ဟိုးတရက်က ကိုဘုန်းကျော် ရေးသွားပြတဲ့ သြဇီမှာ အလုပ်သမားရေးရာအတွက် တာဝန်ရှိသူတွေက အလုပ်ခွင်ထဲအထိ လာရောက်ပြီး ၊ အလုပ်သမားတွေပြောချင်တာတွေ ၊ လိုအပ်ချက်တွေကို ကွင်းဆင်းပြီးတိုက်ရိုက်နားထောင် တဲ့အကြောင်းလေးဖတ်မိတော့ ………  ကျွန်မစိတ်ထဲ ကျွန်မတို့ မြန်မာနိုင်ငံက လုပ်ငန်းခွင်နဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ … ဆက်နွယ်မှုကို ….. နှိုင်းယှဉ်စိတ်တွေရော ၊ အားမလို အားမရစိတ်တွေရော ..သိမ်ငယ်အားငယ်စိတ်တွေရော တပြိုင်နက်တည်းခံစား သွားမိတယ် …

ကိုဘုန်းကျော်ရဲ့ Fair Work Act ဆိုတဲ့ ပို့စ်လေးပါပဲ ….  http://myanmargazette.net/136111/uncategorized-other/copypaste

ကျွန်မတို့နိုင်ငံမှာ …  နိုင်ငံသားပိုင်ရော ၊ နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်တွေရောတည်ထောင်ထားတဲ့ ပို့ကုန်၊ သွင်းကုန်နဲ့ အခြားသော လုပ်ငန်း ၊ ကုမ္ပဏီပေါင်းများစွာရှိပါတယ် ။ မြန်မာနိုင်ငံမှာ စက်ရုံ အလုပ်ရုံတွေ လာရောက်ရင်းနှီးတယ်ဆိုတာကတော့ … ဈေးကွက်စီးပွားရေးအရရော ၊ တခြားသောအကြောင်းကြောင်းကြောင့် အများကြီးရှိပေမယ့် ….. အလုပ်သမား ပေါပေါများများ ရလို့ရယ် ၊ လုပ်အားခသက်သာလို့ရယ်က အဓိက အချက်တွေထဲပါဝင်ပါတယ် … ။ နိုင်ငံခြားသား လုပ်ငန်း ရှင်တွေ ၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာလို့ မြန်မာ့လူထု  အလုပ်လုပ်ခွင့်ရလာတယ် ၊ ၀င်ငွေလစာ ရလာတယ် အလုပ်ကိုင်ရွေးချယ်ခွင့်ပိုများလာတယ် ဒါကြောင့် စက်ရုံအလုပ်ရုပ်တွေ ၊ စက်မှုလက်မှုတွေ ထွန်းကားလာတာ နိုင်ငံသားပိုင်ပဲဖြစ်ဖြစ် ၊ နိုင်ငံသားအမည်ခံပဲဖြစ်ဖြစ် ကျွန်မတို့လို အခြေခံလူတန်းစားဘ၀တွေအတွက်တော့ .. အလုပ်ကိုင်ရရှိဖို့ အခွင့်လမ်းများလာတဲ့အတွက် ၀မ်းသာ ကြိုဆိုစရာပါ ။

ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ အလွှာတန်းစားမျိုးစုံက တာဝန်ရှိပြီး အုပ်ချုပ်သူတွေ ၊ ၀န်ထမ်းတွေပါဝင်ဖွဲ့စည်းထားတဲ့ အလုပ်ရုံတွေမှာ ၊ အလုပ်သမားတွေရဲ့ အခန်းကဏ္ဍကလည်း  အရေးပါလွန်းတာမို့ … အလုပ်ခွင်သာယာမှုရှိဖို့ အထူးလိုအပ်တာပေါ့ ။ အလုပ်ခွင်သာယာမှုလို့သာ သုံးနှုန်းလိုက်ပေမယ့် … တယ်လိုအပ်နေတာ တရားမျှတတဲ့ အလုပ်ခွင်ဖြစ်တည်မှူမျိုးပါ ။ ကုမ္ပဏီတွေ ၊ စက်ရုံတွေမှာ အလုပ်သမားဝန်ကြီးဌာနရဲ့  rules တွေအရ အလုပ်သမားတွေအရေးအတွက် HR ၀န်ထမ်းတွေ ၊ dept တွေထားရှိ ခန့်အပ်ထားပေမယ့် … တကယ်တမ်း အလုပ်သမားအရေးထက် ၊ အလုပ်ရှင်ရဲ့ အလိုကျ ကြိုးဆွဲရာ ကနေကြရတာ များပါတယ် ။ အလုပ်ရှင်ဆီက လစာယူပြီး …. အလုပ်ရှင်အမုန်းခံပြီး ကြားနေဖြေရှင်းပေးမယ့် HRမျိုး အတော်ရှားတယ် …. ။ အလုပ်သမားတွေအတွက် မားမားမတ်မတ်မရပ်တည်နိုင် ၊ မျှမျှတတမဖြေရှင်းပေးနိုင်မယ့်အတူတူ ၊ HR dept ထားတာ ၊HR ၀န်ထမ်းတွေ ခန့်တာ …. ငွေပိုဖြုန်းတီးရာမရောက်ဘူးလားဆိုတဲ့ အတွေးမျိုးလည်း ဖြစ်မိပါတယ် ။

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကလည်း ၊ အောက်ခြေထိ ၀န်ထမ်းတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး စကားသံနားထောင်ဖို့မပြောနဲ့ ….  HR dept တွေနဲ့ ချိတ်ဆက်ပြီးတောင် သူတို့ရဲ့ စီမံခန့်ခွဲပုံတွေ ၊ ပြသနာဖြေရှင်းပုံတွေ ၊ အလုပ်သမားတွေအတွက် တရားမျှတတဲ့ အလုပ်ခွင်ဖြစ်တည်ရေးပြုလုပ်ထားခြင်း ရှိမရှိကို ၊ ကွင်းဆင်းပြီးထိစွာ control ဖို့အချိန်မလောက်ငှတာ  ၊ ၀မ်းနည်းဖွယ်ရာ တွေ့မြင်ရပါတယ် ။ ကျွန်မတို့လို အခြေခံ လူတန်းစား ၀န်ထမ်းတွေအတွက် ၊ အလုပ်သမား ၀န်ကြီးဌာနနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုလို့ ရမယ့် ၊ အခွင့်ရေးတော့ ရှိသင့်တယ်မဟုတ်လားနော် ။ အခုတော့ အလုပ်သမားတွေ မတရားခံရမှုကြောင့် ဆန္ဒပြတော့မှ အလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်စကားပြောခွင့်ရတာမျိုးဖြစ်နေတော့ ၊ တစ်ခုခုပြောချင်ဆိုချင်လျှင် အလုပ်ခွင်ကနေ တိုက်ရိုက်ဆက်သွယ်လို့လည်းမဖြစ် ၊ HR ကလည်း သူဌေးသဘောကျမို့ တဆင့်ခံဆက်သွယ်လို့လည်းမဖြစ်တော့ ၊အသံနည်းနည်း ထွက်တော့မှသာ တိုက်ရိုက်ပြောဆိုခွင့် ရမှာလိုမျိုးဖြစ်နေတာပေါ့ ။ ဒီအချက်ကလည်း  .. ဆန္ဒပြမှုတွေ ၊ ဆင့်ကဲ ဆင့်ကဲ များပြားလာစေတဲ့ အကြောင်းရာတွေက တစ်ခုဆိုလျှင် မှားနိုင်မယ်မထင်ပါဘူးနော် ။ ခံစားချက်တွေများလာပြီး ပွင့်အန်ထွက်တဲ့အခါမှာ ဆန္ဒပြခြင်းနဲ့ သူတို့ရင်ထဲက အပူမီးတွေ ဖော်ထုတ်ပြကြတယ် ။

