ပဒုမ္မာရဲ့ချစ်စရာ့အရွယ် Cover Story

padonmarJuly 25, 20123min40176

ကျမရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံလေးကို အားပေးတဲ့ လူနည်းစုလေးကို ကျေးဇူးတင်ပါတယ်။

ဒီပုံလေးထဲက ကလေးလေးရဲ့ အကျင်္ ီနွမ်းနွမ်းလေးကြားက တောက်ပနေတဲ့ မျက်လုံးလေးကို

ချစ်မိလို့ ပြိုင်ပွဲဝင်လိုက်တာပါ။

အရီး Khin Latt says:

(၁) ဆိုရင် ကလေးလေး ကြည့်ရတာ အဝတ်အစား တောက်တောက်ပပ မဟုတ်တောင် မျက်နှာ လေးက အပြစ်ကင်း တယ်။
သနပ်ခါး လေး နဲ့ သန့်သန့်ရှင်းရှင်း ချစ်စရာလေး။
သူ့မျက်လုံး က တစ်ခုခု ကို ပြောနေသလိုဘဲ။

Inz@ghi says:
၁) DoF ပိုမို shallow ဖြစ်လျင် ပိုကြွမည်ထင်ပါသည် f/2.8 ကိုပဲ ကျနော် မျက်စိစွဲနေလို့လား မသိပါ

ဒီဓာတ်ပုံလေးဖြစ်လာပုံကို ပြောပြရရင် ဟိုးရှေးရှေးတုန်းကလို့ စရပါမယ်။

လွန်ခဲ့တဲ့ အနှစ် ၅ဝ နီးပါးကစရမှာပါ။ အဲဒီအချိန်က ကျမရဲ့ဇာတိ မြစ်ဝကျွန်းပေါ်က

မြို့သေးသေးလေးမှာ ကျမရဲ့အဖေဟာ မြို့မဈေးထဲမှာ ကုန်စုံဆိုင်လေးသေးသေးလေးတစ်ခုကို

ဦးစီးပြီး လုပ်နေခဲ့ပါတယ်။ သူ့ဆိုင်မှာ ကုန်မျိုးစုံလာဝယ်တဲ့ တောင်သူတွေဆီက ရာသီသီးနှံတွေ

ပြန်ဝယ်ပေးတယ်။ အဲဒါတွေကို စုပြီးပွဲရုံတွေကို ပြန်ရောင်းပါတယ်။ ဆီထွက်သီးနှံတွေကိုတော့

ဆီစက်တွေကို ပြန်ရောင်းပါတယ်။ တစ်နှစ်မှာ သူဝယ်စုထားတဲ့ မြေပဲတွေကို ဆီစက်ကို

ရောင်းဖို့ဈေးညှိတာ အဆင်မပြေပါဘူး။ တစ်ပိဿာကို ၆ ကျပ်ခွဲပေးဖို့ပြောတာ ဆီစက်ပိုင်ရှင်က

၆ ကျပ် ၂၅ ပြားဘဲ ပေးတဲ့အတွက် အဖေက မခံချင်စိတ်နဲ့ ဆီစက်လေးတစ်လုံးကို

မြို့ရဲ့တစ်ဖက်ကမ်း တရုတ်တန်းဆိုတဲ့ ရပ်ကွက်ကလေးမှာ တည်လိုက်ပါတယ်။

(ဒီနေရာလေးမှာ ကြားဖြတ်ပြောရရင် အဖေနဲ့ အဲဒီဆီစက်ပိုင်ရှင်ဦးလေးဟာ

အလုပ်ပြိုင်ဖြစ်လာပေမယ့် မနာလို ဝန်တိုမရှိဘဲ သားသမီးတွေဖြစ်တဲ့ ကျမတို့လက်ထက်ထိ

အဲဒီမိသားစုနဲ့ ချစ်ချစ်ခင်ခင်ရှိကြပါတယ်၊ရှေးလူကြီးတွေ အလုပ်လုပ်ပုံ နမူနာယူစရာပါ။)

