အားကိုးထိုက်သော အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း Center for Vocational Training/CVT

the bestJuly 8, 20123min1107

ကျွန်တော်လေ့လာထားသော အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း

Center for Vocational Training/CVT နဲ ့ပတ်သက်ပြီး တင်ပြတာပါ။

သင်တန်းကျောင်း ရည်ရွယ်ချက်ကောင်းပြီး သင်ကြားမှုထိရောက်တာကြောင့်

တစ်ချို့သင်တန်းဆင်းလူငယ်များ ဆိုလျှင် ကိုယ်ပိုင်လုပ်ငန်းငယ်များကိုပင်တည်ထောင်နိုင်ကြတယ်။

ဆရာ၊ဆရာမတွေနဲ ့လည်းဆွေးနွေးခဲ့ဘူးပါတယ်။ တကယ်စေတနာပြည့်ဝပြီး သင်တန်းတွေကို

လာတက်ဖို ့လည်းကြိုဆိုကြပါတယ်။

CVT အား နှစ်စဉ် အဓိက နည်းပညာနှင့် ကုန်ကျစရိတ်များ ကူညီပံ့ပိုးသူများမှာ ဆွစ်ဇာလန် နိုင်ငံမှ အလှုရှင်များဖြစ်ကြသည်။

မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများကလည်း စာသင်ခန်း များအား ငှားရမ်းခ အနည်းငယ်သာယူခြင်းနှင့် စာတွေ့လက်တွေ့သင်ကြားရန် အဆောက်အဦးနေရာများကို သက်ဆိုင်ရာဌာနနှင့် အသင်းအဖွဲ့များမှ ထောက်ပံ့ကူညီခြင်းများ၊ ကျောင်းနှင့်ပတ်သက်၍ လိုအပ်သော ကိရိယာတန်ဆာပလာ များ ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်သည်။

သင်တန်းသားများ စေလွှတ်ထားသော စီးပွားရေးလုပ်ငန်း အချို့မှာလည်း သင်တန်းကျောင်း အနာဂတ်အတွက် အလှူငွေများ စတင်လှူဒါန်းထားရှိပါသည်။

 

“အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း CVT” သည် ဆွစ်ဇာလန် နိုင်ငံ မှ အသက် မွေး ဝမ်း ကျောင်း နည်းပညာ အထောက်အပံ့များကို အခြေခံကာ အသက် မွေးဝမ်း ကျောင်း ဆိုင်ရာ သုံးနှစ် တာ ကာလ သင်တန်း များကို မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်မှ လူငယ် များ အား သင်တန်းများ ဖွင့်လှစ် ပို့ချပေးနေပါသည်။

 

ထိုလူငယ်များသည် အခြေခံပညာ အားဖြင့် အဌမတန်းမှ ဒဿမတန်းအထိ သင်ယူ တတ်မြောက်ခဲ့သော လူငယ်များဖြစ်သည်။

 

သင်တန်း ကျောင်း၏ ရည်ရွယ်ချက်မှာ အလုပ် အကိုင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော လိုအပ်ချက် များအရ အခြေခံအသက် မွေးဝမ်းကျောင်း ဆိုင်ရာ ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကို လေ့လာ ဆည်းပူး နိုင်သော အခွင့်အရေးကို လူငယ်များရရှိစေရန်ဖြစ်ပါသည်။

 

ဆွစ်ဇာလန်နိုင်ငံမှ အသက်မွေး ဝမ်းကျောင်း သင်တန်း ပညာရပ် များဆိုင်ရာကျွမ်းကျင်သူ ပညာရှင်များ၊ သင်ကြားမှု အတွေ့အကြုံ ရှိသော ဆရာ များ က သင်တန်း ကျောင်းနှင့် ပတ်သက် သောအသက်မွေးမှုအတတ်ပညာ များ၊သက်ဆိုင်ရာ ဌာန များ ၏ ဖွံ့ဖြိုး တိုးတက်မှု၊ CVT ရှိ ဆရာ၊ဆရာမများကို ထပ်ဆင့်မွမ်းမံ လေ့လာ သင်ကြားမှုများ နှင့် သင်ကြားမှု အရည်အသွေး ကောင်းမွန်ရန် စီမံခန့်ခွဲခြင်း၊ သင်တန်း ကျောင်းရှိ ဆရာ၊ဆရာမများ၏ သင်ကြားမှု နည်းလမ်းများ ကိုပါ စစ်ဆေးကြည့်ရှု အကဲဖြတ် ၍ ပြင်ဆင်လမ်းညွှန်ကြီးကြပ်ပေးပါသည်။

