့ အမေဆီဝင်လာတာပါတဲ့”
ကျမ ရင်ကွဲမတတ်ခံစားလိုက်ရပါတယ်…ရင်ထဲကလဲ “သားရယ် သားမောပန်းလာပေမယ့် အမေမှာ ယပ်ခတ်ပေးစရာ အရွက်တွေလဲ မရှိတော့ပါဘူး… သားကိုနေမပူအောင် မိုးပေးစရာကိုင်းတွေလဲ မရှိတော့ဘူး။ သားကိုကျွေးစရာ အသီးတွေလဲ မရှိတော့ပါဘူး.. အမေကို အသုံးမကျတဲ့အမေ.. သားတစ်ယောက်ကိုလုံလောက်အောင် မပေးနိုင်တဲ့ အမေလို့ သာပြောလိုက်ပါတော့ သားရယ်လို့..ပြောနေမိပါတယ်…
ကျမနှုတ်က ထွက်သွားတာကတော့…“သား…ဘာမှ မပူနဲ့…အမေတစ်ယောက်လုံးရှိတယ်…အမေမှာ သားကိုလှေဝယ်ပေးဖို့ ပိုက်ဆံမရှိပေမယ့်….သားလိုတဲ့လှေကိုရဖို့ ဟောဒီအပင်ငုတ်တိုကြီးကိုလှည်းပြီး လှေထွင်းလိုက်ရင် ရတာပဲမဟုတ်လား သားရဲ့….တဲ့။
ကျမ ဘယ်လိုထွက်သွားမှန်တောင်မသိလိုက်ပါဘူး..ကျမသားကလဲ အရင်တခါလို ဝုန်းဆိုခုန်ထပြီး ဟုတ်တာပေါ့အမေ… သား…ဒါလေးတောင် မသိဘူး…သားလူတွေကိုခေါ်ပြီး လွှနဲ့အခြေကနေဖြတ်လိုက်ရင် လှေတစင်း လောက်တော့ ကောင်းကောင်းရပါတာပေါ့ဆိုပြီး…
ရွာထဲကလူတွေကိုခေါ်…လွှတွေနဲ့ဖြတ်လို့… ယူသွားခဲ့ပါတယ်။
ကျမ မပန်းသီးပင်ကြီးဟာ… နာမည်ပဲ ကျန်တော့တာပေါ့…ကောင်းပါ တယ်လေ.. မျက်ရည်ဆိုတာတောင် ကျစရာ မရှိတော့ဘူးပေ့ါ…
သူ့အချိန်နဲ့သူ့အခါ..ဒီပုံစံဖြစ်ရတာ ဓမ္မတာပဲ ထင်ပါတယ်…ကျမမှာ ညိုးခြောက်ပြီး အသက်ပျောက်ဖို့ နေပူကျဲကျဲထဲမှာ သေမင်းခေါ်မယ့် အချိန်ကို စောင့်မျှော်နေရုံပဲပေါ့။
ဒီအချိန်မှာ ကိုမြေကြီးက ဘယ်လောက်ပဲ အာဟာရတွေကျွေးပေမယ့် အားမဖြစ်တော့ပါဘူး။ ကိုရွှေမိုးတွေဘယ်လိုရွာချလို့ ကျမကို ရေတွေတိုက် ပေမယ့် သွေးတွေသွင်းပေမယ့် ကျမ နာလန်ထမှာမဟုတ်တော့ပါဘူး…
ဒါကြောင့် ကျမဘဝရဲ့နောက်ဆုံးအချိန်လေးမှာကိုပဲ ကျမသားလေးကိုလဲ သတိရနေမိပါတယ်။ ကောင်းကင်က နေမင်းကြီးကို ပက်လက်လှန်ကြည့် နေရင်း..အသက်ထွက်ဖို့ နောက်ဆုံးအချိန်မှာ ကျမသားလေးသာရောက် လာခဲ့မယ်ဆိုရင်……