၁၉၆၄ မှာ အဖေ့ကုန်စုံဆိုင်ကို ပြည်သူ့ပိုင်သိမ်းခံလိုက်ရတော့ အဖေဟာ သူစမိထားတဲ့

ဆီစက်ကလေးကိုဘဲ အာရုံစိုက်ပြီး တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ ဆီစက်တည်ရာ တရုတ်တန်း

ရပ်ကွက်သားတွေဟာလည်း အဖေ့ရဲ့ ဆီစက်မှာ လုပ်သားတွေ ဖြစ်လာကြတာပေါ့။

အဲဒီရပ်ကွက်ကလေးဟာ ရွာလေးတစ်ရွာလိုပါပဲ။ တစ်အိမ်နဲ့တစ်အိမ် လှည့်ပတ်ပြီး

အမျိုးတော်နေကြပါတယ်။ ဒီရွာသားတွေနဲ့ ဆွေမျိုးမကင်းတဲ့ ရန်ကုန်က နာမည်ကျော်

စာသင်တိုက်တစ်ခုရဲ့ နာယကဆရာတော် ကတော့ အဖေ့ကိုတွေ့တိုင်း ဒကာကြီး

ဆီစက်တည်ပေးလို့ ဦးဇင်းအမျိုးတွေ တံငါသည် ဘဝကလွတ်ကြတယ်လို့ ကျေးဇူးတင်စကား

ဆိုလေ့ရှိပါတယ်။

အဲဒီဆီစက်ကရတဲ့ဝင်ငွေနဲ့ ကျမတို့မောင်နှမတွေ တက္ကသိုလ်တက်ပညာသင်နိုင်ခဲ့ကြပါတယ်။ ကျမ

ဆရာဝန်ဖြစ် ကိုယ်ပိုင်ဆေးခန်းဖွင့်တဲ့ အချိန်မှာ အဲဒီရပ်ကွက်သားတွေဟာ ကျမရဲ့ လူနာတွေပေါ့။

ကျမဆေးခန်းပိတ်ပြီး အဖေ့ဆီစက်နဲ့ ပွဲရုံလုပ်ငန်းဆက်ခံချိန်မှာ အဖေ့နဲ့အတူတွဲလုပ်ခဲ့တဲ့

