မနေ့ညနေက ကျွန်တော်အလုပ်ချိန်အပြီး အလုပ်ရဲ့ပင်ပန်းမှုတွေကိုဆေးကြောမယ်ဆိုတဲ့အကြံနဲ့ မြို့ထဲမှာအလုပ်လုပ်တဲ့သူငယ်ချင်းလူပျိုကြီးနှစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောဖြစ်ကြတယ်ပေါ့…

လူပျိုကြီးဖြစ်ရခြင်းအကြောင်းအရင်းများပြောကြားရင်းပေါ့… အချစ်ကိုကိုးကွယ်ပြီးအရမ်းခံစားတတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ အချစ်အပါးမှာအလွဲလွဲအချော်ချော်ဖြစ်တတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ပထမဆုံးအသဲကွဲဖူးသောအတွေ့အကြုံဖြင့် အချစ်ကိုကြောက်သွားသောကြောင့်ဖြစ်သောလူပျိုကြီး၊ လူမှု အိမ်ထောင်အရှုပ်အရှင်းများကိုမြင်ကာထိပ်လန့်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ယောင်္ကျားကြီးတန်မယ့် အရှက်လွန်သောကြောင့်ဖြစ်ရသောလူပျိုကြီး၊ အချစ်ကိုစမ်းလှေနံနှစ်ဘက်နင်းရာမှ ခြေချော်လက်ချော်ဖြစ်ကာ အစွံထုတ်မရသောကြောင့်ဖြစ်သောလူပျိုကြီး စသည်စသည်ဖြင့် ည(၈)နာရီခန့်အထိစကားဖောင်ဖွဲ့ကြပြီးနောက် အသီးသီးအိမ်အပြန်လမ်းသို့ မြန်းခဲ့ကြသည်…

ကျွန်တော်ကားငှားအပြန် ကားပေါ်မှာ…

“ ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ်… အလှလေးပွန်းပဲ့သွားရင်တောင် ရင်ကျိုးရချည်ရဲ့…”

တိုက်တိုက်ဆိုင်ဆိုင် ပိုစ့်ထဲထည့်ရေးခဲ့သူ ဦးဘလက်ကြီးကိုတောင်သတိရလိုက်မိသေးတယ်ဗျာ… အဲဒီနောက် ခေတ်ပေါ်သီချင်းတစ်ပုဒ်ကို FM ကတာဝန်မပျက် ဆက်လက်ထုတ်လွှင့်သေးတယ်…

အဲဒီတော့မှ ကျွန်တော်မျက်လုံးပြူးပြီး တစ်နေ့လုံးအလုပ်လုပ်ထားသမျှနဲ့ပင်ပန်းပြီး အိပ်ချင်နေတဲ့သူကျွန်ုပ် မျက်လုံးပြူးသွားမိပါတော့တယ်…

သီချင်းစာသားကို အမှတ်တမဲ့ကြားလိုက်ရသလို ခေတ်ပေါ်သီချင်းတွေကို နားမထောင်ဖြစ်တော့တဲ့သူအနေနဲ့ သီချင်းစာသားက တော်တော်ကိုအထိတ်အလန့်ဖြစ်စေခဲ့တယ်ဆိုတာတော့ဖြင့် ၀န်ခံပါတယ်… သီချင်းက စုံတွဲ သီချင်းပါ… ယောင်္ကျားလေးအဆိုရှင်ကတလှည့်… မိန်းကလေးအဆိုရှင်ကတစ်လှည့် အပြန်အလှန်လိုလိုဆိုထားတဲ့သီချင်းပေါ့…

စာသားမမှတ်မိပေမယ့် အဓိပ္ပာယ်က မိန်းကလေးကို ယောင်္ကျားလေးကပြောတယ်…

မင်းအသက်(၁၈)နှစ်ပြည့်ပြီ… ဘာဘာညာညာသွားချင်သွားလို့ရပါပြီတဲ့… ဘုရား… ဘုရား…

ခုနလေးပဲ အချစ်ကိုကိုးကွယ်ခဲ့ကြသော အချစ်ကြောင့်ဒဏ်ရာကိုယ်စီရှိခဲ့ကြသောလူပျိုကြီးများရေ…

ခင်ဗျားတို့ အချစ်ကိုအလေးထားတဲ့သီအိုရီက အင်န်းတိခ်ဖြစ်နေပြီလို့ပြောရမလိုလိုပဲ…

အသက်(၁၈)နှစ်အရွယ်မိန်းခလေးကိုဖြင့် ဘယ်ကိုခေါ်သွားချင်နေပြီလဲကွယ်…

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွန်ခဲ့တဲ့ (၃)လလောက်က မနက်ပိုင်း (၇)နာရီခွဲခန့် ကျွန်တော်ကုကိုင်းရေကူးကန်လမ်းထဲ အလုပ်ကိစတစ်ခုနဲ့ သွားခဲ့တယ်…

