လူငယ်ဂီတသမားတွေအတွက် ခေတ်သစ်ဂီတအလွှာ ထည့်သွင်းပေးသင့် သလား ….။

black chawJuly 14, 20121min17720

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ဆရာလေး အင်ဇာဂီက ငါတို့ဂီတ ဆိုတဲ့ ပို့စ်လေးတင်ခဲ့ပါတယ်။
အခုပို့စ်က အဲဒီ ပို့စ်ကို အားဖြည့်ပေးတဲ့ သဘောပါဗျာ။

ဇူလိုင် လ ၂၄ ရက်နေ့မှာ အသစ်ပြန်လည်ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ခေတ်သစ်ဂီတအလွှာ ထည့်သွင်းဖွဲ့စည်းပေးဖို့
လူငယ်ဂီတသမားတွေက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။ အဲဒါကို လက်ရှိမြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုကော်မတီက ပယ်ချထားခဲ့ပါတယ်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးသစ်ကို ပြန်လည်ဖွဲ့စည်းရာတွင် အမှုဆောင်အဖွဲ့ဝင် ၅ဝ ဦး နှင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီး
မဟာဂီတ အလွှာအတွက် အဆိုနှင့်အတီး ၁ဝ ဦး၊ ကာလပေါ် အလွှာအတွက် ရေးဆိုတီး ၁၅ ဦး၊ စတီရီယို အလွှာအတွက်ရေး ဆိုတီး ၁၅ ဦး၊
ထုတ်လုပ်ဖြန့်ချိအလွှာအတွက် ငါးဦး၊ စက်မှုအလွှာ အတွက် ငါးဦးတို့ကို ရွေးချယ်သွားမည်ဟု သိရသည်။

ယနေ့ များပြားလှတဲ့ FM ရေဒီယို စတေရှင်က သီချင်းတစ်ပုဒ်ထုတ်လွှင့်ရင် တစ်ပုဒ် သုံးရာကျပ်နှုန်းသာ ပေးရတာတွေ၊
Ring Tone ကုမ္ပဏီတွေက ဖုန်းမြည်သံ အသုံးပြုရာမှာ နစ်နာခဲ့တာတွေ အတွက် လက်ရှိမြန်မာနိုင်ငံ ဂီတအစည်းအရုံးကြီးက
ထိထိရောက်ရောက် ကာကွယ်မပေးနိုင်ဘူးလို့ လူငယ်ဂီတသမားတွေက ပြောဆိုနေခဲ့ကြပါယတ်။
အဲဒီ ခေတ်သစ်ဂီတအလွှာနဲ့ ပတ်သက်လို့ ဂျာနယ်တွေထဲမှာ ထည့်သွင်း ဖေါ်ပြခဲ့ကြတဲ့ ဂီတသမားလူငယ်လူကြီး တွေရဲ့စကားလေးတွေကို
စုစည်းပေးလိုက်ပါတယ်။
လူငယ်ပရိသတ် အခိုင်အမာရှိနေတဲ့ BIGBAG အဖွဲ့ဝင် ဒေါက်တာ ဟန်ထူးလွင်ခေါ် ကျားပေါက် ရဲ့ စကားလေးကို အရင်ဆုံးဖေါ်ပြလိုက်ပါတယ်ဗျာ။

ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့ ဂီတအစည်းအရုံးက နှေးနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာက အဓိကက RIGHT ပေါ့။
ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေကို မှန်မှန်ကန်ကန် ကာကွယ်နိုင်ဖို့ပါပဲ။ ပြီးတော့ အခုအချိန်က တစ်ယောက်နဲ့ တစ်ယောက်
အနိုင်အရှုံးတွက်ရမယ့်အချိန်မဟုတ်ဘူး။ လူငယ်ကိုလည်း သူနဲ့သင့်တဲ့ နေရာပေးရမှာပဲ။ ဥပမာ – iPop တွေ၊ iTune တွေခေတ်မှာ ကျွန်တော်တို့ဘက်က
Represent လုပ်ပြီး ကိုယ့်သီချင်းကို ကိုယ်ပိုင်တယ် ဆိုပြီး တစ်ကမ္ဘာလုံးကို ပြနိုင်တဲ့ အခွင့်အရေး မရှိဘူးဖြစ်နေပါတယ်။ အဲဒါမျိုးတွေကို လက်ရှိလှုပ်ရှားနေတဲ့လူတွေ
သိနိုင်ပါတယ်။ အဲဒီ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးရမယ့်လူတွေက ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးလူတွေပဲ ဖြစ်သင့်တယ်။
ကျွန်တော် ဖြစ်ချင်တာတစ်ခု ပြောပြချင်တယ်။ ကျွန်တော့် သီချင်းတွေကို FM နဲ့ တီဗီချယ်နယ်တွေက လွှင့်မယ်ဆိုရင် ကျွန်တော်အရင်သိချင်ပါတယ်။
အခုတော့ မသိရပါဘူး။ ဘယ်သူတွေက ဘယ်လိုဝယ်ပြီး ဘယ်နှခေါက်လွှင့်နေတယ်ဆိုတာ ကို မသိရပါဘူး။ သွားမေးမှ သိရတာပါ။
အဲဒီမှာ တချို့သီချင်းတွေဆိုရင် ကျွန်တော် မရောင်းချင်တာရှိတယ်။ ရေဒီယိုမှာ မလွှင့်စေချင်တဲ့ သီချင်းတွေ ရှိတယ်။ အဲဒါတွေကို ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်
ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ဖြစ်နေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့ Represent လုပ်တဲ့ အလွှာတစ်ခု အရင်ဖြစ်တည်လာဖို့ အရေးကြီးပါတယ်။
အခုလုပ်နေကြတာ အဲဒီအတွက်ပါ။ ဖြစ်လာမယ့် အဖွဲ့အစည်းတစ်ခုကို ကြိုပြီး ယုံကြည်ပါတယ်။

