အရင်လက ရန်ကုန်မှာနေတဲ့ အမေအိမ်မှာ ဝါဆိုသင်္ကန်းကပ်၊ဘုန်းကြီးဆွမ်းကြွေးမယ် သားတို့ အချိန်ပေးနိုင်ရင်လာခဲ့စေချင်တယ်လို့ ဖုန်းဆက်ပြောတာနဲ့ စနေနေ့ည ၈ နာရီထွက်တဲ့ မန္တလေး-ရန်ကုန် အဝေးပြေးကားစီးပြီး ရန်ကုန်သို့ချီတက်ခဲ့ရပါတယ်။ နောက်နေ့မနက် ၅း၄ဝ နာရီ ဝန်းကျင်လောက်မှာ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်ဝင်းထဲကို ဝင်ရောက်ဖို့ကျွန်တော်စီး လာတဲ့အဝေးပြေးကားက ရှေ့ကကားတွေလိုဘဲ ကားဝင်းထဲဝင်မဲ့မျိုးစုံသောကားတန်းမှာ တန်းစီရင်ဖြေးဖြေး လိမ့်နေတာမို့ ဒီဂိတ်ဝမှာဘဲ ဆင်းရင်ရပါလား ယာဉ်နောက်လိုက် စပယ်ယာ လေးကိုမေးတော့ အကိုကားဝမ်းပိုက်ထဲမှာပစ္စည်းထုတ်ဖို့ပါသေးလား မပါရင်တော့ရပါတယ်မို့ ကိုယ့်ခရီးဆောင်လက်ဆွဲ အိတ်လေးဆွဲပြီးဆင်းခဲ့ပါတယ်။

ပြီးတော့ လမ်းဘေးလေးရပ်နေပြီး Taxi ဌားဖို့စောင့်နေတုံး၊ အဌားကားလေးတစ်စီးလာတာနဲ့ လက်လေးတားလိုက်တော့ အဌားကားလေးက ကျွန်တော့နားမှာရပ်ရင်း Taxi မောင်းတဲ့သူက

ယာဉ်မောင်း – အကိုဘယ်သွားမလဲ

ကျွန်တော် – ကမာရွတ်၊လှည်းတန်းလမ်းဆုံကို

ယာဉ်မောင်း – ၆၀၀ဝ ကျမယ်

ကျွန်တော် – ညီလေးရယ် ကိုယ်ခဏခဏဌားစီးနေကျပါ ၄၀၀ဝ မရဘူးလား

ယာဉ်မောင်း – မရဘူးအကိုရာ ၅၀၀ဝ တော့ပေးလိုက်ပါ

ကျွန်တော် – ၄၀၀ဝ နဲ့လိုက်နိုင်လည်းသွားမယ်ကွာ၊ မရလည်းနောက်အစီးဌားရုံပေါ့

ယာဉ်မောင်း – ဒါဆိုလည်း ၄၀၀ဝ နဲ့ပို့ပေးမယ်၊ လမ်းကျုံရရင်တော့ တင်မယ်နော်၊

ကျွန်တော် – ရပါတယ်၊သဘောပါ

လို့ပြောပြီး အဌားလိုက်မယ့်ဈေးတဲ့သွားတာနဲ့ ယာဉ်မောင်းဘေးရှေ့က ဝင်ထိုင်လိုက်တာပေါ့။ ကျွန်တော်လည်းထိုင်ပြီး တံခါးပိတ်ပြီတာနဲ့ ကားစထွက်ခါစဘဲရှိသေးတယ် သားအဖဖြစ်ဟန်တူတဲ့ လူကြီးတစ်ဦးနဲ့ ၁၅နှစ်အရွယ်လောက် ကလေးတစ်ဦး ခရီးဆောင်လက်ဆွဲအိတ်(၂)လုံး၊ ခြင်တောင်း(၃)ခုနဲ့ ကျွန်တော်စီးလာတဲ့ အဌားကားကို လက်တားလို့ ကားလေးကသူတို့နားမှာ ရပ်ပြီးတော့ ယာဉ်မောင်းသူကထုံးစံအတိုင်း ဘယ်သွားချင်ပါလဲ စမေးပါရော-