“အမေ“ အမေ“ ကျမရဲ့နောက်ဆုံးထွက်သက်နားမှာ ကျမသားလေးရဲ့ အသံကိုကြားလိုက်မိတယ်။ ကျမ အားယူပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ ကျမသားလေးမှာလဲ ခေါင်းမွေးတွေဖွေးဖွေးဖြူနေရှာပါပြီ…..
အမေရယ်…သားသိပ်ပင်ပန်းလာတယ်အမေရယ်… အမေကျွေးတဲ့ ပန်းသီးတွေလဲ မစားချင်တော့ပါဘူး.. အမေပေးမယ့် အခက်အရွက်တွေကိုလဲ သားမယူချင်တော့ပါဘူးအမေ…သား အမေရဲ့ အမြစ်ဆုံလေးပေါ်မှာ ခေါင်းလေးအုံးပြီးအိပ်ပါရစေ အမေတဲ့။
ကြည့်စမ်း ကျမသား… ကျမနားလာပြီး အားယူတာလား..အားပေးတာလား မသိဘူး…
ကျမကလဲ နောက်ဆုံးထွက်သက်အနေနဲ့..အားရှိပါးရှိပြောလိုက်ချင်ပါတယ်။ ဒါပေမယ့် အသံက ပီပီပြင်ပြင်မထွက်တော့ပါဘူး။ လေသံလေးပဲ ထွက်ပါတော့တယ်…
သားရယ်… အမေမှာ အရိပ်မိုးပေးဖို့အရွက်တွေမရှိတော့ပါဘူး။ ယတ်ခပ်ပေးဖို့ အရွက်တွေလဲ မရှိတော့ပါဘူး။ သားလေးပြေးလွှားဆော့ကစားဖို့ အခက်အလက်တွေလဲ မရှိတော့ပါဘူး။ သားလေးစားဖို့ အသီးတွေလဲ မရှိတော့ပါဘူး…ဒါပေမယ့် အမေမှာ မေတ္တာတွေ အပြည့်ရှိပါတယ်။ ငါ့သားမောရင် အမေရဲ့အမြစ်ဆုံပေါ်မှာ ခေါင်းတင်ပြီးလှဲအိပ်လိုက်…ငါ့သားမျက်နှာလေးကို အမေနေမပူအောင် ကွယ်ပေးထားနိုင်ပါသေးတယ်…သား…..သား….သား……အစ်….

မောင်ဇောက်ထိုး…. ပွိုင့် ၅၀၀၀… ငွေက ၅၀၀၀..(ဒေါ်လာ…)

ကျနော် ကမြင်းထပြီး ဟိုတုန်းက ကြားခဲ့ဖူးတဲ့ပုံပြင်လေးကို ခံစားပြီး တောင်ခြစ် မြောက်ခြစ် ခြစ်ကြည့်တာပါခင်ဗျာ…

30 comments

  • မမ အညာသူ

    July 6, 2012 at 2:42 pm

    တကယ်ကြီးကိုကောင်းပါတယ်
    ဟုတ်ပါတယ် အမေဆိုတာသားသမီးတွေအပေါ်မှာဘာမျော်လင့်ချက်မှမပါပဲနှင့်
    ပေးဆက်ချင်းတွေနှင့်ပဲချစ်ကြတဲ့ပန်းသီးပင်ကြီးလိုပါပဲလား
    သားရယ်… အမေမှာ အရိပ်မိုးပေးဖို့အရွက်တွေမရှိတော့ပါဘူး။ ယတ်ခပ်ပေးဖို့ အရွက်တွေလဲ မရှိတော့ပါဘူး။ သားလေးပြေးလွှားဆော့ကစားဖို့ အခက်အလက်တွေလဲ မရှိတော့ပါဘူး။ သားလေးစားဖို့ အသီးတွေလဲ မရှိတော့ပါဘူး…ဒါပေမယ့် အမေမှာ မေတ္တာတွေ အပြည့်ရှိပါတယ်။ ငါ့သားမောရင် အမေရဲ့အမြစ်ဆုံပေါ်မှာ ခေါင်းတင်ပြီးလှဲအိပ်လိုက်…ငါ့သားမျက်နှာလေးကို အမေနေမပူအောင် ကွယ်ပေးထားနိုင်ပါသေးတယ်…သားရယ်
    အရေးအသားကိုတော့တကယ်ကိုလေးစားတယ်ဗျာ

    • ဇောက် ထိုး

      July 7, 2012 at 7:10 pm

      မိညာရေ… ပို့စ်လေးဖတ်ပြီး ပြန်တော့ဟေ့.. ရှေ့ဆက်ကြည့်မနေနဲ့…

  • kai

    July 6, 2012 at 2:55 pm

    ဘာရယ်မဟုတ်ပါဘူး..
    ကိုတော်ဇောက်ကို.. နောက်ချင်လာလို့…
    ပန်းသီးပင်ပုံတင်ပေးလိုက်တယ်..

