မှားနေတဲ့အမှားတွေ

ကင်ဇို။ ဇွန်လ ၂၈၊ ၂၀၁ဝ ရိုးမ ၃ သတင်းဌာန
ကျ နဲ့ ကြ
ဒီစာလုံးနှစ်ခုကို တော်တော်လေးမှားတတ်ကြတယ်။ ဆိုကြပါစို့ …
သူ့ကျတော့၊ ငါ့ကျတော့၊ ကျနော့်အမြင်ကျတော့၊ သူ့အမြင်ကျတော့၊ ဆိုတဲ့အခါကျတော့၊ အဲဒီအခါကျတော့၊
(လုပ်နေကျ ကိုင်နေကျ = လုပ်လေ့လုပ်ထ) ဆိုတာမျိုးကို ကြ နဲ့ မှားရေးကြတယ်။ ဒါ သတိပြုသင့်တယ်။ ဒီလိုပဲ
သွားကြတယ်၊ လာကြတယ်၊ နေကြတယ်၊ ရှိကြတယ် ဆိုတာမျိုးကို ကျ နဲ့ မှားရေးကြပြန်ရော။ ဆိုတော့
ဒီလိုမှတ်ပါ။ ညွှန်းတဲ့သဘောသုံးရင် ကျ နဲ့ ရေးပါ။ ဥပမာ သူ့ကျတော့ ဆိုတဲ့စာစုမှာ ကျ က သူ့ ဆိုတဲ့ ရှေ့က
ပိုင်ဆိုင်မှုနာမ်စားကို ညွှန်းတာဖြစ်တယ်။ “အဲဒီအခါကျတော့” ဆိုတဲ့စာစုမှာလည်း ဒီအတိုင်းပဲ။ ဒီမှာ ချွင်းချက်
ပြောချင်တယ်။ “လိမ့်ကျပြီ” ဆိုတာနဲ့ “လိမ့်ကြပြီ” ဆိုတာကိုလည်း မှတ်သင့်တယ်။ တစ်နေရာရာက
လိမ့်ကျတာကို ပြောတာလား။ ဗန်းစကားနဲ့ သွားကြပြီလို့ ပြောတာလားဆိုတာကို သဲကွဲအောင်
သဘောပေါက်ဖို့လည်းလိုတယ်။ လိမ့်ကျတယ်၊ ပြုတ်ကျတယ်၊ ဒလိမ့်ခေါက်ကွေးကျတယ် ဆိုတာမျိုးတွေကို ကြ
နဲ့ ရေးရင် မှားပြီမှတ်။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ” ဆိုတဲ့စာစုကိုကြည့်ပါ။ “သူတို့ လုပ်နေကျ ကိုင်နေကျပါ”
ဆိုတဲ့ ဆိုလိုရင်း အဓိပ္ပါယ်က အမြဲတမ်းလုပ်တဲ့ သဘောကို ပြောတာဖြစ်တယ်။ ဒါကို “သူတို့ လုပ်နေကြ
ကိုင်နေကြပါ” လို့ ရေးရင် အဓိပ္ပါယ်ကို မရှိတော့ဘူး။ မှားပြီး။ ရှေ့မှာ ပြောခဲ့ပြီးဖြစ်တယ် အညွှန်းသဘောပါရင်
ကျ ကို သုံးပါ။ စားကြတယ်၊ သွားကြတယ်၊ စုပေါင်းလုပ်ကိုင်ကြတယ်၊ စုပေါင်းသွား ကြတယ် စသည်ဖြင့်
အများသဘောပါရင် ကြ ကိုသုံးပါ။
ဆိုတော့ကာ အလွယ်မှတ်ချင်ရင် ကိုယ့်ဘာသာကိုယ် ဒီလို လင်္ကာဖောက်ထား “ညွှန်းတဲ့ အခါ ယပင့် ကျ၊
များရင် ယရစ် ကြ” ။
ကျ နဲ့ ကြ မှာ တခြား အဓိပ္ပါယ်တွေလည်း ရှိသေးတယ်။ ဒါလည်း သဲကွဲအောင် လေ့လာပြီး
