အိမ်နီးချင်း

manawphyulayJuly 9, 20121min45824

ရပ်ကွက်လေးအတွင်းသို့ ဂျပန်ပြန် ဂီဂီနှင့် သူ့အမျိုးသမီး ဖရဲမတို့နဲ့အတူ သားလေး အူးအူးတို့ ပြောင်းရွေ့လာခဲ့လေသည်။ ဒီရပ်ကွက်လေးထဲမှာ လုံးချင်းအိမ်လေး ငှားတယ်ဆိုတော့ ဂျပန်မှ ပြန်ရောက်ခါစ ဂီဂီတို့အတွက် အကြိုက်တွေ့သွားသလို ရပ်ကွက်ကလေးနဲ့ နေချင်သော ဖရဲမအတွက်လည်း အကွက်ဆိုက်သွားလေသည်။ ဂျပန်မှာသာ အလုပ်အကိုင်လည်းကောင်း၊
ကိုယ်တတ်သည့်ပညာနဲ့ ရတဲ့လစာကတော့ ကိုက်ညီလှတဲ့အတွက် အလုပ်လုပ်ရတာ အဆင်ပြေလှပေသည်။ ခုတော့ ရန်ကုန်မှာ အခြေချမယ်ဆိုတော့ ဘာလုပ်ရမလဲ စဉ်းစားဖို့က လိုလာပြန်ပြီ။

ရန်ကုန်မှာက ကိုယ့်ပညာနဲ့ လုပ်စားရတာကလည်း ပေးတဲ့လစာက မဖြစ်စလောက်နဲ့။ ဘယ်မှာလျှောက်ပြီး ဘာလုပ်ရမလဲဆိုတာကလည်း အလုပ်နဲ့ လစာက မကိုက်တာက များနေသလို
အလုပ်ကောင်းလေး၊ လစာလေးလည်း မဆိုးတဲ့နေရာကျပြန်တော့ နားရက်မရှိတဲ့ အလုပ်ဖြစ်ပြန်ရော။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရပြန်တော့လည်း ပါလာတဲ့ငွေလေးက အိမ်ငှားတာနဲ့
မိသားစုစရိတ်နဲ့ဆိုတော့ အရင်းအနှီးက နည်းနေပြန်တော့ ဘာလုပ်ရမှန်းမသိ။ လောလောဆယ်တော့ စဉ်းစားမိတာ တစ်ခုရှိတာလေးပဲ လုပ်ဖို့ ဆုံးဖြတ်ထားမိသည်။ ဘာလဲဆိုတော့ ဂျပန်မှာထဲက ရတနာပုံနေပြည်တော်သတင်းစာမှာ စာတိုပေစလေးတွေ ရေးသားပေးပို့နေကြဆိုတော့ ရန်ကုန်ရောက်တော့ ရတနာပုံနေပြည်တော်သတင်းစာက ကမ်းလှမ်းလာသည် တစ်နေ့ကို နှစ်ပုဒ်တော့ ရေးပေးဗျာဆိုတော့ စာရေးဆရာလုပ်စားဖို့ ဇာတာပါလာလေပြီ။ အမျိုးသမီး ဖရဲမကတော့ ရပ်ကွက်လေးက မဆိုးဘူး။ နေရတာ အဆင်ပြေမယ်ထင်တယ် အတွေးနဲ့ ပစ္စည်းများ နေရာတကျ ချထားနေသည်။ သားသားလေး အူးအူးကတော့ သူ့ကစားစရာတွေကို တစ်ပွေ့တစ်ပိုက်နဲ့ မရောက်သေးဘူး ဆော့ဖို့ ဟန်ပြင်နေလေရဲ့။

ခဏနေတော့ ရပ်ကွက်ဆိုတဲ့အတိုင်း ပြောင်းရွေ့လာတာ ဘယ်လိုလူတွေလဲ။ ဘယ်ကလဲ စပ်စုတဲ့ ဓလေ့အတိုင်း အိမ်တိုင်းစေ့က ခေါင်းတွေပြူတစ်ပြီး ကြည့်နေကြတာကို တွေ့ရသည်။ ပစ္စည်းတွေ နေရာချပြီး ခဏအမောဖြေတော့ မိန်းမက