 

အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း Center for Vocational Training/CVT

အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်းမှ

အောက်ပါ သင်တန်း တို့ကို ဖွင့်လှစ် သင်ကြား ပေးလျှက်ရှိပါသည်။

 

(၁) စီးပွားရေးပညာအထောက်အကူပြုသင်တန်း၊

Commercial Assistant Profession (CA)

စီးပွားရေးပညာအထောက်အကူပြုသင်တန်းကို တစ်ပတ်လျှင် တစ်ရက် တက်ရောက်ရန် လိုအပ်သည်။

သင်ကြား ရမည့်ဘာသာရပ်များမှာ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်၊ စာရင်းကိုင် ဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်နေသော ပထဝီဝင်၊ မြန်မာစာ၊ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာနှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ကွန်ပျူတာ ဘာသာ ရပ်) တို့ဖြစ်ကြသည်။

စီးပွားရေး လုပ်ငန်းများ အတွင်း လုပ်ကိုင်နေသော နယ်ပယ်ပေါင်းစုံမှ လူငယ်များ တက် ရောက် နိုင်ပါသည်။ တစ်နှစ်လျှင် တစ်ကြိမ် သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ သွားရောက်လေ့လာရေး ခရီးစဉ် များပြုလုပ်ပြီး project paper များ လေ့လာ ရေးသား ရန် ပါဝင်ပါသည်။

 

(၂) လျှပ်စစ် ကျွမ်းကျင်မှု အထောက်အကူပြုသင်တန်း၊

Electrician Profession (EL)

သက်ဆိုင်ရာ စာတွေ့ဘာသာရပ်များလေ့လာသင်ကြားရန် အတွက် တစ်ပတ်တစ်ရက် သင်တန်းတက်ရောက်ရန် လိုအပ် ပါသည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်များ ဖြစ်သော Electrical Engineering, Material Knowledge, Instrument Construction နှင့် Technical Drawing တို့ကိုသင်ကြားရသည့်အပြင် အထွေထွေ ထောက်ပံ့မှုဗဟုသုတဘာသာရပ်များ အနေဖြင့် အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပထဝီဝင်နှင့် စီးပွားရေး ဆိုင်ရာ အခြေခံ ဗဟုသုတများကို သင်ကြားရပါသည်။

လျှပ်စစ်နှင့်ပတ်သက်သည့် လုပ်ငန်း အသီးသီးမှ လူငယ်များ တက်ရောက် ကြသည့် အတွက် နည်းပညာများ ဖလှယ်နိုင်သကဲ့သို့ လူမှုဆက်ဆံရေး အတွက်လည်း ဗဟုသုတများစွာ ရရှိ စေနိုင်ပါသည်။

 

လက်တွေ့ပြုလုပ်မှု အပိုင်း ၁ –

ရိုးရှင်းသော သတ္တုနှင့်သစ်သားများကို သုံးကာလျှပ်စစ်မီးသွယ်တန်းတပ်ဆင်ခြင်း

လက်တွေ့ပြုလုပ်မှု အပိုင်း ၂ –

အိမ်ယာအဆောက်အဦးများတွင် စနစ်တကျ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် လျှပ်စစ်ဆိုင်ရာ တိုင်းတာခြင်း၊ ထိန်းသိမ်းခြင်းစနစ်များကို လက်တွေ့ဆောင်ရွက်သင်ကြားခြင်း

လက်တွေ့ပြုလုပ်မှု အပိုင်း ၃ –

လျှပ်စစ် ဒိုင်အုတ်စနစ်များ၊ လျှပ်စီးဆိုင်ရာ တိုင်းတာခြင်း နည်းပညာနှင့် အင်ဂျင်များ ၏ လျှပ်စစ်ပိုင်းဆိုင်ရာ ထိန်းသိမ်းရေးစနစ်များ လက်တွေ့သင်ကြားထိန်းသိမ်း ကိုင်တွယ်မှု များ သင်ကြားခြင်း

တစ်နှစ်လျှင်တစ်ကြိမ် သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့လည်း လေ့လာရေးသွားရောက်ခြင်း တို့ကို ပြုလုပ်ပါသည်။