မှတ်ထားရလိမ့်မယ်။
မဲ့ နဲ့ မယ့်
ဒါလည်း ဒီလိုပဲ။ မှားတာပဲ။ စာအုပ်တော်တော်များများမှာ ဒါကို မှားနေတယ်။
လုပ်ရမယ့်၊ ကိုင်ရမယ့်၊ စားရမယ့်၊ သောက်ရမယ့် ဆိုတဲ့ အဓိပ္ပါယ်မျိုးကို မဲ့ နဲ့ စာလုံးပေါင်းရင် မှားပြီ။
ကိုယ်ပြောချင်တာ ဘာလဲ။ လုပ်ရမယ့် အလုပ်တွေ၊ စားရမယ့် အစားတွေ၊ သောက်ရမယ့် အရက်တွေ
(သောက်တာများရင်လျှော့ကြပါ) အဲဒါမျိုးပြောချင်ရင် ဆိုလိုတာက ကြံရွယ်ချက်ပါရင် မယ့် နဲ့
စာလုံးပေါင်းရမှာဖြစ်တယ်။
တနည်း စားရမဲ့ သောက်ရမဲ့ ဆိုတဲ့ မရှိတဲ့သဘောကို ပြောချင်တယ်ဆိုရင်တော့ မဲ့ နဲ့
စာလုံးပေါင်းရမှာဖြစ်တယ်။
မဲ့ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က မရှိခြင်း ပျက်ကွက်ခြင်း ဆိုတာကို ရည်ညွန်းတာဖြစ်တယ်။ “နအဖဟာ
တရားဥပဒေမဲ့ အုပ်ချုပ် နေတာဖြစ်တယ်” ဆိုတဲ့ဝါကျကိုကြည့်ပြီး နားလည်နိုင်တယ်။ တခြား အဓိပ္ပါယ်တွေလည်း
ရှိသေးတယ်။ မဲ့ကာရွဲ့ကာတို့ ရွဲ့မဲ့နေတာပဲတို့ ပေါ့။ ဒါကိုလည်း သတိပြုရမယ်။
မယ့် ဆိုတာကတော့ ကြံရွယ်ချက် သဘောပါတယ်။ ဥပမာ “လုပ်ရမယ့်အလုပ်ကို လုပ်မှပေါ့” ဆိုတဲ့စာစုမှာ
မယ့် ဆိုတာက ကြံရွယ်ချက်သဘောကို ဖော်ပြတာဖြစ်တယ်။
ဆိုတော့ကာ ဒီလို အလွယ်မှတ်ပါ “မရှိသဘော နောက်ပစ်နှော၊ ကြံရင် ယပက်လက်ပြော”
မယ့် ဆိုတဲ့စကားလုံးမှာ သီးခြားအဓိပ္ပါယ်ရှားပါတယ်။ မဲ့ ကိုတော့ အဓိပ္ပါယ် ပြည့်စုံအောင်
လေ့လာမှတ်သားထားရင် မမှားတော့ဘူးပေါ့။
ပဲ = လည်းပဲ = ချည်းပဲ နဲ့ ဘဲ
ဒါလည်း တော်တော်မှားတယ်။
သူလည်းပဲ၊ ငါလည်းပဲ၊ သွားလည်းပဲ၊ စားလည်းပဲ စသည်ဖြင့် စကားလုံးတွေကို ပဲ နဲ့ ရေးရမှာဖြစ်တယ်။
သဘောက ယှဉ်တွဲစပ်ဆက် ပြောလိုတဲ့အခါမှာ ပဲ ကို သုံးရမှာဖြစ်တယ်။ ဥပမာ “စားလည်းပဲ ဒီစိတ်” ဆိုတာကို
“စားလည်းဘဲ ဒီဆိတ်” ဆိုတာမျိုး မှားရေးရင် ရယ်စရာဖြစ်ပြီ။
“ဂျင်းဝက်ဘ်ပြောနေတာ တစ်ကောင်ကြွက်လေသံပဲ” ဆိုတဲ့ဝါကျကို ဘဲ နဲ့ မှားမရေးမိပါစေနဲ့။ (ဒါမျိုးက