အဖေ့လုပ်သားကြီးတွေဟာ အသက်ကြီးလို့ နားတဲ့သူကနား သေတဲ့သူကသေကုန်ကြပါပြီ။

သူတို့ရဲ့သားတွေမြေးတွေဟာ ကျမရဲ့အလုပ်သမားဆက်ဖြစ်လာကြပါတယ်။

ကျမလက်ထက်မှာ ဆီစက်လုပ်ငန်းဟာ လျှပ်စစ်မီးအဆင်မပြေတာရော ဒီဇယ်ဈေးကြီးတာ

ကုန်ကြမ်းရှားပါး လာတာပါရောပြီးရပ်လိုက်ရပါတယ်။ အဲဒီအခါ တချို့လူတွေက

ကျမရဲ့ပွဲရုံလုပ်ငန်းမှာ ဆက်လုပ်နေကြသလို တချို့ကလဲ အခြားအလုပ်သွားလုပ်ကြပါတယ်။

အဖေနဲ့ကျမ အလုပ်တူတူတွဲမလုပ်ခင်ကတည်းက အဖေဟာ သူ့အလုပ်သမားတွေရဲ့

သားသမီးတွေ ကျောင်းဆက်မနေနိုင်တော့ဘူးဆိုရင် ကျမကိုထောက်ပံ့မလားလို့မေးလေ့ရှိပါတယ်။

“ကိုကျင်သိန်း သားလေး ၅ တန်း အောင်ပြီး ၆ တန်းဆက်မတက်နိုင်တော့ဘူး။

မောင်တင်ရီ့သမီးလေး ၄ တန်းအောင်တာ ၅ တန်းဆက်မတက်နိုင်တော့ဘူး။

သမီးကျောင်းထားပေးမလား” စသည်ဖြင့်ပေါ့။ ကျမလည်း အဲဒီကလေးတွေရဲ့ ကျောင်းအပ်ခ

၊ကျောင်းဝတ်စုံ၊စာရေးကိရိယာနဲ့ စာအုပ်ဖိုး စသည်ကို ကျောင်းဖွင့်ချိန်တွေမှာ

ထောက်ပံ့ပေးလေ့ရှိပါတယ်။ စာမေးပွဲကျသွားရင်တော့ ဆက်မပေးပါဘူး။

များသောအားဖြင့်၂နှစ်-၃နှစ် လောက်ထားပေးပြီးရင် သူတို့ကျောင်းဆက်မတက်တော့ပါဘူး။

ကျမကျောင်းထားပေးတဲ့ထဲက ကလေးမလေး တစ်ယောက်ဘဲ ဆယ်တန်းထိရောက်ခဲ့ပါတယ်။

သူတို့ဘာလို့ကျောင်းဆက်မတက်တော့တာလဲ။ အဓိက ကတော့

ဘာကြောင့်စာမေးပွဲကျသွားရတာလဲ ဆိုတာ ကျမ မဆန်းစစ်ကြည့်မိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ကျမ ရန်ကုန်ကို ပြောင်းလာခဲ့ပါတယ်။

တစ်နှစ်တစ်ခါ နွေရာသီရောက်တိုင်း မိဘဆွေမျိုးတွေရဲ့ အုတ်ဂူမှာ ရှိခိုးဘို့ ပြန်လေ့ရှိပါတယ်။

ပြန်တဲ့အခါတိုင်း တရုတ်တန်းရပ်ကွက်လေးကို ကျမတို့ မောင်နှမတွေ သွားကြည့်ကြပါတယ်။

စီးပွားရေးလုပ်ငန်း မလုပ်တော့ပေမယ့် အဖေအမွေ ဆီစက် အဆောက်အဦနဲ့

ရှေးဟောင်းဆီဆုံကြီးတွေ ရှိနေပါသေးတယ်။ သွားတဲ့အခါ ရပ်ကွက်သူရပ်ကွက်သားတွေ

ဝိုင်းလာပြီး နှုတ်ဆက်ကြ ၊ ကိုယ်ကလည်း သူတို့ကို အသက်ကြီးတဲ့သူတွေ အားဆေးပေး ၊

ငယ်တဲ့သူတွေ မုန့်ဖိုးပေး ဆိုတော့ အားလုံးပျော်ကြတာပေါ့။

စဉ်းစားကြည့်တော့ ဒီရပ်ကွက်လေးက တချို့ကတော့ စီးပွားရေး ထူထူထောင်ထောင်နဲ့

ချမ်းသာနေကြ ပေမယ့် အများစုကတော့ ဆင်းရဲနေဆဲပါဘဲ။

ပိုဆိုးတာက နောက်မွေးတဲ့ကလေးတွေ ပညာမတတ်တော့ပါဘူး။

အဖေ့အလုပ်သမားကြီးတွေက ၄ တန်း ၅တန်း ရေးနိုင်ဖတ်နိုင်ကြတယ်။ သူတို့ရဲ့သားသမီး ကျမ

လုပ်သားတွေ ထဲမှာ ၂ တန်း ၃ တန်း နဲ့ထွက်ထားတဲ့သူတွေ ရှိပါတယ်။ ကာတွန်းစာအုပ်ငှားပြီး