လို့ ပြောကြားသွားပါတယ် ဦးလေးရေ။
ဒီကိစ္စကို လူကြီးနဲ့ လူငယ် ပြသနာ လို့ပဲ ခေါင်းစဉ်တတ်ပေးလိုက်ချင်တယ်ဗျာ။
ကဲ ကျားပေါက်ရေ…။
ဂီတအစည်းအရုံး အသစ်ကြီးထဲမှာ ခေတ်သစ်ဂီတ အလွှာ ထည့်သွင်းဖွဲ့စည်းပေးဖို့
ဘဘဘလက် ကလည်း ဒီနေရာကနေ ဝင်ပြီး အော်ပေးလိုက်ပါတယ်ဗျာ…။

ခေတ်သစ်ဂီတ အလွှာနဲ့ ပတ်သက်လို့ အဲလက်စ် ရဲ့ ယောက်ဖတော်၊ ရှင်ဖုန်းရဲ့ ခင်ပွန်း Plus 3 Band ရဲ့ ဆရာလေး ဥက္ကာဦးသာ က

ဒီမိုကရေစီ ခေတ်ကိုလည်း ရောက်နေပြီဆိုတော့ဗျာ။ လူအင်အားများလာတဲ့
ခေတ်သစ်ဂီတ အလွှာအပေါ် နည်းနည်းတော့ ထည့်စဉ်းစားပေးသင့်တယ် ထင်ပါတယ်

လို့ ပြောသွားပါတယ်ဗျာ။
အခုလောလောဆယ် လူကြီးစာရင်းဝင်နေပြီဖြစ်တဲ့ ကိုမြင့်မိုးအောင် ကလည်း

ဂီတအစည်းအရုံးသစ်မှာ လူငယ်ဂီတသစ်တွေကိုထည့်သွင်းရတာ သူတို့ကိုယ်တိုင်ပါဝင်လှုပ်ရှားလို့ ရသလို သူတို့ကိုယ်တိုင်
ဂီတလောကထဲမှာ ရိုင်းပြတဲ့ အမူအကျင့်ရှိတဲ့ ကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ရင် ပိုကောင်းတာပေါ့ဗျာ။ သဘောကတော့ ဟစ်ဟော့
ဂီတသမားတစ်ယောက် လုပ်တဲ့ အလုပ်ကို စတီရီယို အလွှာ၊ ကာလပေါ်အလွှာက သွားပိတ်တာမျိုးက ဘယ်သင့်တော်မလဲ။
သူတို့အချင်းချင်း ဒါက သင့်တော်တယ် ဒါက မသင့်တော်ဘူး ဆိုတာ သူတို့ဘာသာ ကြီးကြပ်ပြီး ဆောင်ရွက်နိုင်ခွင့် အခွင့်အလမ်းလည်း
ရစေချင်တယ်။ ဒါကြောင့်မို့ ခေတ်သစ်ဂီတအလွှာဆိုတာလည်း လိုအပ်ပါတယ်။

လို့ ပြောသွားပါတယ်ဗျာ။
ဟုတ်တာပေါ့ ဦးလေးရယ်။
သီချင်းထဲမှာ ရိုင်းပျတဲ့ စကားလုံးတွေထည့်ထည့်ဆိုနေကြတာကို လူကြီးတွေက အာဏာတွေ ပါဝါတွေနဲ့ သွားတားနေတာထက်
လူငယ်တွေ အချင်းချင်း မင်း ဒီစကားလုံးတွေတော့ ထည့်မဆိုသင့်ဘူးကွာ ဘာညာ နဲ့ ထိန်းလိုက်ရင် ပို နေရာကျမယ်ဆိုတဲ့ သဘောပြောသွားတာပါဗျာ။
ခေတ်သစ်ဂီတအလွှာနဲ့ ပတ်သက်ပြီး လူကြီးတစ်ဦးဖြစ်တဲ့ ဇော်ဝင်းရှိန် ရဲ့ အမြင်လေး လည် ဖေါ်ပြပေးချင်ပါသေးတယ်။

အခုလိုမျိုး ခေတ်သစ်ဂီတအလွှာ ထည့်သွင်းဖို့ကတော့ ကျွန်တော့်အနေနဲ့ ကြိုက်ပါတယ်။ ဒီကနေ့ ရေစီးကြောင်းထဲမှာ တကယ်
ပိုက်ဆံရှာနိုင်တာက လူငယ်တွေပါ။ အဲဒါကြောင့် သူတို့အတွက် ကာကွယ်ပေးဖို့ အပိုင်းတွေ အများကြီးလိုပါတယ်။ ကိုယ်တိုင် မလုပ်နိုင်တော့တဲ့
သူတွေ အနေနဲ့လည်း တကယ်ဈေးကွက်ကို တိုးတက်အောင်လုပ်နေတဲ့ လူငယ်တွေလောက်တော့ ဘယ် ကာကွယ်ချင်ပါ့မလဲ။
တက်ကြွတဲ့ လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံပါတယ်