သင်ကြားရသည့်ဘာသာရပ်အားလုံးကို သုံးနှစ်တာသင်တန်းပြီးနောက် စာမေးပွဲဖြေဆိုရပါသည်။ နောက်ဆုံးနှစ် စာမေးပွဲတွင် ရေးဖြေနှင့် နှုတ်ဖြေဟု အပိုင်းနှစ်ပိုင်း ပါဝင်ပါသည်။ သင်တန်းသားများ သည် လက်တွေ့လုပ်ငန်းများ ကို ဖြေဆိုရသည့်အပြင် အင်္ဂလိပ်စာ၊ မြန်မာစာ နှင့် အထွေထွေဗဟုသုတ စသည့် ဘာသာရပ်များကိုပါ ဖြေဆို ရပါသည်။ စာတွေ့ဘာသာရပ်များဖြစ်သော Electrical Engineering, Normal and Specialized Specifications, Specialized Drawing, Material and Apparatus Knowledge များကိုလည်း ဖြေဆိုရပါသည်။ လက်တွေ့စာမေးပွဲအနေဖြင့် သတ်မှတ်ထားသော နာရီ ၂ဝ အတွင်း အမျိုးမျိုးသော လျှပ်စစ်သွယ်တန်းခြင်းများကို ချမှတ်ထားသောပုံစံများအတွင်း လုပ်ဆောင်ခြင်းကိုလည်း ဖြေဆိုရပါသည်။ ပြုလုပ်ဖြေဆို ထား သောလျှပ်စစ် သွယ်တန်းခြင်း များကိုလည်းစနစ်တကျထိန်းချုပ်သည့်စနစ်နှင့် တိုင်းတာသည့် စနစ်တို့ကိုပါ လုပ်ဆောင်ရန် လိုအပ် ပါသည်။ နှုတ်ဖြေစာမေးပွဲသည်လည်း နောက်ဆုံးနှစ် စာမေးပွဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ နှုတ်ဖြေစာမေးပွဲသည် အလုပ်အပ်သူနှင့် ကျွမ်းကျင်သူ အကြား စကားပြောသည့်ပုံစံအသွင်ဆောင်ပါသည်။

ရှေ့အနာဂတ်အလားအလာ

CVT မှ အောင်မြင်စွာ သင်တန်းပြီးဆုံးသွားသော လူငယ်များသည် သက်ဆိုင်ရာ နယ်ပယ်များတွင် အလုပ်ကို အောင်မြင်စွာလုပ်ကိုင်နိုင်သကဲ့သို့ တစ်ချို့လူငယ်များသည် မန်နေဂျာ၊ ဌာနမှုးအဖြစ်သို့ပင်ရောက်ရှိနေသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် CVT မှသင်ကြားပေးလိုက်သော အသိပညာများဖြင့် လုပ်ငန်းခွင် တစ်ခုလုံးနှင့်ပတ်သက်သော လုပ်ဆောင်ချက်အဆင့်ဆင့်ကို ပြန်လည်အသုံးချနိုင်သည့် စွမ်းရည် ရှိသော ကြောင့် ဖြစ်ပါသည်။ သင်တန်းသားအချို့ဆိုလျှင် အသေးစားရင်းနှီးမြုပ်နှံနိုင်မှု အခြေအနေပေါ်မူတည်၍ လျှပ်စစ် သွယ်တန်း ခြင်းနှင့် ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများကို ကိုယ်တိုင် ထူထောင် လုပ်ကိုင်နိုင်ပြီဖြစ်သည်။

 

(၃) ပရိဘောဂ ပြုလုပ်မှုအတတ်ပညာသင်တန်း၊

Cabinet/Furniture Maker Profession (CM)

တစ်ပတ်တစ်ရက် ကျောင်း တက်ရောက် ရန်လိုအပ်ပါသည်။ သင်ကြားပို့ချသော သင်ရိုး ညွှန်တမ်း များမှာ Material Science, Production Technology, Technical Drawing and Technical Calculations, English, Myanmar နှင့် General Knowledge ဘာသာရပ်များဖြစ်ကြသည်။

