ဒန်ပေါက်အလွယ်ချက်စားမယ် … easy cook

weiweiJuly 7, 20121min27228

ရန်ကုန်မှာဆိုရင် ဒန်ပေါက်ကို အလွယ်တကူဆိုင်မှာဝယ်စားလို့ရနိုင်ပေမယ့် နယ်မြို့မှာနေသူများနဲ့ နိုင်ငံရပ်ခြားမှာနေသူများအနေနဲ့ ဒန်ပေါက်ကောင်းကောင်းစားချင်ရင် ကိုယ်တိုင်ချက်စားမှသာ အဆင်ပြေပါတယ်။ ထမင်းပေါင်းအိုးနဲ့တင် အလွယ်ချက်စားနိုင်တဲ့ နည်းလမ်းတစ်ခုကို စမ်းသပ်ချက်စားကြည့်ပြီး မိသားစု ၄ ယောက်စာ အလွယ်တကူချက်စားနည်းလေး မျှဝေပေးချင်ပါတယ်။
ကြက်သားနဲ့ထမင်းကို ခွဲပြီးချက်ထားပါတယ် … ကြက်သားချက်နည်းအတွက် ပို့စ်တင်ပြီးသားမို့လို့ ထပ်မရေးတော့ဘူးနော် ..

ပါဝင်ပစ္စည်းများ

ဆန် …. နို့ဆီဗူး ၂ ဗူး

ထောပတ် …. စတီးဇွန်း ၃ ဇွန်း

သစ်ကျားပိုး၊ ကရဝေးရွက်၊ လေးညှင်း၊ စမုံစပါး၊ ဖာလာစေ့၊ နာနတ်ပွင့် … အနည်းငယ်စီ

ကြက်သွန်နီကြော် …. အနေတော် ၃ လုံးစာခန့်

ဆား၊ သကြား …. သင့်တော်သလိုထည့်ရန်

အရောင်မှုန့် … အရည်ဖျော်ပြီးသား နဲနဲ

ပဲစိမ်းစေ့၊ သီဟိုစေ့၊ စပျစ်သီးခြောက်များကို နှစ်သက်ပါက ထည့်လို့ရပါသည်။

ချက်ပြုတ်နည်းအဆင့်ဆင့်

ဆန်ကိုရေဆေးပြီး ယခင်ထမင်းချက်နေကျအတိုင်း ဆန်နှင့်ရေအချိုးအတိုင်း ထမင်းပေါင်းအိုးထဲတွင် ထည့်ပြီးချက်ပါမယ်။ ရေစဆူသည့်အချိန် တစ်ဖက်မီးဖိုပေါ်တွင် ထောပတ်ဆီပူအောင်တည်ပြီး သစ်ကြားပိုး၊ ကရဝေးရွက်ထည့်ပြီး ၂ စကန့်လောက်ဆီသတ်ပါမယ်။ ပြီးရင် လေးညှင်း၊ စမုံစပါး၊ ဖာလာစေ့၊ နာနတ်ပွင့်တို့ကို ဆီပူထဲထည့်ပြီး ချက်ခြင်းမီးပိတ်လိုက်ပါမယ်။ ဆီသတ်ပြီးသားအားလုံးကို ထမင်းအိုးထဲထည့်၊ ဆား၊ သကြားထည့်ပြီး ယောင်းမနှင့်မွှေပြီး ခဏနှပ်ပါမယ်။ အားလုံးကျက်ခါနီးအချိန်မှာ ဆိုးဆေးနဲနဲ၊ ကြက်သွန်နီကြော်ထည့်မွှေပြီး အိုးပိတ်ကာ ပြန်နှပ်ထားပြီး ထမင်းအိုးခလုပ်တက်ပြီး ၁၅ မိနစ်လောက်နေရင် အနံ့အရသာပြည့်စုံတဲ့ ဒါန်ပေါက်ထမင်းရပါပြီ။ ပူစီနံရွက်ဝယ်လို့အဆင်ပြေပါက ထမင်းနပ်ခါနီးမှာ ပူစီနံရွက်နဲနဲထည့်ပြီး နှပ်စားပါက အနံ့ပိုကောင်းပါတယ်။