အရုပ်ပဲ ကြည့်ကြတယ်။ ကျောင်းပြန်နေပါ။ ကျမ ကျောင်းထားပေးပါမယ်

ဆိုတာတောင်မနေကြတော့ပါဘူး။ အဓိက ကတော့ သူတို့ကျောင်းက ဆရာ ဆရာမတွေနဲ့

အဆင်မပြေ ကြပါဘူး။ အဲဒီင်္ရပ်ကွက်လေးရဲ့ တစ်ခုတည်းသော မူလတန်းကျောင်းရဲ့

သင်ကြားမှုကလည်း တော်တော်လေး အားနည်းခဲ့ပါတယ်။

အခုထိ ကျမဆီမှာ အလုပ်လုပ်နေဆဲ အလုပ်သမားတွေရဲ့ သားသမီးတွေကိုတော့ ပညာရေး

အဆက်မပြတ်သွားအောင် ကျမ အားပေးနေပါတယ်။ ကလေးတွေရဲ့

ပညာအရည်အချင်းလေးတွေလည်း မဆိုးဘူးလို့ ဆိုရပါမယ်။ ရပ်ကွက်ထဲက ကလေးအများစု

ပညာရေးကတော့ ရင်လေးစရာပါဘဲ။ သူတို့လေးတွေကို အတန်းစုံ အခမဲ့ ကျူရှင်လေးပေးဖို့

စီစဉ်ခဲ့ပေမယ့် ကျမ အနီးကပ် မကြီးကြပ်နိုင်တာအပြင် တာဝန်ယူစီစဉ်ပေးမယ့်သူမရှိတာကြောင့်

မဖြစ်ခဲ့ပါဘူး။

ကျမအဖေ ချစ်တဲ့ ဒီင်္ရပ်ကွက်ကလေး ၊ ကျမတို့ကို ပညာသင်ပေးခဲ့တဲ့ ဒီရပ်ကွက်ကလေးရဲ့

တိုးတက်မှုကို ဘယ်လိုများဖော်ဆောင်ပေးရပါ့မလဲလို့ တွေးလို့မရခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး တစ်နှစ်တစ်ခါ သွားတဲ့အခါ မုန့်ဖိုးအဖြစ် ငွေပေးတဲ့အပြင်

စက်ရုံချုပ်အကျင်္ ီတွေကို ယူသွားပြီးဝေပေးခဲ့ပါတယ်။ အထူးသဖြင့် ကလေးဝတ်

များများယူသွားပါတယ်။ ကလေး ကလည်းပေါမှပေါပါဘဲ။ အကျင်္ ီလေး တွေကတန်ဖိုးမကြီးပေမယ့်

အသစ်လေးတွေ အရောင်လွင်လွင်လေးတွေဆိုတော့ ရတဲ့သူအားလုံးပျော်ကြပါတယ်။

ပထမဆုံးပေးတဲ့ နှစ်မှာ အထည် ၂၀ဝ လောက်ပေးတာကို ဝိုင်းလုလိုက်ကြတာ ရတဲ့လူကလည်း

၄- ၅ ထည် ၊ မရတဲ့လူကလည်း ရှုံ့ရှုံ့မဲ့မဲ့ပေါ့။

နောက်ဒုတိယနှစ်သွားတဲ့အခါ အားလုံးကို ၁ဝ ယောက်တန်းစီခိုင်းပြီး တစ်တန်းစီပေးသွားပါတယ်။

အဲဒီမှာ ဘာတွေ့ရလဲ ဆိုတော့ ပထမပေးပြီးတဲ့ သူတွေက လစ်လောက်ပြီဆိုပြီး

နောက်တန်းတွေမှာ ထပ်စီတာပါဘဲ။ ဒီလို လည်သူစားတမ်း စရိုက်တွေကို ဘယ်လိုပျောက်အောင်

လုပ်ရပါ့မလဲလို့ တိုင်ပင်ကြရပြန်ပါတယ်။

တတိယနှစ်ကျတော့ အကုန်လုံးကို ၁ဝ ယောက်တန်းစီပြီး

ထိုင်ထားခိုင်းပါတယ်။ အားလုံးမပြီးမချင်း မထရဘူးဆိုပြီး အလုပ်သမားကြီးတွေက

စောင့်ကြပ်ပေးပါတယ်။ အဲဒီတော့ ညီညီမျှမျှ ရသွားကြပါတယ်။ ဒါလောက်နဲ့တော့ သူတို့ကို

ရုပ်ဝတ္ထုပေးရာဘဲ ရောက်မယ်။ စိတ်ဓာတ်အင်အားပေးဖို့ စဉ်းစားကြံဆရပြန်ပါတယ်။

အဲဒီနှစ်မှာ သူငယ်ချင်း မေအေးဦးရဲ့ 2000 Group မှာဝင်ဖြစ်တော့ လူတွေရဲ့အဆင့်မြှင့်ပေးချင်ရင်

