တိမ်ယံသစ္စာ အပိုင်း ( ၂၃ )

alinsettJuly 7, 20121min1516


တနေ့တော့ ဆိုင်တွင် စိုးရာယာနှင့် ကျွန်တော် နှစ်ဦးတည်း ထိုင်စကား ပြောနေကြသည်။ ဖရီးမောင့်၊ အိုလုန်းကောလိပ်တွင် ကျောင်းတက်ပုံကို စိုးရာယာက ပြောပြနေသည်။

”ဘာမေဂျာယူလဲ”

”ကျွန်မက ဆရာမဖြစ်ချင်တာ” ဟု စိုးရာယာဆိုသည်။

”တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ”
________________________________

‘တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ”

”အမြဲတမ်း ဖြစ်ချင်ခဲ့တာ။ ဗာဂျီးနီးယားမှာနေတုန်းက ကျွန်မ ESL အောင်လက်မှတ်ရတယ်လေ။ အခုဆို စာကြည့်တိုက်မှာ တစ်ပတ်ကိုတစ်ည ကျွန်မ စာပြတယ်။ အမေကလည်း

ဆရာမပဲဟာ။ ကဘူးမှာနေတုန်းက မိန်းကလေးအထက် တန်းကျောင်းမှာ ဖာစီစာနဲ့ သမိုင်းသင်တယ်”

သမင်လိုက်ဦးထုပ်ဆောင်းထားသော ဗိုက်ရွှဲရွှဲလူဝကြီးတစ်ဦး ငါးဒေါ်လာ တန် ဖယောင်းတိုင်စိုက်ညှာတံကို သုံးဒေါ်လာပေးသည်။ စိုးရာယာ ရောင်းလိုက်သည်။ ခြေရင်းမှ ဘူးကလေးထဲ

ပိုက်ဆံထည့်ပြီး ကျွန်တော့်အား ရှက်ရွံ့စွာကြည့်သည်။

”အေမားကို ပြောတော့ပြောပြချင်တယ်။ ရှက်စရာကောင်းနေမလားလို့”

”ပြောဗျာ”

”အရူးအနှမ်း ကိစ္စလေးပါ”

”ပြောပါဗျာ”

စိုးရာယာ ရယ်သည်။ ”ကဘူးမှာနေတုန်းက ကျွန်မ လေးတန်းပေါ့နော်။ အဖေက ဇီးဘားဆိုတဲ့ မိန်းမကြီးကို အိမ်မှာ ဝိုင်းကူဖို့ငှားလာတယ်။ ဇီးဘားရဲ့ ညီမက အီရန်မှာ။ ဇီးဘားက

စာမတတ်တော့ သူ့ညီမဆီစာပြန်ဖို့ ကျွန်မကို စာရေးခိုင်းတယ်။ ဒါကလည်း ဆယ်ခါ့ရံတစ်ခါပါ။ သူ့ညီမက စာပြန်ရင် ကျွန်မက စာဖတ်ပြရတယ်။ တစ်ရက်တော့ ကျွန်မက

ဇီးဘားကိုမေးကြည့်တယ်။ စာရေးစာဖတ် သင်ချင်လားပေါ့။ ဇီးဘားမျက်နှာကြီး ဝင်းသွားတာပဲ။ ကျွန်မ အိမ်စာတွေပြီးပြီ ဆိုတာနဲ့ မီးဖိုချောင်စားပွဲမှာ ဇီးဘားကိုစာသင်ပေးတယ်။ ကျွန်မ

အိမ်စာလုပ်ရင်း တန်းလန်း ဇီးဘားကို လှမ်းကြည့်လိုက်ရင် ဇီးဘားလေ … ဟင်းအိုးထမွှေလိုက်၊ ကျွန်မ ပေးထားတဲ့ လေ့ကျင့်ခန်းတွေ တကုန်းကုန်းရေးလိုက်နဲ့ … နောက်တော့

တစ်နှစ်တောင်မကြာဘူး။ ကလေးစာပေ ဖတ်နိုင်သွားတယ်။ ခြံထဲမှာထိုင်ပြီး ဇီးဘားက ကျွန်မကို စာဖတ်ပြရင် နှေးပေမယ့် သတ်ပုံမှန်အောင် ဖတ်နိုင်တယ်။ ကျွန်မကိုလည်း ဆရာမလေး

စိုးရာယာတဲ့” ပြောပြီး စိုးရာယာရယ်သည်။ ”ဒီအကြောင်းပြောရတာ ကလေးဆန်မှန်းသိပါတယ်။ ဒါပေမယ့် ဇီးဘားက သူ့ညီမဆီ ပထမဆုံး စာတစ်စောင် ရေးနိုင်ချိန်မှာ

ကျွန်မကိုယ်ကျွန်မ သိလိုက်တာရှိတယ်။ ဆရာမကလွဲရင် ကျွန်မ ဘာမှ မဖြစ်ချင်ဘူး။ ဇီးဘားအတွက် ဂုဏ်လည်းယူတယ်။ ကျွန်မ တန်ဖိုးရှိတာ လုပ်ခဲ့တယ်လို့လည်းထင်တယ်”

”ဟုတ်တယ်နော်” ဟု ကျွန်တော် လိမ်လိုက်သည်။ ကျွန်တော့်စာတတ်မှုကို အသုံးချပြီး ဟက်ဆန့်ကို အရူးလုပ်ခဲ့ပုံ ပြန်ပေါ်လာသည်။ ဧရာမစာလုံးကြီးများဆီ ရောက်လာတိုင်း