လူကြီး – ၈မိုင်က စွယ်တော်နားကဆိုတဲ့ ဘုန်းကြီးတက္ကသိုလ်သွားချင်တာပါ

ယာဉ်မောင်း – အဲဒီကိုဆို ၈၀၀ဝ ကျမယ်

လူကြီး – မများဘူးလားငါ့တူရာ၊ ၅၀၀ဝ လောက်မရဘူးလား

ယာဉ်မောင်း – ကျွန်တော်ကလမ်းကြုံတာမဟုတ်ဘူး၊ ဦးတို့ အထုပ်ပိုးတွေနဲ့မို့ သနားလို့ ဦးတို့ကို အရင်လှည့်ပို့ပေးမှာ၊ ကားတွေကဒီအချိန်ဆိုပြုံပြီးဆိုက်တော့ ဦးတို့သွားမယ့်ဆီက သီးခြားဝင်ပေး ရမှာ ဘယ်ကားမှတော်ရုံလိုက်မှာမဟုတ်ဘူး၊ ဒီလိုလုပ်ဗျာ ၆၀၀ဝ တော့ပေးလိုက် လာ လာ လာ

ဆိုပြီးသူကားပေါ်ကဆင်းလို့ အထုပ်အပိုးတွေကို နောက်ခန်းထဲဖွင့်တင်ရင်း ဥိးတို့ကားပေါ် တက်လေ ဆိုတော့ ခရီးသည်သားအဖလည်းဘာမှပြောချိန်တောင်မရလိုက်ဘဲ ကားပေါ်ရောက်လာ ခဲ့တယ် လေ။ ပြီးတော့ကားလေးစထွက်လာတာပေါ့။ ကျွန်တော်မှာပြောချင်လိုက်တာ ပါးစပ်ယား နေပေမဲ့ သူများစီပွားမို့ပြောကောင်း မကောင်းစဉ်းစားနေတာရယ်၊ ခရီးသွားသားအဖလည်း ကားပေါ်ပါလာ နေတာရယ်ကြောင့် ပါးစပ်လေးပိတ်ပြီးနေနေတုံး ၈မိုင်စွယ်တော်ရှေ့ရောက်လို့ ကားလေးရပ် ပစ္စည်းတွေချပေးလုပ်ပြီးတော့ လူကြီးဖြစ်သူက ကျသင့်တဲ့ပိုက်ဆံလေးပေးရင်နဲ့ ဦးတို့ကိုအရင် ပို့ပေးတဲ့ငါတူရယ် အရင်လိုက်ပို့တာကို သဘောကောင်းတဲ့ကားပေါ်က ခရီးသွားငါ့တူကြီးရယ် ကျေးဇူးပါဗျာ ဘုန်းကြီးကြပါစေ သက်ရှည်ကြပါစေလို့ ဆုတောင် တောင်းပေးလေရဲ့။ ကျွန်တော်ကိုပို့ဖို့ ကားလေးစထွက်တယ်ဆိုတာနဲ့ မနေနိုင်တော့တာမို့-

ကျွန်တော် –  ငါ့ညီကလည်း အတော်နောက်တဲ့သူဗျာ ကျွန်တော်ကားပေါ်ရောက်လို့ ငါ့ညီကားက မြောက်ဥက္ကလာလမ်းဘက်က ဦးတည်မောင်းမှတော့ အဲဒီစွယ်တော်ရှေ့ကနေ ၈မိုင်ကိုဖြတ်ထွက်မှာ ဘဲလေ၊ ကိုယ်သွားမဲ့လမ်းကြောအတိ်ုင်းဘဲ ဆီလည်းပိုကုန်တာမဟုတ်ဘဲနဲ့ မတန်တဆတောင်းရ တယ်ဗျာ

ယာဉ်မောင်း – အကိုကလည်း အခုနောက်ပိုင်း အဌားကားတွေကသိပ်မကိုက်ဖူးဗျ ဒါတောင်ဒီမနက် မိုးမရွာလို့နော် မိုးရွာရင်ငုတ်တုတ်မေ့ရော မခုလို အချဉ်လေး ဘာလေးတွေ့တုံး ရှာထားမှဗျ။

