(၃) မိနစ်အတွင်းဆရာ ဖြစ်နည်း ကိုသိချင်တာလား ဟဲဟဲ လွယ်လွယ် နဲ့ တော့ ဘယ် ပြောအုံးမလဲနော်.. အရင်မိတ်ဆက်ပါရစေဦး.. ကျုပ်လား.. ဂန္ဒာရီဂျာအုပ် လို့ခေါ်ပေါ့ဗျာ.. လောကကြီးမှာ ဆရာဝန်၊ ကျောင်းဆရာ၊ ဗိန္ဒောဆရာ၊ ဆိုက်ကားဆရာ၊ မြင်းလှည်းဆရာ စတဲ့ ဆရာ့ ဆရာတွေ ကြား ကျုပ်လည်း ဆရာ လို့ ခေါ်ခံချင်တာကစတာပဲ.. ခက်တာက ဆေးမကုတတ်၊ စာလဲမသင်တတ်၊ ဆိုက်ကားတွေ မြင်းလှည်းတွေလဲ မမောင်းတတ်တော့.. အင်း ဘာမှ လုပ်စရာမလိုပဲ ဆရာဖြစ်နည်းကို  ဦးနှောက်ခြောက်မတတ် စဉ်းစားရာက အပြင်းထူတဲ့ ပါရမီဓာတ်ခံ လေးလဲရှိတော့ အော်တော်ငုတ်တုတ် ဆရာဖြစ်တဲ့ နည်းကို  လွယ်လွယ်လေးပဲ စဉ်းစားလိုက်မိသဗျ.. ဒါနဲ့ (၃) မိနစ် အတွင်း ဆရာဖြစ်သွားပါလေရော..

ဘာကွ (၃) မိနစ်အတွင်း ဆရာဖြစ်နည်းဆိုပါလား ဆိုက်ကားဆရာဖြစ်ချင် ရင်တောင် ဆိုက်ကားနင်းတတ်ဖို့ နေ့ဝက်လောက် လိုတယ် မင့်ဟာကဖြစ်နိုင်ပါ့မလား ကွယ် လို့တော့မမေးနဲ့ အာမခံ နဲ့ကို လုပ်ပေးမှာ.. အဲ တစ်ခုတော့ လိုတာပေါ့နော် ဆရာကြီးအီကြာကွေးပြောတဲ့ ဖွတ်ကလိဒင်္ဂါးပေါ့ကွယ်..အဲဒီ ဖွတ်ကလိဒင်္ဂါး လေးခပ်များများလေးသုံးလိုက်တာနဲ့ (၃) မိနစ်အတွင်းဆရာဖြစ်ပါရော.. လူတိုင်းက ကိုယ့်ကို ဆရာလို့ကို သတ်မှတ်သွားကြမှာဗျ.. ကဲမလွယ်လား ကျုပ်လဲဒီနည်းနဲ့ ဆရာလုပ်နေတာဗျာ.. ဘာဆရာလဲဆိုတော့ ဘယ်သူ့ကိုမဆို အမိန့်ပေး၊ ကောင်မလေးတွေက အမြဲပြုံးပြ၊ ဘယ်နေရာမဆို မျက်နှာပန်းလှတဲ့ ဓာတ်ပုံဆရာပေါ့.. ယုံပြီနော်.. ကင်မလာ တစ်လုံးကို ၀ယ်ပြီးတော့သာ ခပ်တည်တည်နဲ့ လည်ပင်းဆွဲထားလိုက် ခင်ဗျားကို ဓာတ်ပုံဆရာဆိုပြီး လူတိုင်းက မိနစ်ပိုင်း အတွင်း သတ်မှတ်သွားကြလိမ့်မယ်ဗျ.. မားမားစားဖို့စောင့် တာကမှကြာပါဦးမယ်နော်..

အဲ ဓာတ်ပုံရိုက်တတ်ဖို့လွယ်လားဆိုရင်တော့ လွယ်သမှသိပ်လွယ်. ငှက်ပျောသီး အခွံနွှာစားတာကမှ အားကုန်သေးသဗျ.. ဦးကျော်ပြောသလိုပြောရင် လက်ညှိုးလေး ကွေးတတ်ရင်ရပြီ.. အဲလောက်လွယ်လား ဆိုရင်တော့ အာပါး ပြောတာကမှကြာဦးမဗျ.. ဒီဂျစ်တယ်ခေတ်လေဗျာ.. ကင်မလာအပေါက်ထဲကချောင်း အကုန်ပါရင် ခလုပ်သာနှိုပ်လိုက်ပေတော့ဗျို့..