“ကိုကိုဂီရေ… ”
“ဘာလဲဟ မောရတဲ့ကြားထဲ”
“ဪ ဘာမှမဟုတ်ပါဘူး။ မိဖရဲတို့ ဒီရပ်ကွက်လေးနဲ့ ရင်းနှီးသွားအောင် အိမ်တက်ကလေးတော့ လုပ်မှဖြစ်မယ်ထင်တယ်နော်”
“အေးပါ။ လုပ်ရမှာပေါ့။ ဘာကျွေးဖို့ စဉ်းစားထားလို့လဲ”
“အများကြီးလည်း မကုန်ကျအောင် အားလုံးလည်း စားလို့အဆင်ပြေအောင် ကြက်သားပလာတာကျွေးမလားလို့လေ… ရှင်ကော ဘယ်လိုလဲ”
“အေးဟ။ အဲဒါ မဆိုးဘူး။ ပါလာတဲ့ငွေက အိမ်စပေါ်တင်၊ အိမ်လခပေးနဲ့ ဘာမှသိပ်ကျန်တော့တာမဟုတ်ဘူး။ ဒါပဲ ကျွေးမယ်”
“ဒါဆို တစ်ရပ်ကွက်လုံး ဖိတ်မှာလား”
“အာ… တစ်ရပ်ကွက်လုံးတော့ မဖိတ်တော့ပဲ ငါတို့ရဲ့ အနီးအနား ဒီလမ်းထဲပဲ ဖိတ်ကြမယ်”
“အင်းလေ.. ဒါဆိုလည်း ကိုဂီ့သဘောပဲ”
“ဪ ဒါနဲ့ သားလေး အူးအူးကိုလည်း ဒီရပ်ကွက်နဲ့ နီးတဲ့ကျောင်းကို ပြောင်းဖို့ လုပ်ရဦးမယ်နော်”
“အေးပါ နောက်တော့ မေးမြန်းပြီး ပြောင်းတာပေါ့”

ဒီလိုနဲ့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး အိမ်တက်ဆွမ်းကျွေးကို ကြက်သားပလာတာနဲ့ ဧည့်ခံကြလေသည်။
ခေါင်းရင်းအိမ်က မိတိုက်ကတော့ အစောကြီး ရောက်နေပြီး ဝိုင်းဝန်းကူညီပေးလေသည်။ ခြေရင်းအိမ်မှာ အရက်သမား ကမ်းကြီးကတော့ ညက အမူးလွန်နေသောကြောင့် ဧည့်သည်ကုန်ခံနီးမှ ရောက်ရှိလာသည်။ တစ်အိမ်ကျော်မှ စက်ချုပ်သည့် ဖက်တီးမကတော့ သူ အကျႌချုပ်သည့်အကြောင်းကို စကားတွေ ဖောင်ဖွဲ့အောင် ပြောပါတော့သည်။ မျက်နှာချင်းဆိုင်အိမ်က မိစိန်ပေါက်လည်း လာသည်။ လမ်းထိပ်အိမ်က ဘယ်သူမှ မခေါ်မပြောပဲ နေတဲ့ ဒေါ်ဘလက်လည်း လာတာကို တွေ့ရသည်။ အကူညီလိုရင် ပြောနော် ဘာမှအားမငယ်နဲ့။ ဒီမှာက တစ်ဦးကို တစ်ဦး ဒီလိုပဲ ကူညီနေကြတာပါပဲ။ ဆိုပြီး ပြောရင်း မိတိုက်တစ်ယောက်ကတော့ ပန်းကန်တွေ သိမ်းဆည်းနေလေပြီ။
ဒီလိုနဲ့ အိမ်တက်ဆွမ်းကျွေးမှာ တစ်လမ်းလုံး စုံလင်စွာနဲ့ စကားတွေ ပြောရင်းနဲ့ ပြီးဆုံးသွားလေသည်။