စာလုံးပေါင်းမှန်မှ ဆရာဦးဝင်းတင် လေသံအတိုင်း အရသာရှိရှိဖတ်လို့ကောင်းမှာ ဖြစ်တယ်။)
မရှိဘဲနဲ့၊ မသိဘဲနဲ့၊ မလုပ်ဘဲနဲ့ ဆိုတာမျိုး ငြင်းတဲ့သဘောပါတဲ့ စကားလုံးမျိုးသုံးချင်ရင် ဘဲ နဲ့
စာလုံးပေါင်းရမယ်။
ဆိုတော့ကာ ဒီလို အလွယ်မှတ်ပါ “ယှဉ်တွဲစပ်ဆွဲ ပစောက် ပဲ၊ ငြင်းရင် ဘကုန်း ဘဲ”
ပဲ နဲ့ ဘဲ ရဲ့ တခြားအဓိပ္ပါယ်တွေလည်း လေ့လာမှတ်သားသင့်တယ်။ သို့သော် နည်းတယ်။ ပဲ နဲ့ ဘဲ ကို သဒ္ဒါ
အနက် ရှင်းရှင်းနားလည်ဖို့ လည်းလိုတယ်။
လဲ နဲ့ လည်း
မှားတတ်တဲ့အမှားတွေထဲမှာ ဒါလည်းပဲ တော်တော်များတယ်။
ဘာလုပ်နေလဲ၊ ဘယ်သွားမလို့လဲ၊ ဘယ်နေ့လဲ၊ ဘာဖြစ်တာလဲ၊ လဲကျသွားပြီ၊ လဲလှယ် စသည်ဖြင့်
စကားလုံးတွေအတွက် လဲ နဲ့ ရေးပါတယ်။ ဆိုတော့ အများအားဖြင့် အမေးသဘောပါရင် လဲ ကိုသုံးတယ်လို့
အလွယ်မှတ်သင့်တယ်။
ဒါလည်းပဲ၊ ဟိုတုန်းကလည်းပဲ၊ ဒီဟာကလည်းပဲ၊ ကျနော်လည်းပဲ၊ “နအဖလည်း ပြုတ်ကျ၊ ပြည်သူလည်း ဝမ်းသာ၊
တိုင်းပြည်လည်း ချမ်းသာ” စသည်ဖြင့် ဆင့်ကဲဆင့်ကဲဆက်စပ် ပြောချင်တဲ့အခါမှာ လည်း ကို သုံးတယ်။ နာမ်နဲ့
ကြိယာတွေကို ဆက်ပေးတာလည်းဖြစ်တယ်။ ဒါကို ပုဒ်ဆက် လို့လည်း ခေါ်တယ်။
နောက်အသုံး တနည်းက “ဗိုလ်ချုပ်စိုးဝင်းအသုဘတုန်းက သန်းရွှေလည်း လမ်းကြုံတုန်း
ခေါင်းထဲတခါတည်းလိုက်သွားရမှာ” ဆိုတဲ့ ဝါကျမျိုး ပြောလို ရေးလိုတဲ့အခါ လဲ နဲ့ မှားမရေးမိဖို့လိုတယ်။
(သတ်ပုံမှားရေးနေကြရင် သွားရမယ့်သူ လမ်းကြောင်းဖြောင့်မှာ မဟုတ်ဘူးလေ။)
ဆိုတော့ စာအုပ်ဖတ်တိုင်း (အထူးသဖြင့် စာလုံးပေါင်းမှန်တဲ့စာအုပ်) ဖတ်တိုင်း လည်း နဲ့ လဲ
ဘယ်လိုသုံးသွားသလဲဆိုတာ လိုက်မှတ်ထားရင် အဆင်ပြေနိုင်တယ်။ နောက်ဆို အမှားတွေနည်းသွားမှာ
ဖြစ်တယ်။
လုပ်ချင်၊ ကိုင်ချင်၊ စားချင်၊ သွားချင်၊ လာချင်၊ နေချင် စသည်ဖြင့် ဆန္ဒပါတဲ့သဘောကိုသုံးတဲ့အခါ ချင် နဲ့
ရေးတယ်။
ခြင် ကတော့ ဆင်ခြင်၊ ခြင် စသည်ဖြင့် အသုံးတွေအတွက်ဖြစ်တယ်။ အထူးသဖြင့် ခြင် ဟာ နာမ် ဖြစ်တယ်။
