၂၀၀၃ လောက်က ထင်တယ် ..
အိုဂျေတီဆင်းတုန်းက အိုင်စီတီထဲမယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “အတောင့်လေးတွေ” ကိုကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင်ဆွဲထားကြတယ် ..
အဲ့တုန်းကတော့ အဲသလိုအတောင့်လေးတွေ ဆွဲထားရင် အကောင်ပေါ့ဗျာ .. အဲသဟာ ဘာတောင့်ပါလိမ့်ဆိုတာ တိုးတိုးတိတ်တိတ် လိုက်မေးရတာ မှတ်မိသေးတယ် ..
သူငယ်ချင်းတယောက်ဆီကသိရတာက အဲဒီအတောင့်လေးဆွဲထားရင် စီဒီပြားမလိုတော့ဘူးတဲ့ … :D
ဘာတောင့်လဲဆိုတာလဲသိရော ပိုက်ဆံတွေစု အဲသဟာလေးတတောင့်လောက်တော့ ၀ယ်ဆွဲဦးမဟဲ့ ပေါ့လေ .. ( ၀ယ်တော့ ၀ယ်ဖြစ်တယ် .. မဆွဲဖြစ်ခဲ့ပါ ) ..

၂၀၀၅ လောက်ကျပြန်တော့ ..
ရန်ကုန်မယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “ဟင်းဖုန်း”တွေကို ကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင်ဆွဲထားကြပြန်ရော .. “ဟင်းဖုန်း” ဆွဲထားလို့ ကတော့ အကောင်ပဲ ….
အချို့ တွေ့ ဖူးတယ် .. ကြိုးကနေ ဖုန်းကို ဖြုတ်လိုက် .. ဖုန်းပြောလိုက် .. ပြောပြီးတခါ ကြိုးမှာပြန်တပ်ထားလိုက် .. ကြိုးနဲ့ ဖုန်းနဲ့ ကို ပတ်နေတာ ..
အဲသလို ဟင်းဖုန်းဝယ်ဆွဲဖို့ တော့ စိတ်ကူးမရှိခဲ့ဘူး .. သိန်း ၃၀ ဆိုတာကိုး .. အဲဒီခေတ်က ကိုယ်တွေ ပရိုဂရမ်မာလစာ တလမှ မြန်မာငွေ ၄ သောင်းရတာ ..

နောက်တော့ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကစပြီး ..
နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်မ’တွေ လည်ပင်းမှာ လက်သီးလုံးသာသာအရွယ်ရှိတဲ့ “စိန်ဆွဲသီးကြီးတွေ” မပေါ်ပေါ်အောင် ဆွဲထားကြပြန်တယ်ဗျ ..
အဲသဟာကြီးတွေများ ကော့နေအောင်ဆွဲပြီး စူပါမားကတ်ဝင်လို့ ကတော့ တွေ့ သမျှလူခေါင်းငုံ့ ပေးသဗျ .. မျက်မြင်ပါပဲ ..
နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်ထီးတွေကတော့ အဲသဟာကြီးဆွဲထားတဲ့ပုဂ္ဂိုလ်မ’တွေလက်ကို ဆွဲထားကြတယ် .. :D

၂၀၁၅ လောက်ဆိုရင်တော့ ..
နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ ဆွဲစရာတမျိုးတော့ ပေါ်လာကောင်းပါရဲ့ ..
“သော့တံ” ဖြစ်မလား .. “သော့ဂလောက်” ဖြစ်မလား ပေါ့လေ .. အဲသလိုသာဆို ကိုယ်တောင် အလားအလာတွေရှိနေတယ် .. ငှဲ.. ငှဲ …
“သော့တံ” နဲ့ “သော့ဂလောက်” ၀ယ်ဖို့ ပိုက်ဆံအထွေအထူးစုစရာမလိုဘူး ဆိုတော့ကာ ..
ကိုယ်လဲ နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်ဖြစ် .. ဘော်ဒါ ဘော်ကျွတ်တို့ လဲ နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေဖြစ် …
ဝယ်ပြီးဆွဲမလား .. အိမ်ကဟာတွေပဲ ယူပြီးဆွဲမလားပဲ ..

ဒါကြောင့် …
၂၀၁၅ အမှီ လူတိုင်းလူတိုင်း နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေဖြစ်လာဖို့  ..
“သော့တံ” “သော့ဂလောက်” နှစ်သက်ရာတခုခုကို စဆွဲကြပါစို့  … ဒန် တန့်တန် ..

(ကြော်ငြာ … အိန္ဒိယမိတ် စတီးသော့တံ များနှင့် သော့ဂလောက်များ ကြိုက်နှစ်သက်ရာအရွယ်အစားအလိုက် အော်ဒါမှာနိုင်ပါပြီ …
၂၀၁၅ မတိုင်မီ မှာယူသောအော်ဒါများအတွက် သော့တံတခုလျှင် လည်ပင်းဆွဲရန် ကြိုးခပ်တုတ်တုတ်တချောင်းစီ အခမဲ့လက်ဆောင်ပေးသွားမည်။
ဦးရာလူစနစ်)

YingLamp
11072012

About YingLamp

has written 5 post in this Website..

IADOM