ဒီအလုပ်ခွင်မှာ အဆင်မပြေလျှင် ၊ ဒီလစာနဲ့ မကျေနပ်လျှင် ၊ ဆန္ဒပြမှုတွေမလုပ်ပဲ ၊ တကျီကျီ အကြွေးပူရစရာရှိသလိုမတောင်းသင့်ပဲ တခြား ပိုပေးနိုင်မယ့် ၊ ပိုအဆင်ပြေနိုင်မယ့် အလုပ်ကိုပြောင်းသင့်တာ ၊ ကျွန်မတို့ အလုပ်သမားတွေ လက်ခံနားလည် သဘောပေါက်ထားပါတယ် ။ ကျွန်မတို့ကို အလုပ်လုပ်ခွင့်ပေးပြီး လစာပေးတဲ့ လူတွေကို ၊ ကျွန်မတို့က သားရေပေါ်အိတ် ၊ သားရေနားစားပြီး ကျေးဇူးကန်းတာမျိုး လုပ်တာမဟုတ်ပေမယ့် ……  မြန်မာနိုင်ငံမှာ အလုပ်ရုံစက်ရုံတည်ထောင်မယ်ဆို ၊ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ် ၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် ဒီနိုင်ငံရဲ့ စည်းမျဉ်း ၊ စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်တာကြောင့် ၊ ကျွန်မတို့အလုပ်သမားတွေရဲ့ အခွင့်ရေးဟာလည်း ပြဌာန်းချက်အတိုင်းပဲ ဖြစ်သင့်တာပေါ့ ။ ပြောရလျှင် ကိုယ့်လုပ်အားတန်ဖိုး 100ဆိုလျှင် လစာလည်း 100 ပေးသင့်တာမျိုးပါ ။ လုပ်အားတန်ဖိုး 100ကို … ရတဲ့ လစာနဲ့အခွင့်ရေးက 10ဖိုးလောက်ဆိုလျှင်တော့ ၊ ကိုယ့်ကိုအလုပ်ပေးထားတာမှန်ပေမယ့် ကျေးဇူးရှင်တွေလို မမြင်မှတ်နိုင်ပဲ ၊  လူတွေကို အသုံးချထုတ်ကုန်အဖြစ်လုပ်နေတဲ့ … မတရားဖိနှိပ်မှုလို့ပဲ မြင်မိမှာပါ ။ မတရားဖိနှိပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လုပ်ငန်းခွင်မျိုးဆိုလျှင် ဘယ်လိုများမှ အလုပ်သာယာနိုင်ပါ့မလဲ ၊ ဒီလိုပါပဲ HR ၀န်ထမ်းတွေရဲ့ တာဝန်မကျေပွန်မှုကြောင့်လည်း တရားမျှတမှုရှိတဲ့ လုပ်ငန်းခွင်ဖြစ်တည်လာမှာမဟုတ်ပါဘူး ။ HR တွေတာဝန်မကျေဘူးဆိုတာကတော့ …. အလုပ်ရှင်လစာယူပြီး .. အလုပ်ရှင်မှားလျှင်တောင် မထောက်ပြရဲတာကိုဆိုလိုတာပါ ၊ အလုပ်သမားတွေအတွက်မျှတမှု မရှိတာကို ဆိုလိုတာပါ ။ အမှန်တရားကို မထုတ်ပြရဲတာကို ဆိုလိုတာပါ ။သူတို့ခမျာလည်း အလုပ်ရှင်က သေဆိုသေ ၊ ရှင်ဆိုရှင်ဘ၀မို့ ဒီလိုဖြစ်တာလို့ နားလည်မိပေမယ့် ၊ လက်ခံဖို့တော့ ကြိုးစားလို့ မရသေးပါဘူး ။

