ကျွန်တော့်မှာ ဆရာသမား ၃-ဦးရှိပါတယ်။ ဆရာသမား ၃-ဦးလုံးကလဲ လူမှန်တွေချည်းဖြစ်ပါတယ်။ ဘယ်သူမှ အမှားမပြောကြပါဘူး။ ဘယ်ဆရာမှ မဟုတ်တာ မပြောကြပါဘူး။
အဲဒီကျွန်တော့်ဆရာသမား ၃- ဦးနဲ့ ကျွန်တော့်ချစ်မိတ်ဆွေများကို မိတ်ဆက်ပေးချင်ပါတယ်။
ကျွန်တော့်ချစ်မိတ်ဆွေများက ကျွန်တော့်ကို ဘယ်ဆရာသမားရဲ့ လမ်းညွှန်ချက်က အကျိုးပြုနိုင်တယ်ဆိုတာ ကိုလဲ ပြောပြခဲ့စေချင်ပါတယ်။

ပထမဆုံး ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်ဆရာကတော့ “ဦးပရမတ်”ဖြစ် ပါတယ်။ ကျွန်တော့်ဆရာ ဦးပရမတ် အမြဲပြောဆိုဆုံးမတဲ့ စကားများကတော့….
““ဒီမှာ တပည့် မောင်ဇောက်ထိုးရဲ့… တကယ့်အမှန်တရား ဆိုတာ… ဓာတ်ကြီး လေးပါးပဲ ရှိတယ်ကွ။
လူရယ်…ခွေးရယ်.. ယောကျာ်းရယ်..မိန်းမရယ်… အမေရယ်..သမီးရယ်.. ဆိုတာတွေဟာ လူတွေက သမုတ်ထားတဲ့ သတ်မှတ်ထားတဲ့ အမည်တွေပဲ ကွ.. တကယ့်အမှန်တရား မဟုတ်ဘူး… အမေဆိုတာကို ကြည့်လိုက်စမ်း… ဘယ်မှာလဲ အမေ… တကယ်တော့ ရုပ်နဲ့နာမ်ပေါင်းစပ်ထားတာကြီးပါ။

မိန်းမလဲ ရုပ်နဲ့နာမ်ပဲ။ ယောကျာ်းလဲ ရုပ်နဲ့နာမ်ပဲ။ ခွေးလဲရုပ်နဲ့နာမ်ပဲ.. ဒီယောကျာ်းမိန်းမဆိုတာတွေဟာ သတ်မှတ်ချက်တွေကွ… တကယ့်အရှိတရားတွေမဟုတ်ဘူး။