နောက်တစ်နေ့ကျတော့ မနက်စောစော ကိုဂီအတွက် မနက်စာ ပြင်ဆင်ပေးပြီး ဖရဲမ ဈေးသွားဖို့ လုပ်ရသည်။ ဈေးသွားဖို့ အိမ်က ထွက်တော့ တစ်ဖက်အိမ်က မိတိုက်ကို မြင်တော့ အိမ်နီးချင်း လောကွက်လုပ်ရသည်။

“မမတိုက်… ဖရဲမ ဈေးသွားမလို့ ဘာမှာဦးမလဲ”
“အတော်ပဲ ဖရဲမရေ… နည်းနည်းမှာလိုက်ချင်လို့။”
“ရပါတယ်။ မမတိုက်ရဲ့ ဘာမှာ မှာလဲ”
“ကြက်သားလေးတစ်ခြမ်းလေး ဝယ်ခဲ့ပေးပါနော်။ ရော့ ပိုက်ဆံပါ တစ်ခါထဲ ယူသွားလိုက်ဦး”
“အမယ် မမတိုက်ကလဲ ပြန်လာမှ ပေးလည်းရပါတယ်။ အပန်းမကြီးပါဘူး။ ဖရဲမ ဝယ်ခဲ့လိုက်မယ် ဟုတ်လား”

ဒါနဲ့ ဈေးကိုရောက်ပြီး ကိုယ်ဝယ်ချင်တာ ဝယ်ပြီးလို့ ပြန်မယ်လုပ်တော့ ဪ မေ့မလို့ မမတိုက်မှာတာ ဝယ်ရဦးမယ်ဆိုပြီး ဝယ်ခြမ်းပြန်ခဲ့သည်။ မိတိုက်တို့အိမ်ရှေ့ရောက်တော့

“မမတိုက်ရေ…”
“လာပြီ ဖရဲမရေ… ထမင်းအိုးတည်နေတာ တန်းလန်းဖြစ်နေလို့”
“ရော့ မမတိုက် ဝယ်ခိုင်းလိုက်တာ”
“ကျေးဇူးပဲ ညီမရေ… အမ ထမင်းအိုးတန်းလန်းမို့လို့….”
ပြောရင်းနဲ့ မှာလိုက်သော ပစ္စည်းများကို ယူပြီး အိမ်ထဲ လှည့်ဝင်သွားလေသည်။ အင်းလေ သူလည်း အလုပ်များနေလို့ မှာလိုက်တဲ့ ပိုက်ဆံမပေးတာနေမှာပေါ့ တွေးရင်းနဲ့ အိမ်ထဲ လှမ်းဝင်လိုက်သည်။

နောက်တစ်နေ့လည်း ဒီလိုပဲ မှာပြန်သည်။ ဝယ်ခဲ့ပြီး ပေးလိုက်တော့ ပိုက်ဆံပေးဖို့ မေ့နေပြန်လေသည်။ တစ်ရက်မကတော့ဘူး။ ဘယ်လိုပြောပြီး တောင်းရပါ့။
နောက်ရက်ကျတော့ ထပ်မှာပြီး ဪ ဟိုနေ့က ဝယ်တဲ့ဖိုး မပေးရသေးဘူး။ ရော့ ညီမလေး မမတိုက် အားနာလိုက်တာ ညီမလေးရယ် ဆိုပြီး ၅၀ဝ တန်တစ်ရွက်ပေးလေသည်။ အင်.. နှစ်ရက် ဝယ်ပေးလိုက်တာ ၉၀ဝ ဖိုးလောက်ရှိတာကို ခုတော့ ၅၀ဝ ပဲ ပေးတယ်။ ထပ်တောင်းဖို့ကလည်း အခက်။ ပေးပြီးပြီးချင်း အိမ်ထဲ လှည့်ဝင်သွားသည့် မမတိုက်ရဲ့ နောက်ကျောပြင်ကို ငေးကြည့်ရင်းနဲ့ ကျန်ခဲ့ရသည့် ဖရဲမအဖြစ်ကို ဘယ်သူမြင်မှာပါလိမ့်။ တွေးရင်း ဘေးဘီကို ဝဲ့ဝေ့ကြည့်မိလေသည်။

