နောင်ဘဝအတွက်ဆုတောင်းစာ(သို့)မူလီတစ်လုံး၏တန်ဖိုး

linnlinnnJuly 13, 20121min13312

ကျွန်မ နောင်ဘဝမှာများ လူထပ်ဖြစ်ခဲ့ရသော် ဘယ်တော့များမှ shipping department မှာ အလုပ်မလုပ်ရပါစေနဲ့လို့ဆုတောင်းမိသည်။ ကျွန်မ စိန်ခေါ်မှုများကို နှစ်သက်သည်။ သို့သော် မဟုတ်တာကို အဟုတ်ဆိုပြီ ခေါင်းညိတ်လက်ခံ အလိုဖြည့်ရခြင်းကိုတော့ အကြိမ်ပေါင်းမြောက်များစွာ ခံစားခဲ့ပြီးပြီမို့ ရွံ့ရှာစက်ဆုပ်မိသည်။ ကျွန်မအလုပ်,စလုပ်ပါပြီ၊ ကျွန်မဝင်ငွေဖြင့် ကျွန်မရပ်တည်နိုင်ပါပြီ ဆိုကတည်းက ကျွန်မဒီအလုပ်ကို စလုပ်ခဲ့ရသဖြင့် ဒီအလုပ်ကို ကျွန်မချစ်သည်။ အလုပ်ရဲ့ စိန်ခါ်မှုတွေကိုလည်း ကျွန်မမြတ်နိုးသည်။ ထိုစိန်ခေါ်မှုထဲတွင်  ကောက်ကျစ်မှုမပါ။ ထိုကောက်ကျစ်မှုရောနှောသည့် စိန်ခေါ်မှုမျိုးကိုတော့ ကျွန်မ,မနှစ်သက်ပါ။ မည်သူမျှလည်း နှစ်သက်လိမ့်မည် မထင်ပါ။

ဟိုးယခင်ကထုတ်/သွင်းလုပ်ရသည်မှာ ပိုမိုခက်ခဲသည်။ စိတ်ဒါဏ်ရာပိုမိုရရှိခြင်းခံခဲ့ရသည်။ တွေ့သမျှလူကိုဦးကျိုးရသည့် ခေါင်းသည် ပြန်မမတ်တော့။ ကျွန်မတို့သည် ဘိန်းဖြူကို ထုတ်/သွင်း လုပ်နေသည်မဟုတ်။ လက်နက်ကုန်ကူးခြင်းမဟုတ်။ နိုင်ငံတော်က ခွင့်ပြုထားသည့် ပစ္စည်းများ ကို နိုင်ငံတော်မှ ကောက်ခံသည့် အခွန် အပြည့်အဝဆောင်၍ နိုင်ငံတော်မှ  ခွင့်ပြုချက်စာရွက်စာတမ်း များဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။သို့ပါလျှက် လုပ်ငန်းတွင် လွယ်ကူချောမွေ့ခြင်းမရခဲ့ပါ။ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ပြီးမှသာ လုပ်ငန်းတစ်ခုအောင်မြင်ပြိးမြောက်ခဲ့သည်။

ပစ္စည်းထုတ်ယူခြင်း/တင်ပို့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အစစ်ဆေးခံရင်း ငိုချင်စရာများ ကြုံတွေ့ခဲ့ရပေါင်းလည်း မနည်းတော့ပါ။ ဥပမာပြရသော်- ကုန်ရောင်းသူမှ ပေးပို့သည့် အထုပ်အရေအတွက်၊ ပါဝင်သည့် ပစ္စည်းအရေအတွက်၊ ပစ္စည်းအမျိုးအစားတူညီသည့်တိုင်အောင် အထုပ်နံပါတ်မပါ၍မိမိတို့ ပစ္စည်းသည် မမှန်ကန်နိုင်ဟု စွတ်စွဲခြင်းခံရပေါင်းမနည်းပါ။ မိမိတို့အဘယ်သို့အစစ်အဆေးခံရမည်နည်း။ ကို်ယ်ကမှန်နေသည့်တိုင်အောင် မာမာထန်ထန်ပြန်မပြောရဲသည့်ဘဝ၊ ကိုယ့်ကို မတရားပြောနေသည့်တိုင် မျက်နှာချိုချိဖြင့် ပြန်ပြုံးပြနေရသည့်ဘဝ၊