လူရယ်လို့ ပြောနေကြတဲ့…ဒီကိုယ်ကြီးကြည့်လိုက်စမ်း… လက်ကိုလူခေါ်တာလား… လက်က လက်ပဲကွ။ လက်ဆိုတာကလဲ တကယ်တော့ အသွေးအသားတွေ စုပေါင်းပြီးဖြစ်တည်နေမှုပဲ..
ကဲ..ဘယ်မလဲ လူဆိုတာ ထုတ်ပြကြည့်စမ်း…
နောက် ကားတွေ..ရထားတွေ..ကွန်ပြူတာတွေ..ဒါတွေကလဲ သမုတိတွေပဲကွ..လူတွေက သတ်မှတ်ပေးထားတဲ့ ပညတ်တွေကွ.. တကယ်အရှိမဟုတ်ဘူး..
ကဲ..ဆိုင်ကယ်ဆိုတာကို ကြည့်လိုက်စမ်း… ဘယ်ဟာ ဆိုင်ကယ်လဲ.. ဘီးကြီးကို ဆိုင်ကယ်ခေါ်မလား… အင်ဂျင်ကို ဆိုင်ကယ်ခေါ်မလား… လက်ကိုင်ကို ဆိုင်ကယ်ခေါ်မလား… အဲဒီလိုအရာတွေကိုစုပေါင်းပြီး ဆိုင်ကယ်လို့ ပညတ်ထားလို့ ဆိုင်ကယ်ဆိုတာ ခေါ်ပြောနေကြတာ.. ဆိုင်ကယ်ဆိုတာ တကယ့်အရှိတော့ မဟုတ်ဘူးကွ။
အင်ဂျင်ကိုကြည့်ပြန်တော့လဲ… အထဲမှာ အစိတ်စိတ်အမွာမွာတွေ ဘယ်ဟာကိုအင်ဂျင်လို့ပြောမလဲ… အဲဒီအစိတ်စိတ်အမွာမွာတွေကလဲ တကယ်တော့ နောက်ဆုံး.. ဓာတ်ကြီးလေးပါးဆိုတဲ့ ဓာတ်တွေပဲရှိတာပါ…ဒါကြောင့် တကယ်မရှိပဲ လူတွေပညတ်ထားတဲ့ အရာတွေကို အမှန်တွေလို့မြင်နေမယ်ဆိုရင်တော့ အဲဒီအမြင်ဟာ အမြင်မှားကြီးပဲကွ…
ဒါကြောင့် လူကိုလူလို့မြင်နေရင် အမြင်မှားပြီး နှစ်သက်မှုတွေဖြစ်နိုင်တယ်။
ရုပ်နာမ်နှစ်ပါး ဓာတ်ကြီးလေးပါးအဖြစ်နဲ့ အမှန်ကိုမြင်အောင်ရှုပွားရမယ်ကွ””
ဆိုပြီး ကျွန်တော်ကိုအမြဲဆုံးမပါတယ်။ သူပြောတာတွေဟာ အမှန်တွေ ချည်းပဲဆိုတာလဲ ကျွန်တော်သိပါတယ်။ မမှန်တာ တစ်လုံးမှ မပါပါဘူး။ ငြင်းလို့လဲ မရပါဘူး… ဒါက ကျွန်တော်ရဲ့ ဆရာ “ဦးပရမတ်”ရဲ့ အမြဲပြောဆိုဆုံးမမှုဖြစ်ပါတယ်။

နောက် ကျွန်တော်ဆရာ တစ်ဦးကတော့ “ဦးသမုတိ”လို့ခေါ်ပါတယ်။ သူကလဲ ကျွန်တော်ကို အမြဲပြောဆိုဆုံးမတဲ့ စကားတွေရှိပါတယ်။ သူအမြဲပြောဆိုဆုံးမတာတွေကတော့…

“ဒီမယ် ငါတပည့်မောင်ဇောက်ထိုးရဲ့.. လောကမှာ လူတွေကို သိပ်အကျိုး ပြုတာကတော့ သမုတိ ဆိုတဲ့ ပညတ်ချက်တွေပဲကွ။ မင်း လူတော်တစ်ဦး ဖြစ်ချင်တယ်ဆိုရင်.. သမုတိတွေကို များများသင်ယူကွ။ သမုတိကို များများ သိတဲ့လူဟာ လူတော်ပဲကွ…။
လောကမှာ သမုတိဆိုတာမရှိရင် လူတွေအားလုံးဒုက္ခရောက်ကုန်လိမ့်ကွ။ အနည်းဆုံး ဆေးလိပ်မီးတို့ခိုင်းချင်တာလေးတောင်.. ဆေးလိပ်ဆိုတဲ့ နာမည်။ မီးဆိုတဲ့ နာမည်။ တို့ခဲ့ရမယ်ဆိုတဲ့ နာမည်ပညတ်ချက်တွေကို မသိရင် ဆေးလိပ်ကို မီးတို့ပေးစမ်းပါ လို့ ဘယ်လိုခိုင်းမလဲ…

လူတိုင်းလူတိုင်း ရုပ်တွေ နာမ်တွေ…ဓာတ်ကြီးလေးပါးသာ ရှိတယ်ဆိုပေမယ့် သမုတိဆိုတဲ့… ဒါက အမေ.။ ဒါက မိန်းမ။ ဒါက သမီး။ ဒါက ဘုန်းကြီး။ ဒါက အဖေ။ဆိုပြီး သမုတိတွေရှိနေလို့ လူတွေအဆင်ပြေတယ်မှတ်ပါ ငါ့တပည့်။
အမေလဲ ရုပ်တွေနာမ်တွေပဲ။ မိန်းမလဲ ရုပ်တွေနာမ်တွေပဲ..ဆိုပေမယ့် အမေကို အမေလိုမြင်မှ အမေလိုဆက်ဆံရမှာ မဟုတ်လား။ မိန်းမကိုလဲ မိန်းမလိုမြင်မှ မိန်းမလိုဆက်ဆံရမှာ မဟုတ်လား။ မိန်းမချင်းလဲ တူတယ်။ ရုပ်တွေနာမ်တွေခြင်းလဲ တူတယ်ဆိုပေမယ့်..သတ်မှတ်ချက်တန်ဖိုးခြင်း မတူဘူးကွ။

