ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (5 )…မွေတော်ကက္ကူ ဘုရား…

Ma EiJuly 11, 20125min25929

ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (5 )…မွေတော်ကက္ကူ ဘုရား…

 

မွေတော်ကက္ကူ စေတီကို အရင်ဆုံး သွားရောက်ဖူးမြော်ကြပြီး အဲ့ဒီကမှ ထန်စမ်းဂူ၊

တောင်ကြီးစူဠာမုနိဘုရား၊ရပ်တော်မူဘုရားကြီး၊တောင်ပေါ်ဘုရားများနှင့်တောင်ကြီးဈေး တို့ကိုလည်ကြမယ်လို့ ခရီးစဉ်ဆွဲလိုက်ပါတယ်…

 

တောင်ကြီးအတက်လမ်းအစမှာ အေးသာယာ စပျစ်ဝိုင်ခြံရှိပါတယ်…နိုင်ငံခြားစံချိန်မှီ ဝိုင်နီ၊ဝိုင်ဖြူ များထုတ်လုပ်ပါတယ်…

ခြံထဲမှာ စပျစ်ပင် စိုက်ခင်းများနဲ့ ဝိုင်ထုတ်လုပ်မှုကို ကြည့်ရှုလေ့လာနိုင်ပြီး စားသောက်ဆိုင်လဲရှိပါတယ်…

 

တောင်ကြီးမှ မွေတော်ကက္ကူ အသွားလမ်းမှာကြက်သွန်ဖြူစိုက်ခင်းတွေ ယာခင်းတွေ စပါးစိုက်ခင်းတွေနဲ့

ပြောင်းဖူးတွဲတွေ၊ကြက်သွန်ဖြူအမိတ်နဲ့ အစည်းလိုက် စီချိတ်ထားတဲ့ပအို့ပ် အိမ်ကလေးတွေတောင်တန်းတွေကို

မြင်ရတာ ကြည်နူးစရာကောင်းပြီး အရမ်းလှတဲ့ လမ်းကလေးဖြစ်ကြောင်း အမှတ်ထင်ထင်ရှိခဲ့ပါတယ်…

မမျှော်လင့်မိတာက အရင်တုံးက ရှိခဲ့တဲ့ ကြက်သွန်ဖြူ စိုက်ခင်းများနေရာမှာ အခုတော့ လူနေအိမ်ခြေတွေဖြစ်နေတာကိုတွေ့ရတာပါ…

အချို့နေရာတွေကတော့ခြံခတ်ထားတဲ့ အနေအထားမှာဘဲရှိပြီး၊ လက်ဘက်ပင်၊စပါးခင်း စိုက်ပျိုးထားတဲ့ လယ်ယာ

စိုက်ခင်းခြံမြေအနည်းငယ်သာတွေရပါတော့တယ်…တောင်ယာလုပ်ငန်းများ တောင်ခြေဘက်ရွှေ့သွားကြရပုံပါဘဲ…

 

လမ်းတစ်လျှောက် လမ်းဘေးမှာ၊ လူနေအိမ်ခြံဝင်းဘေးမှာ၊ခြံထဲမှာ အလေ့ကျပေါက်လို့ လှပစွာဖူးပွင့်နေတဲ့

ပန်းဆီရောင်နှင်းပန်းကလေးတွေကိုအဆက်မပြတ်မြင်တွေ့နေရတာဖြင့် ဆင်းခူးချင်လာအောင်ပါဘဲ…

ကျမတို့ မိန်းကလေးတွေအားလုံး ခဏခဏပြောမိတဲ့စကားကို အမှတ်ရလိုက်ပါတယ်…

လှလိုက်တာ…လိုချင်လိုက်တာ…

လှပတဲ့ ပန်းကလေးတွေပွင့်နေတဲ့ လမ်းတစ်လျှောက်ဖြတ်သန်းမောင်းနှင်ခဲ့ရင်း ကျောက်တစ်လုံးဘူတာရုံ မီးရထားလမ်းကလေးကို

