ကျောင်းသားဘဝ

thihayarzarJuly 13, 20121min14310

နောင်တစ်ခေတ်ရဲ့ သားကောင်းရတနာ သမီးကောင်းရတနာများ မွေးထုက်ပေးသော နေရာကို ကျောင်းဟုခေါ်ပါတယ်။ ကျောင်းတွင် ဘာသာရပ်ပေါင်းစုံ နှင့် အားကစားများကို သင်ကြားပြသပေးသောနေရာတစ်ခုလည်းဖြစ်တယ်။ စေတနာမေတ္တာ အပြည့်အဝ ထားတက်သော အနန္တဂိုဏ်းဝင် ဆရာ ဆရာမများက သားသမီး အရင်းများပမာ ပြုစုပျိုးထောင်ပြီး အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားတက်အောင် သင်ကြားပြသပေးပါတယ်။ အခုခေတ်ကာလ ကျောင်းသူကျောင်းသားတွေ တော်တော်ကံကောင်းကျပါတယ်။ ဖွံ့ဖြိုးတက်လာသော ဒီမိုကရေစီ နိုင်ငံတော်သစ်စီသို့ အရှိန်အဟုန်ဖြင့် တိုးတက်နေသော ခေတ်ကြီးမှာ သူတို့လေးတွေ အဆင်ပြေပြေ ဖြင့် စာပေပညာများ သင်ယူခွင့်ရရှိခဲ့ပါတယ်။