သမုတိဆိုတဲ့ ပညတ်ချက်တွေသာ မရှိဘူးဆိုရင်.. လောကကြီးမှာ တန်ဖိုးတွေရောသွားလိမ့်မယ်။ အမေတန်ဖိုးနဲ့ မိန်းမတန်ဖိုး ရောသွားလိမ့်မယ်။
နွားလဲ ရုပ်နာမ်နှစ်ပါးပဲ။ အဖေလဲ ရုပ်နာမ်နှစ်ပါးဆိုပေမယ့် နွားတန်ဖိုးနဲ့ အဖေတန်ဖိုးမတူဘူး။ အဲဒီလို တန်ဖိုးတွေသတ်မှတ်ရအောင်က သမုတိက သိပ်အကျိုးကျေးဇူးများတာပဲ။
မောင်ဇောက်ထိုးတို့ ဟိုကလေးဘဝကတဲက ခုချိန်ထိ စာတွေသင်ရတယ်။ ကျောင်းတွေလိုက်ရတယ်ဆိုတာ သမုတိတွေသိအောင် သင်ကြရတာ။ မျက်စိ။ နား။ နှာခေါင်း။ အဖေ။ အမေ။ ဆိုင်ကယ်။ ကား။ ရထား။ ကွန်ပြူတာ။ အင်တာနက်။ အဲဒါတွေဟာ သမုတိဆိုတဲ့ပညတ်တွေပဲ။ အေး အဲဒီ သမုတိဆိုတဲ့ ပညတ်တွေကို မသိဘူးဆိုရင်တော့ လောကမှာ လူညံ့လူတုံး တစ်ယောက်ဖြစ်သွားတာပဲ။
သမုတိဟာ ဘယ်လောက်တောင် ကျယ်ပြန့်သလဲဆိုရင် ဘယ်သူမှ သမုတိ ကိုကုန်အောင်သိမသွားနိုင်ဘူး။ လူတိုင်းလူတိုင်းဟာ သေတဲ့အထိ သမုတိတွေကို သင်ကြရတယ်။ လေ့လာကြရတယ်။
ရထားလဲ သံပြားတွေပဲ… ကားလဲ သံပြားတွေပဲဆိုပေမယ့် ရထားတန်ဖိုးနဲ့ ကားတန်ဖိုးမတူဘူး။ အဲဒီလို မတူတာကို မတူဘူးလို့သိဖို့ သမုတိဟာ မဖြစ်မနေလိုအပ်တယ်။
ခွေးလဲ ရုပ်နာမ်ပဲ။ အမေလဲရုပ်နာမ်ပဲ။ မယားလဲရုပ်နာမ်ပဲဆိုပြီး တတန်းစားထဲ ဆက်ဆံလို့မရဘူး။ အမေကို အမေလို့မြင်မှကို ရတယ်။ မယားကိုလဲ မယားလို မြင်မှကို ရမယ်။ အဲဒီလိုမမြင်ပဲ အားလုံးဟာ ဓာတ်ကြီးလေးပါးပဲ ဆိုပြီး သိမ်းကြုံးမြင်လို့တော့ မောင်ဇောက်ထိုး ရေ ..မင်းကို လူတွေက အရူးလို့သတ်မှတ်လိုက်မှာပဲကွ။ ဒါကြောင့် ငါ့တပည့်ကို ဆရာ“သမုတိ”ပြောချင်တာက ငါ့တပည့်လူတော်ဖြစ်အောင် သမုတိဆိုတဲ့ လောကရဲ့နာမည်တွေကို များများလေ့လာပါ။ သင်ယူပါ။ မှတ်သားပါ။ တဲ့……..။ ကျွန်တော် ဘာပြန်ပြောမလဲ.. အားလုံးဟာ အမှန်တွေချည်းပဲ မဟုတ်ပါလား….

