ယွမ်ငွေကို နှုန်းရှင်သတ်မှတ်လိုက်သည့်ဂယက်ကြောင့် တရုတ်ကုန်စည်အချို့ ဈေးနှုန်းမြင့်တက်

klnJune 30, 20101min370

တရုတ်နိုင်ငံသုံးငွေယွမ်ကို နှုန်းရှင်သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ တရုတ်နိုင်ငံမှ ဝင်ရောက်သော ကုန်ပစ္စည်းအချို့ ဈေးနှုန်းများ မြင့်တက်သွားခဲ့ကြောင်း ရန်ကုန်မြို့တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ “တရုတ်ငွေက အတက်အကျထက်မြန်မာငွေနဲ့ လဲတဲ့နေရာမှာ ပြောင်းလဲမှုဖြစ်သွားတော့ လတ်တလောဝယ်တဲ့ပစ္စည်းတွေ ဈေးနည်းနည်းတက်သွားတယ်”ဟု မိုဘိုင်းဖုန်းအရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။ “တရုတ်က ဝင်တဲ့အထည်ဈေးကွက်တော့ ဈေးနှုန်းနည်းနည်းတက်တယ်။ ဒါပေမဲ့ အများကြီးတော့မတက်ဘဲ နှစ်ထောင်သုံးထောင်လောက်ပဲ။ အပြောင်းအလဲဖြစ်တယ်ဆိုရင် ဈေးက နည်းနည်းတက်ချင်တယ်”ဟု အထည်အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ မိုဘိုင်းဖုန်းဈေးကွက်အတွင်း၌ ကျပ်ငါးသိန်းတန်ဖုန်းများကို ၂၄နာရီအတွင်း ချပေးမည်ဟူသော သတင်းများထွက်ပေါ်အပြီးတွင် ဖုန်းဝယ်ယူသည့်နှုန်းများမှာလည်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။ မိုဘိုင်းဖုန်း ဈေးနှုန်းများမှာလည်း ကျပ်ထောင်ဂဏန်းဝန်းကျင် ဈေးနှုန်းမြင့်တက်၍ ဖုန်းတစ်လုံးလျှင် အများဆုံးကျပ်ငါးထောင်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသုံး ယွမ်ငွေအား ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်သတ်မှတ်ခြင်းကို ဇွန် ၁၉ရက်က တရားဝင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ သို့သော် ယင်းသို့ သတ်မှတ်အပြီးတွင် တရုတ်ယွမ်ငွေဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ပစ္စည်းဈေးနှုန်းများ မြင့်တက်ခြင်းသည် ယွမ်ငွေအတက်အကျဖြစ်ခြင်းကြောင့် မဟုတ်ဘဲ ငွေလဲသည့် နေရာ၌ ပြောင်းလဲမှုဖြစ်သွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။