အဲဒီအချိန်မှာ အသက်(၁၉-၂၀)၀န်းကျင် ချာတိတ်စုံတွဲလေးတစ်တွဲကိုသတိထားလိုက်မိတယ်… ပျော်လို့ရွှင်လို့… လက်လေးတွဲပြီး စကားတွေပြောလို့… ငယ်ဘ၀ကရည်းစားဘ၀လေးတွေတောင် ပြန်နိုးထလာသလိုလို…

အဲ… သူတို့လျပ်တပျက်ကွေ့ဝင်သွားတဲ့နေရာကြည့်လိုက်တော့… “ဟိုတယ်”…

မနက် (၇)နာရီခွဲပဲရှိပါသေးတယ်… အလုပ်လုပ်တဲ့ကျွန်တော်တောင် ရုံးမရောက်သေးဘူး… သူတို့က ရောက်သွားနှင့်ပြီ… တယ်လဲကောင်းတဲ့ဝီရိယပေပဲကိုး…

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်မလေးတစ်ယောက်ကိုချစ်မိရင် ချစ်သူကိုလက်ကလေးကိုင်ပြီး ကမ္ဘာပတ်ပြမလောက် ကြည်နူးခဲ့ ကိုယ့်ရည်းစားကိုတန်ဖိုးထားခဲ့မိတယ်… အချစ်ကိုကိုးကွယ်တယ်လို့ ပြောပြော… ရင်ထဲကမေတ္တာစစ်နဲ့ အရိပ်တကြည့်ကြည့်ချစ်ဖူးခဲ့တယ်…

ကျွန်တော်တို့ လူငယ်ဘ၀ကဖိုသံပေးခဲ့တဲ့သီချင်းတွေကိုပြန်ကြည့်ပါဦး…

မေ..ကိုယ့်ဘ၀ရဲ့အားလုံးကို စိုပြေလာအောင်ဖန်တီးစွမ်းတယ်… အရာရာလှပလို့အောင်မြင်အောင် စွမ်းနိုင်တယ်… မင်းလေး… အင်အားများရှိတယ်…

ဒီအချိန်မှာ… မင်းလေးတစ်ယောက်သာ ကြင်နာသောအပြုံးနဲ့ရှိနေပါရင်… အားလုံးဟာပြည့်စုံသိပ်ကောင်း သွားမယ်… ဒါပါပဲကွယ်…

သူပန်ထားတဲ့ပန်းနီနီနေရာခဏလဲချင်သည်… ကြင်နာသူလေးလှဖို့အစွမ်းကုန်ကြိုးစားမည်… ရင်မှာဒီလောက်ချစ်ပါသည်…

ကဲဗျာ… ကျွန်တော်တို့လူငယ်ဘ၀တုန်းက အချစ်ကိုနူးနူးညံ့ညံ့နဲ့ အပြစ်ကင်းကင်းခံစားတာ… အချစ်ကိုကိုးကွယ်ခဲ့ကြတာ…

အဲဒီတော့ သီချင်းတွေက ခေတ်အကြောင်းပြောကြတယ်ဆိုရင်ဖြင့် လက်ရှိခတ်မှာ အချစ်နဲ့ လိင်ကိစ္စကိုများ မကွဲကြတော့ဘူးလား…

လူငယ်တွေရဲ့စိတ်ထဲမှာလဲ အဲဒီလိုမျိုးနေတဲ့ Life Style ကို ခေတ်မီတဲ့ Life Style လို့ယူဆနေပါပြီ… ဒါပေမယ့်…သူတို့တွေဟာ အဲဒီ Life Style မှာကျင်လည်နိုင်လောက်တဲ့ အသိပညာနဲ့ မိမိကိုယ်ကိုမောင်းနှင်နိုင်တဲ့အရည်အချင်းမျိုးတွေမရှိသေးတာကို သူတို့ကိုယ်တိုင်မသိနိုင်သေးပါဘူးဗျာ…

လွတ်လပ်ခြင်းဆိုတဲ့အရသာ… ဒီမိုကရေစီဆိုတဲ့ အနှစ်သာရက… စိတ်အလိုလိုက်တာလား… စည်းမရှိကမ်းမရှိနေချင်သလိုနေတာလား… စည်းကမ်းရှိရှိနဲ့ လူမှုဘ၀တိုးတက်အောင်ဖန်တီးတာလား… ကွဲကွဲပြားပြားသိဖို့လိုပါတယ်…

အချစ်မှာ လိင်ကိစ္စ အစိတ်အပိုင်းတစ်ခုဆိုတာမှန်ပေမယ့်… သူကအဓိကဇတ်ဆောင်တော့မဟုတ်ဘူးလေ…