အလုပ်သမားဝန်ကြီးဌာန ရှိနေပါလျှက် အလုပ်သမားတွေအတွက် တရားမျှတတဲ့အလုပ်ခွင် ဖန်တီးမပေးနိုင်ခဲ့ပါလျှင် ၊ ကျွန်မတိုကအခြေခံ လူတန်းစားတွေ ၊ ဘယ်သိကြား ၊ ဘယ်နတ်ဘုရားကို တိုင်တည်ကိုးကွယ်ပြီး ဆုတောင်းရပါတော့မလဲ ။ အလုပ်သမား ၀န်ကြီးဌာနရဲ့ စည်းမျဉ်း၊ ဥပဒေတွေပြဌာန်းချက်တွေကို ဖတ်ရတာ ၊ အလွန်အားရစရာကောင်းပေမယ့် လက်တွေ့မှာ ၊ အလုပ်ရှင်ကလည်း ဒီစဉ်းမျဉ်း ဘောင်တွင်းကမဟုတ်သလို ၊ HR တွေကလည်း ဒီစဉ်းမျဉ်းဘောင်တွင်းမ၀င်နိုင်တော့ …. စာအုပ်ထဲမှာသာ ရှိတဲ့ ပြဌာန်းချက်တွေလိုလိုဖြစ်နေတော့တာပေါ့ ။ အလုပ်သမားနဲ့ အလုပ်ရှင် တစ်ခုခုပြသနာ တက်ကြေးဆို ၊ ငွေများ တရားနိုင်ဆိုတဲ့စကားထဲကလို ၊ အလုပ်ရှင်တွေဘက်က အပေါ်စီးရ ၊ အနိုင်ရတတ်တာမို့ ၊ ကျွန်မတို့လို အလုပ်သမားတွေအတွက် အားငယ်စိတ်လည်း ဖြစ်မိပါတယ် ။ မတရားမှုတစ်ခုခုအတွက်သာ  ကိုယ့်အခွင့်ရေး အပြည့်ဝရဖို့ တောင်းဆိုကြည့် ၊ အခြေခံ လစာ သုံးလစာပေးပြီး နားသွားရလိမ့်မယ်ထင်တယ်နော် … ။ မရှိလို့ လုပ်စားတော့ မိုးခေါင် ၊ ခိုးစားတော့ ခိုးဟောင်ဆိုသလိုများဖြစ်လေမလားလို့ စိတ်ပူမိပါတယ် ။

ဟိုးတစ်လောက ကျွန်မရေးခဲ့ဖူးပါတယ် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ စာချုပ်တစ်ခု လိုအပ်တယ်ဆိုတာပါ ။ ကိုဖက်တီးကတ်ရဲ့ ကော့မန့်လေးကလည်း အရမ်းကောင်းအောင် ထောက်ပြထားတာ သတိရမိသေးတယ် ။ အရီးလတ်တို့ရဲ့ ဆွေးနွေးချက် ၊ အန်ကယ်ကြီးတို့ လေးပေါက်တို့ရဲ့ သုံးသပ်ချက်တွေကိုဖတ်ရတာလည်း ပို့စ်ထက်တောင် ပိုပြီးအတွေးပွား ၊ ဗဟုသုတးများစေပါတယ် ။ တခြားလူတွေရဲ့ အပြုသဘောဆောင်တဲ့ ကော့မန့်တွေကလည်း တန်ဖိုးမဖြတ်နိုင်စရာပါ ။

အလုပ်ရှင်နဲ့ အလုပ်သမားကြား စာချုပ်တစ်ခုလို http://myanmargazette.net/126033/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