သူ့ကို ကျွန်တော်စခဲ့ပုံ အတွေးထဲဝင်လာသည်။

”အဖေက ကျွန်မကို ဥပဒေကျောင်းတက်စေချင်တယ်။ အမေကတော့ ဆေးကျောင်းပဲ ပြောနေတာ။ ကျွန်မကတော့ ဆရာမပဲ လုပ်မယ်။ ငွေတော့ သိပ်မရဘူးပေါ့”

”ကျွန်တော့်အမေကလည်း ဆရာမ”

”သိသားပဲ။ အမေပြောပြတယ်” လွှတ်ခနဲပြောမိပြီးမှ စိုးရာယာ မျက်နှာ ရဲသွားသည်။ ကျွန်တော်မရှိချိန်တွင် ‘အေမားခေါင်းစဉ်’ ကို ပြောခဲ့ကြပါလိမ့်မည်။ ကျွန်တော် မပြုံးမိအောင်

မနည်းကြီးအောင့်ထားရသည်။

”စိုးရာယာအတွက် ယူလာတာရှိတယ်” ဟုပြောပြီး ကျွန်တော့်ဘောင်းဘီ နောက်အိတ်မှ ကလစ်ညှပ်ထားသော စက္ကူလိပ်ကိုဆွဲထုတ်သည်။ ”ကတိအတိုင်းပဲ၊ ရော့” ဟုဆိုကာ

ကျွန်တော့်ဝတ္ထု လှမ်းပေးလိုက်ရာ စိုးရာယာမျက်နှာ ဝင်းပသွားပြီးမှ ချက်ချင်း ညို့ခနဲဖြစ်၍ မျက်လုံးများက ကျွန်တော့်နောက်ဘက်ကို အကြည့်စိုက် နေသည်။ ကျွန်တော်လှည့်ကြည့်လိုက်ရာ

မျက်နှာချင်းဆိုင်တွင် ဗိုလ်ချုပ်ကြီး ဆပ်တာဟီရီ။

”အေမားပါလား။ တွေ့ရတာ ဝမ်းသာတယ်ဟေ့” ဟုနှုတ်ဆက်ကာ ခပ်ပါးပါးပြုံးသည်။

”ဆာလမ် ဆပ်”

ကျွန်တော့်နှုတ်ခမ်းများလည်း ထူနေသည်။ ဆပ်တာဟီရီသည် အတွင်းခံ အကျႌအိတ်ထဲ လက်မချိတ်ကာ အားနေသောလက်တစ်ဖက်ကို စိုးရာယာထံ ဆန့်ထုတ် ထား၍ စိုးရာယာက

ကျွန်တော့်ဝတ္ထုစက္ကူလိပ်ကို လှမ်းပေးသည်။

”ဒီကနေ့ သာယာတယ်နော်။ ဒါတောင် ဒီအပတ်ထဲ မိုးရွာဦးမတဲ့။ ယုံရခက်ခက်ပဲ”

ဆပ်တာဟီရီသည် စက္ကူလိပ်ကို အမှိုက်ပုံးထဲ ပစ်ချလိုက်ပြီး ကျွန်တော့် ဘက်လှည့်လာကာ ပခုံးပေါ်လက်တစ်ဖက် ညင်ညင်သာသာတင်သည်။ နှစ်ယောက် သား

သုံးလေးလှမ်းလမ်းလျှောက်ကြသည်။

”သိတဲ့အတိုင်းပဲကွာ။ ကာကာကတော့ အေမားကို တနေ့တခြား သဘော ကျလာပြီ။ အေမားဟာ ရည်မွန်လိမ္မာတဲ့ကလေး။ ဒါကို တကယ်ယုံပါတယ်။ ဒါပေမယ့် -”

ဆပ်တာဟီရီသည် သက်မချသည်။ ”လိမ္မာတဲ့ကလေးတွေတောင် တခါတလေ သတိပေးတန်ပေးရတယ်။ အေမားဟာ ဒီလဟာပြင်ဈေးထဲမှာ ကျင်လည် နေတဲ့ လူတစ်ယောက်”

ထိုနေရာတွင် ဆပ်တာဟီရီစကားရပ်ပြီး ကျွန်တော့်မျက်လုံးထဲ ဖောက်ထွင်း၍ကြည့်သည်။ သူ့မျက်လုံးများက ဘာကိုမျှမဖော်ပြ။ ”ဒီဈေးမှာ လူတိုင်းပုံပြောကောင်းတယ်ကွဲ့။

သဘောပေါက်တယ်နော်” ထို့နောက်တွင် သွားများကိုပင် သေသေသပ်သပ်ပေါ်အောင် ပြုံးပြသောအပြုံး။

”အေမားရဲ့အဖေကို နှုတ်ဆက်ကြောင်းပြောပါကွယ်”

ဆပ်တာဟီရီသည် ကျွန်တော့်ပခုံးပေါ်တင်ထားသော လက်ကိုချကာ ပြုံးနေသည်။
—————————————–

လှုပ်မြင်းကလေး ဝယ်ယူနေသော အဖွားကြီးတစ်ဦးထံမှ ငွေကိုယူရင်း ”ဘာဖြစ်လို့လဲ အေမား” ဟု ဘာဘာမေးသည်။

”ဘာမှ မဟုတ်ပါဘူး”