    အပင်နဲ့.. လှေလုပ်စေသတည်း…

    • ဇောက် ထိုး

      July 6, 2012 at 3:31 pm

      ဦးခိုင်.. အဲဒီအပင်က ကလေးမို့နေမှာပါ.. ဟိုက ပန်းသီးပင် နှစ်တစ်ထောင်အပင်…ဖွင့်ဖွင့်ချင်းရီလိုက်ရတာဗျာ…ပန်းသီးပင်လဲ ခုမှမြင်ဖူးတာ…

      • နွေဦး

        July 6, 2012 at 5:06 pm

        တော်သေးတာပေါ့
        စတော်ဘယ်ရီ ပင်အောက်မှာ
        သမီးရည်းစား ချိန်းတွေ့ ကြတယ် ဆိုတဲ့ စာမျိုး ကြားဖူးထားလို့….
        ဒီလို ပတ်ဝန်းကျင် နဲ့ နီးစပ်တဲ့ ဘဝ သရုပ်ဖေါ်လေးတွေ များများရေးကြပါဗျာ….

    • emo lay

      July 8, 2012 at 2:20 pm

      အရင်လှေလုပ်ပြပါလားလို့ ကိုကြီးkaiရယ်။

  • စိန်ဗိုက်ဗိုက်

    July 6, 2012 at 2:57 pm

    ဆရာဇောက်.
    ပုံစံတူ..ပုံပြင်တစ်ခု ဖတ်ဖူးတယ်..
    ဂျပန်ပုံပြင်လားမသိဘူး..
    ထင်တာပြောတာနော်….
    ဗဲဒီးဂွတ်..ဗယာကြော်ပါ..ဗျ

    • Moe Z

      July 6, 2012 at 3:27 pm

      ဟုတ်တယ် .. ရုပ်ပြကာတွန်းကြည့်ဖူးတယ်
      လေးကွက်လောက်ပဲရှိတယ်
      ချဲ့ရေးတော့လည်း ပို့စ်တစ်ပုဒ်စာဖြစ်သွားတာပေါ့နော်
      အားပေးသွားပါတယ် ..

    • ဇောက် ထိုး

      July 6, 2012 at 3:33 pm

      အနော်ပြောတယ်လေ.. ကြားဖူးခဲ့တဲ့ ပုံပြင်လေးကို ရသစာပေအတွက် လက်စမ်းကြည့်တာ… ဆုရလို့တာကတော့ ဦးဗိုက်ကို အရက်ဖိုးအကုန်ပေးပစ်မှာ…
      ဟာ…ဆောရီးဆောရီး..ဦးဗိုက်က အကဲဖြတ်ထဲ မပါဘူး…ဟီးးးးးးးးးးးးးးးးးးးး

  • မောင်ပေ

    July 6, 2012 at 3:07 pm

    အူးဘဇင်းရေ
    သဂျီးကတော့ နောက်ပြီ
    တစ်ခုရှိတာက
    ပန်းသီးပင်က အဲ့လောက်ကြီးပါ့မလားဆိုတဲ့အတွေးက
    ဖတ်ခဲ့တဲ့ ရသစာကို ဖျက်နေမိတယ်ဗျာ
    ဘာဘဲဖြစ်ဖြစ်
    ကွန်မင့်ဆွမ်းတော့ လောင်းခဲ့ပါအိ။

    • ဇောက် ထိုး

      July 6, 2012 at 3:36 pm

      အဲလိုမှန်းသိ သရက်ပင်လို့လုပ်ပါတယ်ဗျာ… သိုပါသောကြောင့် ပန်းသီးပင်အစား သရက်ပင်ဟု ပြောင်းလဲ ဖတ်ရှုကြပါရန် ကျွန်တော် မောင်ဇောက်ထိုး အထူးနိုးဆော်အပ်ပါကြောင်း..
      ဦးပေလုပ်ပါဦး.. ဆုမရပဲ နေလိမ့်မယ်….
      နောက်ပြီး သူကြီးခိုင်ပြတဲ့ ပန်းသီးပင် ခုခေတ်ပန်းသီးပင်ပေါက်စမို့ပါဗျာ…
      ဘုရားလက်ထက် ပန်းသီးပင်က ဒီလောက်မကပါဘူး….ကျွန်တော်ဘက်က ပါပေးနော်….ဦးပေ…

      • မောင်ပေ

        July 6, 2012 at 8:23 pm

        ဆုအတွက် ဘာမှ မပူနဲ ့
        အေပူးဆု ဆိုပြီး ကျုပ်လဲ စီစဉ်မို ့
        ခဏလေးစောင့်ကြည့်ဗျာ