ကျော်လိုက်ပြီးချိန် ခပ်လှမ်းလှမ်းမှာ မွေတော်ကက္ကူစေတီတော်များကို လှမ်းမြင်ရပြီဖြစ်ပါတယ်…

 

မွေတော်ကက္ကူစေတီတော်များသည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ကျောက်တစ်လုံးကြီးမြို့နယ်၊နောင်ခဲုင်းကျေးရွာအုပ်စု

မွေတော်ကျေးရွာအနီးတွင်တည်ရှိပါသည်။

ပအိုဝ်း တိုင်းရင်းသား ဘာသာစကားအရ ကက်မှာ ကင်းစခန်း၊ ကူမှာ နယ်ခြားဖြစ်၍ ကက္ကူသည် နယ်ခြားစခန်းဖြစ်သည်။

ရှေးမခါက ဤဒေသသည် ဆီဆိုင်စော်ဘွားနှင့် ညောင်ရွှေစော်ဘွားနယ်စပ်ဒေသဖြစ်၍ နယ်ခြားကင်းစခန်းနေရာတွင်

တည်ရှိသောဘုရား ကက္ကူဘုရားဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

သီရိဓမ္မာသောကမင်းကြီးတည်သော စေတီပေါင်းရှစ်သောင်းလေးထောင်တွင်ပါဝင်သော စေတီတစ်ဆူဖြစ်ပြီး

ဤကက္ကူစေတီစုတွင် ဂေါတမ ဘုရားရှင်ဓါတ်တော်မွေတော်များကို ဌာပနာ ထားသော်လည်း ဘဒ္ဒကမာ္ဘတွင်ရှေးဦးစွာ

ပွင့်တော်မူသော ကကုသန် ဘုရားရှင်ဘွဲ့အမည်တော်ကို ပူဇော်၍ ကက္ကူ ဘုရားဟုခေါ်ဆိုကြောင်း

စေတီသမိုင်းမှတ်တမ်းစာအုပ်၌ ဖော်ပြထားပါသည်။ စေတီတော်များအရေအတွက်ကို တောင်သူကွမ်းညှပ်

တဖြတ်ဖြတ် 7623 ဆူတည်ထားခဲ့ကြောင်း စာချိုးလို့မှတ်တမ်းတင်ခဲ့ကြပါတယ်။

 

အရင်က အနက်ရောင်နယ်မြေမှ စေတီတော်တွေကို ဖူးခွင့်ရပြီးမကြာခင် စတင်ပြင်ဆင်နေချိန်ဖူးခဲ့ရစဉ်က

စိတ်မချမ်းမြေ့စရာ စေတီပြို စေတီပျက်အများစုကိုသာတွေ့မြင်ခဲ့ရပြီး နောက်အခေါက် နောက်အခေါက်များမှာအသစ်

အသစ်တွေဖြစ်နေခဲ့ပြီး ခုတစ်ခေါက်တော့ဖြင့် အသစ်ကနေ အဟောင်းပြန်ဖြစ်နေပြန်ပါပြီ…

စေတီတော်တွေတစ်စုတစ်ဝေးအများဆုံးဖူးခွင့်ရတဲ့ လှပတဲ့နေရာလေးဖြစ်ပါတယ်…

ထူးခြားစွာ သပ္မါယ်လှတဲ့ ဆင်းတုတော်ကိုလည်းဖူးတွေ့ခဲ့ရပါတယ်…

 

 

1…အဝင်လမ်းကလေးနှင့် စေတီတော်များ…

 

2…တည်ထားစေတီ အစီအရီ …

…0000…မွေတော်ကက္ကူ ဘုရား…

4…ရုပ်စုံ စေတီတော်…
5…လှေပေါ်က ရွှေစေတီ…
6…ရွှေဝက်မင်း
7…စည်းရိုးအတွင်းမှ စေတီတော်များ…
…8 မြောက်ဘက်မုဒ်ဦး…
9…ရုပ်စုံစေတီတော်…
10…ဝင်ပေါက်မုဒ်ဦးနှင့် စေတီတော်များ…