တီဗွီအဟောင်းပေါ် ထိုင်ချလိုက်ပြီးမှ အကျိုးအကြောင်း ကျွန်တော် ပြောပြလိုက်ရာ ဘာဘာ သက်မချသည်။ ဖြစ်ချင်တော့ ထိုကိစ္စကို ကျွန်တော် များများစားစား တွေးချိန်မရခဲ့။

ထိုအပတ်ထဲတွင် ဘာဘာအဖျားဝင်သည်။

—————————————–

နှာချေခြင်း၊ ခြောင်းချောက်ဆိုးခြင်းမှ စတင်ပြီး ဘာဘာအဖျားဝင်ရာ နှာချေခြင်း ပျောက်ကင်းသွားသည့်တိုင် ချောင်းခြောက်ဆိုးခြင်းကမပျောက်။ လက်ကိုင်

ပုဝါအုပ်ကာ ချောင်းဆိုးပြီးတိုင်း လက်ကိုင်ပုဝါကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ထား၍ ကျွန်တော်ကလည်း အလွတ်မပေးဘဲ လက်ကိုင်ပုဝါကို ကြည့်မလိုလုပ်လျှင် ဘာဘာက လွှဲဖယ်သည်။

ဆရာဝန်နှင့် ဆေးရုံဆေးခန်းကို မုန်းသူမှာလည်း ဘာဘာ။ ကျွန်တော် မှတ်မိသရွေ့ ဘာဘာသည် တစ်သက်နှင့်တစ်ကိုယ် ဆေးခန်းတစ်ကြိမ်သာ ပြခဲ့ဖူးသည်။ အိန္ဒိယရောက်စဉ်

ငှက်ဖျားမိတုန်းက ဖြစ်၏။

နှစ်ပတ်ကြာမှ ရေအိမ်ထဲ သွေးစွန်းသလိပ်ဖတ်များ အန်ချနေသည်ကို ကျွန်တော်မိသည်။

”ဘာဘာ ဒီလိုလုပ်နေတာ ဘယ်လောက်ကြာပြီလဲ”

”ညစာ ဘာဟင်းလဲ”

”ဘာဘာ့ကို ဆရာဝန်ပြမယ်”

ဘာဘာသည် ဓာတ်ဆီဆိုင်မန်နေဂျာဖြစ်နေသည့်တိုင် ပိုင်ရှင်က ဘာဘာ့ အား ကျန်းမာရေးအာမခံ လုပ်ပေးမထား။ ထင်သလိုနေတတ်သူ ဘာဘာကလည်း မတောင်းဆိုခဲ့။ ဤသို့ဖြင့်

ဘာဘာ့အား ဆန်ဟိုဇေးကောင်တီဆေးရုံကို ကျွန်တော် ခေါ်သွားရသည်။ တာဝန်ကျဆရာဝန်သည် အသားအရည် ဝါရော်ရော်နှင့် မျက်လုံးများ ဖောင်းအစ်နေသည်။ ”ဆရာဝန်ကလည်းကွာ

… ကြည့်ရတာ မင်းထက်ငယ်ပုံပါပဲ။ ကျန်းမာရေးကတော့ ငါ့တောင် မမှီပါကလား” ဟု ဘာဘာရေရွတ်သည်။

တာဝန်ကျဆရာဝန်က ကျွန်တော်တို့အား ရင်အုပ်ဓါတ်မှန်ရိုက်ဖို့ အောက်ထပ်လွှတ်လိုက်သည်။ သူနာပြုဆရာမက ကျွန်တော်တို့အား ပြန်လာခေါ်ရာ တာဝန်ကျဆရာဝန်သည်

ပုံစံဖြည့်နေသည်။

”ရှေ့ခုံကို ဒါယူသွား” ဟု ဆရာဝန်က စာရွက်ပေါ်အသော့ရေးရင်း ပြောသည်။

”အဲဒါ ဘာပါလဲ” ဟု ကျွန်တော်မေးကြည့်ရာ ”လွှဲပြောင်းတဲ့စာရွက်” ဟုဖြေသည်။

”ဘာဖြစ်လို့”

”အဆုတ်ဌာန”

ဆရာဝန်က ကျွန်တော့်ကို ဖျပ်ခနဲမော့ကြည့်ပြီးမှ မျက်မှန်ပင့်တင်သည်။ စာရွက်ပေါ် ရေးခြစ်နေပြန်သည်။

”အဆုတ်ညာဘက်ခြမ်းမှာ အစက်တွေ့တယ်။ အဲဒါကို စစ်ကြည့်ချင်တယ်”

”အစက် ဟုတ်လား” အခန်းသည် ရုတ်ချည်းကျဉ်းသွားသယောင်ရှိသည်။

”ကင်ဆာများလား” ဟု ဘာဘာက ပုံမှန်မေးသည်။

”ဖြစ်နိုင်ချေရှိတယ်။ ဘာပဲဖြစ်ဖြစ် သံသယဖြစ်စရာကောင်းနေတယ်”

”ဒီ့ထက် ပိုမပြောပြနိုင်ဘူးလား” ဟု ကျွန်တော်မေးစမ်းကြည့်သည်။

”သေချာမပြောပြနိုင်ဘူး။ စီအေတီစကင် အရင်ဖတ်ရမယ်။ ပြီးမှ အဆုတ်ကုဆရာဝန်နဲ့ သွားတွေ့ရမယ်” ဒေါက်တာသည် ကျွန်တော့်အား စာရွက်လှမ်းပေးရင်း ”ခင်ဗျားပြောတော့

ခင်ဗျားအဖေ ဆေးလိပ်သောက်တယ်၊ ဟုတ်တယ်နော်” ဟုမေးသည်။

”ဟုတ်ကဲ့”