အိမ်မှာ လင်တော်မောင် ကိုကိုဂီကို ပြန်ပြောပြန်ရင်လည်း
“မင်းကလဲကွာ ဒါလေးတော့ ကူညီလိုက်ပေါ့ အိမ်နီးချင်းတွေပဲ။ ဒါကိုပဲ စကားလုပ်ပြောနေတယ်။ ဒီမှာ တစ်နေ့ ဆောင်းပါး နှစ်ပုဒ်ပြီး မနည်းရေးနေရတဲ့ကြားထဲ မင်းက တစ်မှောင့်”

လင်တော်မောင်ကို တဗျစ်တောက်တောက် ရေရွတ်ရင်း လျှော်ဖွတ်ထားသည့် သားလေး အူးအူးအဝတ်အစားများကို အိမ်ရှေ့ထွက်လှမ်းနေမိသည်။ အိမ်ရှေ့အိမ်က မိစိန်ပေါက်က လှမ်းပြီး
နှုတ်ဆက်သည်ကို ပထမ မကြားမိ။ နောက်မှ ကြားလို့ ဘာမေးမှန်းမသိ ပြန်မေးရသည်။

“မမစိန် ဘာပြောတာလဲ”
“ဪ ဘာမှမဟုတ်ပါဘူး။ ထမင်းချက်ပြီးပြီလား မေးတာပါ”
“ချက်ပြီးပြီ မမစိန်ပေါက်ရေ… ချက်ပြီးလို့ လျှောက်ဖွတ်နေရတာ။ ရာသီဥတုက ခုကောင်းလိုက် တော်ကြာ မကောင်းလိုက်နဲ့လေ”
“ဘာချက်လဲ။ မဖရဲတို့အိမ်တော့ ဟင်းကောင်းမှာပါ။ အမျိုးသားက စာရေးဆရာဆိုတော့လေ….”
“အမယ်လေး စာရေးဆရာဆိုတိုင်း ဟင်းကောင်းစားနေရတယ်မထင်နဲ့ မမပေါက်ရေ… ဒီလိုပဲ”
“မမပေါက်ကော ချက်ပြီးပြီလား။ မမရေ နေလေးပူတုန်း လျှော်လက်စလေးတွေ ဆက်လျှော်လိုက်ဦးမယ်”

ဒီလိုနဲ့ မစိန်ပေါက်နဲ့ စကားကြော ဖြတ်ရင်း အိမ်ထဲမှာ လျှော်ထားတဲ့ အဝတ်များကို ဝင်ယူရလေသည်။
တစ်နေ့ တစ်နေ့ ကိုကိုဂီပြန်လာသည်နဲ့ ရပ်ကွက်အကြောင်း နားငြီးအောင် ကြားရလေသည်။
နောက်ရက် ဈေးသွားတော့ တစ်ဖက်အိမ်မှ မသိအောင် တိတ်တိတ်သွားဖို့ ချောင်းရင်း ထွက်လာတော့

“ညီမလေးရေ.. ဈေးလည်း မှာချင်လို့”
“ဪ .. အင်း အဲ.. ရပါတယ် မမတိုက် ဘာမှာမလို့လဲ”
“ချဉ်ဟင်းလေး စားချင်လို့လေ အဲဒါ တစ်မျိုးထဲနဲ့လည်း ဈေးကို မသွားချင်နေတာနဲ့ အတော်ပဲ ညီမဖရဲကိုပဲ မှာလိုက်တော့မယ်။ လမ်းကြုံလေး ချဉ်ပေါက်ရွက်လေး နှစ်စီး သုံးစီးလောက် ဝယ်ခဲ့ပေးပါဦး”

ပိုက်ဆံမပေးပဲ ပါးစပ်ကနေ မှာနေသော မမတိုက်ကို စိတ်ထဲက ရေရွတ်ရင်း မျက်နှာပေးကတော့ အပြုံးတွေ ဝေဆာနေပြီး