ရင်ပြင်တော်မှ မြောက်ဘက်စောင်းတန်းအတိုင်းအပြင်ကိုလာလိုက်တဲ့အခါ လှပတဲ့မြင်ကွင်းလေးကဆီးကြိုနေပါတယ်…

ကွေ့ဝိုက်စီးဆင်းနေတဲ့ချောင်းကလေး စိုက်ပြီးစ လယ်ကွင်း နဲ့ လယ်စောင့်တဲကလေး  စေတီတော်များဘက်ကို

ပြန်ကြည့်မိတော့ လှပတဲ့တိမ်ကလေးတွေ နဲ့ ပဏာရနေပြန်တဲ့ စေတီတော်တွေ ဆေးပန်းချီ ရေးမမှီနိုင်အောင်လှပတယ်လို့

တင်စားမိပါတယ်…

12…စေတီဖြူဖြူ တိမ်ဖြူဖြူ…

 

13…ဘုရားဝင်းထဲမှ ညောင်ပိနဲ္နပင်ကြီးများ…
14…တောင်ရိုးသူ ဈေးသည်များ…
15…ရှမ်းခေါက်ဆွဲ နှင့် တို့ဟူးကြော်…
11…လယ်စောင့်တဲကလေး…

 

16…ယာခင်းနောက်က ကျောက်တောင်အလှ…

 

17…ဆရာမ ကို ကြိုဆိုကြတဲ့ နောင်ကားရွာ…

ညောင်ပိနဲ္နပင်ကြီးများအောက်က တောင်ရိုးသူများထံမှာ ကြက်သွန်ဖြူ၊စွန်တန်၊မက်မွန်သီး၊နေကြာစေ့များ

စုံနေအောင်ဝယ်ကြ၊ဓါတ်ပုံရိုက်ကြပါတယ်…ရန်ကုန်ဈေးထက် တဝက်သက်သာနေတာတောင် ဈေးဆစ်နေမိလို့ ရီရသေးတယ်…

ရှမ်းခေါက်ဆွဲ တို့ဟူးကြော် နဲ့ ကောက်ညင်းကွက်ကြော်တို့ကလဲ စားကောင်းလှပါတယ်…

အပြန်လမ်းမှာ ဆိုင်ကယ်တွေ၊လူတွေ ရှမ်းအိုးစည်တွေနဲ့ စည်ကားနေတာပွဲတော်တစ်ခုလို့ထင်ရပါတယ်…

ကားသမားက ဆရာမ ရောက်လာလို့ ရွာသူရွာသားများက ကြိုဆိုကြတာလို့ ပြောပြပါတယ်…

ရွာဆိုင်းဘုတ်ကိုကြည့်မိတော့ နောင်ကားစံပြကျေးရွာ တဲ့ ဆရာမလေးတွေလဲပျော်နေကြတယ်..

ပြုံးပျော်နေကြတဲ့ ရွာသူ ရွာသားများကိုကြည့်လို့ အပျော်တွေကူးစက်ခဲ့ရပါတယ်…

ထမ်စမ်းလှိုဏ်ဂူတော်ကို ဆက်သွားကြရအောင်နော်…

 

 

ခင်တဲ့

မအိ

29 comments

  • mamanoyar

    July 11, 2012 at 12:35 pm

    မမအိရေ ရှမ်းပြည်တောင်ပိုင်း ကိုဘာကြောင့်မှန်းမသိ
    အရမ်းချစ်တာပဲ အရမ်းသွားချင်တာ အခု ပုံလေးတွေ မြင်ရတော့
    ပိုပြီးသွားချင်တယ် ဒီနှစ်တန်ဆောင်တိုင်တော့ ရောက်အောင်သွားမယ်လို့
    ဆုံးဖြတ်ထားတယ်

    • Ma Ei

      July 11, 2012 at 12:57 pm

      တန်ဆောင်တိုင် မီးပုံးပျံပွဲတော်
      စည်ကားလှပ သလောက် အရမ်းအေးတယ်…
      ဘယ်အချိန်သွားသွား လှနေတဲ့နေရာလေးတွေပါ…