ဆရာဝန်ခေါင်းညိတ်ပြီး ကျွန်တော်တို့ သားအဖကို တစ်လှည့်စီကြည့်သည်။ ”နှစ်ပတ်အတွင်း အကြောင်းကြားပါလိမ့်မယ်”

‘သံသယဖြစ်ဖွယ်’ ဆိုသော စကားလုံးနှင့်အတူ နောက်နှစ်ပတ်လုံးလုံး ကျွန်တော် ဘယ့်နှယ့်လုပ် အသက်ရှင်နေထိုင်သွားရမည်နည်း၊ ဒေါက်တာ့အား မေးချင်စမ်းလှသည်။

ထိုစကားလုံးနှင့်အတူ ကျွန်တော့်ကို ဒေါက်တာ ဘယ့်နှယ့်လုပ် များ အိမ်ပြန်လွှတ်လိုက်ပါလိမ့်။

ထိုညက ဘာဘာ အိပ်ပျော်သွားသည်အထိ ကျွန်တော်စောင့်သည်။ ထို့နောက် စောင်ကိုခေါက်ပြီး အခင်းကော်ဇောအဖြစ်သုံးသည်။ ကျွန်တော်သည် ပြားပြားဝပ်မျှ ဘုရားရှိခိုးပြီး

ကဘူးတွင်နေစဉ်တုန်းက ဆရာသင်ပေးခဲ့သော ကိုရန်ကျမ်းမှ မှတ်မိသရွေ့ကို ရွတ်သည်။ ရှိမရှိ ကိုယ့်ဟာကိုယ် မသေချာသေးသော ဘုရားသခင်ထံ တောင်းဆုချွေသည်။ ကဘူးမှ

ဘာသာရေးဆရာကို ယခုမှ မနာလိုဖြစ်နေရပြီ။ ဘုရားသခင်အပေါ် သူ့ယုံကြည်မှု၊ သူ့သေချာမှုအတွက် ကျွန်တော် မနာလိုဖြစ်ရသည်။

———————————–

ရက်သတ္တပတ် နှစ်ပတ်ကျော်လွန်သွားသည်။ ဖုန်းဆက်အကြောင်းကြားသူ မရှိ။ ကျွန်တော်ဖုန်းဆက်မေးမှ လွှဲပြောင်းသော စာရွက် ပျောက်သွားကြောင်းဖြေသည်။ နောက်သုံးပတ်အတွင်း

ဖုန်းဆက်အကြောင်းကြားပါမည်ဟု ဆိုသည်။ ကျွန်တော် ဆူပူသောင်းကျန်းပစ်သည်။ တစ်ပတ်သည် စီအေတီစကင်အတွက်၊ နှစ်ပတ်သည် ဆရာဝန်နှင့် တွေ့ခြင်းအတွက်။

အဆုတ်ကုဆရာဝန် ဒေါက်တာရှနိုက်ဒါနှင့် သွားတွေ့ရာ ပထမတွင် အဆင်ပြေတော့မယောင်နှင့် ဘာဘာက ဒေါက်တာ့အား ဘယ်ကလာသလဲ မေး ကြည့်မှ

ဘာဘာပေါက်ကွဲသွားသည်။ ဒေါက်တာရှနိုက်ဒါသည် ရုရှားမှလာသည်။

”ခွင့်ပြုပါဒေါက်တာ”

ဟု ကျွန်တော်ခွင့်တောင်းပြီး ဘာဘာ့ကို ဘေးဘက် ဆွဲခေါ်လာသည်။ လက်ထဲနားကြပ်ကိုင်ထားသော ဒေါက်တာရှနိုက်ဒါသည် ပြုံးပြီးနောက်ဆုတ်ရပ်သည်။

”ဘာဘာ၊ ဒေါက်တာရှနိုက်ဒါရဲ့ ကိုယ်ရေးရာဇဝင်ကို ဧည့်စောင့်ခန်းထဲမှာ ကျွန်တော်ဖတ်လာတယ်။ သူက မီရှီဂန်မှာမွေးတာ။ မီရှီဂန်ဗျ။ သူက အမေရိကန်။

ကျွန်တော်တို့ထက်တောင် ပိုပြီး အမေရိကန်ဖြစ်သေးတယ်”

”သူဘယ်မှာမွေးမွေး ငါဂရုမစိုက်ဘူးကွ။ သူကရုရှား။ သူ့မိဘတွေက ရုရှား။ သူ့ဘိုးဘေးတွေကလည်း ရုရှား။ ငါ့ကိုထိရဲထိကြည့်၊ သူ့လက်မောင်း ချိုးပစ်မယ်”

”ဒေါက်တာရှနိုက်ဒါရဲ့ မိဘတွေကလည်း ရှိုရာဝီတွေ လက်ထဲက လွတ်အောင်ပြေးခဲ့တာပဲ။ သူတို့လွတ်ခဲ့တယ်လေ”

ကျွန်တော်ဘာပြောပြော ဘာဘာနားမဝင်တော့။ တစ်ခါတလေ ကျွန်တော် တွေးခဲ့ဖူးသည်။ ကွယ်လွန်သွားသောဇနီးနှင့် ထပ်တူထပ်မျှ ဘာဘာချစ်သော တစ်ခု တည်းသောအရာမှာ