ဟော။ နောက်ဆုံးကွန်တိန်နာအခွံချခြင်းကိစ္စဆောင်ရွက်ရာ၌ပင်လွယ်ကူခြင်းမရှိခဲ့ပါ။ သာမန်အားဖြင့် 24နာရီလုံးပိတ်ရက်မရှိ ကွန်တိန်နာ အခွံချခြင်း၊ အခွံတင်များဆောင်ရွက်နေသဖြင့်လွယ်ကူသည်ဟုဆိုသော်လည်း တစ်ခါတစ်ရံ ကိုယ်တင်သွင်းလာသည့် ပစ္စည်းများသည် ကွန်တိန်နာကို ပျက်စီးစေခြင်း မရှိသည့်တိုင်အောင် ကွန်တိန်နာပျက်စီးခြင်း ပြင်ဆင်ခများ ကောက်ခံ,ခံခဲ့ရခြင်းများလည်းရှိသည်။ ထိုအခါမျိုးတွင် မိမိတို့ အလွန်စိတ်ညစ်ရသည်။ ကုမဏီပိုင်ရှင်ကလည်း ၎င်းတို့တင်သွင်းလာသည့် ပစ္စည်းများကြောင့် ပျက်စီးခြင်းမဟုတ်၍ ၎င်းပြင်ဆင်ခကို မပေးဆောင်ပါ။ အကယ်၍မပေးဆောင်ပါက ၎င်းကွန်တိန်နာကို ကွန်တိန်နာဝင်းထဲတွင် အချမခံ။ ထိုအခါကွန်တိန်နာတင်ဆောင်လာသည့် ကားသမားများနှင့် ပြသာနာတက်ရသည်။ သဘောင်္လိုင်းမှ ကြားဝင်ဖြေရှင်းပေးသော်လည်း စာရွက်နှင့်မဟုတ်၊ ပြင်ဆင်ခငွေကြိုတင်သွင်းထားရသည်။ ၎င်းတို့ပိုင် နိုင်ငံခြားသဘောင်္လိုင်းသို့ ပြန်လည်ပြောပြီးမှသာ ကျသင့်သလောက် (သို့)ပြန်မရ သိရသည်။

ထို့သို့ဖြစ်ပေါင်းများခဲ့ပြီဖြစ်၍ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆိပ်ကမ်းတွင် ကွန်တိန်နာထုတ်ယူစဉ်တွေ့ရှိချက် ကို မှတ်တမ်းယူသော်လည်း အလကားသာဖြစ်သည်။ မနေ့ကကျွန်မကြုံရသည်။ ဆိပ်ကမ်းတွင် ပစ္စည်းထုတ်ယူပြီး၊ သက်ဆိုင်ရာနေရာတွင် ပစ္စည်းချပြီး ကွန်တိန်နာ အခွံပြန်လည်ချထားရာတွင် ကားသမားမှ ကျွန်မဆီဖုန်းလာသည်။ `“အမရေ ကွန်တိန်နာပျက်စီးခပေးရမယ်တဲ့။`“ ကျမက `“ဟင် ဘာလို့လဲ ငါတို့ အကုန်ရေးခဲ့တယ်လေ” ကားသမားလေးကပြန်ပြောတယ် `“ မဟုတ်ဘူးအမ.. ကွန်တိန်နာ တံခါးက မူလီတစ်လုံးမပါလို့တဲ့..ပြုတ်နေလို့တဲ့.. အဲဒါ… ပြင်ဆင်ခ 10000 ပေးရမယ်တဲ့“ ကျွန်မငိုချင်သွားသည်။ ပစ္စည်းချပြီး ကွန်တိန်နာအခွံ ပြန်လည်ချနိုင်သည့် အချိန်က ည 11 နာရီ။ ကဲ၊ ကျွန်မဘယ်သူ့ကိုလိုက်ပြောရမလဲ၊ ကွန်တိန်နာ ပျက်စီးခနှင့်ပတ်သတ်၍ ပြသာနာရှိခဲ့သည်က ပူပူနွေးနွေးပင်ရှိသေး၍ ကျွန်မပြောချင်စိတ်မရှိတော့။ ကဲ.ဒီလောက်ရှိလှတာ..ပေးလိုက်စမ်းဟာ တစ်သောင်း။

12 comments

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 6:38 pm

    မူလီတစ်လုံး တစ်သောင်း ဆိုပါကလား..
    တစ်လ ဘယ်နှလုံးလောက် တွက်ချေကိုက်.အဲလေ..လျော်ရပါသလဲခင်ဗျ..
    လေးစားလျက်..

