ထူးဆန်းတဲ့ကံကြမ္မာ

Pye Kun ZawJuly 10, 20121min540

ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့ ဝတ္တုလေးတစ်ပုဒ်ကို ပြန်လည်ဆန်းသစ်တင်ပြလိုပါတယ်။

ဆောင်းရာသီရောက်ဖို့နီးလာပါပြီ။ အရင်လိုအိပ်နေကျနေရာဖြစ်တဲ့ ပန်းခြံထဲကထိုင်ခုံပေါ်မှာ ဆက်အိပ်ဖို့အအေးဓါတ်ကခွင့်မပြုတော့ပါဘူး။ သူ့အတွက်နေရာရှာတဲ့အလုပ် လုပ်ရပါတော့မယ်။ ဒါကတော့လွယ်လွယ်လေးပါဘဲ။ ရဲတွေရှေ့မှာဖြတ်လျောက်ပြီး မသင်္ကာစရာလုပ်ပြလိုက်၊ ပြီးတော့အလုပ်အကိုင်မရှိ ၁၀၉၊၁၁ဝ ပုဒ်မနှင့်အဖမ်းခံလိုက်။ ဒါဆိုဒီဆောင်းအတွက် နွေးထွေးစွာအိပ်စက်ဖို့နေရာတစ်ခု ရလာပါတော့မယ်။ ဒီလိုနှင့်သူထောင်ထဲဝင်ဖို့လုပ်ငန်းစတင်လိုက်ပါတော့တယ်။ ဒါပေမယ့်လည်းအခုကျမှ ရဲတွေကလည်းသဘောကောင်းနေလိုက်တာ။ အရင်ဆိုသူတို့ကိုရှောင်လိုက်ရတာအမောဘဲ။ ဆောင်းကလည်းနီးလာပြီ၊ မဖြစ်သေးပါဘူး အသေးစာပြစ်မှုတစ်ခုလောက်တော့ လုပ်လိုက်မှတူတယ်။ ဒီလိုနှင့်ဘဲတစ်နေ့မှာတော့ သူအဖမ်းခံဖို့အပြစ်အသေးစားကျူးလွန်ရန် မြို့ထဲထွက်လာပါတော့တယ်။

ပထမဆုံး စူပါမားကတ်ကြီးတစ်ခုက မှန်ကိုခဲနှင့်ခွဲလိုက်ပါတယ်။ ပြီးတော့အနီးမှာရှိတဲ့ ရဲသားကိုသူလုပ်တာပါလို့ပြောလိုက်ပါတယ်။ ဒါပေမယ့်ရဲသားကမယုံပါဘူး။ ဘယ်လူဆိုးက သူလုပ်ပါတယ်လို့ဝင်ခံမှာလည်း ဆိုတဲ့အတွေးနှင့် ဘစ်စကားမမှီမှာစိုးလို့ အပြေးသွားနေတဲ့သူနောက်ကို လိုက်ဖမ်းဖို့ထွက်သွားပါတယ်။ ပထမအစီအစဉ်မအောင်မြင်ခဲ့ပါဘူး။

နောက်အစီအစဉ်တစ်ခုအနေနှင့် သူဗိုက်ဆာလာတာနှင့်အတူ စဉ်းစားမိတာကတော့ ဈေးသိပ်မကြီးတဲ့စားသောက်ဆိုင်တစ်ခုကိုဝင်ပြီး စားချင်တာတွေမှာကာ ပိုက်ဆံရှင်းတော့မှ မပါဘူးရဲတိုင်ချင်တိုင်ဆိုပြီးလုပ်လိုက်ရင် အစားလည်းစားရအစီအစဉ်လည်းအောင်မြင်မယ်ပေါ့။ ဒါပေမယ့်အခုပုံစံနှင့် အပေါစားဆိုင်ကတောင်သူ့ကိုလက်ခံမှာမဟုတ်ဘူး။ အာ.. သတိရပြီ.. မနှစ်ကတုန်းက အဘွားကြီးတစ်ယောက်က သူချမ်းရင်ဝတ်ဖို့ ကုတ်အဟောင်းတစ်ထည်လက်ဆောင်ပေးဘူးတယ်။ အဲဒါသွားယူပြီးလုပ်ငန်းစလိုက်မယ်။ ဒီလိုနှင့်သူ ဆိုင်ထဲဝင်လို့ရခဲ့ပါပြီ။ စားသောက်ဆိုင်မှာမစားတာကြာခဲ့ပြီဖြစ်လို့ ဘာတွေမှာရမှန်းတောင်မသိဘူး။ စိတ်ထဲတွေ့ရာကောင်းနိုးရာရာမှာပြီးတော့ အပြတ်တီးပြစ်လိုက်တယ်။ ပြီးတော့ပိုက်ဆံမပါဘူး မင်းတို့တိုင်ချင်တဲ့ဆီတိုင်ဆိုပြီး လူမိုက်ဆန်ဆန်ပြောလိုက်ပါတယ်။ သူထင်သလိုရဲတိုင်ဖို့သူတို့မလုပ်ခဲ့ပါဘူး။ သူစားခဲ့တာတွေအတွက် ဗလကောင်းကောင်း ဝိတ်တာတစ်ယောက်ရဲ့ လေ့ကျင့်ရေးသဲအိတ်အဖြစ်သူမျက်နှာနှင့် ဆိုင်ကြမ်းပြင်ပေါ်ကိုသူနဖူးတို့ မိတ်ဆက်အပြီးမှာတော့ ဆိုင်ပြင်ကိုကန်ထုတ်ခံခဲ့ရပါတယ်။