အာဖဂန်နစ္စတန်သာလျှင်ဖြစ်၏။ ကျွန်တော် စိတ်ပျက်လက် ပျက်နှင့် သံကုန်ဟစ်မိတော့မလိုပင်ဖြစ်ခဲ့သည်။ သို့သော်သက်မသာချပြီး ဒေါက်တာ ရှနိုက်ဒါအား

”စိတ်မကောင်းပါဘူး ဒေါက်တာ။ အလုပ်မဖြစ်လို့ပါ” ဟု ပြောခဲ့ရသည်။

အဆုတ်ကုဆရာဝန် နောက်တစ်ဦး ဒေါက်တာအာမေနီသည် အီရန်လူမျိုး ဖြစ်၍ ကုသဖို့ ဘာဘာသဘောတူသည်။ စကားကို ချိုချိုအေးအေးပြောတတ်သော ဒေါက်တာအာမေနီသည်

စီအေတီစကင်ကို ကြည့်ရှူပြီးပြီဖြစ်၍ ရောဂါဗေဒရှာဖွေရန် အဆုတ်အသားစကို ယူရမည်ဖြစ်ကြောင်း ကျွန်တော်တို့အားပြောပြကာ နောက်အ ပတ်ချိန်းသည်။ ‘သံသယဖြစ်ဖွယ်’

ဆိုသော ဝေါဟာရထက် နိမိတ်ပိုဆိုးသည့် ‘အသားစ’ဆိုသော ဝေါဟာရအသစ်နှင့် နောက်တစ်ပတ်လုံးလုံး အသက်ရှင်နေထိုင် သွားရမည့်အရေးကိုတွေးရင်း ဘာဘာ့ကို ကျွန်တော်

ရုံးခန်းထဲမှခေါ်ထုတ်လာသည်။

ကင်ဆာဟူသည် စေတန်နတ်ဆိုးလိုပင် အမည်နာမပေါင်းများစွာဖြင့် အဖြေထွက်လာသည်။ ဘာဘာ့ကင်ဆာအမည်သည် ‘ဂျုံစေ့ကာစီနိုမာ’။ ရောဂါ အရင့်ပိုင်း။ ခွဲစိတ်ကုသ၍

မရ။ ရောဂါအလားအလာကို ဘာဘာမေးမြန်းသော် ဒေါက်တာအာမေနီသည် နှုတ်ခမ်းကိုကိုက်ပြီး ‘စိုးရိမ်ဖွယ်’ ဆိုသော ဝေါဟာရကို သုံးသွားသည်။ ”ဓာတုကုထုံးနဲ့ ကုရမှာပါ။ ဒါပေမယ့်

သက်သာစေရုံပဲ”ဟု ဒေါက်တာ ဆိုသည်။

”ဒါဘာအဓိပ္ပါယ်လဲ” ဟု ဘာဘာမေးသည်။

ဒေါက်တာသည် သက်ပြင်းချပြီး ”ရလဒ်က ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဆွဲဆန့်ထားနိုင်ရုံပါပဲ”

”ခုလို ရှင်းရှင်းလင်းလင်းပြောပြတာ ကျေးဇူးတင်ပါတယ် ဒေါက်တာ။ ဒါပေမယ့် ဓာတုကုထုံးနဲ့တော့ မကုတော့ပါဘူး”

ဘာဘာ့မျက်နှာသည် ကုန်ဝယ်တံဆိပ်ခေါင်းထုပ် သွားပြန်အပ်တုန်းက ကဲ့သို့ ဆုံးဖြတ်ချက်ချထားသောအသွင်ဖြစ်သည်။

”ဟာ … ဘာဘာကလည်း …”

”တော်စမ်း၊ အေမား။ လူရှေ့သူရှေ့မှာ ငါ့ကို ဂလန့်မတိုက်နဲ့။ မင်းကိုယ်မင်း ဘာမှတ်နေလဲ”

————————————-

ဗိုလ်ချုပ်ကြီးတာဟီရီ ပြောခဲ့သောမိုးက ရက်အတန်နောက်ကျပြီးမှ ရွာချခဲ့ရာ ကျွန်တော်တို့သားအဖ ဒေါက်တာအာမေနီ ရုံးခန်းမှအထွက် ဖြတ်သွားဖြတ်လာ ကားများကြောင့်

လူသွားလမ်းပေါ် ရေညိုညစ်တို့လွင့်စင်လာသည်။ ဘာဘာ စီးက ရက်တစ်လိပ် မီးညှိသည်။ ကားထဲရောက်သည်အထိ အိမ်အပြန်လမ်းတစ်လျှောက်လုံး ဘာဘာ စီးကရက်ပါးစပ်မှ မချခဲ့။

ဧည့်စောင့်ခန်းတံခါးကို ဘာဘာ သော့လှည့်ဖွင့်စဉ် ”ဓာတုကုထုံးနဲ့ ကုကြည့်စေချင်တယ် ဘာဘာ” ဟု ကျွန်တော် ပြောကြည့်သည်။

ဘာဘာသည် သော့များအိတ်ထဲပြန်ထည့်၊ မိုးရေထဲမှ ကျွန်တော့်အား အဆောက်အဦး၏မိုးကာအောက် ဆွဲခေါ်ကာ ကျွန်တော့် ရင်ဘတ်ကို စီးကရက် ကိုင်ထားသောလက်ဖြင့်

ဖိထားသည်။

”ဘာကွ၊ ငါဆုံးဖြတ်ပြီးပြီ”

”ကျွန်တော့်အတွက်ကရော ဘာဘာ။ ကျွန်တော်ဘာလုပ်ရမလဲ”