လို့ ပြောကြားခဲ့ပါတယ်ဗျာ။
နောက်ထပ် လူကြီးတစ်ဦးဖြစ်တဲ့ တေးရေးရွှေဂျော်ဂျော်ရဲ့ အမြင်လေး ထပ်ဖေါ်ပြပေးချင်ပါသေးတယ်။

ဒါကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ။ ယနေ့မဟာဂီတနဲ့ ခေတ်ပေါ်အလွှာက လူကြီးတွေရဲ့ အဓိကတာဝန်ဟာ ရိုးရာဂီတကို ထိန်းသိမ်းဖို့ပါ။
ဒီဘက်ခေတ်လူငယ်တွေရဲ့ တာဝန်ကတော့ နိုင်ငံတကာ ဂီတဈေးကွက်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ပါ။ အစည်းအရုံးခွဲဖို့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့်
တာဝန်တွေခွဲဖို့တော့ လိုအပ်ပါတယ်။ တာဝန်တွေ ရောထွေးနေရင် ကျွန်တော်တို့လည်း လူကြီးတွေရဲ့ ကဏ္ဍတွေကို ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
စတီရီယိုအလွှာမှာ အမှုဆောင် ၁ဝ ဦးလောက်ပဲ ရှိခဲ့လို့ ခိုးကူးခွေတွေကို မဖမ်းနိုင်ခဲ့တာပါ။ အခု ခေတ်သစ်ဂီတအလွှာဆိုပြီး
R&B, Punk, Modern Rock, HipHop, Rock အစရှိတဲ့ ဂီတသမားတွေ စုပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက်ပါ။ ဒီနေ့ အစည်းအရုံးအတွက် ရန်ပုံငွေ
အများဆုံးရှာပေးနိုင်တာက လူငယ်တွေဖြစ်တဲ့အတွက် သူတို့ အကျိုးစီးပွားနစ်နာမှုတွေ မရှိစေဖို့ အစည်းအရုံးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီနေ့နည်းပညာခေတ်ရဲ့
ဂီတဈေးကွက်ဟာ အရမ်းရှုပ်ထွေးတဲ့အတွက် လူငယ်တွေ ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။

ဒါကတော့ တေးရေး ကိုရွှေကြီး ခေါ် ရွှေဂျော်ဂျော်ရဲ့ ပြောစကားပါ။
နောက်ထပ် တေးသံရှင် အာကြီးလို့ ချစ်စနိုး နောက်ပြောင်တတ်ကြတဲ့ R ဇာနည်ရဲ့ အသံလေး ကိုလည်း နားထောင်ကြည့်ရအောင်ပါ။

သူတို့က အလွှာအသစ်အနေနဲ့တောင်းဆိုတာ မဟုတ်ဘူး။ စတီရီယို အလွှာကနေပဲ တောင်းဆိုတာကို ဘာရည်ရွယ်ချက်နဲ့
လူငယ်တွေကို လူရာမသွင်းတာကို စဉ်းစားလို့ မရဘူးဖြစ်နေပါတယ်…။ တစ်ခုခု ရှိချင်လည်း ရှိလိမ့်မယ်။ ကျွန်တော်တို့က ဂီတသမားတွေဖြစ်တဲ့အတွက်
လူကြီးလည်း ဂီတသမား၊ လူငယ်လည်း ဂီတသမား အားလုံးစည်းစည်းလုံးလုံးဖြစ်ဖို့ တောင်းဆိုတာပါ။ ရုပ်ရှင်အစည်းအရုံးအဖွဲ့သစ်နဲ့ ကွာတာက
လူကြီးတွေက လူငယ်တွေကို လူရာမသွင်းတာက ပြသနာဖြစ်နေတာပါ။ ရုပ်ရှင်အစည်းအရုံးမှာကျတော့ လူကြီး လူငယ်မရွေး အားလုံးအတူတူပဲလို့
သဘောထားပြီး သူတို့လောက တိုးတက်ဖို့ အတွက် အားလုံးဝိုင်းလုပ်ကြပါတယ်။ အခုလို ဝင်ပြောတာမျိုးလည်း မရှိပါဘူး။ စုပေါင်းတဲ့ ရလဒ်တစ်ခုလို့ မြင်ပါတယ်။
ကျွန်တော့်အမြင်ကတော့ ဂီတသမားတွေအားလုံး ချစ်ချစ်ခင်ခင်ရှိနေဖို့ပဲ မြင်ချင်ပါတယ်။ ဂီတအစည်းအရုံးကနေ ဦးဆောင်ပြီးတော့ သာရေးနာရေးကိစ္စတွေမှာ
ဆောင်ရွက်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်စေချင်ပါတယ်။ တစ်ကိုယ်တော်တေးစီးရီး ငါးခွေ ထွက်ပြီးမှ အစည်းအရုံး ရွေးကောက်ပွဲမှာ ဝင်ရွေးချယ်ခွင့် ရှိမယ်ဆိုတာ
မဖြစ်သင့်ပါဘူး။ ခွေတစ်ခွေမှ မထွက်ထားဘဲ ပရိသတ်လက်ခံထားတဲ့ အဆိုတော်တွေ အများကြီး ရှိတဲ့အတွက် အဲဒီသူတွေကို လက်ခံသင့်ပါတယ်။