နောက်ဆရာသမား တစ်ဦးလဲရှိသေးတယ်ဗျ။ “ဦးအရိယသစ္စာ”တဲ့။ ဦးအရိယသစ္စာကလဲ ကျွန်တော့်ကို ခုလိုအမြဲပြောဆိုဆုံးမ ပါတယ်။
ငါ့တပည့်မောင်ဇောက်ထိုးရဲ့… မင်းဆရာ “ဦးပရမတ်”ပြောတာလဲ သူ့အကန့်သူတော့ မှန်တယ်ကွ။ မှားတာ တစ်ခုမှမရှိဘူး။
နောက်ဆရာ “ဦးသမုတိ”ပြောတာလဲ မှန်တာပဲကွ။ ဘယ်ဟာမှ မှားတယ်လို့ ပြောမရဘူး။ အေး..တစ်ခုတော့ ရှိတယ်။ မှန်တိုင်း လူကို အကျိုးပြုရဲ့ လား။ ဒို့အမှန်တရားကို ရှာနေကြတာက လူတွေငြိမ်းချမ်းဖို့ကွ။

ဦးသမုတိပြောသလို.. လူတော်တစ်ယောက်ဖြစ်ဖို့ဆိုရင်.. သမုတိတွေများများသိထားဖို့လိုတယ်ဆိုတာ အမှန်ပဲကွ။ ဒါပေမယ့် အဲဒီသမုတိတွေ များများသိထားရုံနဲ့တော့ လူတော်တစ်ယောက်ပဲဖြစ်မှာ.။ လူကောင်းတစ်ယောက်တော့ ဖြစ်မလာသေးဘူး။ လူတော်ပြီး လူမကောင်းရင် မကောင်းဘူးကွ။

တိုင်းပြည်ကို အုပ်ချုပ်တဲ့လူတစ်ယောက်ဟာ အဖက်ဖက်က သိပ်တော်တာပဲ။ သူမတတ်တာမရှိဘူး။ အားလုံးတတ်တယ်။ အားလုံးလဲ စွမ်းဆောင်နိုင်တယ်။ အရာရာမှာ အင်းအားသိပ်ပြည့်တယ်။ အေး ..ဒါပေမယ့် အဲဒီလူ့စိတ်က မကောင်းဘူး။ လူကောင်းမဟုတ်ဘူး။ ယုတ်ညံ့တယ်ဆိုရင် လူမတော်တာထက် ပိုးဆိုးတယ်ကွ။ ဒါကြောင့် လူတော်ဖို့လဲ လိုသလို လူကောင်းဖို့က ပိုအရေးကြီးတယ်ကွ။

လူကောင်းဖြစ်ဖို့ရာကြတော့ လူတော်ရုံနဲ့မရဘူး။ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်နိုင်တဲ့သူဖြစ်ဖို့လိုလာတယ်။

ဒေဝဒတ်ဟာ လူတော်တစ်ယောက် ဖြစ်နိုင်တယ်ကွ။ ဒါပေမယ့် လူကောင်းတစ်ယောက်မဟုတ်ခဲ့ဘူး။

ဘင်လာဒင်တို့.. ဟူစိန်တို့လဲ လူတော်တွေဖြစ်နိုင်တယ်ကွ။ ဒါပေမယ့် သူတို့ဟာ လူကောင်းတွေလို့ပြောနိုင်မလား။

ကိုယ့်ကိုယ်ကို ကောင်းတဲ့သူလား… မကောင်းတဲ့သူလား… စဉ်းစားတတ်ဖို့ လိုလာတယ်။ ကိုယ့်ကို ကစပြီး ကောင်းသူလား..ဆိုးသူလား.. မြင်အောင်ကြည့်တတ်ရမယ်။

မင်းကို ငါပြောမယ်။ လူကို ရုပ်တွေနာမ်တွေ ဓာတ်အစုအဝေးကြီးတွေလို့ မြင်အောင်ရှုနေလို့ ဘယ်လိုအကျိုးတွေရလာမလဲ…

ဒါမှမဟုတ်.. လူကို ရုပ်တွေနာမ်တွေလို့တင်မဟုတ်ပဲ..ယောကျာ်းကို ယောကျာ်း ။..မိန်းမကို မိန်းမ.. အမေကိုအမေလို့ မြင်အောင်ရှုနေရုံနဲ့တင် လုံလောက်ပြီးလား..