ထိုစကားပြောစဉ် ကျွန်တော့်မျက်လုံးထဲ မျက်ရည်များအိုင်ထွန်းနေသည်။

မိုးရေရွှဲနေသော ဘာဘာ့မျက်နှာ စိတ်ပျက်သွားသည်။ ကျွန်တော် ငယ်ငယ် တုန်းက ချော်လဲဒူးပွန်းထိုင်ငိုတိုင်း ထိုအကြည့်မျိုး ဘာဘာကြည့်ခဲ့မြဲ။

”မင်းအသက် နှစ်ဆယ့်နှစ်နှစ်ရှိပြီ အေမား။ အရွယ်ရောက်ပြီ။ မင်းကွာ …” ဘာဘာသည် ပါးစပ်ကို ဖွင့်ပြီးပိတ်၊ ပိတ်ပြီးဖွင့်နှင့် တွေနေသည်။ ရွက်ဖျင်အမိုးပေါ် မိုးရေ

ဒလဟောသွန်ချနေသည်။ ”မင်းဘာဖြစ်သွားမလဲ မေးတာပေါ့။ ဒီလောက်ကြာတဲ့ နှစ်တွေမှာ ငါမင်းကိုသင်နေတာ ဒါပဲကွ။ ဒီလိုမေးခွန်းမျိုး နောင်ဘယ်တော့မှ မမေးဖို့သင်နေတာ”

ပြောပြီး တံခါးကိုဖွင့်သည်။ ကျွန်တော့်ဘက်ပြန်လှည့်ကာ ”နောက်တစ် ခုပြောစရာရှိသေးတယ်။ ဒီကိစ္စ ဘယ်သူမှ မသိစေနဲ့။ ကြားလား။ ဘယ်သူဆို ဘယ်သူမှ မသိစေနဲ့။

သူများသနားတာ ငါမလိုချင်ဘူး” ထို့နောက် မှောင်ပိန်းသော ဧည့်စောင့်ခန်းထဲဝင်သွားသည်။

ထိုနေ့က တီဗွီရှေ့ထိုင်ကာ တနေကုန် ဆေးလိပ်မပြတ်တမ်းသောက်နေခဲ့ သော ဘာဘာ ဘယ်သူ့ကို အာခံနေမှန်း ကျွန်တော်မသိ။ ကျွန်တော့်ကိုလား၊ ဒေါက်တာအာမေနီကိုလား။

သို့မဟုတ် သူဘယ်တုန်းကမှ မယုံခဲ့သည့် ဘုရား သခင်ကိုလား။

———————————-

ကင်ဆာသည်ပင် ဘာဘာ့ကို လဟာပြင်ဈေး မသွားအောင် မတတ်နိုင်ခဲ့။ စနေနေ့တွင် ကျွန်တော်တို့ စွန့်ပစ်ပစ္စည်း အဝယ်ထွက်သည်။ ဘာဘာက ယာဉ်မောင်း၊ ကျွန်တော်က လမ်းပြ။

ရလာပါပြီ။ တနင်္ဂနွေနေ့အတွက် ကြေးဝါ မီးအုပ်ဆောင်းများ၊ ဘေ့စ်ဘောလက်အိတ်များ၊ ဇစ်ပြုတ်နေသော စကိတ်စီးဂျက် ကက်များ။ ဌာနေမှ အသိအကျွမ်းများကို ဘာဘာနှုတ်ဆက်စဉ်

ကျွန်တော်က ဈေးရောင်းသည်။ ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်သွားသည်နှင့်အမျှ ကျွန်တော်၏ မိဘမဲ့အဖြစ် တရွေ့ရွေ့ချဉ်းကပ်လာခြင်းကို မသိတော့သယောင်

ကျွန်တော့်မှာ ငွေကလေး နှစ်ပဲတစ်ပြားအတွက် ဈေးခေါ်နေရသည်။

ဗိုလ်ချုပ်ကြီးတာဟီရီနှင့် သူ့ဇနီး တခါတလေ ကျွန်တော်တို့ဘက် လမ်းလျှောက်ထွက်တတ်သည်။ ထာဝရလူမှုဆက်ဆံရေးသမား ဗိုလ်ချုပ်ကြီးသည် ကျွန်တော့်အား လက်နှစ်ဖက်သုံး၍

လက်ဆွဲနှုတ်ဆက်ကာ ပြုံးပြသွားမြဲ။ သို့သော် တာဟီရီကတော်၏ ကိုယ်နှုတ်မူယာတွင် အောင့်အည်းမြိုသိပ်ထားရသော ဝေဒနာ အသစ် ဖြစ်ထွန်းလျက်ရှိသည်။ သူမ၏ရွဲ့တဲ့တဲ့အပြုံး၊

ကျွန်တော့်အား လှမ်းကြည့် လိုက်သော ခိုးကြောင်ခိုးဝှက်အကြည့်နှင့် တောင်းပန်ကြည့်တို့တွင် ထိုဝေဒနာ ပွင့်ထွက်လာတတ်သည်။

————————————–

ကျွန်တော့်ဘဝ၏ ‘ပထမဆုံးများ’ ကို ကြုံခဲ့ရသော ထိုကာလထိုအဆစ် အပိုင်း။ ရေချိုးခန်းထဲ ဘာဘာ ညည်းညူနေသည်ကို ပထမဆုံးကြုံခဲ့ရသည်။