သုံးဆောင်ကြပါအုန်း …

ကြက်သားဟင်းကို သီးသန့်ချက်ထားပါတယ်။ သရက်သီးသနပ်၊ ဘလချောင်ကြောင်၊ သခွားသီးအချဉ်နှင့် ချဉ်ပေါင်ဟင်းရည်တို့နှင့် အလွန်လိုက်ဖက်ညီသည့် ဒန်ပေါက်ထမင်းဖြစ်ပါတယ်။

28 comments

  • surmi

    July 7, 2012 at 11:47 pm

    အဲဒါကျနော်သိပ်ကြိုက်တဲ.အစားအစာ ။
    ရန်ကုန်မှာတော.ဆိုင်တွေစုံနေပြီ ….. ဒီလိုချက်တော.လဲလွယ်သား
    တစ်ခုလေးသိချင်သေးတယ် …အပန်းမကြီးရင် ကြက်သားနဲ.ရောချက်တဲ.အစိမ်းဖေါက်ဆိုတာလေး
    သိချင်သေးတယ် …အဆင်ပြေတဲ.အခါ တင်ပေးပါဦး ။ အိမ်က မဒမ်မရှိတဲ.အခါ ကိုယ်.ဘာသာချက်
    စားကြည်.မလို. ..။

    • weiwei

      July 9, 2012 at 11:28 pm

      အစိမ်းဖောက်ဒန်ပေါက်ကတော့ ကျွန်မတစ်ခါ စမ်းလုပ်ကြည့်တာ အီတောက်တောက်ကြီးဖြစ်ပြီး စားလို့မကောင်းဖြစ်သွားလို့ နည်းမပေးတော့ပါဘူး … 😛

  • MaMa

    July 7, 2012 at 11:56 pm

    ချက်တတ်ရင် ကိုယ်တို်င်ချက်စားတာနဲ့ ဝယ်စားတာ ဘယ်တူပါ့မလဲ။
    အားပေးသွားတယ် ဝေဝေ ရေ။

    ဒန်ပေါက်လည်း စားချင်၊ သွေးကလည်း နည်းနည်း တိုးနေတတ်တော့ မစားရဲ။
    အခုတော့ ဟန်ကျပြီ လက်တည့်စမ်းကြည့်လိုက်ဦးမယ်။ 🙂

  • Mလုလင်

    July 8, 2012 at 1:18 am

    တီတီ ဝေ ရေ .. လက်မ တစ်ချောင်းပါနော် .. ကျွန်တော် က ကြေးအိုးပြုတ် ကို ပိုကြိုက်တယ်။ .. ဒါပေသိ .. ဒန်ပေါက် လဲ သူများ ကျွေးရင် စားပါတယ်။ ခုလို အငတ်ငတ် အပြတ်ပြတ် ဖြစ်နေတဲ့အချိန် မှာဒန်ပေါက် ပိုစ့် လေး တင်ပေးတဲ့အတွက် ကျေးဇူးပါဗျာ …. အဲဒါလေး ကြည့်ပြီး ရေ သောက် ရမယ်ဗျို ့ ။

  • akswe

    July 8, 2012 at 3:49 am

    မဝေ ရေ..
    သစ်ကျားပိုး၊ is I believe wrong spelling, it should be သစ်ကြံပိုး
    sorry I am younger brother of Ma Ma. 🙂

    • MaMa

      July 8, 2012 at 8:42 pm

      လုင်ရေ-
      အငတ်ငတ်အပြတ်ပြတ်နဲ့လို့ ရေးလိုက်တော့ တော်တော်တောင် သနားသွားတယ်။
      အောင်မြင်မှုတစ်ခုဆိုတာ လွယ်လွယ်နဲ့ မရနိုင်တာမို့ ပေးဆပ်မှုတွေနဲ့ ကြိုးစားထား 🙂