ကြိယာ အသုံးမရှိဘူး။ ရှိရင်လည်း တခြားစကားလုံးနဲ့ တွဲသုံးလိမ့်မယ်။ သူ့ချည်းသက်သက် ကြိယာအနေနဲ့
မသုံးဘူး။
ချင်း နဲ့ ခြင်း
“ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်” ဆိုတာနဲ့ “ဆေးလိပ်သောက်ချင်းသည်
ကျန်းမာရေးကို ထိခိုက်နိုင် ပါသည်” ဆိုတာမှာ ရှေ့က ဝါကျက အမှန်ဖြစ်တယ်။ နောက်က ဝါကျလည်း
မှန်တယ်ပြောရင်ရတယ်။ ဒါပေမယ့် ဆိုလိုရင်းက လွဲပြီ။ ရှေ့က ဝါကျက ဆေးလိပ်သောက်ရင်
ကျန်းမာရေးထိခိုက်တယ်လို့ ပြောတာဖြစ်တယ်။ နောက်က ဝါကျမှာ စာလုံးပေါင်းမှားတော့ ဆေးလိပ်သောက်တဲ့
ချင်း လူမျိုး ကျန်းမာရေးထိခိုက်မယ်လို့ ပြောသလိုဖြစ်နေတယ်။ ကျန်တဲ့လူတွေ ဆေးလိပ်သောက်ရင်ပဲ ဘာမျှ
မဖြစ်တော့သလိုလို။
ချင်း = ချင်းလူမျိုး၊ ချင်း = ဂျင်း ဒီလိုလည်း အသုံးရှိတယ်။ ရဲဘော်ရဲဘက်ချင်း၊ အချင်းချင်း၊ လူချင်းလူချင်း
စသည်ဖြင့် နှိုင်းဖက်ယှဉ်တွဲ ဖော်ပြလိုတဲ့အခါမှာလည်း ခြင်း နဲ့ မှားမရေးမိဖို့လည်း ဂရုစိုက်သင့်တယ်။
ခြင်း ကတော့ ခြင်းတောင်း၊ ခြင်းလုံး၊ ခြင်း စသည်ဖြင့် နာမ်အသုံးတွေရှိသလို ကြိယာနာမ်အနေနဲ့လည်း
တော်တော်များများရှိတယ်။ ဆေးလိပ်သောက်ခြင်း၊ ဘိန်းရှူခြင်း၊ ဖဲရိုက်ခြင်း၊ အရက်သောက်ခြင်း စသည်ဖြင့်
စုံစုံလင်လင်လေ့လာထားရင် (စကားလုံးများကို လေ့လာဖို့ပြောတာ ဖြစ်တယ်၊ အလွန်အကျွံလုပ်မိနေရင်
ဆင်ခြင်ကြပါ) ဒီနှစ်လုံးကို မှားစရာ အကြောင်းမရှိတော့ဘူး။
၎င်း နဲ့ လည်းကောင်း
ဒီပြဿနာကလည်း မသေးလှဘူး။ တော်တော်လွဲတဲ့ပြဿနာ။
၎င်း ကို အကြောင်းအရာ၊ ဖြစ်စဉ်၊ လူပုဂ္ဂိုလ်၊ ပစ္စည်းပစ္စယ၊ တိရိစ္ဆာန် စတဲ့ ပြောခဲ့ပြီး ဖော်ပြခဲ့ပြီး
ရေးခဲ့ပြီးတဲ့ကိစ္စတွေကို ပြန်လည် ညွှန်ပြရာမှာ သုံးတာဖြစ်တယ်။
ဥပမာ – “သန်းရွှေ၏ အင်တာဗျူးမေးခွန်းအားမကြိုက်၍ ကြိုင်ကြိုင်က စီဒိုးနားဟော်တယ်ရှေ့ လူပုံလယ်တွင်