လစ်ဘရယ်ကြီးတစ်ယောက်ဆီက ဒီစကားထွက်လာလို့ ကွန်ဆာဗေးတစ်တွေ အားရှိသွားမပေါ့…

ဒါပေမယ့် ခေတ်ရေစီးကြောင်းအရဖြစ်လာပြီဆိုရင်…

ကျွန်တော်တို့အနေနဲ့ ကျောင်းမှာလိင်ပညာပေးတွေ လုပ်ရတော့မယ်… လိင်ပညာပေးအတွက် သေချာတဲ့စနစ်တွေချမှဖြစ်တော့မယ့်အချိန်ပါ… တကယ်ဆိုရင် အချိန်လေးတောင်တော်တော်နောက်ကျသွားပြီလို့ တွက်ဆမိသကိုး…

ကလေးလေးတွေကို သိသင့်တဲ့အကြောင်းကို အမှန်အတိုင်းရဲရဲဝံ့ဝံ့ဖွင့်ပြောရတော့မယ်… ကျွန်တော်တို့ သတ္တိမွေးရမယ်… မွေးနိုင်ကြပါ့မလား…

ဥပမာဗျာ… နောက်အနှစ်နှစ်ဆယ်လောက်အကြာ အခုအချိန်မှာသမီးလေးမွေးထားတဲ့မိဘများ…

သမီးလေးက အဖေရေ… အမေရေ… ဒီညတော့ သမီးချစ်သူအိမ်လာနေမယ်နော်… သို့တည်းမဟုတ်… သမီးတော့ သမီးချစ်သူနဲ့သွားနေမယ်နော်လို့ အပြောခံရမယ့်အခါကျရင် ကျွန်တော်တို့ဘယ်လိုသတ္တိမျိုးနဲ့ ရင်ဆိုင်ကြမလဲ… အဲဒီကိစ္စက လစ်ဘရယ်၊ ကွန်ဆာဗေးတစ်မခွဲပဲ ရင်ဆိုင်ရမယ့်ကိစ္စနော်… မည်သူမှလစ်လျူရှုထားလို့မရတဲ့အနေအထားဖြစ်လာပါပြီ…

လစ်လျူရှုထားလို့မရဘူးဆိုလို့ သားသမီးကိုချုပ်ချယ်ပြီး ခေတ်မမီတဲ့ခပ်တုံးတုံးမိဘတွေလုပ်ဖို့မဟုတ်ပါဘူး… သားသမီးတွေကို ခေတ်နဲ့အညီဆုံးမနိုင်ဖို့ မိမိကိုယ်တိုင်ကြိုးစားရမှာပါ… ခေတ်နောက်ကို အမီလိုက်ပြီး… မိမိသားသမီးတွေကို တွေးခေါ်ရဲပြောဆိုရဲရှိအောင် သွန်သင်ရမှာပါ…

တကယ်လို့များ ကျွန်တော့်သားသမီးက အဲဒီလိုပြောလာမယ်ဆိုရင်… အဖော်လေးတော့ဆောင်သွားလို့ ပြောစရာစကား… ဒါပဲရှိပါတယ်… အဲဒီလိုပြောရဲဖို့ သတ္တိကိုပဲမွေးယူဖို့ ဆုံးဖြတ်ထားပါပြီ… ခေတ်အမီလိုက်ရင်း တွေးခေါ်ရဲပြောဆိုရဲအောင် သွန်သင်ရတော့မှာပဲ… ခေတ်ကိုး…

ကျွန်တော်တို့ ခေတ်တုန်းကလဲ ဆံပင်ရှည်ထားတာမကြိုက်တဲ့မိဘတွေကို ဂလန်ကဆန်လုပ်ရင်း လွတ်လပ်ခွင့်ကိုတိုက်ယူခဲ့သကိုး… ၀ဋ်ဆိုတာလည်လိမ့်မယ်ဗျ…

လူပျိုကြီးတို့ရေ…

အခုအချိန်မှာ မိန်းမရအောင်ယူချင်ယူ… မယူနိုင်ရင်တော့… အချစ်ဆိုတာတွေ့တဲ့အချိန်… အသစ်ဆိုတာ ရဦးမလား မကျိန်းသေဘူးနော်… အဲဒီလိုမှမဟုတ် ဂျေးများပြီး ရွေးသွားနေဦးမယ်ဆိုရင်ဖြင့် ငှက်ပျောတုံးဖက်ပြီး ဘ၀တပါးပြောင်းသွားရဦးမယ်နော…

လူပျိုကြီးတို့ရေ…

ချစ်သူအပေါ် ကျုပ်တို့ငယ်ငယ်တုန်းကလို ပန်းကလေးတစ်ပွင့်လို… အရိပ်တကြည့်ကြည့်နေတဲ့ခေတ်တော့မဟုတ်တော့ဘူးဆိုတာ အမြဲသတိရပါဗျာ…

 

စေတနာအရင်းခံဖြင့်-

ကြောင်ဝတုတ်

ဇူလိုင်၊ ၂၀၁၂

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...