      မောင်ဆွေ (coz- I am younger brother of Ma Ma)
      သတ်ပုံအဖွဲ့ဝင်တွေ တိုးလာလို့ ကြိုဆိုပါတယ်နော်။ 🙂
      သစ်ကြံပိုး ဆိုတာ တော်တန်ရုံ မသိကြတာများတယ်။
      ခုတောင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း သွားကြည့်ရသေးတယ်။ :mrgreen:

      ကိုပေါက်ရေ-
      ရန်ကုန်လာရင် ကိုပေါက်နောက်က လိုက်ရမယ်။ 😛

      ဝေဝေရေ-
      ဝေဝေ့ပိုစ့်မှာ လာပြီး လျှာရှည်နေမိတယ်။
      sorry နော်။

  • အရီးခင်လတ်

    July 8, 2012 at 5:47 am

    ဝေဝေ ရေ

    ကြည့်ရင်း သွားရည်ကျ လာပြီ။
    ချက်ရတာလဲ လွယ်မယ်။
    ဒီတစ်ပါတ်ထဲ မှာ တစ်ရက်တော့ ဒန်ပေါက်လိုက်ဦးမယ်။
    ဒီမှာ ချက်တော့ ချက်ဘူးတယ်။
    ဒီလို နည်းတော့ မဟုတ်ဘူး။
    ကျေးဇူးနော်။

    ချစ်တဲ့
    အရီးလတ်

  • ကြောင်ကြီး

    July 8, 2012 at 9:16 am

    အန်တီဝေ့ကြက်က လည်လှီးသားလား…။ 🙄

    • MaMa

      July 8, 2012 at 5:34 pm

      ကြည့်ရတာ သဂျီးသားမက်က သဂျီးဘာသာ ပြောင်းသွားပြီထင်တယ်။ 😀

  • မစ္စတာ တောက်တဲ့

    July 8, 2012 at 11:38 am

    နောက်နှစ် ရွာပြန်ရင်
    ရွာက အမျိုးဒွေကို
    အန်တီဝေရဲ့ နည်းအတိုင်း
    ဒံပေါက် ချက်ကျွေးရမယ် …
    ရှဲရှဲ ….

  • ကြက်သားဟင်းကို သီးသန့်ချက်ထားပါတယ်။ သရက်သီးသနပ်၊ ဘလချောင်ကြောင်၊ သခွားသီးအချဉ်နှင့် ချဉ်ပေါင်ဟင်းရည်တို့နှင့် အလွန်လိုက်ဖက်ညီသည့် ဒန်ပေါက်ထမင်းဖြစ်ပါတယ်။
    မဝေ
    ဘွတ်ကင်လုပ်ထားလိုက်ပြီနော်.

  • htoosan

    July 8, 2012 at 10:52 pm

    ဆန်က ဘာစတီးမား (အဟဲ မှားလျင် ခွေးလွှတ်ပါ) နှင့်ဆိုပါက ပိုကောင်းကြောင်း ကြားဖူးခဲ့ပါသည်။

    • kai

      July 9, 2012 at 3:35 am

      Basmati ဘစမာတီလို့အသံထွက်ရမယ်ထင်တယ်..
      ကိုလက်စတောတက်သူတွေ.. ပိန်ချင်သူတွေ.. ထိုင်းက.. ဂျက်စမင်းဆန်မစားပဲ.. ဘစမာတီဆန်ဝယ်စားကြတယ်..
      ရောင်းဈေးကသိပ်တော့မကွာပါ..

      ထမင်းချက်ရင်.. ထမင်းလုံးအရွယ်ရှည်တာတော့ တော်တော်ရှည်ပါတယ်..။

      • Foreign Resident

        July 9, 2012 at 4:30 am

        အဘ မိန်းမက ကျန်းမာရေးအတွက် ဘစမာတီ ဆန် စားလေ့ရှိတယ် ။
        ဒါပေမယ့် အဲဒီ Basmati ဘစမာတီ ဆန်မှာ ဆိုးချက်တွေ ရှိတယ် ။
        သူက ချက်ပြီးပြီးချင်း တစ်ရက်အတွင်း မစားနိုင်ရင် မာသွားတယ် ။
        ဆန်ရှည်ချင်ရင်လည်း မချက်ခင် တစ်နာရီလောက် ရေစိမ်ရတယ် ။
        အဘ တို့က ထမင်း တစ်ခါချက်ပြီးရင် ၊
        နှစ်ရက်လောက်ထားစားတာဆိုတော့ အဆင်မပြေဘူး ။
        အခု Thai Long Grain ပဲပြောင်းစားနေတယ် ။

