ကမ်းနားလမ်းအဆင့်မြှင့်ခြင်းနှင့် ပုဂ္ဂလိကဘဏ်ကြီးများဖွင့်လှစ်မည့် အစီအစဉ်ကြောင့် မြို့တွင်းခြောက်မြို့နယ်တွင် အိမ်ခြံမြေဈေးများ ကျပ်သိန်း ၇၀၀ဝဖြင့် အရောင်းအဝယ်ဖြစ်လာ

klnJune 30, 20101min460

ကမ်းနားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် ပုဂ္ဂလိကဘဏ်ကြီးတွေဖွင့်လှစ်လုပ်ကိုင်မည်ဆိုသောကြောင့် မြို့တွင်းခြောက်မြို့နယ်အတွင်း အိမ်ခြံမြေဈေးများ ပေ၃၀x ပေ ၆ဝ လျှင် ကျပ်သိန်း ၇၀၀ဝဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း အိမ်ခြံမြေဝယ်ရောင်းပြုသူလုပ်သူများထံမှ သိရသည်။ “အခုကမ်းနားလမ်းချဲ့မှာရယ်၊ ပုဂ္ဂလိကဘဏ်တွေမြို့ထဲမှာ ဖွင့်လှစ်လာတော့မယ်ဆိုတာကြောင့် မြို့ထဲက မြေဈေးတွေတော်တော်လှုပ်လာတယ်။ ပေ ၃၀x ပေ ၆ဝ မြေကို ကျပ်သိန်း ၇၀၀ဝ လောက်နဲ့ အရောင်းအဝယ်ဖြစ်တယ်။ တိုက်ခန်းတွေကလည်း တစ်စတုရန်းပေကို အရင်က တစ်သောင်းလောက်ကနေ အခုတစ်သောင်းခွဲ၊ နှစ်သောင်းခွဲကြားမှာ အရောင်းအဝယ်ဖြစ်လာတယ် ” ဟု အိမ်ခြံမြေဝယ်ရောင်းပြုလုပ်သူက ဆိုသည်။ “ကမ်းနားလမ်းချဲ့မယ်ဆိုတော့ မြစ်ဘက်အခြမ်းတော့ အရောင်းအဝယ် လုံးဝမဖြစ်ဘူး။ ဈေးလဲခေါက်ချိုးလောက်ကျတယ်။ ကမ်းနားကို မျက်နှာမူထားတဲ့ဘက်ကတော့ အရောင်းအဝယ်လိုက်လာတယ်။ အဲ့ဒီဘက်အခြမ်းက စာရွက်စာတမ်းတွေခိုင်မာရင် ချက်ချင်းတောင် အရောင်းအဝယ်ဖြစ်တယ် ” ဟု မြို့ထဲပိုင်းတွင်သာ အိမ်ခြံမြေအဓိကဝယ်ရောင်းလုပ်ကိုင်သူက ဆိုသည်။ “ ကမ်းနားလမ်းတစ်လျှောက်မှာတော့ စီးပွားရေးသမားတွေ တော်တော်စိတ်ဝင်စားလာတယ်။ အလုံဘက်အထိ စိတ်ဝင်စားလာကြတယ်။ ဝယ်တာကတော့ လုပ်ငန်းရှင်တွေ ဝယ်လာတယ်။ ကမ်းနားလမ်းကြီးပြီးသွားရင် ဈေးကွက်ကကောင်းလာနိုင်တော့ အခုကတည်းကအဝယ်လိုက်လာတာ ” ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။