  • may flowers

    July 11, 2012 at 12:44 pm

    အော်………..တော်သေးတာပေါ့မအိရယ်………….မျှော်လိုက်ရတာမောလို့ ခုမှပဲတင်ပေးတော့တယ်

    စောင့်ပြီး ဖတ်ချင်ကြည့်ချင်ပါတယ် ဆိုမှ……….။

    ခုလည်း အားပေးသွားပါတယ် နောက်ပုံတွေလဲကြာနဲ့နော်။

    • Ma Ei

      July 11, 2012 at 1:03 pm

      ဆက်ရေးနေပါတယ်ကွယ်…
      မေလေး အမောပြေပါနော်…

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 11, 2012 at 1:07 pm

    သွားဖူးသော်လဲ နောက်ထပ်ထပ်သွားချင်တဲ့နေရာလေးတွေပေါ့ဗျာ ……

  • Mon Kit

    July 11, 2012 at 1:23 pm

    “”” ပျိုပျိုမေ xxx အလည်အပတ်ထွက်တယ် xxxx မော်တော်ကားနဲ့ရယ်xxxx
    ရှမ်းပြည်ကို တောင်ပိုင်းရော xx မြောက်ပိုင်းရောကွယ်xx နှံ့ခဲ့တယ်xxxxxxx””””
    သီချင်းလေး ညည်းရင်း ပြန်လည် ခံစားသွားပါသည်… 😀

    • Ma Ei

      July 11, 2012 at 1:56 pm

      မွန်ကစ်ရေ…
      သတိရရင်…
      အစကပြန်ချစ်…
      အသစ်ဖြစ်သွားပြီနော်…

      • Par Lay Yar Ko

        July 14, 2012 at 2:52 am

        chit chin dal ma ei yal

  • မောင်ပေ

    July 11, 2012 at 1:28 pm

    မေ့တောင်မေ့နေပါပြီ မအိရေ
    အခုလို အခန်းဆက်လေးတွေကို တစ်ပို ့စ်နဲ ့တစ်ပို ့စ်ကြား ၊ အချိန်အကြာကြီး မခြားစေချင်ကြောင်း ရယ်ပါခင်ဗျ ။
    ဘုရားစေတီတော်များကို ကြည်ညိုစွာ ဖူးမြှော်သွားပါတယ်နော
    ခင်မင်စွာဖြင့်
    မောင်ပေ

  • မမ အညာသူ

    July 11, 2012 at 1:43 pm

    ရှမ်းပြည်ကိုတစ်ခါတစ်ခေါက်မှမရောက်ဘူးပါဘူး
    ပုံလေးမြင်တော့တကယ်သွားချင်စိတ်တွေပေါက်လာတယ်လေ
    ဘုရားတွေကလဲတကယ်ကြည့်ညိုဖို့ကောင်းလိုက်တာ

  • Ma Ei

    July 11, 2012 at 1:49 pm

    မေ့ နေမှာတော့ စိုးရိမ်ပါတယ်ကိုပေရေ…
    အခန်းဆက်ဆိုပေမဲ့
    တစ်ပိုင်းစီပိုင်းထားပါတယ်…
    နောက်အပိုင်းတွေ ဆက်ရေးနေပါတယ်..
    အခင်မင်မပျက်လို့ ကျေးဇူးနော်…

  • Khaing Khaing

    July 11, 2012 at 2:21 pm

    မအိရေ ……. မရောက်ဖူးတဲ့နေရာလေးကို ရောက်လိုက်ရတယ်ချင် …….. နံပါတ် ၁၁ က ပုံလေးက သိပ်လှတာပဲ ……. ငါးလပိုင်းကသွားထားတာဆိုတော့ သိပ်မကြာသေးဘူးပေ့ါနော် ……….