ကျွန်မတို့နိုင်ငံမှာ နှုတ်ကတိတွေပဲ ပေါပေါသီသီဖြစ်နေလို့လား ၊ စာရွက်များ ရှားပါးလို့ပဲလားမသိဘူး  … အလုပ်ခွင်ဝင်လျှင် စာချုပ်စာတမ်းနဲ့ လုပ်တဲ့ ဓလေ့ … အန်ဂျီအိုတွေကလွဲလျှင် … အလုပ်တော်တော်များများမှာကျင့်သုံးမှု အားနည်းတယ် ။ အထူးသဖြင့် လူဦးရေများစွာ ခေါ်ပြီးခန့်ထားရတဲ့ အလုပ်ရုံ ၊ စက်ရုံလိုနေရာမျိုးတွေပေါ့ ။ ဒီလို စာချုပ်မျိုး လက်ဆုတ်လက်ကိုင် မရှိတာကြောင့် အလုပ်ရှင်ဘက်ကလည်း အလုပ်ခန့်တာမျိုးနဲ့ ပတ်သတ်လို့ပဲဖြစ်ဖြစ် ၊ လစာ တိုးတာနဲ့ပတ်သတ်လို့ပဲ ဖြစ်ဖြစ် ၊ နှုတ်ကတိမျိုး ၊ စကားအရာနဲ့သာ ပြောခဲ့ကြပြီး ပြသနာဖြစ်တော့မှ ၊ ဒီလစာပဲပေးမယ် ၊ ဆက်လုပ်ချင်လုပ် ၊ မလုပ်ချင်မလုပ်နဲ့ ဆိုတဲ့ စကားမျိုးထွက်လာတာ ခဏခဏ ကြားဖူးခဲ့ပါတယ် ။ အလုပ်စ၀င်ခါစကတော့ ခေါင်းပုတ်၊နားရွက်သက်ပြီး နှာနှပ်ထားလို့ ရမယ့် ကြောင်လေးခွေးလေးတွေလို သဘောထားပြီး ၊ အလုပ်မှာ စာချုပ်စာတန်းနဲ့ မရှိတော့မှ တိုးသင့်တဲ့အချိန်လစာတိုးချိန်မှာ  မတိုးတာမျိုး ၊ ထွက်ချင်လျှင်ထွက်လို့ ပါးစပ်စည်းမရှိတိုင်း ၊ ဥပဒေစာချုပ်စာတမ်း မရှိတိုင်းပြောတဲ့အခါ ၊ နစ်နာသူက အလုပ်သမား ကိုယ်တိုင်မဟုတ်ပါလား ။ ဒီလို အခြေနေမျိုးမှာ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ ဘယ်လိုများ ဖြေရှင်းပေးလိမ့်မလဲ ။ စာချုပ်စာတမ်းမရှိလို့ အလုပ်ခန့်တာ တရားမ၀င်ဘူးဆိုပြီး …အဲ့အချိန်မှ ထပြောကာ အလုပ်ရှင်ဘက်ကမျက်နှာလို မျက်နှာရများ လုပ်လေမလားရယ်လို့ တွေးပူမိပါတယ် ။ မြေနိမ့်ရာ လှံစိုက်တတ်တဲ့ အနေထားမျိုး ဘ၀မှာ ခဏခဏ ကြုံခဲ့ဖူးတော့လည်း အားကိုးအားထားပြုနိုင်မယ့် အဖွဲ့စည်းအဖြစ် ၊အလုပ်သမားရေးရာဝန်ကြီးဌာနကို ဖြစ်စေချင်တဲ့ ဆန္ဒဖြစ်မိလို့ပါ ။