မအောင်မြင်ခဲ့တဲ့စားသောက်ရေးအစီအစဉ်အပြီးမှာ ညမိုးချုပ်လာပါပြီ။ ရဲတွေလည်းကင်းလှည့်နေပါပြီ။ ဒါဆိုအတော်ဘဲ သူတို့ရှေ့မှာ အော်ဟစ်ဆဲပြလိုက်ရင်တော့ အသေအချာအောင်မြင်မှာဘဲ။ ဒါနှင့်ရဲသားတစ်ယောက်နားမှာ အစွမ်းကုန်အော်ဟစ်ဆဲဆိုလိုက်ပါတော့တယ်။ နည်းနည်းတော့လွဲနေသလိုဘဲ။ ဒီလောက်ဆဲတာတောင် ရဲသားကမတုန်မလှုပ်နှင့်။ နည်းနည်းကြာတော့မှ ရဲအရာရှိတစ်ယောက်ရောက်လာပြီး ထိုရဲသားကိုပြောလိုက်ပါတယ်။ ဒီနေ့ကန်သွားတဲ့ဘောလုံးပွဲမှာ ဒီမြို့ကမြို့ခံအသင်းက သူတို့ရဲ့ခါးသီးတဲ့ပြိုင်ဘက်တခြားမြို့ခံအသင်းကို နိုင်သွားတာကြောင့် အပျော်လွန်ပြီး မူးမူးရူးရူးဖြစ်နေကြတာပါ။ သူတို့ကိုမဖမ်းဖို့ မြို့တော်ဝန်ကမှာထားပါတယ်တဲ့။ သေလိုက်ပါတော့ကွာ အဖမ်းခံဖို့အတွက်တောင် မလွယ်ပါလားနော်။

စိတ်ပျက်လက်ပျက်နှင့်သူညအိပ်နေကျ ပန်းခြံဆီကိုပြန်လာပါတော့တယ်။ နောက်တစ်နေ့မှဘဲ ကြိုးစားတာပေါ့၊ ဒီနေ့အတွက်တော့ပြန်အိပ်အုံးမယ်ပေါ့။ ဒီလိုနှင့်ပန်းခြံနား ဘုရားရှိခိုးကျောင်းအတွင်းဆီက ပျံလွင့်လာတဲ့ ဓမ္မတေးသီချင်းသံကို စန္တရားဆရာရဲ့လက်သံနှင့်အတူ ကြားမိပါတော့တယ်။ ဒီအချိန်မှာ အရင်တုန်းက သူလည်းဘဲအဲဒီလူလို့ တေးသီချင်းတွေတီးခတ်ခဲ့ဘူးတာကို ပြန်သတိရလာပါတော့တယ်။ အဲဒါနှင့်အတူ တချိန်က သူပိုင်ဆိုင်ခဲ့တဲ့ ပျော်ရွင်တဲ့မိသားစုဘဝ လူငယ်လုပ်ငန်းရှင်တဦး ဘဝရှေ့ရေးအတွက်မျှော်လင့်ချက်တွေအပြည့်နှင့်သူ အလုပ်ကြိုးစားခဲ့တာတွေ.. နောက်တော့ကြမ္မာဆိုးတွေဝင်ပြီး သူလုပ်ငန်းတွေအရှုံးပေါ်ပြီး အကြွေးတွေတင်ခဲ့တာတွေ.. ပြသနာတွေကြားမှာစိတ်ညစ်ပြီး မိသားစုကိုပါပြိုကွဲအောင်လုပ်မိခဲ့တာတွေ.. ပြန်တွေးမိကာနောင်တရလာပါတော့တယ်။ သူပိုင်ဆိုင်ခဲ့တာတွေပြန်လည်တည်ဆောက်ရယူဖို့ သူမှာအရွယ်လည်းရှိသေးတာကိုတွေးမိပြီး စိတ်အားတက်လာပါတော့တယ်။ ကုတ်အကျီ င်္ပေးခဲ့တဲ့အဘွားကြီးက သူ့ကိုအလုပ်လုပ်ချင်ရင်အချိန်မရွေးသူဆီလာခဲ့ဖို့ သူအလုပ်ပေးနိုင်ကြောင်းခဲ့တာကိုသတိရပြီး.. မနက်ဖြန်သူ့ဆီသွားမယ်.. ပြီးတော့အလုပ်တစ်ခုတောင်းမယ်.. အဲဒီအလုပ်ကိုလည်းကြိုးစားပြီးအစွမ်းကုန်လုပ်မယ်.. ဒါဆိုသူမျှော်လင့်တဲ့ဘဝပြန်ရဖို့ လမ်းစရှိလာမယ်.. လို့အတွေးတွေနှင့် အပျော်ကြီးပျော်နေပါတော့တယ်။ ဒီအချိန်မှာဘဲ ရဲသားတစ်ယောက်အနားရောက်လာကာ ဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။ သူကဘာမှမလုပ်ပါဘူးလို့ဖြေလိုက်တော့ ဒါဆိုသူနှင့်လိုက်ခဲ့ဆိုပြီးတော့ ဒီတစ်ဆောင်းအတွက်သူဒီနေ့တစ်နေလုံးကြိုးစားရှာနေတဲ့နေရာဆီသို့ ခေါ်ဆောင်သွားပါတော့တယ်….