  • Ma Ei

    July 11, 2012 at 3:08 pm

    ထားဝယ်သားရေ…
    ရှမ်းပြည်ကတော့ ခုပြန်လာလဲ ထပ်သွားချင်တဲ့နေရာပါ…

    အညာသူလေးရေ…
    တစ်ခေါက်လောက် အရောက်သွားခဲ့ရင်ဖြင့်
    မမေ့နိုင်လောက်အောင်လှတာမို့ ရောက်စေချင်ပါတယ်…

    ခိုင်ခိုင်ရေ..
    အေးချမ်းလှပတဲ့ နေရာလေး၊
    မိသားစု အလည်သွားဘို့ ကောင်းတဲ့နေရာလေးလို့ညွှန်းလိုက်ပါတယ်…

  • Mလုလင်

    July 11, 2012 at 3:54 pm

    အစ်မကြီး မအိ ရေ … အဲ့ဒီ့ထဲ က ဘုရား နဲ့ တွဲရိုက်ထားတဲ့ ပုံတစ်ပုံကို (MPS က ဆရာသမား တစ်ရောက်ရိုက်ခဲ့) ကြိတ်ကြိုက်နေတာ ကြာပါပြီ။ ဘယ်မှ ရိုက်ထားတာလဲ မေးဖို့ ကျလဲ လူချင်း ကမတွေ့ဖြစ်ကြ ဆိုတော့ ….. စိတ်ထဲ တနုံ ့နုံ ့ ဖြစ်နေတာ။ ခုကျ မှ ဒီ ဘုရား မှန်းသိတော့တယ်။ ကျေးဇူးတင်ပါတယ်ဗျာ ….။

  • YE YINT HLAING

    July 11, 2012 at 5:55 pm

    ခုလည်း နယ်ခြားကင်းစခန်းပါ ။ ဆီဆိုင် နဲ့ ညောင်ရွှေ အတွက်တော့ မဟုတ်တော့ဘူး ။ ဘုရား ကနေ အရှေတောင်ဘက် လမ်းလေး အတိုင်း ဆင်းပီးလျှောက်ရင် သိပ်မကြာ ပီအန်အို ရဲ့ ပီအန်အေ စခန်း ( ဒေသ အခေါ် အဖြူ စခန်း ) ရှိတယ် ။ နောင်ကား ။ နောင်အယ် ။ ကျောင်းချယ် ။ ဘန်းယာဉ် ။ နောင်မွန် စတဲ့ ပတ်ဝန်း ကျင် ကရွာတွေ အကုန်ရောက်ဘူးတယ်ဗျ ။ သုံး လေးနှစ်လောက် နေခဲ့တဲ့ အဲဒီနေရာ လေးတွေကို မကြာခဏ လွမ်းမိပါတယ် ။ ခုလို ဒါတ်ပုံ လေးတွေကို အလွမ်းပြေ ကြည့်ခွင့်ရတဲ့ အတွက် မအိ ကိုကျေးဇူးတင်ပါတယ် ။ အဲဒီမှာ နေတုန်းက တခါတလေ နှစ်ယောက်တွဲပီး မကြာခဏ ဘုရားကို ရောက်နေကြဆိုတော့။။။။။။.

  • MaMa

    July 11, 2012 at 7:50 pm

    အရမ်းရောက်ဖူးချင်တဲ့ နေရာလေးတစ်ခုပါ။
    ဓာတ်ပုံတွေက မြင်ကွင်းစုံလို့ ကိုယ်တိုင်ရောက်လိုက်ရသလိုပဲ။
    ကက္ကူဘုရား လို့ ဘာ့ကြောင့် ခေါ်တွင်သလဲဆိုတာကိုလည်း သိလိုက်ရပြီ။
    ဓာတ်ပုံတွေက လန်းလွန်းလို့ မအိ ခေသူမဟုတ်လို့ မှတ်ချက်ချမိတယ်။
    ပုံ ၁ ကို အကြိုက်ဆုံးပဲ။
    ပုံတွေ ကြည့်ပြီး လျှောက်လည်ရတာ မောသွားလို့ …ရှမ်းခေါက်ဆွဲ နှင့် တို့ဟူးကြော်…လည်း စားသွားတယ်။
    လယ်စောင့်တဲလေးကြည့်ပြီးတော့လည်း မျက်စေ့အပန်းဖြေသွားတယ်။ 🙂