တစ်လောကလည်း စက်ရုံတစ်ခုမှာ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ် ၊ အဲ့ဒီအချိန်မှာ စက်ရုံဘက်က အလုပ်သမားတွေတောင်းဆိုချက်အချို့ကို ညှိနှိုင်းလိုက်လျောသင့်တာ လိုက်လျောခဲ့ပေမယ့် အသက်မပြည့်သူ (၁၈)နှစ်အောက် အလုပ်သမားတွေကို အလုပ်မှ ရပ်နားခဲ့တယ် လို့လည်း ကြားသိရပါတယ် ။ အဲ့ဒါကိုပဲကြည့် အလုပ်ခန့်ကတည်းက စည်းမျဉ်းတွေ ၊ ပြဌာန်းတာတွေ မလိုက်နာပဲ အသက်မပြည့်တဲ့ လူတွေကို အလုပ်ခေါ်ခန့်တယ် ၊ ပြသနာတက်လို့ ရှင်းရတော့မယ်ဆိုတော့မှ အသက်မပြည့်သေးလို့ အလုပ်ကနေရပ်နားတယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး ။ ဒါက ဆန္ဒပြခဲ့တဲ့ စက်ရုံတစ်ခုအကြောင်းပါ ၊ အခုလက်ရှိလည်ပတ်နေတဲ့ စက်ရုံတွေ အလုပ်ရုံတွေမှာရော ၊ အသက်မပြည့်သေးပဲ အလုပ်ခန့်အပ်ထားသူ ဘယ်နှစ်ယောက်များ ရှိဦးမလဲ … ။ 20~30%လောက်က အသက်မပြည့်သေးသူများပါနိုင်ပါတယ် ။ လိုတဲ့အခါ ဆွဲသုံးပြီး မလိုတော့မှ ကန်ထုတ်ခံရတဲ့ အလုပ်သမားတွေရဲ့ ဘ၀ကို စာနာလို့ အလုပ်သမား ၀န်ကြီးဌာနက ကွင်းဆင်းလေ့လာမယ်ဆိုလျှင်တောင်မှ ၊ သူဌေးအလိုကျ HR ၀န်ထမ်းတွေက မွေးသကရာဇ်ပြင်တာမျိုး လုပ်မထားဘူးလို့ ဘယ်သူအတပ်ပြောနိုင်မှာပါလဲ ။ အလုပ်သမားလေးတွေကို အသက်ပြည့်ပြီးကြောင်း ပြောဆိုတတ်ရင် သင်ပေးထားတာမျိုး လည်း လုပ်နိုင်ပါသေးတယ် .. ဒါကြောင့် ဘယ်နေ့ ဘယ်အချိန်တွင်လာစစ်ဆေးမယ်လို့ ကြော်ငြာထားခြင်းမရှိ ၊ လမ်းကြောင်းကြိုပြောထားခြင်းမရှိပဲ ရှောင်တခွင်ဝင်ရောက် စစ်ဆေးမှသာ အမှန်တိုင်းသိနိုင်ပါလိမ့်မယ် ။

ယခုစက်ရုံတွေမှာ … စက်ရုံတွင်းကလူတွေနဲ့ပဲ အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ အခြေခံ အလုပ်သမား အဖွဲ့ တွေ ရှိနေပါပြီ ။တစ်လောက ဂရုမေးလ်တစ်ခုကနေရတဲ့ …..  စက်ရုံတစ်ခုရဲ့ အခြေခံ အလုပ်သမား အသင်းရည်ရွယ်ချက်ကို ကိုးကားပြီးပြရလျှင် အောက်ပါအတိုင်းဖြစ်ပါသတဲ့ …. (စက်ရုံနာမည်ကိုတော့ ကွန်ဖီဒန်ရှယ်လ်မို့လို့ ချန်လှပ်ပေးထားပါတယ်) ။

အခြေခံအလုပ်သမား အသင်း၏ ရည်ရွယ်ချက်

 

 

 

၁။     ။ အလုပ်သမားတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို တည်ဆဲဥပဒေဘောင်အတွင်းမှ ကာကွယ်ပေးရန်

 

 

၂။     ။ အလုပ်ရှင်နှင့် အလုပ်သမားထုကြား နားလည်မှု အပြန်အလှန် ရှိစေရန်နှင့် အတူလက်တွဲဆောင်ရွက်ရာတွင် အထောက်အကူရစေရန်