ပညာနဲ့စိတ်ဓာတ် မြှင့်မှဖြစ်မယ်လို့ သဘောပေါက်လာပါတယ်။

ဒါကြောင့် မေအေးဦးနဲ့အဖွဲ့ကိုဖိတ်ပြီး ယဉ်ကျေးလိမ္မာသင်တန်းလေးတစ်ခုနဲ့

အခမဲ့ဆေးခန်းလေးလုပ်ဖြစ်ပါတယ်။ ကလေးတွေခေါင်းထဲ

အထိုက်အလျှောက်တော့ဝင်သွားမယ်လို့မျှော်လင့်ပါတယ်။ နောက်နှစ်နွေမှာပြန်တွေ့တော့

သင်ပေးထားတာတွေ ခေါင်းထဲကျန်တဲ့ကလေးလည်းကျန်၊ မကျန်တဲ့ကလေးလည်းမကျန်ပေါ့လေ။

အမှန်တော့ နှစ်စဉ်နှစ်စဉ် သင်တန်းလေးလုပ်ပေးနိုင်ရင် ပိုကောင်းမှာပါ။ အခြေနေမပေးသေးလို့

ထပ်လုပ်ခွင့်မရသေးပါဘူး။

မနှစ်ကတော့ ကျမတို့ ကလေးတွေ စုမိတာနဲ့ အတန်းအကြီးဆုံးကလေးကို

ဦးစားပေးခေါ်လိုက်ပါတယ်။

ရ တန်း ၂ယောက်ထွက်လာတော့ အဝတ်တွေထဲက အကောင်းဆုံးပေးရွေးလိုက်ပါတယ်။

နောက်ထပ် ၆ တန်း ၊ ၅ တန်း ၊ ၄ တန်း ၊ ၃ တန်း ၊ ၂ တန်း ၊ သူငယ်တန်းဆိုပြီး

ပေးသွားလိုက်ပါတယ်။ ပညာအရည်အချင်း အမြင့်ဆုံးသင်ယူနိုင်တဲ့သူဟာ ဦးစားပေးခံရမယ်

ဆိုတာ ကလေးတွေရော မိဘတွေပါ နားလည်အောင် ထပ်ရှင်းပြလိုက်ပါသေးတယ်။ ကလေးတွေ

လုယူချင်တဲ့စိတ်မရှိတော့ပါဘူး။ မျှမျှတတရမယ်ဆိုတာ သိလာပါတယ်။

ဒီနှစ်မှာတော့ အစီအစဉ်တစ်မျိုး ထပ်ပြောင်းလိုက်ပါတယ်။ ပထမဆုံး

သူငယ်တန်းကလေးတွေခေါ်ပြီး သင်ထားတဲ့ စာတွေမေးကြည့်ပါတယ်။

ကျမတို့ရောက်တဲ့အချိန်က နွေရာသီဆိုတော့ စာမေးပွဲဖြေပြီး အောင်စာရင်းမထွက်သေးခင် ဧပြီ ၁

ရက်နေ့မှာပါ။ သူငယ်တန်းကလေး ၁၅ ယောက်လောက်မှာ ၁ဝ ယောက်က

မေးလို့ဖြေနိုင်ကြပါတယ်။ ၅ ယောက်လောက် ကကြီး ခခွေးတောင် ဖြောင့်အောင်မဆိုတတ်တဲ့

ကလေးလဲတွေ့ရတယ်။ ၁ နဲ့ ၃ ပေါင်းရင် ဘယ်လောက်ရမှန်းမသိတဲ့ ကလေးလဲ တွေ့ရပါတယ်။

ဖြေနိုင်တဲ့ ကလေးတွေကို အကျင်္ ီတစ်ထည်စီ ကြိုက်ရာ ရွေးယူခိုင်းပြီး သပ်သပ် တစ်တန်း စီခိုင်း