“ရပါတယ် မမတိုက်ရယ်။ ဒီလူနဲ့ ဒီလူ ပြောရမယ့်လူတွေမှမဟုတ်တာနော်”
ဒီလိုနဲ့ ဈေးက ပြန်လာတော့ မမတိုက်တို့အိမ်ရှေ့ရောက်တော့ မျက်နှာ ချိုချို အပြုံးဝေဆာစွာနဲ့
“ဟောတော့ မမတိုက်ရေ… ”
“ဘာလို့လဲ ညီမဖရဲ”
“မမမှာတာ ဖရဲမ မေ့ခဲ့လို့ မမရဲ့”

မုသားချိုချိုနဲ့ ပြောပြီး အိမ်ဘက်ဆက်လျှောက်လာခဲ့သည်။
ညဘက်ရောက်တော့ ကိုကိုဂီ စာရေးနေသည့်ဘေးတွင် ဝင်ထိုင်ရင်း တစ်နေကုန်ဖြစ်သည့် ရပ်ကွက်အကြောင်းကို စကားဖောင်ဖွဲ့နေမိစဉ်

“ဘယ်ခွေးမှ လူမထင်ဘူးကွ”

သံသေးသံကြောင် အသံကြီး ထွက်လာလေသည်။ ကိုကိုဂီက

“အင်း ဟိုဘက်အိမ်က ကမ်းကြီး ထုံးစံအတိုင်း မူးလာပြန်ပြီထင်တယ်”
“ဟုတ်တယ်နော် ကိုကိုဂီ။ မူးလာရင် တိတ်တိတ်နေတာမဟုတ်ဘူး။ တစ်ရပ်ကွက်လုံးကို ဆူနေတာပဲ”
“ဟေ့ အရက်ကို ကြိုက်လို့ ရေရောသောက်တာ ဘာဖြစ်လဲကွ။ ဘယ်သူ့ကို သောက်ဂရုစိုက်ရမှာလဲ။ မိုက်တဲ့ကောင် ထွက်ခဲ့… ကျန်တဲ့သူနဲ့ ဖိုက်မယ်။”

ဒါကြောင့် ကိုဂီ့ကို ပြောတယ်မလား ရပ်ကွက်ပြောင်းရအောင်လို့လေ။ ဒီလို ချိန်မှာ နားဝင်အောင် ပြောရသည်။ ခဏနေတော့ အိပ်ပျော်သွားပြီ ထင်ပါရဲ့ အသံတိတ်သွားလေသည်။
“မင်းကလည်းကွာ နားငြီးလိုက်တာ အရက်သမားထက် ပိုဆိုးနေတယ်။ ဒီလို ကိုယ့်အိမ်လေးခြံလေးနဲ့ နေချင်တယ်လို့ မင်းပဲ ပြောခဲ့တာမလား။”

လင်တော်မောင် ပြောတော့လည်း ငြိမ်နေရသည်။ တစ်ခါတလေတော့လည်း နေထိုင်မကောင်းဖြစ်လျှင် မမတိုက်က ဆန်ပြုတ်လေး လာပြုတ်ပေးတာနဲ့။ မစိန်ပေါက်က ဆေးလေး ဝယ်ပြီး
ပို့ပေးတာ ဒါတွေတော့ မဆိုးလှပေ။

ဖန်တီးထားသော ဖန်တီးမှုလေးတစ်ခုတွင် ဇာတ်ကောင်နာမည်များအတွက် ဇာတ်ကောင်နာမည်ရှင်များမှ နားလည်သဘောတူ ကြည်ဖြူမည်လို့ မနော ထင်မြင်ပါကြောင်း နောက်ပိုင်းကိုလည်း ဆက်လက်စောင့်မျှော် ဖတ်ရှုပေးဖို့ မျှော်လင့်နေပါတယ်။ ဆက်လက်ဖော်ပြပါဦးမည်။

24 comments

  • Inz@ghi

    July 9, 2012 at 1:02 pm

    ဂျာ …. နောက်ပိုင်းလည်း လာဦးမယ်. ….