လို့ ပြောကြားသွားပါတယ်ဗျာ…။
နောက်တစ်ယောက်ကတော့ မွှေ နိုင်လွန်းသူကြီးလို့ နာမည်ပေးရမယ့် ကိုသားစိုးလေး ပါပဲခင်ဗျာ။ ဖတ်ကြည့်ပါ။

ကျွန်တော်တို့ ဂီတလောကကို ကာဗာမပေးနိုင်တဲ့ အစည်းအရုံးကို အလိုမရှိလို့ ရဲရဲဝံ့ဝံ့ ပြောခဲ့တာပဲလေ။ ဒါဟာ
ကျွန်တော်တစ်ယောက်တည်းရဲ့ ဆန္ဒနဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဂီတလောကသား အထူးသဖြင့် လူငယ်တွေရဲ့စိတ်မှာ
ဖြစ်နေတဲ့ ခံစားမှုကို လူကြီးတွေ နားလည်သဘောပေါက်အောင်ပြောခဲ့တာပါ။ အဲဒီလိုပြောလို့ ပြသနာလည်း တက်ခဲ့တာပဲလေ။
အခုလိုမျိုး လူငယ်တွေကိုလက်မခံပဲ ဆက်သွားနေဦးမယ်ဆိုရင် ကျွန်တော်တို့က ဆက်ကန့်ကွက်နေရဦးမှာပဲ။ ခေတ်သစ်ဂီတ အလွှာမရမချင်း
တိုက်ပွဲဝင်သွားမယ်။ ဒီအတိုင်းဆက် ကန့်ကွက်သွားမယ်။
FM တွေ ရုပ်သံတွေကရတဲ့ အနုပညာကြေးတွေက ကျွန်တော်တို့သတ်မှတ်ထားတဲ့ နှုန်းလည်း မဟုတ်ဘူး။
ဂီတအစည်းအရုံးက ကျွန်တော်တို့ဖန်တီးထားတဲ့ အနုပညာအပေါ် ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်အပေါ် သူတို့ သတ်မှတ်ပေးစရာ
အကြောင်းမရှိဘူးလို့ ယူဆတယ်။ အဲဒါကြောင့်လည်း အစောကြီးကတည်းက ကန့်ကွက်တာ။ အခုတော့ ပိုဆိုးပြီပေါ့ဗျာ…။
နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးနေတဲ့ အချိန်မှာ ကျွန်တော်တို့ ဂီတအစည်းအရုံးက
ရှေးရိုးအတိုင်းဆက်သွားချင်တဲ့ သဘောမြင်ရပါတယ်။ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာတွေကိုလည်း မြင်နေရတယ်။ အဲဒါတွေကို
လုံးဝကန့်ကွက်တယ်။ လက်ရှိမှာ ကျွန်တော်တို့ အားကျတာ ရုပ်ရှင်အစည်းအရုံးပါပဲ။ အပြောင်းအလဲတစ်ခုမှာ လူကြီးတွေနဲ့လူငယ်တွေ
ပူးပေါင်းပြီး သူတို့လောကတိုးတက်ဖို့လုပ်နေတာကို တကယ်ကို အားကျတယ်။ ဂုဏ်လည်း ယူတယ်။ ဒါပေမယ့် ကျွန်တော်တို့ကျတော့
ဦးဆောင်ပေးမယ့်အဖွဲ့က အားကိုးရရင်တော့ ကိုယ်ဖန်တီးတဲ့ အနုပညာပေါ်က အသီးအပွင့်ကို ကိုယ်တိုင်ခံစားရပြီး အေးအေးဆေးဆေး နေနိုင်မှာပေါ့ဗျာ

တေးရေး Rခိုင် ရဲ့ စကားလေးလည်း ဖတ်ကြည့်ပေးပါဦးဗျာ…။

သက်တမ်းအရလည်း ဒီဂီတတွေက ဆယ်စုနှစ်တစ်ခု ကျော်သွားပြီ။ ပရိသတ်အင်အားလည်း အခိုင်အမာရှိနေပြီ။ ခေတ်ရဲ့လိုအပ်ချက်
သူတို့အတွက် နေရာတစ်နေရာ ဒီ အစည်းအရုံးဆိုတဲ့ အမိုးအကာအောက်မှာ လည်း အားလုံးက ပူးပေါင်းပြီး ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိနေပြီ။
အဲဒီအတွက်ကြောင့်တောင်းဆိုတာပါ။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရလို့ ဆူညံဆူညံလုပ်နေတာ မဟုတ်ပါဘူး။ ဒီအချိန်မှာ ဖြစ်သင့်လို့ ဖြစ်ခွင့်လည်း
ရှိပြီလို့ ယူဆတဲ့အတွက် လုပ်တာပါ။ လူငယ်တွေရဲ့ အသံကိုလည်း နားထောင်ပြီး တကယ်လို့ ပူးပေါင်းဆောင်ရွက်ခွင့်မရဘူးဆိုရင် လူငယ်တွေကို
အလိုအလျောက် ဘေးကိုရောက်အောင် တွန်းပို့နေပါတယ်ဆိုတဲ့ လူငယ်တွေ ပြောတဲ့စကားဟာ တအားကို မှန်သွားပါလိမ့်မယ်…။