ဘာဘာ့ခေါင်းအုံး သွေးစွန်းနေသည်ကို ပထမဆုံးမြင်ခဲ့ရသည်။ ဓာတ်ဆီဆိုင်ကို သုံးနှစ်ကြာလည်ပတ်နေစဉ်အတွင်း ဘာဘာ တစ်ခါမျှ နေထိုင်မကောင်းမဖြစ်ခဲ့။ နောက်ထပ် ပထမဆုံး

တစ်ခုမှာ-

ထိုနှစ် အောက်တိုဘာ ၃၁ရက်၊ ဝိဉာဉ်နိုးထပွဲနေ့၊ စနေနေ့ နေ့လည်တွင် ဘာဘာသည် မောသည်ဆိုပြီး ကားခေါင်းခန်းထဲမှ မထွက်။ ကျွန်တော်က အစုတ်

ပလုပ်များကို ဈေးဆစ်သည်။ ကျေးဇူးတော်နေ့တွင် ဘာဘာသည် မွန်းမလွဲခင် ကတည်းက မောနေပြီ။ ရှေ့မြက်ခင်းပေါ် စွပ်ဖားများ ရောက်လာချိန်တွင်မူ ဘာဘာ အိမ်တွင်းအောင်းရပြီ။

လဟာပြင်ဈေးတွင် ရင်းနှီးသူများက ကိုယ်အလေးချိန်ကျသွားသော ဘာဘာ့ ကို မေးမြန်းကြသည်။ ပထမတော့ ချီးမွမ်းစရာမို့ ပိန်အောင်စားသောက်နည်းကိုပင် တောင်းဆိုကြသည်။

သို့ရာတွင် ဘာဘာ့ကိုယ်အလေးချိန်သည် နားထင်နားရင်းများ ချိုင့်ကာ ပါးပြင်ဟောက်ပက်ဖြစ်လာသည်အထိ၊ မျက်အိမ်ထဲမှ မျက်လုံးများ ခွက်ဝင်သွားသည်အထိ၊ ယူပစ်လိုက်သလို ချုံးခနဲ

ချုံးခနဲ ဆက်တိုက်ကျလာသည်။ သည်လိုနှင့် နှစ်သစ်ကူးပြီးချိန် အေးမြသော တနင်္ဂနွေတစ်ရက်တွင် ဘာဘာသည် ဂင်တိုတို ဖိလစ်ပိုင်သား တစ်ဦးကို မီးအုပ်ဆောင်း ရောင်းနေသည်။

ကျွန်တော်က ဘာဘာ့ခြေထောက်များကို စောင်ခြုံပေးရန် ကားထဲ မွှေနှောက်မှောက်လှန်ကာ စောင်ရှာနေသည်။

”ဟေး … ဒီမှာလာကယ်ပါဦး”

ဖိလစ်ပိုင်သား၏ ထိတ်လန့်တကြား ထအော်သံ။ ကျွန်တော် ချာခနဲ လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်လဲကျနေသော ဘာဘာ။ ခြေလက်များ အကြောဆွဲ နေသည်။

”ကယ်ကြပါဦး”

ကျွန်တော် အော်ဟစ်ပြီး ဘာဘာ့ထံပြေးသည်။ ဘာဘာ့ပါးစပ်မှ အမြှုပ် တစီစီထွက်နေသည်။ မျက်ဖြူလန်ကာ မုတ်ဆိတ်များလည်း စိုရွှဲနေပြီ။ ကျွန်တော်တို့ ထံ

လူတွေအပြေးအလွှား ရောက်လာကြသည်။ လေသင်တုန်းဖြတ်တာဟု ပြောသံ ကြားသည်။ ”၉၁၁ ကိုခေါ်” ဟု အော်သူကလည်းအော်ကြသည်။ ပြေးလွှားလာသော ခြေသံများ။

လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ …………………..

…………………………………

……………………………………

_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

6 comments

  • အလင်းဆက်

    July 7, 2012 at 6:44 pm

    ဒီ အပိုင်းမှာ.. ကျွန်တော် စိတ် ထိခိုက်စွာ.. ခံစားရတဲ ့ စာသားတွေ..ပါ ပါတယ် ။
    နှစ်ခုလောက် ထုတ်ပြ ချင်ပါတယ် ။
    _______________
    ”ကျွန်တော့်အတွက်ကရော ဘာဘာ။ ကျွန်တော်ဘာလုပ်ရမလဲ”
    ထိုစကားပြောစဉ် ကျွန်တော့်မျက်လုံးထဲ မျက်ရည်များအိုင်ထွန်းနေသည်။
    မိုးရေရွှဲနေသော ဘာဘာ့မျက်နှာ စိတ်ပျက်သွားသည်။ ကျွန်တော် ငယ်ငယ် တုန်းက ချော်လဲဒူးပွန်းထိုင်ငိုတိုင်း ထိုအကြည့်မျိုး ဘာဘာကြည့်ခဲ့မြဲ။