 

 

၃။     ။ ပြဿနာ တစ်စုံတရာ ရှိလာပါက ဘက်လိုက်မှုမရှိဘဲ ဥပဒေ၊ စည်းကမ်း နှင့် လူမှုရေး ရှု့ထောင့်တို့မှ  မျှတသင့်လျှော်သောအမြင်ဖြင့် ကြားဝင် ညှိနှိုင်းပြေလည်မှုရအောင် ဆောင်ရွက်နိုင်ရန်

 

 

၎။     ။ အလုပ်သမားများ အသိဥာဏ်ပိုမိုဖွံ့ဖြိုးလာပြီး မိမိတို့ရပိုင်ခွင့် အခွင့်အလမ်းများကို ရှင်းရှင်းလင်းလင်း သိမြင်လာသကဲ့သို့  မိမိတို့ တာဝန် ကိုလည်း သိပြီး “အခွင့်အရေး နှင့် တာဝန် “ ကိုပူးတွဲနားလည်လာစေရန်

 

 

၅။     ။ အသင်းမှ သာရေး၊ နာရေး၊ လူမှုရေး၊ ပရဟိတ ဒါန နှင့် လုပ်ငန်းခွင် သာယာချမ်းမြေ့မှုရှိစေရန် ဦးဆောင်ဦးရွက်ပြုရန်

 

 

 

၆။     ။ အလုပ်သမားအဖွဲ့ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန်နှင့် သတင်းဖလှယ်ခြင်း၊ နည်းပညာဖလှယ်ခြင်း၊ အသိဥာဏ်ဖလှယ်ခြင်း တို့ပြုလုပ်ရန်

 

 

၇။      ။ ILO နှင့် ဆက်သွယ်ပြီး နည်းဥပဒေနှင့် အလုပ်သမားဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း ကိစ္စများတွင် အကြံဥာဏ်များရယူ၍ အလုပ်သမားထု၏ ယုံကြည်အားကိုခြင်းကို ရရှိရန် ။

 

အပြောကတော့ ရွှေမန်း ၊ အကကျမှ ချိုမိုင်မိုင်ဖြစ်လေမလားလို့လည်း  ရင်မောစွာ မ၀ံ့မရဲ စောင့်ကြည့်မိပါတယ် …..  ။အခြေခံ အလုပ်သမားဖွဲ့သည်ထားဦး…… ခေါင်းဆောင်တွေက …အလုပ်သမားတွေထဲကပေမယ့် သူဌေးအလိုတော်ရိတွေ ခေါင်းဆောင်ဖြစ်နေလျှင်တော့ ရည်ရွယ်ချက်အတိုင်း ခရီးပေါက်ပါ့မလား စဉ်းစားစရာဖြစ်မိပါတယ် ။ အလုပ်သမားအရေးကို ဆောင်ရွက်ပေးမယ့် အသင်း၊ အဖွဲ့စည်းနဲ့ ခေါင်းဆောင်တွေကိုယ်တိုင်ကိုက ကရုဏာစိတ်ပြည့်ဝပြီး ၊ စာနာစိတ် ၊ ကိုယ်ချင်းစာစိတ်တွေ လက်ကိုင်ထားနိုင်သူမျိုးသာဖြစ်သင့်တာပါ ။အလုပ်သမားတွေအတွက်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့စည်း၊ အသင်းဖွဲ့မှန်သမျှ ၄င်းတို့ရဲ့  ရည်ရွယ်ချက်တွေ ၊ စည်းမျဉ်းတွေ ၊ ပြဌာန်းချက်တွေအတိုင်းသာ လုပ်နိုင်ကြမယ်ဆိုလျှင်တော့ … ၀မ်းသာအားရ .. သာဓုခေါ်လိုက်ချင်ပါတော့တယ် ……… ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!