        • ဇောက် ထိုး

          July 6, 2012 at 9:39 pm

          အေးပူဒိုးဆောက်ဆုလို့လုပ်လိုက်ပါ… ဘာမှကို အားမကိုးရဘူး…

  • မွန်မွန်

    July 6, 2012 at 3:19 pm

    သိင်္ဂါရ ရသအပြည့်နဲ့ ခံစားပြီးဖတ်လာတာ…သူကြီးရဲ့ ပုံကို မြင်တော့မှ အားလုံး ပျက်တော့တာပဲ…. 🙂
    တစ်ရက်နှစ်ရက်လောက်နေမှ တင်ပါလား… လူဆိုး… 🙂

    • ဇောက် ထိုး

      July 6, 2012 at 3:39 pm

      မွန်မွန်ရယ် စောစောက ပြောရောပေါ့… တစ်ရက်နှစ်ရက်ရှိရင် သူကြီးက ဘယ်သွားမှာမို့တုန်း..
      အဲဒီကျတော့ကော သူ့လက်က လွတ်ပါ့မတုန်း…
      ကျွန်တော့်ကို အရယ်ခိုင်းပြီး နှိပ်စက်တဲ့ သူကြီး.. နေနှင့်အုန်း…

  • Nyein Nyein

    July 6, 2012 at 3:30 pm

    လေးလေးဇောက်ရေ……… ဖတ်ရတာ အမေတွေရဲ့ မေတ္တာကို တကယ်ခံစားရပါတယ်။ အခုလို စာအနေနဲ့မဟုတ်ဘဲ ကာတွန်းပုံလေးတွေနဲ့တော့တွေ့ဖူးတယ်။ အဲဒီ့ထဲမှာတော့ ပန်းသီးပင်မဟုတ်ဘူး။ အခြားအပင်တစ်ခုပဲ။ အခုလို လေးဇောက်ရဲ့ ပုံပြင်လေးကို ဖတ်လိုက်ရတော့ ပိုပြီးနားလည်သွားတယ်။

  • ဇောက် ထိုး

    July 6, 2012 at 3:42 pm

    ကျေးဇူးပါ Nyein Nyein ရေ… ကျွန်တော်လဲ လက်စမ်းပြီး ရေးကြည့်တာပါ…ဒါမျိုးမရေးဖူးပါဘူး… ကျွန်တော်က ဗောက်တိ ဖောက်ထိုးသာ ရေးတတ်တာထင်ပါတယ်။..ခုဟာ ဖီးတစ်မျိုးနဲ့ရေးကြည့်တာ…
    ဆုတွေဘာတွေကြားလို့ ဟဲဟဲ…
    အားပေးတာ ကျေးဇူးနော်…

  • lynn lynn

    July 6, 2012 at 3:44 pm

    ကိုဇောက်ထိုးရေ ဆင်တူတာတော့ ဖတ်ဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရမ်းကောင်းပါတယ်။ ပန်းသီးပင်နေရာ အခြားအပင်အစားထိုးပြီးဖတ်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။

  • မဂွတ် ထော်

    July 6, 2012 at 4:06 pm

    စာသားမိုက်ပါတယ်
    ပန်းသီးပင်လေးကုန်သေးဘူးလား
    ဟဲ…ဟဲ

    • ဇောက် ထိုး

      July 6, 2012 at 9:41 pm

      မဂွက်ရယ် အမြစ်တော့ ကျန်ပါသေးတယ်။ သူ့ရဲ့နောက်ဆုံးထွက်သက်မှာ သူ့သားအတွက် ခေါင်းအုံးလေးလေ….

  • ဝမ်းတွင်းရူး

    July 6, 2012 at 6:05 pm

    ပန်းသီးပင်နဲ ့မနှိုင်းဘဲ ပိတောက်ပင်နဲ ့ဆို အတော်ဟန် ့ပေါ့။
    ကျေးဇူးပါဗျာ မှတ်သားလောက်တဲ့ ခိုင်းနှိုင်း ပမာပါဗျ။

    • ဇောက် ထိုး

      July 6, 2012 at 9:46 pm

      ကျနော် ကြားဖူးထားမိတာက လဲ ပန်းသီးပင်ပဲဖြစ်နေတာက တစ်ကြောင်း…
      သူ့သားကို အစာကျွေးချင်တာကလဲ တစ်ကြောင်း… အဲဒီအကြောင်းတွေကြောင့်ပါဗျာ..
      ဆုရမှာဆိုတော့ လက်ကလဲဇွတ်သွေးချင်နေတော့ တခါထဲ ရေးချလိုက်ပုံပေါ်ပါတယ်။