ကဲ ဒီလောက်ဆိုရင် အသစ်ပြန်လည်ဖွဲ့စည်းမယ့် ဒီမိုကရေစီကျကျ မြန်မာနိုင်ငံဂီတအစီးအရုံးကြီးထဲမှာ လူငယ်ဂီတသမားတွေ တောင်းဆိုနေကြတဲ့
ခေတ်သစ် ဂီတအလွှာ ထည့်သွင်းပေးသင့် မပေးသင့်ဆိုတာ ခင်ဗျားတို့ စဉ်းစားဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ဦးလေးရေ…။
ကျွန်တော့်အနေနဲ့ကတော့ လူငယ်တွေ သူတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို သူတို့ကိုယ်တိုင် ကာကွယ်တောင်းဆိုနိုင်ဖို့ ခေတ်သစ်ဂီတအလွှာ ထည့်သွင်းပေးဖို့
ဒီနေရာကနေ ဝင်ရောက်အားဖြည့် အော်ဟစ်ပေးလိုက်ပါတယ်ပေါ့ဗျာ..။
အာရုံလေးများရရင် နည်းနည်း ဆွေးနွေးကြည့်ကြပါဗျာ…။
ခေတ်သစ် ဂီတကိုချစ်တဲ့
ဘလက်

20 comments

  • ဘဲဥ

    July 14, 2012 at 1:34 pm

    ဖြစ်သင့်တဲ့ ကိစ္စလေးပါ
    အခုရှိနေတဲ့ အစည်းအရုံးက အဖိုးကြီးတွေနဲ့ဖွဲ့ထားတဲ့ဟာဒိတ်အောက်နေဘီလေ
    အခုခေတ်ပေါ် ဂီတအမျိုးအစားတွေက သူတို့နဲ့ စိမ်းသွားဘီ။ အဲ့ဒီတော့ လူငယ်တွေလိုတယ်။တကယ်အလုပ်လုပ်နိုင်မယ့်သူမျိုးတွေပေါ့။
    အရင် ရှေးရိုးစွဲဝါဒီတွေကို ဘေးဖယ်သင့်ရင် ဖယ်ထားရမှာပါပဲ။

  • စိန်ဗိုက်ဗိုက်

    July 14, 2012 at 3:52 pm

    ဟုတ်ပါတယ်..မှန်ပါတယ်..ထောက်ခံပါတယ်..
    ဂိန်..
    ဒီလိုစိပါတယ်..
    အူးလေးတို ့ပြောဒလို ရိုက်ထ် ပေါ့နော်..
    ရိုက်ထ် ဆိုတော့ မှန်တာပေါ့နော်.. 😀

    အဟမ်း..အဟမ်း..

    ထင်ပါတယ်..
    ထည့်ပေးသင့်ပါတယ်..
    စနစ်တကျဖြစ်ဖို ့တော့ လိုပါမယ်.

    နားမလည်လို ့ ဖြစ်ချင်တာပဲ ပေါခဲ့ဘာဒယ်..
    ပြန်လိုက်ပါဦးမယ်
    ကျလိ..ကျလိ..

  • စိန်ဗိုက်ဗိုက်

    July 14, 2012 at 4:19 pm

    စကားမစပ်…ဆက်စပ် သတင်းလေး..

    “နေပြည်တော်မှာ လွှတ်တော်ကော်မတီ တစ်ရပ်နဲ့သွားရောက်တွေ့ဆုံတဲ့ ဂီတ ပညာရှင်များ အပြန်ကားမတော်တဆမှုဖြစ်ပွား”

    မြန်မာနိုင်ငံ ဂီတအစည်းအရုံးပြန်လည် ဖွဲ့စည်းရေး မှာ ခေတ်သစ် အလွှာပါဝင်လာ ရေး ကိစ္စအတွက် လူငယ်ဂီတ အနုပညာရှင် ၁ဝယောက်ဟာ ဇူလိုင်လ ၁၂ရက်နေ့၊ညနေ မှာ နေပြည်တော်ရှိ လွှတ်တော်ကော်မတီ တစ်ရပ်နဲ့တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါ တယ်။ နေပြည်တော်ရှိ ပြည်သူ ဆက်ဆံရေးကော်မတီနဲ့ အနုပညာရှင် များက ဇူလိုင် ၁၂ရက်နေ့၊ ညနေ ၄နာရီအချိန်က တွေ့ဆုံခဲ့ကြပြီး လူငယ် အနုပညာရှင်များက တင်ပြလိုသည်များ ကို တင်ပြခဲ့ကြတယ်လို့ အဆိုပါတွေ့ဆုံ မှု မှာပါဝင်သူ တေးရေး မြင့်မိုးအောင်က ပြော ပါတယ်။

    ”စတူဒီယိုအလွှာ၊ခေတ်သစ်အလွှာက အနုပညာရှင်၁၆ဝကျော် ရဲ့တောင်းဆိုချက်ကို သူတို့ကနားလည်လက်ခံကြတယ်။ အကောင်းဆုံးဖြေရှင်းပေးမယ်လို့လည်း ပြောပါတယ်။ ဂီတအစည်းအရုံး ဗဟိုကိုလည်းအကြောင်း ကြားစာပို့ပြီးလက်ရှိရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မရှင် ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ခဏဆိုင်းငံ့ပေးဖို့ လုပ်ဆောင်ပေးမယ်လို့ အကြမ်းဖျင်းသိရပါပြီ။ ပြည်သူ့ ဆက်ဆံရေး ကော်မတီဝင် လူကြီးတွေအားလုံးက ဒီကိစ္စ အားလုံးကို တကယ် ခံစားပြီး သဘောပေါက် ကြတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုး စားပေးမယ်လို့ ပြောတယ်” လို့တေးရေးမြင့် မိုးအောင်ကပြောပါတယ်။