    ပုံ/
    မာမွတ်
    အထွေထွေ မူလီရောင်းဝယ်ရေး ကုန်မနီ လီမိတက်

  • ရာဇဝင်လူဆိုး

    July 13, 2012 at 6:41 pm

    ဘိန်းဖြူလို၊ ဆေးပြားတွေလို တရားမဝင်ပစ္စည်းတွေက ပိုပြီးတွင်းဝင်ဖြောင့်ပြီး အဆင်ချောတယ် ထင်တယ်..။ သူတို့ပေးထားတဲ့ လမ်းကြောင်းတိုင်းသွင်းတဲ ့ပစ္စည်းမှန်သမျှက ကိုယ့်ဘက်က အားလုံးမှန်ကန်ပြည့်စုံနေရင်တောင် ဒီလိုငွေကညှစ်သေးတယ်..ဒီထက်ဆိုးတာက ငွေကုန်တဲ့အပြင် ခေါင်းငုံ့ ဦးညွတ် နေရတဲ့ အဖြစ်က ………

  • htoosan

    July 13, 2012 at 6:44 pm

    ဝေါင်း … နောက်ထပ် အရေးကောင်းတဲ့ တစ်ယောက်ပါလား … ကြိုဆိုပါတယ်..
    ငိုချင်တဲ့ အကြောင်းတွေ မငိုဘဲ များများသာ ရေးဗျို့.. 😀

  • ဇောက် ထိုး

    July 13, 2012 at 6:45 pm

    မကြာမီ လာမည် မျှော်……

  • မောင်ပေ

    July 13, 2012 at 8:13 pm

    ကိုယ်ထုတ်လုပ်ထားတဲ့ ကွန်တိန်နာ မဟုတ်ပဲနဲ ့၊ စစ်ဆေးပေးရတဲ့ ကွန်တိန်နာမှာ မူလီတစ်လုံးလျော့တာမျိုးကို တစ်သောင်းကျပ် ပေးရတဲ့အဖြစ်ကတော့ ဆိုးလွန်းပါတယ်။

  • MaMa

    July 14, 2012 at 8:54 am

    လုပ်ငန်းတိုင်း နေရာတိုင်းမှာ အတူတူပါပဲ လင်းလင်းရေ။

    မှန်တိုင်းမကောင်းဘူးဆိုသလို မှန်ပေမယ့်လည်း မာမာ ပြန်မပြောနိုင်တဲ့အပြင်
    ခေါင်းငုံ့ပြီး ခံခဲ့ရပေါင်းများလို့ ခေါင်းက ပြန်ကို မမတ်နိုင်တော့ဘူး။

    ( တွေ့သမျှလူကိုဦးကျိုးရသည့် ခေါင်းသည် ပြန်မမတ်တော့) ဆိုတဲ့ စာလေးကို သဘောကျတယ်။
    ဗရာကြော်ပါ ဗျို့……………..

  • linnlinnn

    July 14, 2012 at 9:42 am

    မတန်ဘဲ/မဟုတ်ဘဲ ပေးခဲ့ရတဲ့ အမှန်တစ်သောင်းပါရှင်။ မထွေးနိုင် မမြိုနိုင်ဖြစ်ခဲ့ရလွန်းလို့ ဒီမှာ လာငိုရပါကြောင်း… 🙂

  • mamanoyar

    July 14, 2012 at 10:07 am

    လုပ်ငန်းအကြောင်းတော့ နားမလည်ပေမယ့်
    မူလီတစ်လုံးမပါလို့ တစ်သောင်းဆိုတော့
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ကြောင်လေး

    July 14, 2012 at 11:40 am

    လမ်းသွားရင်းတွေ့လိုကောက်ထားတဲ့ မူလီလေးတွေ၊နတ်ကလေးတွေ၊ ဝါရှာလေးတွေက တနေရာမှာ အဲဒီလောက်တန်ဘိုးရှိနေမှန်းခုမှသိတယ်

  • Guest

    July 17, 2012 at 1:57 pm

    ဒါတောင် တရုတ်မူလီအဆင့်ပဲရှိသေးတယ်.. ဂျပန်မူလီဆိုရင် ဒီထက် ပိုပေးရမယ်ထင်တယ်နော်။.. 😀

  • Shwe Ei

    July 17, 2012 at 5:09 pm

    ဒါလဲ စိန်ခေါ်မှုတမျိုးဘဲပေါ့ မလင်းလင်းရေ။ ကျမလဲ တချိန်က အဲလိုမျိုးစိန်ခေါ်မှုတွေကို နှစ်သက်ခဲ့ဖူးပါတယ်။ ပြောခဲ့သလိုဘဲ စိတ်ဒဏ်ရာဖြစ်လောက်အောင် အခြေနေဆိုးလာတော့ အားလုံးနဲ့ဝေးရာကိုနှင်ထုတ်ခံရတဲ့ ဘဝရောက်အောင်ဖန်တီးမိတော့တာပါဘဲ။ မလင်းလင်း တယောက်ကိုယ်ချစ်တဲ့အလုပ်ကို အပူပင်ကင်းကင်း ဆက်ချစ်နိုင်ပါစေ။

    ခင်တဲ့
    မရွှေအိ

Leave a Reply