ကျွန်တော်ရဲ့ ကျောင်းသားဘဝ နှင့် ဆရာဆရာမများ အကြောင်းကို ပြောပြချင်ပါတယ်။ သူငယ်တန်းကနေ လေးတန်းအထိတော့ ဘာမှမရှိသေးတဲ့ အရွယ်ပေါ့ဗျာ။ အဲဒီတုန်းက မုန့်ဖိုးက တစ်နေကုန်မှ တစ်ကျပ်ရတာ မနက်ခင်း ပြား ၅ဝ နေ့လယ်ထမင်းစားဆင်းရင် ပြား ၅ဝ ပေးတယ်။ ငယ်ငယ်တုန်းက အမေက ကျောင်းသွားရင် သနပ်ခါးတွေကို ဖွေးနေအောင်လူးပေးတာ ခြေဆုံးခေါင်းဆုံး မျက်နှာကို ပျောက်နေတာ လူကိုမမှတ်မိဘူး သနပ်ခါးကိုပဲ မှတ်မိတယ်တဲ့။ နေ့လယ်ထမင်းစားဆင်းရင် သနပ်ခါးကပါးပါးပဲ ကျန်တော့တာ ညနေအပြီးဆင်းရင် မျက်နှာမှာ သနပ်ခါးလုံးဝ မရှိတော့ဘူး။ အဆော့မက်တဲ့အရွယ်လေ ကျွန်တော်ကလည်း မျောက်က အဖေခေါ်ရလောက်အောင်ကို ဆော့တာ သနပ်ခါး မပါတဲ့အပြင် အကျီ င်္ အဖြူလေးတွေ ဘောင်းဘီ အစီမ်းလေးတွေဆို ပေပွနေတာ။ ကျောင်းမှာဆို ကျောင်းဆင်းခေါင်းလောင်းတီးတဲ့လူကြီးကို မျှော်ရတာလည်း အမောသားဗျာ သူကိုမြင်ရင်ပျော်တယ် တစ်မျိုးပဲဗျာ ကျောင်းဆင်းခေါင်းလောင်းကိုသူပဲ ခေါက်လို့လေ။ သူငယ်ချင်းတွေကိုလည်း လက်တို့လိုက်သေးတယ် ဟိုလူကြီး သွားပြီလို့ပြောလိုက်ကော စာအုပ်တွေ ခဲတံတွေ အကုန်သိမ်းပြီးပြီ ကမာ္ဘမကြေဆို ဆရာမနှုက်ဆက်ပြီး အိမ်ကိုတန်းပြေးတော့တာပဲ။ ကျောင်းဆင်းအိမ်ပြန်တိုင်း အမေကဆူတယ်။ ပေပွနေလို့တဲ့ နားထဲမရောက်ပါဘူး လွယ်အိတ်ကို ဘုန်းဆိုပစ်ချပြီး ကျောင်းမှာ ဆော့တာအားမရသေးလို့ ရပ်ကွက်ထဲကသူငယ်ချင်းတွေနဲ့ ထပ်ပြီးသွားဆော့တာ။ နောက်ကအမေကလိုက်ခေါ်တယ် သား ကျူရှင်သွားရဦးမယ်လေ တဲ့။ စိ်တ်ညစ်စရာပဲ တစ်နေ့တစ်နေ့ ကျောင်းပြီးတိုင်း နားနားနေနေကို မနေရဘူး တစ်နေကုန်စာသင်ထားတာကို အခုထပ်သင်ရဦးမယ်တဲ့။ ဘောလုံးကန်တဲ့ အချိန်တော့လွက်ပြီ။ ကျွန်တော်အမေဆို အမြဲတမ်းဆုံးမတယ် စာကိုကောင်းကောင်းသင် တက်အောင်သင် ဆရာမစကားကိုနားထောင် ဒါမှ ပညာတက်ကြီးဖြစ်မှာ ချမ်းသာမှာ အဲလိုအမြဲတမ်းပြောတယ်။ ကျွန်တော်ဆို မူကြိုကနေ ဆယ်တန်းထိ ကျူရှင် မလွှက်ခဲ့ပါဘူး အတန်းတိုင်း တက်ရတယ်။ ညဏ်ပညာကလည်း ကြီးမားတယ် မူကြိုတောင်ကျလို့ ဆရာမက ရိုက်တာ အိမ်ရောက်တော့ အမေကိုပြန်တို်င်တယ် အမေကချော့ပြီးတော့ ခေါက်ဆွဲကြော်တွေ ကြော်ကျွေးတယ်။ သူငယ်တန်းတုန်းကလည်း ကျူရှင်မှာ ကကြီးခခွေး မရေးချင်လို့ ပုန်းနေသေးတယ် အကုန်လိုက်ရှာနေတာ မတွေ့ဘူး ကျွန်တော်က တံခါးကြားမှာ ပုန်းနေတာ။ လူ ၂ဝ လောက်ကိုရှာရတာ နောက်မှတွေ့တော့ ကျူရှင်ဆရာမကို ရိုက်ပါလေရော ခြေသလုံးလေးတွေ ပေါင်လေးတွေကို တုက်ရာလေးတွေ နီနေတာပဲ။ တစ်တန်းတုန်းက A B C အလွက်ရေးခိုင်းတာ သူများတွေပြီးလို့ပြန်ကုန်ပြီ ကျွန်တော်တစ်ယောက်တည်းကျန်တော့တာ မပြီးသေးဘူး ဘယ်ပြီးမလဲ ရမှ မရတာ နောက်ဆုံး ငိုတော့တာပေါ့။ အသံပြဲကြီးနဲ့ ဆရာမကငေါက်တယ် မရဘူး ငိုတာပဲ နောက်မှ ဆရာမကပြန်ချော့တယ် မရေးနဲ့တော့ ပြန်တော့တဲ့ မနက်ဖြန်ကျမှ ရေးတဲ့ ချက်ချင်းအငိုတိတ်ပြီး တန်းပြန်တာ။ ဆရာမတောင် ရယ်ကျန်နေခဲ့တာ။

