ခရီးသွား လုပ်ငန်းဆိုင်ရာ အရည်အသွေးမြင့် ကားများ တင်သွင်းရန် စီစဉ်လျက်ရှိ

khinmintatthuJune 29, 20101min540

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းက ဦးစီး၍ ခရီးသွား လုပ်ငန်းဆိုင်ရာ အရည်အသွေးမြင့် ကားများကို ပြည်ပမှ တင်သွင်းရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ အသင်းမှ ၂၂-၆-၂၀၁ဝ ရက်တွင် သိရသည်။ အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်း၏ အသင်းသား လုပ်ငန်းရှင်များ စုပေါင်း တင်သွင်းကြမည် ဖြစ်ပြီးလက်ရှိကာလတွင် စီစဉ်နေဆဲ ကာလဖြစ်၍ ကားအမျိုးအစားနှင့် တန်ဖိုး၊ တင်သွင်းမည့် နိုင်ငံများကို ညှိနှိုင်းနေကြောင်း သိရသည်။ အဓိကအားဖြင့် ခရီးသွား လုပ်ငန်းနှင့် ကိုက်ညီသော ကား အမျိုးအစားကို တင်သွင်းရန် စီစဉ်ထားပြီး အရည်အသွေး ပြည့်မီပြီး ဈေးနှုန်း သက်သာခြင်း၊ တံဆိပ် အသစ်စက်စက် ဖြစ်ရမည်ဟု သတ်မှတ်ခြင်း၊ ဝယ်ယူလိုုက်သည့် စရိတ်နှင့် ကိုက်ညီစေအောင် အသုံးချနိုင်ခြင်း စသည့် စံသတ်မှတ်ချက်များ ထားရှိကြောင်း၊  လက်ရှိ ခရီးသွားလုပ်ငန်းရှင်များ အသင်းက ကားများ တင်သွင်းရန် စီစဉ်ဆောင်ရွက် နေခြင်း အပြင် ပြည်တွင်း အခြားကုမ္ပဏီ အချို့လည်း သက်ဆိုင်ရာ ကဏ္ဍ အလိုက် သင့်လျော်သည့် ကားအမျိုးအစားများကို ပြည်ပမှ တင်သွင်းလျက် ရှိကြောင်းသိရသည်။ အသင်းမှ ကား တင်သွင်း လိုက်ခြင်းအားဖြင့် ပြည်တွင်း လချုပ်၊ နှစ်ချုပ်၊ အချိန်ပိုင်း ကားအငှားလိုက် လုပ်ငန်းများမှ ယခင် ငှားနေကျ ပုံစံအတိုင်း ငှားစရာ မလိုတော့ဘဲ အသင်းမှ ကားများဖြင့် အလွယ်တကူပိုမို အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း၊ ၎င်းရည်ရွယ်ချက်ဖြင့် ပင် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ တင်သွင်းသော ကားများဖြင့် ကိုယ်ပိုင်ကား ထောင်လာနိုင်ခြင်း အပြင် ကားမရှိသေးသည့် ခရီးသွား လုပ်ငန်းကုမ္ပဏီ အချင်းချင်းကိုလည်း ငှားရမ်း နိုင်မည် ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

forward mail