ဒါပေမယ့် ဆရာနဲ့တူအောင်တော့ ကင်မလာဝယ်ကတည်းက အလတ်စားလောက် ၀ယ်ပေါ့ဗျာ.. ဒါမှ ဖိန့်ဖိန့် လုပ်နိုင်မှာကိုး.. ကင်မလာ အမျိုးအစား ၄ မျိုးရှိသဗျ

  1. ကော်ဆူးမား
  2. ပလိုဆူးမား
  3. ဆင်မြှီးပလို နဲ့
  4. ပလို  . ဆိုပြီးကြားဖူးသဗျ..

 

ကော်ဆူးမား ဆိုတာကတော့ အများဆုံးကိုင်နေကြတဲ့ လက်တ၀ါးစာ ကင်မလာလေးတွေကိုခေါ်သဗျ..

ကော်ဆူးမား ကင်မလာ

ပလိုဆူးမား ကတော့ ပလို နဲ့ ကော်ဆူးမား ကိုပေါင်းထားတဲ့ ကင်မလာ အလတ်စားလေး တွေကိုခေါ်သဗျ..

ပလိုဆူးမား ကင်မလာ

ဆင်မြှီးပလို ကတော့ ပလိုဖက်ရှင်နယ်  အတိုင်းဖြစ်သွားပြီးပေါ့ဗျာ..

ဆင်မြှီးပလို ကင်မလာ

တော်တော်များများ ဓာတ်ပုံဆရာတွေတောင် ဆင်မြှီးပလို ကိုပဲသုံးကြသဗျ..

ပလိုကင်မလာ

ပလို ကတော့ ဈေးလဲကြီးတယ် လေးလဲလေးတယ်.. အလတ်စားလောက် ၀ယ်ဆိုတာက ပလိုဆူးမား လောက်ကို ၀ယ်ရင်ရပါပြီ.

အဲ ဆရာဖြစ်သွားပြီးဆိုရင်တော့ ဆရာအိုက်တင် တော့ ဖြစ်ရမယ်.. ဆရာအိုက်တင် အပြည့်ရှိရမလို ဘာတွေကိုဘယ်လို သတိထားရ မလဲဆိုတော့

  1. နောက်က LCD အပြင် အပေါ်မှာ ချောင်းကြည့်ပေါက် ကလေးရှိသဗျ.. အဲဒီအပေါက်ကကြည့် LCD ကမကြည့်နဲ့ ဒါမှဆရာ အိုက်တင်ဖြစ်မှာ ဓာတ်ပုံ ဆရာဆိုရင် ဘယ်တော့မှ LCD ကမကြည့်ဘူးဗျ
  2. ကင်မလာကိုလက်နှစ်ဖက်နဲ့ကိုင် ဘယ်ဖက် လက်ဖ၀ါးပေါ် ကင်မလာတင်  မှန်ဘီလူးကို လက်မနဲ့ လက်ညှိုးနဲ့ ထိမ်းထား၊ ညာဖက်က လက်ကိုင်ကိုလက်သုံးချောင်းနဲ့ကိုင် လက်ညှိုးကို ခလုပ်ပေါ်တင်
  3. ထောင်ရိုက်မယ်ဆိုရင် ညာဖက်လက်ကို အပေါ်ထား
  4. ကိုယ်ကို နဲနဲနှိမ့် ဒူးနဲနဲကွေး ကင်မရာကို အရိုက်ခံ တဲ့သူရဲ့ ရင်ဘတ်လောက်နဲ့တန်းတူထား အပေါ်ကလဲ စီး မရိုက်နဲ့ အောက်ကလဲပင့်မရိုက်နဲ့ သူထိုင်ရင် ကိုယ်လဲထိုင်ရိုက်
  5. နောက်တစ်ခုအရေးကြီးတာက ကပ်မရိုက်နဲ့ အရမ်းလဲမခွာနဲ့ ၁၀ ပေအတွင်းလောက်ကနေရိုက်.. တယ်လီပသီ နဲ့လှမ်းဆွဲချင်တယ်ဆိုရင်တော့ အဝေးကနေလှမ်းဆွဲ လို့ရတယ်.
  6. ကိုယ့်ကိုကိုယ် ဒေါင်းဖန်ဝါနေမင်းနဲ့ ပါဝါတူတူပဲလို့မှတ်ပြီး နေရှိတဲ့ ဘက်မှာပဲ အမြဲနေ
  7. နေ့ခင်းကြောင်တောင်ရိုက်မယ်ဆိုရင် နေရောင်အောက်မှမရိုက်နဲ့ အမိုးအောက်မှာရိုက်. နေရောင်အောက်မှာရိုက်ရင် အရိပ်ကျတယ်.. မျက်မှောင်ရှုံ့မယ်.. အဲမတတ်သာလို့ရိုက်ရမယ် ဆိုရင် ဖလက် ဖွင့်ရိုက် နေပြောက်တွေကျနေတဲ့နေရာမှာ မရိုက်နဲ့
  8. ကင်မလာ ဖန်ရှင်မှာ M,A,S,P,Auto…စသဖြင့်ပါတယ် Auto ကိုတော့မထားနဲ့ P မှာထားရိုက်
  9. တစ်ခါရိုက်ရင် ၂ ပုံလောက်ရိုက် တစ်ခါတစ်လေ မျက်စိမှိတ်သွားတတ်တယ်