အလယ်တန်းရောက်တော့ ကျူရှင်ဆိုတာ နားလည်လာပြီ မတက်လို့မဖြစ်တော့တဲ့ အရာတစ်ခု အဖြစ်ပေါ့။ ကျောင်းမှာ ကျူရှင်တက်တဲ့သူနဲ့ မတက်တဲ့သူ ကွာတယ် မနက်ဖြန်သင်မယ့်စာကို ကျွန်တော်တို့က ကျူရှင်မှာ သင်ခဲ့ပြီးသား ကျောင်းရောက်ရင် အသံပြဲကြီးနဲ့ ဆရာကြီးလို အော်တော့တာပဲ။ စာမေးပွဲဖြေမယ့်ဟာကလည်း နည်းနည်းပါးပါး ပြောပြတယ်။ ကျက်တော့ကျက်ရတယ် အဲဒီတုန်းကစာလည်း ကြိုးစားခဲ့တယ် ထူးချွန်ထက်မြက်တွေတောင် ပါမလိုဖြစ်သေးတယ် အမှတ် ၃ဝ လောက်လေးပဲ လိုတော့တာ အဲလောက်တော်တဲ့ကောင်။ ပြန်တောင်ပြောလိုက်သေးတယ် ဘာလိုထူးချွန်ထက်မြက်ဖြေရမှာလဲ စာတွေ ပိုကျက်ရမှာပျင်းစရာကြီး။ အခုထိမမေ့သေးတဲ့ ဆရာမတစ်ယောက်ရှိတယ် သချာင်္ဆရာမပေါ့။ ရိုက်ချက်ကတော့ ကမ်းကုန်ပဲ။ ၆ တန်းတုန်းကပေါ့။ သူကတော်တဲ့သူနဲ့ ညံတဲ့သူနဲ့ ခွဲခြားပြီးသင်တယ် တော်တဲ့သူတွေကိုတော့ စနေ တနင်္ဂနွေပါ ခေါ်သင်တယ်။ ဒီကောင်ကလည်း လူအမှ မဟုတ်တာ ဘယ်ရမလဲ မတော်ချင်ယောင်ဆောင်လိုက်တာပေါ့ စနေတနင်္ဂနွေ သွားမတက်ရတော့ဘူး။ သူဆိုရင်ကြောက်ကြတယ် အားလုံးငြိ်မ်နေတာပဲ။ သူကတော်တဲ့သူတွေကို ရှေ့ ထွက်ရေးခိုင်းတယ် ညံတဲ့သူတွေကတော့ လိုက်ကူးပေါ့။ ကူးတယ် ဘာမှ နားမလည်ဘူး။ တစ်ပုဒ်တစ်လေ တွက်ပြီးသွားပြရတယ် အမုန်ခြစ်ခြစ်ပေးတယ်။ တစ်နေ့ ကျွန်တော်သူငယ်ချင်း သန်းနိုင်ဦး စာသွားပြတာ အပိုင်းကိန်းတွေကို အလယ်က မျည်းမပါလို့တဲ့ လက်ဆောင်ပေးထားတဲ့ သီးသီးစိမ်းနဲ့ခေါင်းကိုချတာ သီးသီးကို ကွဲသွားတာ။ နောက်နေ့ကျတော့ ဆရာမရုံခန်းရောက်ကော သူအကိုတွေက ကျောင်းအုပ်ကြီးလာတိုင်တာ။ ဒီလိုပါပဲ ကျေအေးသွားတယ်။ နောက်တစ်ယောက် ကျွန်တော်တို့ ရပ်ကွက်ထဲက အေးမင်းမျိုးတဲ့ လူကဖလံလေး စာသွားပြတာ ဘာတွေမှားလဲ မမှတ်မိတော့ဘူး ရိုက်တာ တုက်တွေ တစ်ချောင်းပြီးတစ်ချောင်း သုံးချောင်းမြောက်လည်းရောက်ကော ဟိုကောင် ထွက်ပြေးတာ သူကလည်းနောက်ကလိုက်တာ ဒေါသကလည်းကြီးတယ် ဟိုကောင်ကတစ်ကျောင်းလုံးငိုပြီး ပတ်ပြေးနေတာ ကျောင်းအုပ်နားရောက်မှ ရပ်သွားတာ။ နောက်တစ်ယောက် ကတော့ ကျွန်တော်ပါပဲ စာတွက်ခို်င်းပြီးတော့ ဆရာမက အပြင်ထွက်သွားတယ် ကျွန်တော်ကလည်းဘေးကကောင်ကို စကားသွားပြောမိတယ် ခဏလေးပဲရှိသေးတယ် ဆရာမပြန်ရောက်လာတာ မြင်သွားတယ် နင်ကစာပြီးပြီလားတဲ့ ဘာလို့စကားများနေတာလဲတဲ့ ကျောကုန်းကို ထုလိုက်တာ အုန်းအုံး နဲ့နေတာပဲ ရိုက်ရင်းနဲ့ဒေါသကထွက်လာတယ်ထင်ပါတယ် နားရွက်ကိုဆွဲတာ ကျွန်တော်နားလေးပဲ့သွားတယ်ပေါ့ဗျာ သွေးတွေတောင်ထွက်တယ်။ အိမ်တော့ပြန်မတိုင်ပါဘူး အဲလောက်ကတော့ စပျော့ပဲ။ ရိုက်ခံရပေါင်းများလို့ တစ်ကိုယ်လုံးလည်း အသားမာတည်နေပြီ။ ရှစ်တန်းရောက်တော့ ပျော်စရာကြီး အတန်းပိုင်ဆရာမက သူဂျူတီမှာ မုန့်တွေ အများကြီးဝယ်စားရင် စာမမေးဘူး။ ညနေဆို ဆရာမရဲ့ မကုန်တဲ့ မုန့်တွေ ကို အကြွေးနဲ့လိုက်ရောင်းပေးရတယ်။ စာမသင်ရဘူး ပျော်စရာကြီး။ ရှစ်တန်းမှာ အဆိုးဆုံးကတော့ သိပ္ပံ ဆရာမအချိန်ဆို အပြင်ထွက်နေရတယ်။ စကားများလို့တဲ့ စာလည်းလိုက်မလုပ်ဘူးဆိုပြီး သူအချိန်ဆို အပြင်ထွက်နေရတယ်။ ကျွန်တော်လည်း ဘယ်စိတ်ညစ်ခံမလဲ ကျောင်းထဲလျှောက်သွားတာပေါ့။
နောက်ဆုံးတော့ ဘာလိုလိုနဲ့ အထက်တန်းကျောင်းရောက်ပြီး ပျက်စီးခြင်းများ စတင်ပါသည်။ အပေါင်းအသင်းကလည်း များ မုန့်ဖိုးကလည်း များတော့ မဟုတ်တာအကုန်လုပ် ဆေးလိပ်သောက်သင်တယ် ဒူးယားနဲ့ သူကပေါ့တယ်လေ ဗီးဂက်ကလေးတယ် သူနဲ့စသင်လို့ မရဘူး လန်ဒန်ကကျတော့ ဈေးကြီးတယ်။ ကျောင်းလစ်တယ် အုတ်တံတိုင်းကျော်တယ် ဖဲရို်က်တယ် အတန်းတွေ မှန်မှန်မတက်ဘူး ခွင့်တုတင်တယ် ဗီဒီယို သွားကြည့်တယ်။ စာမေးပွဲမှာ စာခိုးချတယ်။ ကွမ်းစားတယ် ထန်းရည်ခေါင်ရည်သောက်တယ် ဖွန်ကြောင်တယ် ဘာကျန်သေးလဲ တော်တော်ဆုံသွားပြီ။ အဲဒါကျွန်တော်အကုန်လုပ်တာ ရုံခန်းခဏတိုင်းသွားရတယ် မိဘခေါ်ရတယ် အဲဒီတုန်းက မိဘအတုတွေ လ္ဘက်ရည်ဖိုးပေးပြီးခေါ်တာ တစ်ခါအုတ်တံတိုင်ကျော်ပြီးကျောင်းလစ်တာ ဆရာမကတွေ့ပြီး ရုံခန်းပို့တာ မိဘခေါ်ဆိုလို့ သူငယ်ချင်းသွားခေါ်ခိုင်းတာ ကျွန်တော်အဖေစစ်စစ်ကြီး ပါလာတယ် ကျောင်းအုပ်ကြီး ရှေ့မှာတင် လက်သီး တစ်လုံးကျွေးသွားတာ ယောင်တောင်ယောင်တယ်။ အိမ်ရောက်တော့လည်း တုတ်နဲ့ဆော်သေးတယ်။ နောက်ဆုံးတော့ ကျွန်တော်ဆယ်တန်းတစ်နှစ်ကျတယ်။ နောက်တော့အပြင်ဖြေဖြေရတယ်။ အပြင်ဖြေဖြေတော့လည်း အမှတ်ကကောင်းမလာတော့ ရိုးရိုးတက္ကသိုလ်မှာပဲ လူမိုက်ထပ်လုပ်တယ်။
ကဲ ဒါလေးကတော့ ကျွန်တော်ရဲ့ ကျောင်းသားဘဝလေးကို အတိုချူပ်ပြီး ရေးသားထားတာလေးပါ ။ နောင်လာမယ့် ကျောင်းသားလေးတွေ အခုတက်နေတဲ့ ကျောင်းသားလေးတွေ ကျွန်တော်လို မဆိုးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဆရာတွေကို အရွဲ့တိုက်ရင် ခံရတာက ကိုယ်ကိုတိုင်ပါပဲ။ လိမ်မာကြပါ နောင်တဆိုတာ နောင်မှ ရတာပါ။ နောင်တဆိုတာ ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ပညာမတက်ရင် သူများခို်င်းတာလုပ်ရမယ် ပညာတက်ရင် သူများကိုဆရာလုပ်လို့ရတယ် သူများကိုခိုင်းလိ်ု့ရတယ်။ စာမတက်ရင်လူရာမဝင်ပါဘူး။ မူယစ်စေတက်သော ဆေးလိပ်အရက်ကွမ်း စတာတွေကိုလည်း ရှောင်ကြဉ်ကြပါ။ မိမိကိုယ်ပိုင် ပိုက်ဆံနဲ့ မိမိကိုယ်ကို ဖျက်နေတာတဲ့ အတူတူပါပဲ။ ဘယ်အရာကိုမှ စွဲလမ်းမကြီးပါနဲ့။ ရည်မှန်းချက်ထားတာ။ ရည်မှန်းချက်ပျောက်ရင် ကွင်းပြင်ထဲမှာ လမ်းပျောက်နေတဲ့ခွေးလို့ပဲ။