        • weiwei

          July 9, 2012 at 11:32 pm

          ကျွန်မနဲ့ရင်းနှီးခဲ့ဖူးတဲ့ (ကျွန်မကတော့ ကုလားလို့ပဲခေါ်တယ်) နိုင်ငံခြားသားမူဆလင်တွေက ဒန်ပေါက်ကို ဘစမာတီဆန်မရရင် လုံးဝ ချက်မစားပါဘူး … သူတို့နိုင်ငံကနေအထိ ဆန်ကိုမှာပြီး ဆိတ်သားနဲ့ဒန်ပေါက်ထမင်း ချက်စားလေ့ရှိတယ် …

          တရုတ်ပြည်မှာနေတုန်းကတော့ ဒန်ပေါက်ချက်ဖို့ ယိုးဒယားဆန်ကိုသုံးခဲ့ပါတယ် …
          ကျွန်မချက်ကျွေးခဲ့တဲ့ ဒန်ပေါက်နဲ့ကြက်သားဟင်းကို တရုတ်တွေအရမ်းကြိုက်ကြတယ် ..

  • htoosan

    July 9, 2012 at 6:55 am

    ကျေးကျေးပါ သူကြီးနဲ့ ဘဖောရေ ..အဲ့ ဒီလို ရှည်ရှည် မာမာ နဲ့ လှလှပပလေး ဖြစ်စေချင်လို့ ဘစမာတီ ဆန်နဲ့ချက်ကြတာပါ ။ ကိုလက်စထရောပါ နည်းတယ် ဆိုတော့ ကိုယ့်ဘာသာ ချက်စားသူတွေ အတွက် သုံးသင့်ပါသည်။

  • akswe

    July 9, 2012 at 9:24 am

    ့ဟေးးးးးးးးးး မြန်မာဖောင့်ပြန်ရပြီကွ…..မရတာ ကြာနေပြီ….
    မဝေပိုစ့်မှာ မန်းချင်တာ မရလို့ မြန်မာစာတွေကို copy နဲ့ paste လုပ်ပြီးမန်းလိုက်ရတာ..
    မြန်မာလိုရိုက်မရလို အင်ဂုလိလို ရိုက်မိတာ မြန်မာစာမေ့နေပြီလို့ပြောတဲ့သူလည်းကြုံရတယ်

    မကြေနပ်တာနဲ့ တစ်ညလုံး ထိုင်လုပ်တာ …ခုတော့ ရပြီ.. ဒိနေ့မှစ ပြီး တွေ့သမျှ အကုန် လိုက်မန်းတော့ မည် ဖြစ်ပါကြောင်း….

    • weiwei

      July 9, 2012 at 11:33 pm

      အဘဆွေကို မတွေ့တာကြာပြီး အခုပြန်တွေ့ရလို့ အရမ်းဝမ်းသာပါတယ် …
      ကွန်မန့်အတွက် ကျေးဇူးပါ ..

  • akswe

    July 9, 2012 at 9:36 am

    စကားစပ် စပ်…
    ယူကေမှာ ကုလားများသောကြောင့် အနှီ ဘက်စမက်တီ ကို သာသုံးစွဲမှု များပါသည်။
    မြို့ကြီးပြကြီးများတွင်သာ ဂျပ်စမင်ရိုက်စ် ဝယ်ယူရရှိ နိုင်ပြီး ဘဆွေတို့နေသောတောဘက်တွင်မရှိသလောက်ရှားပါသည်။
    ရှိပြန်လျှင် လည်း တစ်ကီလို သုံးပေါင် လောက ်ပေး ရ ပြီး ငါးခြောက် လ္ဘက် ငါးပိကြော် တို့နှင့်စားရန် စွန့်စားဝယ်ယူရပါသည်။

    • kai

      July 10, 2012 at 12:40 am

      အမှတ်မမှားရင်…
      ဦးနေဝင်းတန်ခိုးထွားတုန်းက.. နိုင်ငံခြားက ဘစမာတီဆန်ကို.. တကူးတကမှားစားခဲ့ဖူးတယ်..