လက်တွေ့ပြုလုပ်မှု အပိုင်း ၁ – လက်ဖြင့်ပြုလုပ်သော ပရိဘောဂများထုပ်လုပ်ခြင်းအား
လက်တွေ့ ပြုလုပ်မှု
လက်တွေ့ပြုလုပ်မှု အပိုင်း ၂ – ရွှေ့ပြောင်းသယ်ယူနိုင်သောစက်ငယ်များကို သုံး၍
လက်တွေ့ ပြုလုပ်မှု
လက်တွေ့ပြုလုပ်မှုအပိုင်း ၃ – စက်ကြီးများကို အသုံးပြုကိုင်တွယ်၍ ပရိဘောဂများ
ထုတ်လုပ်ခြင်း လက်တွေ့ ပြုလုပ်မှု
လက်တွေ့ပြုလုပ်မှု အပိုင်း ၄ – ပရိဘောဂများ အချောသတ်ခြင်းလုပ်ငန်းပညာ

 

(၄)ဟိုတယ် နှင့် ဧည့်ဝတ်ပြုမှု အတတ်ပညာသင်တန်း

(Hotel & Gastronomy Assistant Profession) HG

CVT ၏ ဟိုတယ်နှင့် အစားအသောက်ချက်ပြုတ်ကျွမ်းကျင်မှုသင်တန်းသည် သုံးနှစ်တာကာလ တက်ရောက်ရပြီး သင်တန်းပြီးဆုံးပါက ဟိုတယ်တစ်ခုလုံးနှင့် ပတ်သက်ကာ အခြေခံလုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များကို နားလည်တတ်ကျွမ်းမည်ဖြစ်ပါသည်။

 

(၅) သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာ သင်တန်း

Metal Worker Profession (MW)

 

သင်ကြားပေးသည့် ဘာသာရပ်များမှာ သတ္တုဒြပ်ပစ္စည်းများ နည်းပညာ၊ သတ္တုပုံပြုနည်းစဉ်များ နှင့် ထုတ်လုပ်မှု၊ စက်မှုပုံဆွဲနှင့် စက်မှု သချင်္ာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ လုပ်ငန်းစီမံခန့်ခွဲမှုအခြေခံဘာသာရပ် နှင့် အထွေထွေ ဗဟုသုတဘာသာရပ်များဖြစ်သည်။

လက်တွေ့ပြုလုပ်မှု အပိုင်း (၁)

သံပုံထုခြင်းနှင့် သတ္တုပစ္စည်းလုပ်ငန်း၊ တံစဉ်းတိုက်ခြင်း၊ လွှဖြတ်ခြင်း၊ စို့ခုတ်ခြင်း၊ အပေါက် ဖောက်ခြင်းနှင့် ပန်းပဲထုခြင်း

လက်တွေ့ပြုလုပ်မှု အပိုင်း (၂)

သတ္တုပုံသွန်းအတတ်ပညာ၊ ပုံစံပြုလုပ်ခြင်း၊ ပုံထောင်းခြင်း၊ ပုံသွန်းလောင်းခြင်း၊ သွန်းထည်
အပြစ်အနာစစ်ဆေးခြင်း ၊ စက်စားခြင်း၊ ဂဟေဆက်ခြင်း

လက်တွေ့ပြုလုပ်မှု အပိုင်း (၃)

စက်စားခြင်းနှင့်ဂဟေဆက်ခြင်းနှစ်ခုကို အထူးပြုသင်ကြားသည်။
စက်စားခြင်းလုပ်ငန်းတွင် turning, drilling, shaping တို့ပါဝင်ပြီး milling ကို စတင်ကာသင်ကြားပေးနေပြီဖြစ်သည်။ ဂဟေဆက်ခြင်းတွင် အောက်ပါတို့ကိုသင်ကြားပေးသည်။ Arc Welding, Gas Welding, autogeneous, protecting gas, TIG welding နှင့် ပလာစမာဖြင့်ဖြတ်ခြင်းတို့ပါဝင်သည်။

 

သင်တန်းများအားလုံးသည် ဆွစ်ဇာလန် နိုင်ငံ၏ ပညာရေး ပုံစံ တစ်ခုဖြစ်သော လက်တွေ့နှင့် စာတွေ့ပူးပေါင်းထားသည့် “အလုပ်သင် သင်တန်းသားပုံစံ” ပေါ်တွင် အခြေခံထားပါသည်။

 