    • Ma Ei

      July 12, 2012 at 8:53 am

      ခေသူမဟုတ်လို့ဆိုတဲ့ မှတ်ချက်အတွက် ကျေးဇူးပါနော်…
      ရှမ်းခေါက်ဆွဲဆိုင်ကလေးကြည့်ပြီး မကောင်းလောက်ဘူးထင်လို့
      နှစ်ပွဲလောက်မှာပြီးမြည်းကြည့်မိမှ စားကောင်းလို့ ထပ်မှာရတယ်…
      မမရေ…
      အလှူနေ့က ဂရုတစိုက်ရှိပေးတဲ့အတွက်
      ကျေးဇူးအထူးတင်ပါတယ်နော်…

  • Ma Ei

    July 12, 2012 at 9:16 am

    Mလုလင်ရေ…
    ဓါတ်ပုံတွေ့ပြီး အဖြေရသွားတယ်ဆိုလို့
    ဝမ်းသာရပါတယ်…ပုံကောင်းလေးတွေကြည့်ချင်လို့
    ကိုယ်တိုင်သွားလို့ဓါတ်ပုံရိုက်ဖို့ တိုက်တွန်းပါတယ်နော်…

    ရဲရင့်လှိုင်ရေ…
    ရွာလေးတွေထဲလဲ ရောက်ဖူးချင်လိုက်တာ…
    မကြာခဏ လွမ်းမိတဲ့နေရာကို လွမ်းစေအောင်
    ဓါတ်ပုံတွေ တင်မိပြီထင်ရဲ့နော်…

    သန်းထွဋ်ဦးရေ…
    တန်ဆောင်တိုင်ရောက်ဖြစ်ရင် ဓါတ်ပုံတွေရိုက်ခဲ့နော်…

  • Yin Nyine Nway

    July 12, 2012 at 10:45 am

    နောင်ကားရွာက ပအိုဝ့်ရွာတွေထဲမှာ ပိုပြီးစည်ကားပြီး
    ဘာသာရေးရော…. လူကြီးတွေကို ရိုသေမှုမှာပါ သူများရွာတွေထက် ပိုတယ်ဆိုရမလားပဲ
    အဲဒီရွာရောက်ရင် ဘာလို့လဲမသိဘူး
    ပျော်သွားတာတော့ အမှန်ပဲ
    ကက္ကူမြှ အကြိုက်ဆုံးကတော့ ဘေးက ချောင်းလေး ပါ
    ပြီးရင် ညောင်ပင်တွေ မြိုနေတဲ့ ဘုရားဟောင်းတချို့
    အဲဒါလေးတွေကြိုက်တယ်
    အခုတော့ ပြန်ပြင်လိုက်ပြီလားမသိဘူး
    မရောက်တာ တော်တေ်ာကြာနေပြီမလို့

    • Ma Ei

      July 12, 2012 at 11:04 am

      ထမ်စမ်းဂူအပြန် ကားဘီးတာရာကွဲသွားတော့
      ကူညီတာလဲ နောင်ကားရွာကကားဖြစ်နေတယ်…
      စံပြကျေးရွာ အမှန်ဖြစ်ပါတယ်…
      ညောင်ပင်မြိုထားတဲ့ ဘုရားဟောင်းကတစ်ဆူနှစ်ဆူရှိသေးတယ်…
      စေတီပြိုထဲက ပေါ်တော်မူ ဆင်းတုတော်နဲ့
      ဘုရားတော့ မတွေ့ခဲ့တော့ဘူး…
      ချောင်းကလေးကလဲ အတော်လှပါတယ်…
      ရင်ငြိမ်းလဲလှပါတယ်နော်…

  • shwe kyi

    July 12, 2012 at 12:02 pm

    ရွှေကြည်ရောက်ဘူးတယ် ဒါပေမယ့် အချိန်တော့သိပ်မရခဲ့ဘူး။ ရုံးကအစီအစဉ်နဲ့သွားရတာမို့လေ။
    အခုပြန်သွားချင်တယ်အေးအေးဆေးဆေးလေး ဒါပေမယ့် ပိုက်ပိုက်ကမရှိ။