  • tar tar

    July 10, 2012 at 6:09 am

    ဘစမာတီဆန် .. တားတား တို့တော့ မကြိုက်ဘူး ဘောပျက် ဘောပျက်နဲ့ …ထိုင်းဆန်ကလဲ အေးသွားရင် သွားကြိုးမတက်…
    ပန်းတနော်က ဆန်ပဲ ကောင်းတယ် နော် မမ နော်…

    • MaMa

      July 10, 2012 at 6:56 pm

      ကျိန်းသေထောက်ခံမယ်ဆိုတာကို သိနေသလိုပဲ 😀

      အမှန်ကတော့ ပန်းတနော်က ဧရာဝတီတိုင်း၂၆မြို့နယ်မှာ ဆန်အထွက်အနည်းဆုုံးပါ။
      မြစ်ချောင်းအင်းအိုင်ပေါများလို့ ရေထွက်ကုန်ပဲ များပါတယ်။
      နောက်တစ်ခုက သင်ခြံတွေများပြီး သင်ဖြူးထွက်တယ်။
      သင်ဖြူးဖျာလည်း နာမည်ကြီးတယ်။

  • htoosan

    July 10, 2012 at 7:25 am

    ရန်ကုန်မှာလည်း အခုတော့ အလွယ်တကူ ဝယ်လို့ရနေပါပြီ ။။
    ဈေးတော့ ဘယ်လိုကွာတယ် သိဘူးရယ် .. city mart ၊ ocean super mart မှာ ရပါသည်။

  • Ma Ei

    July 10, 2012 at 10:57 am

    city mart ကနေ ရယ်ဒီမိတ်ထုတ် ဝယ်ချက်ဖူးတယ်…
    ချက်နည်းလဲပါတယ် ဆိုတော့ အဆင်ပြေသွားတယ်…
    သမီးလေးက ဒန်ပေါက်ကြိုက်တယ်…
    အရောင်မှုန့်က သီးသန့်ဝယ်လို့ရလား…

    • weiwei

      July 10, 2012 at 8:54 pm

      ရယ်ဒီမိတ်ချက်သလိုမျိုး ကိုယ့်ဟာကိုယ် အလွယ်ချက်လို့ရတယ် …
      ဈေးထဲက ဒန်ပေါက်မဆလာရောင်းတဲ့ဆိုင် ဒါမှမဟုတ် ပရဆေးဆိုင်လိုမျိုးမှာ ဆန်တစ်ပြည်အတွက် ဒန်ပေါက် အမွှေးနံ့သာစပ်ပေးပါဆိုရင် အစအဆုံး သူတို့စပ်ပေးလိုက်တယ် …
      အရောင်တင်အမှုန့်သီးသန့်ဝယ်ရင်လဲရတယ် .. ဒါပေမယ့် အရောင်တင်မှုန့်ကို လက်နဲ့မထိမိအောင် သတိထားပြီး နဲနဲလေးပဲ သုံးရပါတယ် ..

  • padonmar

    July 10, 2012 at 10:17 pm

    ဝေဝေ
    ဘယ်လို လွယ်လွယ်ချက်နည်းပြောပြော ဟင်းချက်တာ ပါရမီမပါလို့လား မသိဘူး။
    ဝေဝေ ချက်ကျွေးသလောက်ကို စားမကောင်းဘူး။
    အဲဒီတော့ ချက်နည်း မကူးတော့ဘူး။ချက်ကျွေးတာဘဲ စားတော့မယ်။

Leave a Reply