ပါးရိုက်လိုက်သည်။ ၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲချုပ်ခင်ရီမှ တရားလိုပြု၍ ရုံးတော်သို့ ….. ” ဆိုတော့ ဒီစာပိုဒ်မှာ
၎င်း က ရှေ့က ပါးရုက်တယ်ဆိုတဲ့ ဖြစ်စဉ်ကို ညွှန်ပြ တယ်။ ဒါကို လည်းကောင်း နဲ့ သုံးရင် ရေးရင် မှားတယ်။
နောက်ဥပမာ – “သန်းရွှေဟူသော မြန်မာပြည်မျိုးရင်းခွေးမျိုးကို မြန်မာနိုင်ငံအလယ်ပိုင်း
နေပြည်တော်ကြက်ပြေးတွင် ရှားပါးစွာတွေ့ရ လေ့ရှိသည်။ ၎င်း ခွေးမျိုးကို ….” ဒီစာပိုဒ်မှာလည်း ၎င်း က
ရှေ့မှာဖော်ပြပြီးဖြစ်တဲ့ သန်းရွှေဆိုတဲ့ ခွေးကို ပြန်လည်ညွှန်ပြတာကို တွေ့ရလိမ့်မယ်။
လည်းကောင်း ကိုတော့ ဒီလိုသုံးတယ်။
“ဗုဒ္ဓဘာသာသည်လည်းကောင်း ခရစ်ယာန်ဘာသာသည်လည်းကောင်း အစ္စလာမ်ဘာသာသည်
လည်းကောင်း စသည်ဖြင့် ကမ္ဘာပေါ် တွင်ထင်ရှားသော ကိုးကွယ်သည့်ဘာသာ (၁၁) ခုကို လူသားတို့
ကိုးကွယ်ယုံကြည်လျှက် ရှိကြသည်။” ကြည့်ပါ ဒီဝါကျမှာ တစ်ခုနဲ့ တစ်ခုကို ဆက်ပေးချင်တဲ့အခါ လည်းကောင်း
ကို သုံးတာဖြစ်တယ်။ ရှေ့မှာပြောခဲ့သလို ဒါလည်း ပုဒ်ဆက် တစ်မျိုးဖြစ်တယ်။ အရပ်သုံးစကားလုံး ကော တို့
ရော တို့နဲ့ အသုံးခပ်ဆင်ဆင်တူတယ်။
ဒီမှာ တစ်ခုပြောချင်တာက လည်းကောင်း နဲ့ ဆက်ရင် ( ၊ = ပုဒ်ကလေး ) ခံထားပေးစရာမလိုဘူး။
ချည်း နဲ့ ကြီး
ချည်း ဆိုတဲ့ စကားလုံး အဓိပ္ပါယ်က “တောက်လျှောက် = အမြဲတမ်း” ဆိုတဲ့ သဘောဖြစ်တယ်။
နောက်တစ်မျိုးက “မျှသာ = လောက်သာ” ဆိုတဲ့ သဘောအနေနဲ့လည်း သုံးတတ်တယ်။
ဥပမာ – “ခင်ဗျားတို့ချည်းစားမနေကြနဲ့ ကလေးတွေလည်းမျှကျွေးဦးမှပေါ့” ဒီဝါကျမှာ ကြီး နဲ့
ရေးမိရင်မှားတယ်။ ဆိုလိုရင်းကို သဘော ပေါက်ကြပေမယ့် အဓိပ္ပါယ်လေးနက်မှုကို ချင့်ချိန်တဲ့အခါတော့
အားနည်းသွားတာပေါ့။
နောက်ဥပမာ – “သူတို့ချည်း သွားနေကြတယ်၊ ငါတို့လည်း တခါတလေတော့ သွားချင်တာပေါ့”
ဒီဝါကျမှာတော့ ချည်း ကို “တောက်လျှောက် = အမြဲတမ်း” ဆိုတဲ့ သဘောနဲ့သုံးတာဖြစ်တယ်။