    ”မင်းအသက် နှစ်ဆယ့်နှစ်နှစ်ရှိပြီ အေမား။ အရွယ်ရောက်ပြီ။ မင်းကွာ …………….”
    ___________________
    အဲဒီ စာသားတွေမှာ..သား အတွက် အားမလို အားမရ ဖြစ်ရတဲ ့ အဖေ ရဲ ့ စိတ်ခံစားမှု ကို ပြင်းပြင်း ထန်ထန်တွေ ့လိုက်ရတယ် ။
    သူ..သားဖြစ်သူကို စိတ်ဓါတ် ပျော့ညံ့ နေတာကို မဖြစ်စေချင်ဘူး..။ ဒါပေမယ့်…သားဖြစ်သူရဲ ့ စိတ်ဓါတ်မမာကျော နိုင်မှု ကို တွေ ့သွားတဲ ့အေဖ ရဲ ့စကားပါ..။
    ဘယ်လို သားမျိုးက.အဖေ့ အခြေအနေ ဆိုးဆိုးကို….ခံနိုင်ရည်ရှိမှာလဲ..နော် ။
    ______________
    နောက် တစ်ခု က…..
    _____________
    …………….အားနေသောလက်တစ်ဖက်ကို စိုးရာယာထံ ဆန့်ထုတ် ထား၍ စိုးရာယာက
    ကျွန်တော့်ဝတ္ထုစက္ကူလိပ်ကို လှမ်းပေးသည်။
    ”ဒီကနေ့ သာယာတယ်နော်။ ဒါတောင် ဒီအပတ်ထဲ မိုးရွာဦးမတဲ့။ ယုံရခက်ခက်ပဲ”
    ဆပ်တာဟီရီသည် စက္ကူလိပ်ကို အမှိုက်ပုံးထဲ ပစ်ချလိုက်ပြီး ကျွန်တော့် ဘက်လှည့်လာကာ…………………………………………….
    ______________
    အဲဒီ စာသားတွေကလည်း. ကျွန်တော့် အနုပညာကို..မထီမဲ့မြင် ပြု တာ ခံလိုက်ရသလို..
    ကိုယ် တိုင် ခံစားလိုက်ရပါတယ် ။
    ကြိုးစားပြိီးရေးထားတဲ ့ စာမူလေးကို…အမှိုက် ပုံး ထဲ…ပစ်ထည် ့လိုက်တာ…..နော် ။
    ဘာမှ မထူးဆန်းတဲ ့အမှိုက် တစ်စကို
    ပစ်လိုက်သလို. သူရေးတဲ ့ ဝတ္ထုကို.အေးအေး လူလူ..လွှင့်.ပစ်လိုက်တာ ခံလိုက်ရတဲ ့…
    အေမား..ရဲ ့ ခံစားချက်ကို ကိုယ် ချင်စာ..ပြိီး..
    ကျွန်တော် ကိုယ် တိုင်..နာကျင် သွားရပါတယ်..။

    ______________

    စာဖတ်သူ မိတ်ဆွေများ..အားလုံးကို ခင်မင်လေးစားလျက်..

  • မောင်ပေ

    July 7, 2012 at 6:51 pm

    စိတ်ဓါတ်တွေကိုတော့ သဘောကျမိတယ်ဗျာ ။ ကိုယ့်အဖေ အဆုတ်ကင်ဆာဖြစ်နေတာတောင် ဆေးလိပ်ပေးသောက်တယ်ဆိုဘဲ ။ နောက်အပိုင်းကို ဆက်စောင့်ရတော့မှာပေါ့ဗျား။

  • အလင်းဆက်

    July 7, 2012 at 7:02 pm

    ကိုပေ..ပြောမှ သတ်ိပြု မိတယ်ဗျ ။ ဟုတ်ပါ့ဗျာ.။ အဖေ ကို ဆေးလိပ်သောက်တာ မတားဘူး။
    ဒါပေမယ့်..အေမားရဲ ့ဖေဖေ ကလည်း..လူတစ်မျိုးကြီး..ဗျ..နော် ။

    အပိုင်းတိုင်းကို ခုချိန် ထိ မပြတ်တမ်း..ဖတ်ရှု..လာတဲ့ ကိုကြီး.မောင် ပိန်….အဲ..မှားပြန်ပြိ…
    မောင်ပေ….ကို ..အရမ်း.ကျေးဇူးတင်ပါတယ် ။

    အသွေး ထဲ..အသားထဲက ကို ကျေးဇူးတင်တာပါ…အဟိ ။

  • ကြောင်ကြီး

    July 8, 2012 at 9:43 am

    တိမ်ယံသစ္စာ
    ငြိမ်ခံမေတ္တာ
    ထိန်ချန်နစ်နာ
    ကြိမ်ဒဏ်အပြစ်ပါ..။

  • အလင်းဆက်

    July 8, 2012 at 6:08 pm

    ဦးကြောင် ့ မေတ္တာ..
    ဒူး ချောင် သေတ္တာ..
    ဖူးယောင်…လစ်ကာ..
    မူးမှောင်….ဂစ်..ဟာ..
    အဲ..ရတော့ဘူး.။

  • shwe kyi

    July 9, 2012 at 10:54 am

    ဘာဘာ့ စိတ်ဓါတ်ကတော့ လုံးဝမာတယ်။ နောက်ဆုံးအချိန်အထိသူများသနားတာမလိုချင်ဘူးတဲ့။
    သားအဖ နှစ်ယောက်ကတော့ ဆန့်ကျင်ဘက်ပဲနော်…။ ဒီအပိုင်းဖတ်ရတာစိတ်မကောင်းဘူး နှစ်ယောက်တဘဝနဲ့ တိုက်ပွဲဝင်လာတဲ့သားအဖ ခွဲရတော့မယ်။
    ကိုအလင်းဆက်ရဲ့ ထုတ်နှုတ်ပြသွားသွားတဲ့ စာသားတွေနဲ့ ကိုအလင်းဆက်ရဲ့ခံစားချက်တွေကိုလည်းထောက်ခံပါတယ်။ ကိုယ်ရေးထားတဲ့ စာဆိုတာသူများအတွက်မသိပေမယ့် ကိုယ့်အတွက်တော့…။

Leave a Reply