ထားလိုက်ပါတယ်။

စာဖြေနိုင်သူတွေရဲ့ အပြုံး

အဲဒီနောက် ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း အဆင့်ဆင့် သူတို့သင်ပြီးသား စာထဲကဘဲ

ရသင့်တာ လေး တွေမေးပြီး ဖြေနိုင်တဲ့သူက တစ်ဖက် ၊ မဖြေနိုင်တဲ့သူက တစ်ဖက်

ထားထားပါတယ်။ ဖြေနိုင်သူတွေက အကျင်္ ီတွေ ကြိုက်ရာ ရွေးယူပြီး ဝမ်းသာနေကြပါတယ်။

၃တန်းတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ ဘာစာဆိုပြရပါ့မလဲတဲ့။

၃တန်းမှာပထမလို့ သူ့အဖွားကပြောပါတယ်။စာလည်းတကယ်တတ်ပါတယ်။ဒါပေမယ့် ကြောက်ပြီး တုန်နေလို့ ချော့ပြီးမှ ဖြေခိုင်းရပါတယ်။ကလေးတွေကို အရာရာမကြောက်ကြဖို့လည်း သင်ပေးဖို့လိုပါသေးတယ်။

ဓာတ်ပုံထဲက ကလေးကတော့ ပထမတန်း ကျောင်းသားလေးပါ။ သွက်သွက်လက်လက်လေး

ဖြေတဲ့ကလေးမို့ တစ်ခါတည်း အကျင်္ ီ၂ ထည် ဆုရသွားပါတယ်။
စာကိုသွက်သွက်လက်လက်ဖြေနိုင်တဲ့ ပထမတန်းကျောင်းသားလေးပါ။သူ့အကျီင်္နွမ်းပေမယ့် မျက်လုံးမှာ မျှော်လင့်ချက်တွေ လင်းလက်နေပါတယ်။

ကျမကျောင်းထားပေးတဲ့ကလေးပါ။ သူလေးက ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာကိုရွတ်ပြသွားပါတယ်။မနှစ်ကပေးခဲ့တဲ့ အကျီင်္လေးဝတ်လို့ပေါ့။
ကျမကျောင်းထားပေးတဲ့ကလေးပါ။ သူလေးက ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာကိုရွတ်ပြသွားပါတယ်။မနှစ်ကပေးခဲ့တဲ့ အကျီင်္လေးဝတ်လို့ပေါ့။

ဒီသားလေးက ဗိုလ်ချုပ်အောင်ဆန်းကဗျာ ရွတ်ပြသွားပါတယ်

၆တန်းနဲ့ ရတန်းသားကြီးတွေ၊မြစ်ကို အင်္ဂလိပ်လိုဘယ်လိုခေါ်သလဲဆိုတော့ Rice ဆိုလို့ စိတ်နည်းနည်းလေသွားရသေး။နောက်မှ ပြန်ပြင်ပြီး River တဲ့။