နောက်ဥပမာ – “တောင်အာဖရိကတော်လှန်ရေးလည်းပြီးရော အေအင်န်စီ
ခေါင်းဆောင်တွေချည်းချမ်းသာသွားတယ် လူထုကတော့ ဖွတ်ကျောပြာစုပ” (ဒါ တော်လှန်ရေး
ခေါင်းဆောင်တွေကို မလိုမုန်းထားပြောကြတာပါ။ ဘယ်လိုဖြစ်ဖြစ် ထားတော့) ဒီဝါကျမှာတော့ ချည်း ကို “မျှသာ
= လောက်သာ” ဆိုတဲ့ သဘောနဲ့သုံးတာဖြစ်တယ်။
ဒီတော့ကာ ချည်း အသုံးကို သဘောပေါက်ရင် ကြီး နဲ့ မှားရေးမိစရာ မလိုတော့ဘူး။
မျှ နဲ့ မှ
မျှ ဆိုတာ အရေအတွက် ပမာဏတွေကို ဖော်ညွှန်းတာဖြစ်တယ်။ မှ ဆိုတာကတော့ သဒ္ဒါမှာ
ထွက်ခွါရာပြဝိဘတ် (ထွက်ခွါတဲ့ နေရာကို ညွှန်းတဲ့စကားလုံး) လို့ ဘာသာပြန်တယ်။
ဒါကို အသုံးမှားရေးနေတာ မကြာမကြာတွေ့နေရတယ်။
ဥပမာ – “နအဖ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ တရားမျှတမှု ဘယ်လောက်မျှမရှိဘဲနဲ့ ဗိုလ်ချုပ်ကျော်ဆန်းက
နိုင်ငံတကာကို ကြွားလုံး ထုတ်နေသေးတယ်” နဲ့ “ပြန်ကြားရေးဝန်ကြီးလို့သာပြောတယ် သူ့မျက်နှာက
ပြောင်စပ်စပ်နဲ့ ဘယ်လိုမျှကြည့်မကောင်းဘူး” ဆိုတော့ ဒီလို ပမာဏ အချိန်အဆကိုညွှန်းတဲ့
ဝါကျမျိုးတွေရေးတဲ့အခါမှာ မှ နဲ့ မှားရေးတာကို ရှောင်ဖို့လိုတယ်။ သို့သော် အရပ်သုံး စကားမှာတော့ မှ ကိုပဲ
အသုံးတွင်ကျယ်နေပြီ။ (တတ်နိုင်သလောက် မျှသင့်တာတော့မျှကြပါ မှသင့်ရင်မှကြပါလို့။)
ကော နဲ့ ရော
ဒါတော့ အရပ်သုံးမှာကော စာအသုံးမှာ နှစ်ခုလုံးကို အသုံးတွင်ကျယ်နေပြီဖြစ်လို့မို့ အထူးမပြောတော့ ဘူး။
ဥပမာ – “ဗိုလ်ချုပ်မှူးကြီးသန်းရွှေကော သူ့စစ်အုပ်စု ခေါင်းကြီးပိုင်းတစ်ခုလုံးဟာ တိုင်းပြည်ကို
ချောက်ထဲတွန်းချနေတာပဲ”
နောက်တစ်မျိုး – “ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော သူ့စစ်အုပ်စု ခေါင်းကြီးပိုင်းတစ်ခုလုံးဟာ တိုင်းပြည်ကို
ချောက်ထဲတွန်းချနေတာပဲ” ဘယ်လိုရေးရေး မှားစရာကိုမရှိဘူး။ လူတိုင်းသဘောပေါက်ပြီးသားလေ။
အချုပ် (စာကြွင်း)