အဲဒီလူကိုပဲ.. မိန်းမဟာ ကောင်းတဲ့မိန်းမလား.. မကောင်းတဲ့မိန်းမလား… ဒီလူဟာ ပေါင်းသင့်တဲ့လူလား…မပေါင်းသင့်တဲ့လူလားဆိုတဲ့..အထိရှုမြင်ဖို့ မလိုဘူးလား… ဒါကို မင်းစဉ်းစားရမယ်ကွ။

ဆိုပါစို့… မင်းကိုမင်းပဲ ပြန်ကြည့်စမ်း…
ငါဇောက်ထိုးဟာ ရုပ်တွေ နာမ်တွေပဲ လို့ရှုပွားနေရင်…အကျိုးများမလား။

ငါဇောက်ထိုး.. လူတစ်ယောက်ပဲ။ ယောက်ျားတစ်ဦးပဲ။လို့တင် ရှုပွားနေရင်…အကျိုးများမလား…

ငါဇောက်ထိုးဟာ… ကောင်းတဲ့လူလား.. မကောင်းတဲ့လူလား.. ငါဇောက်ထိုးဟာ လူတွေကို ဆင်းရဲစေသူလား… ချမ်းသာစေသူလား.. အဲဒီလို ရှုပွားနေရင် အကျိုးများမလား…မင်းဘယ်လို ရှုပွားမလဲ….. ကိုယ့်ကိုယ်ကို ဘယ်လိုမြင်အောင်ကြည့်နေသင့်သလဲ… ဘယ်အမြင်က လူလောက်အတွက် အကျိုးများမလဲ။

မင်းကွန်ပြူတာတစ်လုံးကို သွားဝယ်ပြီဆိုပါစို့…
မင်းဝယ်မယ့်ကွန်ပြူတာကို…

ဒါကတော့ ဓာတ်ကြီးလေးပါးစုဝေးထားတဲ့အရာကြီးပဲ။ လို့မြင်အောင်ကြည့်ပြီး ဝယ်မလား။

ဒါကတော့ မော်နီတာ.. ဒါကတော့ မောက်ပဲ။ ဒါကတော့ ကီးဘုတ်ပဲ။ အဲဒါတွေကိုပဲ ကြည့်ယုံ သိရုံနဲ့ဝယ်လို့ အကျိုးများလောက်ပလား…

ဒီကွန်ပြူတာကတော့ မျက်နှာပြင်ဘယ်လောက်ကြီးတယ်။ သူ့ရဲ့စွမ်းဆောင်နိုင်မှုက ဘယ်လောက်မြင့်တယ်။ အာမခံက ဘယ်လောက်ရတယ်။ ဘယ်လောက်အထိ အလုပ်လုပ်လို့ရတယ်။ ဆိုတဲ့ စွမ်းဆောင်နိုင်မှုတွေကို သိအောင်လုပ်ပြီးဝယ်မလား။..
ဘယ်အမြင်နဲ့ဝယ်တာက အကျိုးများမလဲ…

မင်းချစ်လှတဲ့ …ဦးဗိုက်တို့ ဦးပေတို့ကိုကော မင်းပေါင်းသင့်သူ…မပေါင်းသင့်သူ သိနိုင်ဖို့ ဘယ်လိုအမြင်နဲ့ကြည့်မလဲ..
မင်းဘယ်လိုအမြင်နဲ့ပေါင်းရင် အကျိုးများမလဲ….မင်းပေါင်းနိုင်ဖို့ ဘယ်လိုမြင်အောင်ကြည့်မလဲ…

ဦးပေတို့ဦးဗိုက်တို့ဟာ..ရုပ်နာမ်အစုအဝေးကြီးပဲ.. ဓာတ်ကြီးလေးပါးနဲ့ ဖွဲစည်း ထားတဲ့ အပုတ်ကောင်ကြီးတွေပဲ။ သွေးတွေ ပြည်တွေ နဲ့ရွံစရာကြီးတွေပဲလို့ မြင်အောင်ရှုပြီး ပေါင်းသင့်မပေါင်းသင့်ဆုံးဖြတ်မလား.