လက်သည်းတွေ သန့်ရှင်းရေးစစ်လိုက်တော့

၆ တန်း ၊ ရ တန်း အပြီးမှာတော့ ကျောင်းနေတဲ့ ကလေးကုန်သွားပါတယ်။ အကျင်္ ီတွေကလည်း

ကျန်သေးတော့ မဖြေနိုင်တဲ့ ကလေးတွေလည်း သနားလို့တစ်ထည်စီဝေအပေးမှာ ဆုရပြီးသား

ကလေးမလေးတစ်ယောက်က ဒီဘက်တန်းထဲ လာ ထိုင်နေတာ မိလိုက်ပါတယ်။

သူတို့လေးတွေမျက်နှာက သူတို့ရဲ့ဘိုးဘွားကတည်းက ကျမတို့နဲ့ရင်းနှီးတဲ့

မျက်နှာပေါက်တွေဆိုတော ့မြင်တာနဲ့ ဒါဘယ်သူ့အဆက်အနွယ်လည်း တန်းသိပြီးမှတ်မိတာပေါ့။

ဒါနဲ့ “ဟဲ့ဒီသမီးကရပြီးသားမဟုတ်လား၊ ဘာလို့ဒီမှာ လာထပ်တန်းစီရတာလဲ”လို့ ဆူလိုက်တော့

ဘေးကအတင်းခိုင်းပုံရတဲ့ သူ့အဒေါ်ကို ရှက်ရှက်နဲ့ဆိတ်ဆွဲ ထုရိုက်ရှာပါတယ်။ ကျမလဲ

သူကလေးရဲ့အဒေါ်ကို တော်တော်ဆူလိုက်ပါတယ်။ “ကလေးတွေကိုမကောင်းတဲ့ စိတ်ဓာတ်တွေ

မသွင်းကြပါနဲ့”လို့ မှာခဲ့ရပါတယ်။

ဘုစုခရုက တစ်ထည်စီ

အားလုံးလည်း အားကျအောင် ဆုရပြီးသားကလေးတွေကို ထပ်ပြီးတစ်ထည်စီပေးတော့

ကိုယ်ဖြေပြီးသားအတန်းက ရသင့်ရထိုက်တဲ့စာမရတဲ့ကလေး ကျောင်းမတက်တဲ့ ကလေးတွေ

အင်္ကျ ီတစ်ထည်စီရချိန်မှာ ကျောင်းစာကိုဖြေနိုင်တဲ့ ကလေးတွေက ၂ ထည် ၃ ထည်စီရလို့

အူမြူးနေကြပါတယ်။

ဆုရပြီးသူတွေက နောက်တစ်ကြော့ဆိုတော့ မတူတဲ့အရောင်လေးရှာပေးရတယ်။

အဲဒီထဲမှာ ၂ ခါပြန်တန်းစီမိတဲ့ ကလေးမလေးခမျာ

ရှက်ပြီးခေါင်းကြီးငုံ့နေရှာပါတယ်။

ကျမက “သမီး မှန်မှန်ကန်ကန် နေရင်လည်း အင်္ကျ ီထပ်ရမှာပဲ။ နောင်ဆိုရင် အဲဒီလိုမမှန်တာကို