သင်တန်းသား များ သည် တစ်ပတ်လျှင် တစ်ရက် သင်တန်းကျောင်းတွင် တက်ရောက်ရပြီး ကျန်သည့်ရက်များကို မိမိတို့လုပ်ကိုင်နေ သည့် ကုမ္ပဏီတွင် လက်တွေ့ လုပ်ကိုင် နေရန်လိုအပ်ပါသည်။

 

လက်တွေ့ကျွမ်းကျင်မှု သင်တန်း ကို တစ်နှစ် တစ်ကြိမ် တစ်ပတ်မှ သုံးပတ် အထိ ဆက်တိုက် လေ့လာသင်ကြားလုပ်ကိုင်ရန် လိုအပ် ပါသည်။

သင်တန်းကာလ သုံးနှစ်တာ ကို အောင်မြင်စွာပြီးဆုံးပါက အသက်မွေးမှုပညာ ကျွမ်းကျင် လက်မှတ်ကိုရရှိမည်ဖြစ်ပါသည်။

 

အသက်မွေးမှုအကြိုသင်တန်းကျောင်း Education for Youth/E4Y

အသက်မွေးမှုအကြိုသင်တန်းကျောင်း/ E4Y သည် လေးနှစ်ကာလ သင်တန်းဖြစ်ပြီး ၂၀၁၁ – ၂၀၁၂ ပညာသင်နှစ်တွင် ပထမနှစ်၊ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ်ဟူ၍ အတန်းလေးတန်းရှိပြီး ဖွံ့ဖြိုးတိုးတက်ဆဲ သင်တန်းအဖြစ် အကောင်အထည်ဖော်နေပါသည်။

 

အခြေခံပညာ မူလတန်း အောင်မြင်ပြီး ငွေကြေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲနှင့် အကြောင်းအမျိုးမျိုးကြောင့် အတန်း ကျောင်း ပညာဆက်လက် မတက် ရောက်နိုင်သော လူငယ်များသည် အသက်မွေးမှုအကြို သင်တန်း ကျောင်းကို တက်ရောက် နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။

 

အသက်မွေးမှုအကြို သင်တန်း ကျောင်း သည် လေးနှစ် သင်တန်း ပြီးသည့်နောက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာများ ပိုမိုဆည်းပူးနိုင်ရန်၊ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် မျိုးစေ့ပျိုးပေးသော ကျောင်း တစ်ခုဖြစ်သည်။

 

သင်ကြားသည့် သင်ရိုး ညွှန်းတမ်းများကို သာမက ဆရာ၊ဆရာမများကိုပါ ဖွံ့ဖြိုး တိုးတက်မှုရှိစေရန် ကြိုးပမ်း လုပ်ဆောင် လျက်ရှိပါသည်။

 

အသက်မွေးမှုအကြိုသင်တန်းကျောင်း E4Y သည် Center for Vocational Training/CVT ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ် လူငယ်များအတွက် အသက်မွေးမှု အကြိုသင်တန်းများပို့ချပေးလျှက်ရှိပါသည်။

E4Y တွင်ပါဝင်သော အဓိကနယ်ပယ်သုံးခုမှာ –

Schooling

မူလတန်းပညာ ပြီးဆုံးကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာဆက်လက်မတက်ရောက်နိုင်သော ပျှမ်းမျှ အသက် ၁၄ နှစ် အရွယ် လူငယ်များအတွက် အသက်မွေးမှုအကြိုသင်တန်း သင်ကြားပေးလျှက်ရှိသည်။

Teachers’ training

စာသင်ကြားခြင်းစနစ်ကိုကောင်းမွန်စွာနည်းလည်တတ်မြောက်ထားသောဆရာများက စာသင်ကြားခြင်း အတွေ့အကြုံနုသော ဆရာများအား စာသင်ကြားခြင်းဆိုင်ရာ နည်းလမ်းများကို ဖြန့်ဝေပေးခြင်း

Curricula

သင်ကြားသော ဘာသာရပ်များအလိုက် စာသင်ကြားသည့် သင်ခန်းစာများကို စနစ်တကျ ဖွဲ့စည်းထားရှိပါသည်။

အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း နေရာကတော့

Center for Vocational Training

41 Ka-Na Strand Road
Yangon
Myanmar

မြန်မာနိုင်ငံကြက်ခြေနီအသင်းအဆောက်အဦ၊

ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို ့နယ်၊

ရန်ကုန်မြို ့။

 

http://cvt-myanmar.org/content.php?3rd=0&nav=1&point=0

မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

7 comments

  • htoosan

    July 8, 2012 at 7:11 am

    ကျေးကျေးပါ the best ရေ ။ ဒီသင်တန်းမျိုး ရှိတာ မသိခဲ့ဘူး ။ ဒါပေမဲ့ ဘယ်တော့ စမယ် ။ သင်တန်းကြေး ဘယ်လောက် ၊ ဘာညာ တော့ မတွေ့မိဘူး။
    သိရင်ပြောပါဦးဗျ ။ ညွှန်ရအောင် ။

  • မောင်ပေ

    July 8, 2012 at 9:15 am

    အပေါ်မှာ ကိုထူးဆန်းပြောသွားသလိုပါ
    မကြာခင်မှာ ပညာရှင်တွေအများကြီး ဆိုင်ရာလုပ်ငန်းတွေမှာ လည်ပတ်တော့မှာကို မြင်ရတော့မှာမို့ အားတက်ရပါတယ်။

  • MaMa

    July 8, 2012 at 10:12 pm

    တကယ်လက်တွေ့ အကျိုးများစေမယ့် သင်တန်းတွေပါလား။
    အခုလို ပြောပြပေးတာ ကျေးဇူးတင်စရာပါ။
    အခက်အခဲ အမျိုးမျိုးကြောင့် တက္ကသိုလ်တက်ဖို့ မဖြစ်နိုင်တဲ့ကလေးတွေကို လမ်းညွှန်ပေးလိုက်ပါ့မယ်။ 🙂

  • ရွာစားကျော်

    July 8, 2012 at 10:50 pm

    အခုလို ပြောပြပေးတာ ကျေးဇူးကမာ္ဘပါ အကောင်းဆုံးခင်ဗျာ
    လက်တို့ ပေးရမယ် နီးစပ်ရာကို
    ကိုထူးဆန်းမေးထားတာလေးတွေလည်း ကွန်မင့်နဲ့ လိုက်ပြောပေးပါအုံး

  • padonmar

    July 8, 2012 at 10:59 pm

    the best ရေ
    လက်တို့တာလေး ကျေးကျေးပါ။
    ဒီသင်တန်းက 2002 ကတည်းကဖွင့်တာကို ကျမတို့မသိမိတာ တော်တော်ဗဟုသုတနည်းတာဘဲလို့ ကိုယ့်ကိုကိုယ်သိလိုက်ပါတယ်။
    စွယ်တော်ရွက်လည်း ဒီသင်တန်းရဲ့ စီမ့ခန့်ခွဲပုံ နည်းစနစ်တွေ အတုယူလို့ရတာပေါ့နော်။

  • the best

    July 8, 2012 at 11:40 pm

    စိတ်ဝင်စားကြတာတွေ တွေ ့ရလို ့ဝမ်းသာပါတယ်ဗျာ။
    သင်တန်ကြေး တစ်ပြားမှ မပေးရပါဘူး။
    အလုပ်ရှိတဲ့သူတွေကိုအဓိက အထောက်အကူပေးတဲ့အနေနဲ ့ တစ်ပတ် တစ်ရက်သာသင်ပါတယ်။
    နှစ်စဉ် မတ်လ မှာဖွင့် ပါတယ်။
    ရေရှည်တက်ရမှာပါ။ အလုပ်အကိုင်မပျက်ပဲ အတတ်ပညာတစ်ခု ရသွားတာပေါ့။

  • the best

    July 9, 2012 at 10:29 pm

    အခြေခံပညာ မူလတန်း အောင်မြင်ပြီး ငွေကြေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲနှင့် အကြောင်းအမျိုးမျိုးကြောင့် အတန်း ကျောင်း ပညာဆက်လက် မတက် ရောက်နိုင်သော လူငယ်များ၊
    အခြေခံပညာ အားဖြင့် အဌမတန်းမှ ဒဿမတန်းအထိ သင်ယူ တတ်မြောက်ခဲ့သော လူငယ်များ၊
    စီးပွားရေးလုပ်ငန်း အချို့မှ စေလွှတ်ထားသောသင်တန်းသားများ တက်ကြပါတယ်။
    ဆင်းရဲမွဲတေမှုလျှော့ချတဲ့ အကျိုးပြုသင်တန်းကျောင်းပါ။

Leave a Reply