    ထိုကဲ့သို့တွေ့ဆုံမှုအပြီး အနုပညာရှင် များနားခိုဖို့ ဟိုတယ်ကို အပြန်မှာတော့ ကားမတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါ တယ်။ တေးရေးမြင့်မိုးအောင်၊ဖြူဖြူ ကျော်သိန်းနဲ့ Dream စတူဒီယိုမှ ကိုကျော်လင်းထိန်တို့ စီးလာတဲ့ကားကို နောက် ကားတစ်စီးက ဝင်တိုက် သွားခြင်းဖြစ်ပြီး အနုပညာရှင်များ အနည်းငယ် ထိခိုက်ဒဏ်ရာရ သွားကြတယ်လို့ သိရပါတယ်။ တေးရေးမြင့်မိုးအောင်က ခေါင်းအနည်း ငယ်ပေါက်သွား ပြီး တေးသံရှင် ဖြူဖြူကျော်သိန်းကတော့ ခါး ကို ထိသွားတာကြောင့် နေပြည်တော်ကနေ လေယာဉ်နဲ့ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ အတိုက်ခံရတဲ့ ကားကတော့ ဖြူဖြူကျော်သိန်း ရဲ့ကားဖြစ်ပြီး အဲဒီကိစ္စတွေ အကုန်လုံးကို တော့ ပြည်သူ့ဆက်ဆံရေး လွှတ်တော်ကော် မတီက အစအဆုံး ဖြေရှင်းကူညီဆောင်ရွက် ပေးတယ်လို့လည်း သိရပါတယ်။ အဲဒီ အကြောင်းကို ဖြူဖြူကျော်သိန်းက..

    ”ကားကတော့ ဝင်တိုက်တဲ့အရှိန်နည်း နည်းပြင်းတော့ ဘေးရော ၊နောက်ရော ပိန်လိန်သွားတယ်။ မောင်းလို့တော့ မရတော့ဘူး။ အစ်မက ခါးထိသွားလို့ လေယာဉ်နဲ့ပြန်လာ ဖြစ်တယ်။ အစ်မတို့ကတော့ ကိုယ့်လောက အတွက်ကောင်းစေဖို့ကို အဓိကထားပြီး သွား ရောက် တွေ့ဆုံကြတာပါ။ အခုအစ်မတို့ သွားတဲ့ကိစ္စလေး အဆင်ပြေ ဖို့ကအရေးအကြီး ဆုံးပါပဲ။အခုဒီလိုမျိုးဖြစ်တာလည်း အဆိုးထဲက အကောင်း ပါပဲ။ တအားဆိုးဆိုးရွားရွား မဖြစ် တာပဲ ကံကောင်းတာပါ” လို့ တေးသံရှင်ဖြူ ဖြူကျော်သိန်းက ပြောပါတယ်။ အဆိုပါခရီး စဉ်မှာတော့ မြင့်မိုးအောင်၊လင်းလင်း၊ သားစိုး၊ အနဂ္ဂ၊ R ခိုင် ၊KGK၊ ဟေမာနေဝင်း၊ ကဗျာဘွဲ့ မှူး၊ ဖြူဖြူကျော်သိန်း နဲ့သံသာဝင်းတို့ ၁ဝ ဦး ပါဝင်ကြပြီး အခုလို တောင်းဆိုကြခြင်းမှာ ဂီတ အစည်းအရုံးကနေ ခွဲထွက်ဖို့ မဟုတ်ဘဲ ဂီတလောက အလွှာအားလုံးအတွက် မျှမျှ တတ အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့ ဆန္ဒ၊ခံယူချက်တွေကို တစ်ဦးချင်း စီ ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရပါတယ်။

    ရဲရဲ (Popular Journal)

    Src:-http://www.dawnmanhon.com/2012/07/blog-post_4191.html?

    • Inz@ghi

      July 14, 2012 at 7:26 pm

      ပြန်လာမယ် ဘဘဘလက်ရေ ….
      စနစ်ကြောင့်မဟုတ် …စနစ်ကြောင့် မဟုတ်…
      😀

    • ခေတ်သစ်ဂီတကိုတော့ မကြိုက်လှသော်လည်း. မပြစ်ပြယ်ပါ ကိုဘလက်ရေ။
      ကိုဖရဲတို ့၊ကိုဘဲဥတို ့က စာတွေပြာနေပါလားဗျ။ဘယ်လိုကြောင့်လဲဗျာ။

    • water-melon

      July 14, 2012 at 5:42 pm

      အူးလေးဘဲဥက သများကိုခွတ်တာလားဟင်
      အဟတ် အဟတ်
      ကိုယ်တိုင်ရှာတော့ ပိုကောင်းတာပေါ့အေ
      အလကားရရင် လူတွေက အလေးမထားတတ်လို့ပါအေ
      စိတ်မရှိပါနဲ့ :mrgreen:

      • ဘဲဥ

        July 14, 2012 at 5:53 pm

        ခွတ်တာဟုတ်ရပါဘူးအေ့

  • MaMa

    July 14, 2012 at 5:55 pm

    အင်းးးးးးး ဂီတနဲ့ ပတ်သက်လို့ အမြင်မရှိသူမို့ ပြောတာတွေကိုပဲ နားထောင်သွားပါတယ်။
    စကားအတင်းစပ်ရရင်ဖြင့်-
    ကိုဘလက်ကို မေးလ် ပို့ထားပါတယ်။
    မေးလ်စစ်ကြည့်ပါဦးလို့။

  • the best

    July 14, 2012 at 8:45 pm

    ဟန်ထူးလွင်ခေါ် ကျားပေါက် ရဲ့ စကားလေး
    ကျွန်တော့် သီချင်းတွေကို FM နဲ့ တီဗီချယ်နယ်တွေက လွှင့်မယ်ဆိုရင် ကျွန်တော်အရင်သိချင်ပါတယ်။
    အခုတော့ မသိရပါဘူး။ ဘယ်သူတွေက ဘယ်လိုဝယ်ပြီး ဘယ်နှခေါက်လွှင့်နေတယ်ဆိုတာ ကို မသိရပါဘူး။ သွားမေးမှ သိရတာပါ။

    ကိုသားစိုး
    FM တွေ ရုပ်သံတွေကရတဲ့ အနုပညာကြေးတွေက ကျွန်တော်တို့သတ်မှတ်ထားတဲ့ နှုန်းလည်း မဟုတ်ဘူး။
    ဂီတအစည်းအရုံးက ကျွန်တော်တို့ဖန်တီးထားတဲ့ အနုပညာအပေါ် ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်အပေါ် သူတို့ သတ်မှတ်ပေးစရာ
    အကြောင်းမရှိဘူးလို့ ယူဆတယ်။

    ဒီကိစ္စမှာ ငွေရေးကြေးရေးနဲ ့ ပတ်သက်လာပြီ။
    နောင်ဘယ်လိုစဉ်းစားသင့်တယ်ဆိုတာပဲ ဆွေးနွေးရတော့မယ်။
    ပြီးခဲ့တာတွေ ပြောမနေပါနဲ ့တော့။
    အနုပညာရှင်တိုင်းဟာ ငွေကြေးနဲ ့ပတ်သက်လာရင် လိမ်ညာခံရ၊ ခေါင်းပုံဖြတ်ခံရတာတွေ အများကြီးပါပဲ။
    ငွေနဲ ့ပတ်သက်ပြီး ပေးပါလို ့တောင်းရမှရှက်ကြောက်နေရင် ခံရမှာပဲ။

    အခုလည်း လေလှိုင်းကရမဲ့ အနုပညာကြေးတွေ အစည်းအရုံးကခေါ်ပေးတာမရှိဘူးလို ့ကြားတယ်။
    ဒီအတွက်ထိုက်သင့်တဲ့ငွေကြေးတွေ အစည်းအရုံးကလည်းရနေတာပဲ။
    အနုပညာရှင်တိုင်းကို အကြောင်းကြားသင့်တယ်လို ့ထင်တာပဲ။
    ဒီလောက်မှမဆောင်ရွက်နိုင်ရင်လည်း အနုပညာရှင်တွေရဲ့
    အနုပညာကြေး ခံစားခွင့်ကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပြသင့်ပါတယ်။

    အခုထိ ကိုယ်ဘယ်လောက်ရသလဲဆိုတာမသိတဲ့သူတွေအများကြီးပဲ။
    အနုပညာကြေး ခံစားချင်တာထက် ကိုယ်သီချင်းကို လွှင့်ပေးနေတာကိုပဲ
    ကြားရရင် ဂီတသမားတိုင်းက ကျေနပ်နေကြတာပါ။

    ဒီအချက်ကို အခွင့်ကောင်းယူပြီး မနေသင့်ပါဘူး။
    ဂီတသမားတွေလာမတောင်းရင်တောင် သူတို ့တွေ အားတက်ပြီးကြိုးစားအောင်
    ဂီတအစည်းအရုံးက အသိပေးသင့်တယ်။
    ဒါမှလည်း ဂီတအစည်းအရုံးကို ဂီတသမားတိုင်းယုံကြည်အားကိုးမှာပေါ့။

  • ရာဇဝင်လူဆိုး

    July 14, 2012 at 8:54 pm

    ဟစ်ဟော့က မကောင်းဘူးပြော…ဒါမျိုးတွေက ရိုးနေပြီ…..။
    ဆံပင်ရှည်ကို ဖြောင့်ပြီးထား …….ဒါမျိုးတွေက ရိုးနေပြီ….။
    ချစ်တယ်လို့ ခဏခဏပြော ……ဒါမျိုးတွေက ရိုးနေပြီ…။