လူကြီးခိုင်းလည်း မလုပ်ရဘူးနော်”လို့ မှာခဲ့ပါတယ်။

ဒီထဲမှာ စိတ်မကောင်းစရာက ဘုစုခရု ကျောင်းမနေသေးတဲ့ ကလေးတွေနဲ့ စာမဖြေနိုင်တဲ့

ကလေးတွေကြားမှာ ၁၃-၁၄ နှစ် အရွယ် အပျိုပေါက်မလေးတွေ့လို့

ကျောင်းမနေဘူးလားမေးတော့“ ၄တန်းနဲ့ထွက်လိုက်ပြီ”တဲ့။ “ဘယ်သူ့သမီးလဲ

ဘာလို့ကျောင်းမနေလဲ” မေးတော့ သူ့အမေထွက်လာပါတယ်။ သူ့အမေ နီနီမာဆိုတာ

ကျမတို့အဖေအလုပ်လုပ်နေချိန်က မြို့ဘက်ကမ်းနဲ့ ဆီစက်ဖက်ကမ်းကို သမ္ဗာန်ခပ်တဲ့

သမ္ဗာန်ဆရာကြီးရဲ့သမီးပါ။ ကျမထက်ငယ်ပေမယ့် ကစားဖော်လို့ပြောလို့ ရပါတယ်။

“နီနီမာ ၊ကလေးကိုဘာလို့ ကျောင်းမထားလဲ”လို့ ကျမဆူတော့

“ဆရာမကထားပေးမှာလား”လို့ မေးပါတယ်။

“ဟဲ့ငါကျောင်းထားပေးတဲ့ကလေးတွေ အများကြီးပါဟယ်။ နင်ကျောင်းမထားပေးနိုင်ရင်

ငါ့ကိုလာပြောရောပေါ”့လို့ဆူရပါသေးတယ်။

အဲဒီတော့မှ “အငယ် ၄ ယောက်ထားတယ်လေ သူ့ကိုတော့ခိုင်းရမယ်”လို့ပြောရှာပါတယ်။

ကဲဘယ်လိုလုပ်ရပါမလဲ။

အရင်တုံးက ကျမကျောင်းထားပေးတဲ့ ကလေးတွေ ဘာလို့ကျောင်းဆက်မတက်ကြတော့လဲ ဆိုတာ

ခုတော့ ကျမ သဘောပေါက်စပြုလာပါပြီ။ကလေးတွေ ကျောင်းစားရိတ်ကလည်း ကြီးလာပါတယ်။

ကျူရှင်မထားရင်လည်း မအောင်နိုင်ပါဘူး။ ဒါ့အပြင် ကလေး ကျောင်းစားရိတ်ကို

အပြင်လူကထောက်ပံ့ပေးရုံနဲ့တော့ ခိုင်းလို့ရလောက်တဲ့ အရွယ်သားသမီးကို

ကျောင်းမထားပေးနိုင်ကြပါဘူး။စားဝတ်နေရေးအတွက် ဒီကလေးကိုပါ ခိုင်းမှ ထမင်းနပ်မှန်သလို

ပညာရေးဆိုတာကိုလည်း တန်ဖိုး မထားချင်ကြတာပါပါတယ်။

ကျမရဲ့ ရွာဆန်ဆန် ရပ်ကွက်လေးလို ရွာလေးတွေ မြန်မာတစ်ပြည်လုံး ဘယ်လောက်များ

များနေပါမလဲ။တွေးမိရင် ရင်လေးပါတယ်။

အကျီင်္တွေ အားလုံးပေးပြီးတော့ ကလေးတွေကို “ လိမ္မာတဲ့ကလေးလေး ဖြစ်အောင်ကွယ်

ဒို့တွေအမြဲကြိုးစားမယ်” ဆိုတဲ့ သီချင်းလေးသံပြိုင်ဆိုခိုင်းပြီး သိမ်းခဲ့ပါတယ်။

ကလေးတွေကိုပြန်ခါနီး “နောက်နှစ်လာရအုံးမလား”လို့မေးတော့ “လာခဲ့ပါဆရာမ”တဲ့

ဝိုင်းအော်ကြပါတယ်။ “လာစေချင်ရင် စာတွေသေချာဖတြ်ကပေါ”့ဆိုတော့

ချာတိတ်တစ်ယောက်က “နောက်နှစ်ကျရင် စောစောလာခဲ့ပါ ဆရာမ၊

ဒါမှစာတွေမေ့မသွားအောင်လို့”တဲ့။

ကဲ ကလေးတွေနဲ့တော့ အပေးအယူလုပ်ခဲ့ ပါပြီ။

နောက်နှစ်ခါကျရင် ဘယ်လိုနေမလဲ စောင့်ကြည့်ရပါအုံးမယ်။ တစ်နှစ်မှ တစ်ခါဆိုတော့

တိုးတက်မှုကိုတော့ သိပ်မျှော်လင့်လို့ မရပါဘူး။ ဒီထက်ပိုပြီး ပညာရေးအလေးပေးလာအောင်နဲ့

စာရိတ္တကောင်းလာအောင် ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာ အကြံပေးကြပါအုံး။

76 comments

  • htoosan

    July 27, 2012 at 6:06 am

    တိတ်တိ်တ်လေးဘဲ လက်မထောင်ပြီး အားပေးခဲ့ပေမဲ့ ဆရာသစ် မန့်တာတွေ့လို့ အန်တီရေ .. အန်တီ့ပိုစ်ကလည်း အလွန်ကောင်းသလို ဆရာသစ်မန့်တာလည်း အလွန်ကောင်းကြောင်း မပြောဘဲ မနေနိုင်တော့လို့ပါ။

Leave a Reply