  • အလင်းဆက်

    July 6, 2012 at 7:50 pm

    အဲ..။ ဒါက လည်း..ဖတ်လို့ကောင်းတယ် ဟ ။

    သူကြီးရဲ ့ပန်းသီးပင်ဆီက…တစ်လုံး ခူးသွားတယ် ။

  • ဇောက် ထိုး

    July 6, 2012 at 9:50 pm

    အလင်းဆက်ရေ.. ဖတ်လို့ကောင်းတယ်ဆိုတာကို ဆုပေးရေးအဖွဲ့ကြားအောင်ပြောလိုက်ပါ…
    သူကြီးရဲ့ ပန်းသီးပင်က တလုံးထဲခူးသွားတာကိုတော့ အလွန့်အလွန်ကို အတင်းအဓမ္မ စိတ်နာမိပါတယ်။ ဖြစ်နိုင်ရင်..အလင်းဆက်များ တတ်နိုင်ရင်… ကျွန်တော့်ကိုများ ကူညီနိုင်မယ်ဆိုရင်… ငွေပေးလို့ပဲရရ.. စိန်ပေးလို့ပဲရရ… ဘာပဲလုပ်ပေးရ လုပ်ပေးရ.. အဲဒီသူကြီးဆိုသူကြီးရဲ့ ပန်းသီးပင်ကြီးကို လှဲပြီးဖျောက်ဖျက်သွားစမ်းပါဗျာ…

  • ရှင်းသန့် နွယ်

    July 7, 2012 at 10:26 am

    တကယ်ကိုဖတ်လို့ကောင်းပါတယ်
    အရင်ကမဖတ်ဖူးဘူး ခုမှဖတ်ဖူးတာ
    အသိပညာ တိုးစေတဲ့post လေးတစ်ခုလို့ထင်မိပါတယ်
    နောက်လဲ post လေးတွေများများတင်ပေးပါနော်….

    • ဇောက် ထိုး

      July 7, 2012 at 7:12 pm

      နတ်ရူး ဗုံနဲ့မြောက် ဆိုတဲ့ မြန်မာ စကားပုံရှိတယ်နော်.. မနွယ်ကြားဖူးလား မသိဘူး။ ကျေးဇူးပါ။

  • laypai

    July 7, 2012 at 11:28 am

    သူများ တွေ လို ဆင်တူရိုးမှား လည်း မဖတ်ဖူး၊ အသီးတာ စားဖူးတာ ပန်းသီးပင် ဘယ်လို နေ တယ် ဆိုတာ လဲ မသိတော့ သူ့အရေးအသားထဲ မှာ မျှောပါ လာလိုက် တာ အစ ကနေ အဆုံး ထိ ပဲ။
    အားပေး သွားပါတယ်။

  • ဇောက် ထိုး

    July 7, 2012 at 7:14 pm

    ကျွန်တော်လဲ အထက်မှာ ပြောခဲ့ဖူးသလို ပုံပြင်လေးကိုတော့ ကြားဖူးခဲ့ဖူးပါတယ်။ ကြားဖူးတာလဲ သာမန်ပါ။ ကျွန်တော်ကိုယ်တိုင် အတွေးလေးထည့်ပြီး ကိုယ်ပိုင်ရေးတာပါ။ တကယ်လဲ ဒါမျိုးမရေးဖူးလို့ ရေးကြည့်လိုက်တာပါ။ ကျေးဇူးတင်ပါတယ် laypai ရေ…

  • အလင်းဆက်

    July 7, 2012 at 7:16 pm

    သူကြီးရဲ ့ပန်းသီးပင်ကို လှဲ..ကြည့်တာမရဘူး..ဗျ ။

    သကြီးရဲ ့အပင်ကို ကြည့်မရရင်… ထုံးစံ အတိုင်းဇောက်ထိုးကြည့်..ကြည့်ပါလား။
    အကြံပေးတာပါ..။
    အဟိ ။
    တော်သေးတယ်..သူကြီးက အပင်ကို ဇောက်ထိုး..စိုက် ပေး သွားတာ မဟုတ်လို ့…။

  • ဇောက် ထိုး

    July 8, 2012 at 3:58 pm

    ဇောက်ထိုးကြီးစိုက်သွားရင်… ပင်စည်လုံးကြီးက ပိုပေါ်လာပေါ့ဗျ…ကိုအလင်းဆက်ရ။
    လုပ်မရရင် ဘာမှမလုပ်နဲ့… ပိုဆိုးမှာလဲ စိုးရသေး..ခုအတိုင်းက ပင်စည်က သိပ်မပေါ်ဘူး..
    သူ့အားကိုးမှ ပိုဆိုးတော့မယ်….

Leave a Reply