    ဖယားဖယား …

    😀

  • မမ အညာသူ

    July 9, 2012 at 1:22 pm

    ဟူးးးးးးးးးးး
    ကိုရီးယားကားကြည့်ရသလိုပါလားနော်
    ဇက်ငင့်ဇက်ငင့်နှင့်လေ………..

    • Inz@ghi

      July 9, 2012 at 1:23 pm

      တိန်…
      ဇက်မပါဂျေး ဇက်မပါဂျေး …
      😀

      • Khaing Khaing

        July 9, 2012 at 3:50 pm

        ဟဲ့ ဇက်မပါရင် ဂေါင်းဘယ်လိုထောင်မလဲ …… အရေးထဲဇက်ရူးကတစ်မျိုး ……

  • ko khin kha

    July 9, 2012 at 2:02 pm

    ကျွန်တော့်အမျိုးသမီးကို မနက်မနက်ဆိုအိမ်အလုပ်တွေ လုပ်နေတာထက်
    မနှောရဲ့ ဖရဲမ မနက်ဈေးသွားတာကို စောင့်ကြည့်လို့ပြောထားတယ်။
    ကြက်တစ်ကောင်လောက်ဈေးကြုံမှာမလို့လေ။
    အိမ်နီးချင်းမို့ ကူညီလိုက်သည်
    အားနာမှု့က ကြွေးဖြစ်သည်တဲ့——-ကွယ်။

  • mamanoyar

    July 9, 2012 at 2:26 pm

    အန် ဒို့လဲ နောက်တစ်ခါ ပိုက်ပိုက်မပေးပဲ
    ဈေးမှာရင် ……….. ရေ မေ့ခဲ့လို့နော်
    လို့ ပြောတော့မယ် ဟွန်းးးးးးးးးးးးးးးးး

  • snow white

    July 9, 2012 at 3:19 pm

    ကြက်သားပလာတာတဲ့စားတောင်စားချင်လာပြီ။။။

  • Khaing Khaing

    July 9, 2012 at 3:20 pm

    မမနောရေ …. အရင်က ဖက်တီးစကပ်က မိတိုက်အကြောင်းရေးတာ အပြင်နဲ့က ပြောင်းပြန်ဖြစ်နေတယ် …. အခုမမနောရေးတဲ့ အကြောင်းကသာ မိတိုက်နဲ့အံဝင်ဂွင်ကျပဲ ……. အဲကောင်မမိတိုက်စီမှာတောင် အခိုင့်အကြွေးတွေတော်တော်ကျန်သေးတယ် ….. တက္ကစီကို အတူတူ၂ ခါစီးတာ နောက်မှ ရှင်းမယ် နောက်မှ ရှင်းမယ်နဲ့ အခုချိန်ထိမပေးသေးဘူး ……….. ခစ်ခစ်ခစ်

    • manawphyulay

      July 9, 2012 at 3:51 pm

      ဟယ်… ဟုတ်လား အဲလောက်တောင်လား။ မနောက မသိပါဘူး။ ရမ်းပြီး ရေးလိုက်တာ အဟိ အုပ်အုပ်သိရင်တော့ ပြဿနာလာရှာနေဦးမယ်… လစ်မှ.. 😛

  • အရင့်ရောင်

    July 9, 2012 at 3:28 pm

    ဪ ………….
    အလှူကကျွေးတဲ့ ကြက်သားပလာတာကြတော့ စားချင်တယ်
    ကုသိုလ်ဖြစ်အောင် သာဓုခေါ်မယ်ဆိုတဲ့ စိတ်ကလေးကြတော့ မထားကြဘူး
    ဪ…………
    ငရဲကို အပြေးသွားချင်နေသူတွေပါတကား………………
    ဟိဟိ

  • kyeemite

    July 9, 2012 at 3:48 pm

    အော်..အော်..ဂီဂီတောင် စွံသွားမှကိုး…

  • shwe kyi

    July 9, 2012 at 4:04 pm

    တော်တော်ဆိုးတဲ့ မမတိုက်ပါလားနော်။
    မမနောရေ စောင့်ဖတ်မယ်နော်။ ဆက်ရေးပါဦး။

    • manawphyulay

      July 9, 2012 at 4:13 pm

      အပြင်မှာ အဲလိုမဟုတ်ပါဘူး။ ညီမလေးရွှေကြည်ရဲ့ ဈေးဖိုးကို တစ်ခါထဲ ပေးတယ်ထင်တာပဲ.. မနက်က ကားစီးရင်းနဲ့ ရေးချင်စိတ်ပေါက်လာလို့ ခဏထိုင်ရေးလိုက်တာ။ မပြီးသေးဘူး။