ကဲ မှားနေတဲ့အမှားတွေကို တတ်နိုင်သလောက် မြင်သလောက် ပါးပါး သွက်သွက် ဆတ်ဆတ်ကလေး
ပြောပြလိုက်ပါပြီ။ ဒါတွေကို ဘယ်အဘိဓါန် ဘယ်ပုံနှိပ်စာအုပ်ထဲမှာမှ သွားမရှာကြပါနဲ့
အတိအကျတွေ့လိမ့်မယ်မဟုတ်ဘူး။ တွေ့နေကျ မြင်နေကျ မှားနေကျအမှားတွေကို ကိုယ့်အနုမာနနဲ့ကိုယ်
ဆင်ခြင်ပြီးပြောတာဖြစ်တယ်။ တစ်ခုတော့ရှိတယ် တော်ရမ်းတွေလျှောက်ပြော လျှောက်ရေးတာတော့မဟုတ်ဘူး။
ပညာတတ် ကြီးတွေသာ ထပ်ဖြည့်ပေးရင် အားလုံးအတွက် အကျိုးများမှာဖြစ်တယ်။
နောက် တလွဲတွေးနိုင်တာတစ်ခုရှိသေးတယ်။ ကင်ဇိုဆိုတဲ့ကောင်ဟာ ကရင်တစ်မတ် ရှမ်းတစ်မတ်
ဗမာတဝက်မို့ ဗမာဖက်လိုက်ပြီး ဗမာစာ စာလုံးပေါင်းမှားနေတာတွေကို အရေးတယူလုပ်ပြောနေတယ်လို့တော့
မထင်စေချင်ဘူး။ ကင်ဇိုက ဒီစာကို ဗမာတွေပဲပိုင်တဲ့စာလို့ မထင် ဘူး။ ဒါ
တစ်တိုင်းပြည်လုံးပိုင်တဲ့စာဖြစ်တယ်လို့ပဲ ခံယူတယ်။ အများအားဖြင့်လည်း ဒီစာ ဒီစကားကိုအသုံးချပြီး
သတင်းတွေဖလှယ်ကြ၊ အမြင်တွေစု စည်းကြ၊ သဘောထားတွေတောင်းခံကြ၊ စာအုပ်စာတမ်းတွေ
ထုတ်ဝေဖြန်ချိကြ လုပ်နေကြ ကိုင်နေကြတာဖြစ်တယ်။ ဒီတော့ကာ စာပေးသူက စာဖတ်သူကြားကို တွေ့နေကျ
မြင်နေကျ စကားလုံး စာလုံးတွေနဲ့ ဖော်ပြပေးမှသာ အမြင်မထောက်၊ အမြင်ကြည်လင်၊ အမြင်ရှင်းလို့ လိုရာလို
ကြောင်းကို အောင်ကြောင်းဖြာဖြာ ရောက်နိုင်ကြမယ်မဟုတ်ပါလား။
နောက်တနည်းကလည်း အမှားကြာတော့ အမှန်ဖြစ်၊ အမှန်ဖြစ်တော့ နောင်လာနောင်သားတို့ ဒီအမှားကြီးကိုပဲ
အမှန်တွေထင်လို့ အမှား သံသရာကြီးထဲ နစ်သည်ထက်နစ်ရင်ဖြင့်ဆိုတဲ့ ရင်လေးဖွယ်ရာအတွေးကမ္ဘာကြောင့်
ကလောင်အဖုံးဖွင့်လို့ မောင်ဘုန်းပွင့် လုပ်လိုက်ရတာဖြစ်ပါ တယ်။
ဒီတော့ကာ ဘယ်သူတွေမှားနေသလဲ။ မှားနေသူတွေ မြန်မြန်ပြင်ကြပါ။ အမှားသံသရာဝဲဩဃထဲက
လွတ်ကင်းနိုင်ကြပါစေ …….

One comment

  • etone

    June 30, 2010 at 2:28 am

    ပြသနာပဲနော်မြန်မာစာပြန်လာသင်နေတယ် ။

Leave a Reply