ဦးပေတို့ ဦးဗိုက်တို့ဟာ… လူတွေပါ.. ယောကျာ်းကြီးတွေပါ.. ထိပ်ပြောင်ပြောင်နဲ့ လူက ဦးပေပေါ့။ အရက်ပုလင်းကြီး တကားကားနဲ့ ယိမ်းထိုးနေတဲ့ သူက ဦးဗိုက်ပေါ့လို့ အဲဒီလိုမြင်အောင်ကြည့်ပြီး ပေါင်းသင့် မပေါင်းသင့် စဉ်းစားမလား….

ဦးပေတို့ ဦးဗိုက်တို့ဟာ လူတွေပဲ။သူတို့ဟာ လူကောင်းတွေလား.. လူဆိုးတွေလား..။
ပေါင်းသင့်တဲ့လူတွေလား.. မပေါင်းသင့်တဲ့လူတွေလား.. ။
မနာလိုဝန်တို သိပ်များတဲ့သူတွေလား… တဖက်သားကို နှိပ်ကွပ်တတ်တဲ့ သူတွေလား… ။ကူမဖေးတတ်တဲ့လူတွေလား…
ငါ့ကို ကောင်းကျိုးပြုနိုင်သူတွေလား.. ဆိုးကျိုးပြုနိုင်သူတွေလား..
အဲဒီလိုမြင်အောင် ကြည့်ပြီး ပေါင်းသင့် မပေါင်းသင့် စဉ်းစားမလား…
ကဲ …ဘယ်အမြင်က မင်းကိုအကျိုးများမယ်ထင်သလဲ…

ဒါကြောင့် … အတိုချုပ်ပြောရရင်.. လူကို ရုပ်တွေနာမ်တွေလို့မြင်တာလဲ မမှားဘူး။ ဒါပေမယ့် အဲဒီလိုရှုပွားလို့ရရှိနိုင်တဲ့ အကျိုးတရား..

လူကို လူလို့မြင်အောင်ကြည့်ဖို့.. မိန်းမကို မိန်းမလို့မြင်အောင်ကြည့်ဖို့… ယောကျာ်းကိုယောက်ျား …အဖေကိုအဖေလို့မြင်အောင်ကြည့်လို့ သိလို့ ရရှိနိုင်တဲ့ အကျိုးတရား….

နောက် လူကို လူလို့မြင်ပြီးတဲ့နောက် ဒီလူဟာ ကောင်းသူလား ဆိုးသူလား ငါကကော ကောင်းသူလား ဆိုးသူလား.. မြင်အောင်ကြည့်လို့ရရှိနိုင်တဲ့ အကျိုးတရား မင်းစဉ်းစားစမ်းဇောက်ထိုးတဲ့။

ကဲ…ပြောရတာလဲ များသွားပါတယ်။ ဦးပရမတ်ရယ်။ ဦးသမုတိရယ်။ ဦးအရိယရယ်ဆိုတဲ့ ကျွန်တော်ဆရာတွေ အရှုပွားခိုင်းတဲ့… မြင်အောင်အကြည့်ခိုင်းတဲ့ အရာတွေကိုတော့ ကျွန်တော့်မိတ်ဆွေများကို တင်ပြပြီးသွားပါပြီ။

ငါဇောက်ထိုးဟာ… ရုပ်နာမ်နှစ်ပါးနဲ့ ဓာတ်ကြီးလေးပါး အစုအဝေးကြီးပဲလို့ ကျွန်တော်……ရှုပွားနေရမလား……

ငါဇောက်ထိုးဟာ… ယောက်ျားတစ်ယောက်.. လူပျိုတစ်ယောက်..လူသားတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်…….ရှုပွားနေရမလား…..

ငါဇောက်ထိုးဟာ… ကောင်းတဲ့သူလား.. မကောင်းတဲ့သူလား..ကောင်းတာတွေ ပြုလုပ် ပြောဆို ကြံစည်နေသူလား… မကောင်းတာတွေများ ပြုလုပ် ပြောဆို ကြံစည်နေသူလား ဆိုပြီး ကိုယ့်ကိုယ်ကို မြင်အောင် သတိထားပြီး ကျွန်တော် ရှုပွားနေရမလား….

ကျွန်တော့်ကို တစ်ခုခုတော့ ပြောဆိုပေးကြပါဦး.။ လမ်းညွှန်ပေးကြပါဦးလို့…..လို့ ပြောကြားရင်းနဲ့…

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..