10. ပုံကွာလတီကိုတော့ 4×6 လောက်ပဲထုတ်မယ်ဆိုရင် 5MB လောက်ဆိုရတယ်..

11. ရိုက်ပြီဆိုရင် “အိုကေ ရိုက်မယ်  ၀မ်း..တူး..သရီး.. ခေါ်ရိုက်” ဒါမှ ဓာတ်ပုံဆရာနဲ့တူမှာဗျ.. တိုင်ပင်လေးခေါ်ပေးတော့ အရိုက်ခံတဲ့သူလည်း အဆင်ပြေတာပေါ့နော်

12. နောက်ပြီးတော့ ခလုပ်ကို ဒီအတိုင်း နှိပ်မချပါနဲ့ အဲဒီခလုက်လေးမှာ ၂ ဆင့်ပါတယ်.. half press နဲ့ full press ဆိုပြီးတော့၊ half press ဆိုတာက ခလုပ်ကို အကုန်မဖိချပဲ တစ်ဝက်ပဲဖိလိုက်တာ ကိုပြောတာပါ။ ဒီအချိန်မှာ ကင်မလာက ဆပ်ဘဂျက်ကို ဖိုးကပ် သွားလုပ်ပါတယ် ကင်မလာကနေကြည့်ရင် အလယ်မှာ + ဒီလိုကြက်ခြေခတ်လေး ဒါမှမဟုတ် [   ]  ဒီလိုကွင်းလေးပါသဗျ.. အဲဒါကို ဖိုးကပ်လို့ခေါ်ပါတယ်.. ရိုက်မယ့် သူကို အဲဒါလေးနဲ့လှမ်းထောက် ပြီး half press အဖြစ်အရင်နှိပ်ပြီး ဖိုးကပ်ဖြတ်ရသဗျ .. နောက် full press အဖြစ် ထပ်ဖိလိုက် တော့မှရိုက်သွားတာ ဖြစ်ပါတယ် တကယ်လို့ တစ်ခါတည်း ဖိချလိုက်ရင် ဖိုးကပ်ဖြတ်ချိန်မရတဲ့ အတွက် ပုံတွေ ၀ါးသွားနိုင်ပါတယ်။

ကဲဒါကတော့မိနစ်ပိုင်း အတွင်း ဆရာဖြစ်နည်းပေါ့ဗျာ. ကျုပ်တတ်သလောက်တော့ အိတ်သွန်ဖာမှောက် ပြောပြီးသွားပြီဗျို့.. ထပ်တော့မမေးပါနဲ့ ပိုလဲမသိတော့လို့ပါ .. နောက်ထပ်ဖတ်လာပြီး ဆရာ လာလုပ်ပါအုံးမယ်

ဂန္ဒာရီဆြာအုပ်

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)