မိဘများကိုလည်း သိစေချင်ပါတယ် သားသမီးများကို ပညာတက်အောင် သူများတက်တော်အောင်လို့ ကျူရှင်တွေကို တစ်ခုပြီးတစ်ခုထားချင်ကြပါ မိဘတွေရဲ့ စေတနာ မေတ္တာပါ။ ဒါပေမယ့် သားသမီးတွေရဲ့ ဦးနှောက်တွေကိုလည်း ခဏလေးအနားပေးစေချင်ပါတယ်။ မနက်အစောကြီးကျူရှင် ပြီးရင်ကျောင်း ကျောင်းဆင်းရင် ကျူရှင် ဒါနဲ့ပဲ တစ်နေကုန်တယ်။ နွေရာသီ ကျောင်းသုံးလပိတ်တယ် တစ်လလောက်ပဲနားရတယ် ကျူရှင်ဆက်တက်ရတော့တယ်။ ချစ်တာနဲ့မတူပဲ နှစ်တာနဲ့တူပါတယ်။ အားကစားဆိုတာမရှိ ဘာသာရေးဆိုတဲ့ အသိညဏ်တွေ မရှိ ပိုပြီးတော်မလာပဲ နလပိန်းတုံးလေးတွေပဲ ဖြစ်ကုန်ကြတယ်။ မိဘများအထူးသတိပြုစေလိုပါတယ်။ နွေရာသီ သုံးလပိတ်ရင် အားကစားသင်တန် ယဉ်ကျေးမှုသင်တန်းများကို ပို့ကြပါ လွှက်ကြပါ။ ကလေးတွေကငယ်ငယ်လေးတွေနဲ့ ချုချာနေတာ အားကစား လှုပ်ရှားမှု အားနည်းလို့။ တော်လောက်ပါပြီး ဒီလောက်ပါပဲ ပြောရင်တော့ ကုန်မှာ မဟုတ်တော့ဘူး။ အားလုံးကို အတိုချူံးပြီး ရေးသားထားပါတယ်။ ကျွန်တော်ရဲ့ မိဘနှစ်ပါးနှင့် သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များကိုလည်း ဝန်ချတောင်းပန်ပြီး လက်ဆယ်ဖျာ ထိပ်မှာမိုးလို့ ထိခြင်းငါးပါးဖြင့် ကန့်တော့လိုက်ပါတယ်။