  • Shwe Tike Soe

    July 9, 2012 at 4:12 pm

    အော် ငါ့နှယ့် သူလုပ်မှပဲ သများက အ6လုံးလုံး ဖစ်နေတော့တာပါပဲလားအေ…….သများက ယောင်္ကျားပါလို.ဆို. အဟင့်…………

  • we R one

    July 9, 2012 at 4:38 pm

    ဂီဂီတို့ အိမ်တက်တာ တောင် တို့ကို မဖိတ်ဘူး..
    😀

  • ရာဇဝင်လူဆိုး

    July 9, 2012 at 6:22 pm

    မမနော သူကြီးကို ရာအိမ်မှုးနေရာပါအောင်ရေးနော်… ပြီးတော့ ရာထူးပြုတ်တာပါ ထည့်ရေး.. ကျနော်တို့ကို မန်ဘာဝင် ၃၀ဝ ပဲပေးထားတာ။ ခုတော့ ၄၀၀၀..၅၀၀ဝ တွေနဲ့ ..။ ချင်ထှာ..။

    • manawphyulay

      July 10, 2012 at 1:01 pm

      ရှူးတိုးတိုး… ဇာတ်သိမ်းပိုင်းမှာ ထည့်ထားတယ်… မသိစေနဲ့ဦး။ သိသွားရင် မန်ဘာဝင်တုန်းက ၃၀ဝ လေး ပြန်နုတ်သွားဦးမယ်။ 😛

  • အလင်းဆက်

    July 9, 2012 at 6:59 pm

    ဖရဲတော့ တို ့တော့..ပါလာပြီ..။ စာလုံးမည်းကြီးတွေနဲ ့..။ အဟိ ။

    မနောရေ…စာရေးကောင်းတယ်ဗျ ။

    ဆက်လက် ဖတ်ရှုပါရစေ…။

    ခင်မင်လေးစားစွာ

  • Nyein Nyein

    July 10, 2012 at 1:13 pm

    မမ မနောရေ……………. အားပေးသွားပါတယ်။ မမတိုက်အကြောင်းတော့ သိသွားပြီ။ ဖရဲမကလည်း အိမ်ရှင်မ ပီသပုံရတယ်နော်။ အရေးကောင်းတဲ့အတွက် ရုပ်ရှင်ကြည့်ရသလိုပဲ မြင်ကွင်းလေးတွေပေါ်လာပြီး ဖတ်လို့ အရမ်းကောင်းပါတယ်။

  • P chogyi

    July 10, 2012 at 1:56 pm

    ွကျွန်တော် ဖတ်ဖူးတာလေးတစ်ခုနဲ့တော့
    တော်တော်ဆင်တယ်
    ဓနုဖြူဆွေမင်းရေးတဲ့(ဆွဲတဲ့)
    မြိုင်ရာဇာတွတ်ပီကာတွန်းဇာတ်လမ်း
    အိမ်ရှင်အိမ်ငှားဆိုတဲ့စာအုပ်ပါ

  • chit tee myat

    July 10, 2012 at 2:39 pm

    ဇာတ်သိမ်းပိုင်းဖတ်ပြီးမှ အရှေ့ကို လာပြန်ဖတ်ကြည့်တာ။ အင်းလေ… ဈေးလည်းမှာသေး ဈေးဖိုးလေးတော့ ပေးသင့်တာပေါ့နော်။

  • elle smile

    July 10, 2012 at 3:13 pm

    ဇာတ်လမ်းလေးကအရမ်းကောင်းတယ်….. အခုမှဖတ်တာဆိုတော့ဆတ်ဖတ်လိုက်အုံးမယ်။

Leave a Reply