ကျွန်တော် – ရှာတာတော့ဟုတ်ပါတယ် ဒါပေမဲ့ အကိုဟာက နှစ်ဆလောက်နှိပ်လိုက်တာလေ

ယာဉ်မောင်း – အကိုကလည်း

ဆိုပြီးတော့ သူလည်းဘာမှဆက်မပြောတော့သလို ကျွန်တော်လည်းဘာပြောရမှန်းတောင်မသိလို့ စီးလာရင်း ပြည်လမ်း ၆မိုင်ခွဲလောက်မှာ ကားနောက်ဘီးက ဖေါင်း ဆိုတဲ့အသံနဲ့အတူ ဘီးပေါက်ပါ လေရောဗျာ။ ဒါနဲ့ အဌားကားမောင်းသူက အကိုခဏလေးပါ ဘီးလေးလဲလိုက်အုံးမယ်ပြောပြီး ကားပေါ်ကားဆင်း ဘီးလဲပေါ့၊ ကျွန်တော်လည်းကားပေါ်ကခဏဆင်းပြီး သူဘီးလဲတာကို ကြည့်နေမိ တယ်လေ။ သူကဘီးလဲရင်းနဲ့ ပေါက်တဲ့ဘီးမှာ စူးဝင်နေတဲ့သံချောင်းကို စမ်းမိရင်း ညဉ်းတွားလိုက်တယ် ဒီသံကလည်း ဒီကားကျမှဘဲစူးရတယ် ရှေ့မှာဦးတဟို သွားနေတဲ့ ကားတွေကိုစူးပါလား ဒီဘီးရဲ့ကျွတ်ပေါက်ဖာထား တာက ၄-၅ပေါက်မကတော့ ဒီတစ်ခါ ကျွတ်ပါလဲရပြီနဲ့တူတယ်ဗျာ ခုနရထားတဲ့ ၆၀၀ဝ တော့ ပလုံတော့မှာဘဲဗျာလို့ ပြောရင်း ဘီးလဲတာလုပ်နေတာပေါ့။ ကျွန်တော်ကတော့ဘာမှမပြော ဖြစ်ပါဘူး၊ ဘီးလဲပြီးဆက်ထွက်လာတာ ကျွန်တော်ဆင်းမဲ့လှည်းတန်းမီပွိုင့်နားက အနော်ရထာအိမ်ယာဝင်းအပေါက် အကျော်မှာ ကားလေး ရပ် ကားပေါ်ကဆင်းပြီး ပိုက်ဆံထုတ်ပေးရင်းနဲ့ သံ ကလည်းအချဉ်ကားတစ်စီတော့လာပြီ၊ ထိုးစိုက်လိုက်အုံးမှလို့များ စိုက်လိုက်တာများမသိတာဗျာ ပြောတော့ အဌားယာဉ်မောင်းသမား လည်း ကားစက်နိုးပြီး အရှိန်လေးတင်ကထွက်သွားပါရောဗျာ။

ကျွန်တော်တို့ငယ်ငယ်တုံးက အဖိုးပြောဖူးတာရှိတယ် သူများဆီကမတရားယူတဲ့ပစ္စည်းတွေ၊ ပိုက်ဆံတွေကအဖတ်မတင်ဘူးငါ့မြေးရ တစ်နည်းနည်းနဲ့တော ့ပြန်ကုန်တာမို့ ကိုယ်မတရား ယူတယ်ဆိုတဲ့နံမည်ပျက်ဘဲရတာ အဖတ်တင်တယ်—တဲ့။ အဲဒါများဟုတ်နေတာလား။

စေတနာသည် ကံမည်၏ ဆိုသလို Taxi မောင်းသမားက အကယ်လို့များ ခရီးသွားသား အဖ (၂)ယောက်ကို စေတနာမှန်နဲ့တန်ရာတန်ကြေးယူပြီးပို့ပေးခဲ့ရင် ဘီးထဲစူးဝင်သွားတဲ့သံက သူပြော သလို ဒီလမ်းပေါ် ဥတဟိုသွားနေတဲ့ကားတွေလို လွှတ်သွားနိုင်မလား၊ အခုတော့ စေတနာ ထက် အသပြာအတွက်နားမလည်ရှာတဲ့ သူတွေအပေါ် ပိုရအောင်ဟုတ်တာရောမဟုတ်တာရောပြောပြီး အမှီးကျက်အမှီးစား ခေါင်းကျက်ခေါင်းစားဆိုသလို စေတနာမမှန်တော့ ကံလည်းမမှန်တာ တွေကြုံ ရတာလားတွေးရင် အမေတိုက်ခန်းလှေကားပေါ်လှမ်းတက်နေမိပါတယ်။

ဖတ်ရှု့သူအပေါင်း ကျေးဇူးနော်။

 

 

 

About ခင္ခ

ခင္ ခ has written 458 post in this Website..