10 comments

  • မောင်ပေ

    July 13, 2012 at 8:53 am

    ကိုသီဟရာဇာရဲ့ကျောင်းသားဘဝကို ဖတ်ရတာ ပြုံးပျော်စရာပါ။
    ဒီနေ့ခေတ် ကလေးတွေကို သတိထားမိတာ ဉာဏ်အရမ်းကောင်းးကြတယ်။ ဒါပေမယ့် လူကောင်ကိုယ်လုံးကြ သေးပြီး ကိုယ်ခံစွမ်းအားလဲ နဲ နေကြသလိုပဲ။

  • mamanoyar

    July 13, 2012 at 10:06 am

    ဘာပဲဖြစ်ဖြစ် ကျောင်းသားဘဝကို အမှတ်ရမိပါတယ်
    ဟုတ်တယ်နော် အခုခေတ်က စာမေးပွဲက မစစ်ရသေးဘူး
    နောက်နှစ်အတွက် ကျူရှင်တွေ လိုက်နေကြပြီ
    မြို့တွေမှာပေါ့

  • အမျိုးသား လူ ့အခွင့်ရေးကော်မရှင်က ရခိုင်အရေးဟာ ပညာရေး အားနည်းချက်ကြောင့်ဖြစ်ရတာမို ့
    ပညာရေးကဏ္ဍကိုမြှင့်တင်ဖို ့ဆောင်ရွက်မယ်လို ့ဦးစစ်မြိုင်က ပြောသွားပါတယ်။

  • snow white

    July 13, 2012 at 1:49 pm

    ပုံလေးထည့်ထားပေးတာကိုက အသက်ဝင်တယ် ငယ်ဘဝပြန်ရလိုက်သလိုပါဘဲ ကို thihayarzar ကျေးဇူးပါနော်ငယ်ဘဝလေးကို ပြန်စဉ်းစားခွင့်ပေးလို့ ။။။

  • P chogyi

    July 13, 2012 at 2:09 pm

    ဆရာမကိုရိုက်တာလား ဆရာမကရိုက်တာလား
    အမှန်ချစ်လား အမုန်ချစ်လား
    ကိုယ်လိုမဖြစ်စေချင်တာလား
    နည်းလမ်းပေးနေတာလား

  • lynn lynn

    July 13, 2012 at 3:22 pm

    ကိုသီဟရာဇာရဲ့ ပို့စ်ကို ဖတ်ပြီး ငယ်ငယ်တုန်းက ဘဝကို ပြန်သတိမိတယ်။ ကိုယ်လည်း ကျောင်းတက်တုန်းက အစွမ်းကုန်ဆိုးခဲ့တဲ့သူဆိုတော့ အဖော်ရှိတော့ တော်တော်လည်း ဝမ်းသာမိတယ်။

  • မမ အညာသူ

    July 13, 2012 at 3:36 pm

    ကိုယ်စာမရရင် ဆရာမကိုအပြစ်ပုံချတက်တဲ့
    ညာရဲ့စရိုက်လေးကို ပြန်မြင်ရောင်မိပါတယ်
    😛

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:52 pm

    ဟိုအရင်အချိန်က….
    အဖြူအစိမ်းလေး….
    သတိရမိပါတယ်…
    ငယ်စဉ်အချိန်လေး….။

  • thihayarzar

    July 13, 2012 at 7:18 pm

    p chogyi ရေ ကျေးဇူးပဲဗျာ … ညက စစ်နေရင်းနဲ့ ခေါင်းမူးလာလို့ ထပ်မစစ်ဖြစ်တော့တာ .. အခုလို အမှားတွေ ထောက်ပြပေးတဲ့အတွက် ကျေးဇူးပါပဲ …. ကျွန်တော်တို့ဆိုးခဲ့လို့ နောင်တတွေ အမှားတွေ အများကြီး မတွေ့ရအောင်လို့ ပြောပြချင်တဲ့သဘောပါ … အရေးအသားညံလို့ အတွေးမှားသွားရင် တောင်းပန်ပါတယ် ….

  • အလင်းဆက်

    July 13, 2012 at 8:45 pm

    ဖတ်သင့်တဲ ့..။ ရေးသင့်တဲ ့….ပြိးတော့..တွေးသင့်တဲ ့..ဆောင်းပါးလေး.ပါပဲ.။

    ရေးသား..တင်ပြသူကို တကယ့်ကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်ခင်ညာ…

Leave a Reply