  • Ma Ei

    July 12, 2012 at 12:12 pm

    ရွှေကြည်လေး…
    ပိုက်ပိုက်ရှိရင်သွားလို့ရအောင်
    သွားချင်တဲ့နေရာလေးတွေ
    စာရင်းမှတ်ထားနော်…

  • char too lan

    July 14, 2012 at 10:15 am

    ပုံတွေကြည့်ခွင့်ရလို့ကျေးဇူးတင်တယ် ……

    • Ma Ei

      July 16, 2012 at 12:04 pm

      Comment ရေးပေးတဲ့ ချာတူးလေး ကိုလဲ
      ကျေးဇူးတင်ပါတယ်…

  • pooch

    July 16, 2012 at 1:05 pm

    မအိရေ ရုပ်စုံစေတီက ရှေးလက်ရာလေးလို့ ထင်တာပဲ ။ ကျန်တာကတော့ ရွှေရောင်တဝင်းဝင်းဆိုတော့ အသစ်ပြုပြင်ထားတာပေါ့နော်။

    ဆရာမတွေကို ဝမ်းပန်းတသာနဲ့ ကြိုဆိုကြတာဆိုတော့ ချစ်စရာဓလေ့လို့ ပြောရမှာပေါ့။ သွားပြီး တာဝန်ထမ်းဆောင်နိုင်တဲ့ ဆရာမများကိုလည်း ချီးကျူးပါတယ်။

    လယ်စောင့်တဲ ပုံလေးကို အနှစ်သက်ဆုံးပဲ။

    • Ma Ei

      July 16, 2012 at 1:18 pm

      မပုချ်ရေ…
      ရုပ်စုံစေတီကလေးလဲ ပြုပြင်ထားတဲ့ လက်ရာပါ…
      ပြန်ဟောင်းသွားခဲ့တာရယ်…
      ဆရာမတွေကိုလဲ တစ်ကယ်ကို
      ဝမ်းပန်းတသာနဲ့ ကြိုဆိုကြတာပါ…
      ဆိုင်ကယ်တွေ လူတွေများပွဲတော်လိုဘဲ…
      အဲ့လို မြင်တွေ့ရတာ ဝမ်းသာမိတယ်…

  • amatmin

    July 16, 2012 at 1:58 pm

    မအိရေ..
    ပုံတွေ အကုန်ကြိုက်ပါ့ဗျာ..
    ရှမ်းပြည်ကတော့ အသက်ကြီးလာရင်
    နေဖို့ရွေးထားတဲ့အထဲ
    နံပါတ် ၁ ပေါ့ဗျာ..။
    ဒါနဲ့ ရွှေဝက်မင်းကို မြင်တော့
    သမိုင်းလေးကိုသိချင်လာပြန်လေရော. 🙂

    • Ma Ei

      July 16, 2012 at 2:11 pm

      ဟိုးရှေးရှေးတုံးက အဲ့ဒီနယ်တစ်ဝိုက်မှာ
      ရွှေရောင်အမွှေးမျှင်နဲ့ ဝက်မင်းဦးဆောင်တဲ့
      ဝက်တွေက ဓါတ်တော်တွေကို စောင့်ရှောက်ပါသတဲ့…
      ညအချိန်ဝက်တွေကူးလာကြလို့ ရွှေဝက်ကူးဘုရားလို့လဲ ဘွဲ့မည်တွင်ခဲ့ပါတယ်…
      ပြင်ဆင်ချိန်က ဝက်မင်းအထိမ်းမှတ်ရုပ်ကို ဖျက်လိုက်ကြတဲ့အခါ
      ပွဲတော်ရက်တွေမှာ ခိုက်ရန်ဒေါသတွေဖြစ်ပွားကြတာမို့ အစောင့်ရှောက်အဖြစ်
      ဝက်မင်းရုပ်တု ပြန်တည်ပေးတဲ့အခါမှ ငြိမ်းချမ်းသွားကြတယ်လို့ အဆိုရှိပါတယ်…
      ဘုရားသမိုင်းမှတ်တမ်းစာအုပ်လေးဝယ်လာပြီးဖတ်ထားလို့ သိရတာလေးပါ…

Leave a Reply