    ဘာပဲဖြစ်ဖြစ် ခေတ်သစ်ဂီတကို မြန်မာတင်မဟုတ်ဘူး ကမ္ဘာကပါ လိုက်ပြီးပါ လက်ခံလာကြတယ်လေ..။ ဒါက ခေတ်အလိုက် တိုးတက်ခြင်းကို လက်ခံမှုရဲ့ ပြယုဒ်ပဲ..။ ဒီလိုမှ လက်မခံနိုင်ရင်တော့ ကျောက်ခေတ်သာ သွားနေလိုက်ကြပေတော့ ..။
    ကျနော်ဆို စိတ်ညစ်တဲ့အခါ ဒီလို ဂီတ တွေကို အခန်းမှာ မိုင်ကုန်ဖွင့်ပြီး နားထောင်လိုက်တယ်…။
    ဘာပဲဖြစ်ဖြစ် ဂီတ ဆိုတာ( အားလုံးသော အမျိုးအစား အကုန်) လူစိတ်အခြေအနေပေါ်အလိုက် လူတိုင်းကြိုက်ကြတဲ့ အနုပညာတစ်ခုပါပဲ။ အသဲကွဲနေပါတယ်ဆိုတဲ့ အချိန်မှာ …တူနှစ်ဖျာ ဂဟေဆက်လို့ …ဆိုတဲ့ သီချင်း နားထောင်လို့မရသလို မင်္ဂလာဆောင်နေတဲ့ အချိန်မှာ …ကျော်တော့လှေသူကြီးပါကွယ် ငြားတော့လည်းလှေထိုးသားနဲ့ ရယ်…. သီချင်းတော့ မဖြစ်ဘူးထင်တယ်..။ သေချာတာတစ်ခုက ဂီတ အမျိုးအစား အကုန်လုံးဟာ..လူသားတွေနဲ့စိတ်ကို တစ်နည်းနည်းနဲ့ ဖျော်ဖြေပေးတဲ့ အနုပညာတစ်ခုပါ…။

  • ahnyartamar

    July 14, 2012 at 11:39 pm

    ဂီတအစည်းအရုံးထဲမှာ ခေတ်သစ်ဂီတအလွှာကို ထည့်သွင်း ဖွဲ့စည်းသင့်တဲ့ အရာပါ။ အဓိက ကတော့ ရှေးရိုးစွဲရှိတဲ့ လူအိုကြီးတွေကို ကုလးထိုင်ပေါ်က အရင်ဆွဲချနိုင်မှ အဆင်ပြေမယ်ထင်ပါတယ်။

  • ကြောင်ဝတုတ်

    July 15, 2012 at 8:38 am

    ဟိုဘက်မှာ အကြေအလည်ဆွေးနွေးပြီးပြီ
    ပြတ်ပြတ်သားသားလဲပြောပြီးပြီး
    ထပ်ပြောတော့ပါဘူး
    သောက်သုံးမကြ၊ အကျိုးမရှိမယ့်လူကြီးများကို
    အကျိုးအမြတ်ကိုရှေ့ရှူ့ရမယ်ဆိုရင် ဒီထိုင်ခုန်ပေါ်ကနေ
    ကန်ချသင့် ကန်ချရမှာပါပဲ
    နဲနဲပြင်းထန်ပြီး လစ်ဘရယ်သိပ်ဆန်နေမယ်ဆိုရင်ဖြင့်
    ခွင့်လွှတ်ကြပါဗျား

    လစ်ဘရယ်ကြောင်ဝတုတ်

  • ဦးဦးပါလေရာ

    July 15, 2012 at 8:59 am

    ကျုပ်ကတော့ အခုခေတ်သစ်ဂီတလို့ပြောတဲ့
    R&B, Punk, Modern Rock, HipHop, တွေကို
    လုံးဝမကြိုက်ပါဘူး..။

    ဒါပေမယ့် ကိုယ်မကြိုက်လို့ဆိုပြီးတော့
    လူငယ်အများစုကြိုက်တဲ့အနုပညာတခုကို
    နေရာမပေး အဖက်မလုပ်တာတော့ မဖြစ်သင့်ဘူးပေါ့…။

    ကိုယ်ညံ့တာ
    ကိုယ်မပြည့်ဝတာ
    ကိုယ်မမျှတတာ တွေကို
    လူသိအောင်ဖွင့်ပြသလို ဖြစ်တော့မပေါ့…။

  • surmi

    July 15, 2012 at 9:42 am

    ကျုပ်ကလည်း ဘာမှမကြိုက်ဘူး နားညီးလို ့ ဒါပေမဲ ့
    ခေတ်အလျောက်ဖြစ်တည်လာတာတွေကိုလက်ခံတယ် ဒီတော ့ ခေတ်သစ်မကလို ့
    ခေတ်သစ်ရဲ ့ ခေတ်သစ်ဖြစ်ဖြစ် ထဲ ့သွင်းပေးသင် ့တယ်
    လူကြီးဆိုတဲ ့ကောင်တွေကို ဘိုးဘွားရိပ်သာပို ့ပြစ်လိုက်

  • kyeemite

    July 15, 2012 at 10:03 am

    ဂီတအကြောင်းနကန်းတစ်လုံးမှမသိပါ
    ဒါပေမဲ့ ဘဘ ဘလက်ရဲ့ အဆိုကိုထောက်ခံပါဂျောင်း..

  • Shwe Ei

    July 15, 2012 at 6:02 pm

    အခုခေတ်လူငယ်တွေအများဆုံးကြိုက်တာ Hip Hop, Rock, Punk ပြီးတော့ R&B ဆိုတာ ကလေးကိုသွားမေးတောင်သိနေဘီဟာကို အမှုဆောင်အဖွဲ့ (ဘယ်သူတွေမှန်းလုံးဝမသိ) ကလက်မခံနိုင်ကြသေးတာ ဆန်းတယ်နော်။ မျှမျှတတဆုံးဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
    (ခွေတစ်ခွေမှ မထွက်ထားဘဲ ပရိသတ်လက်ခံထားတဲ့ အဆိုတော်တွေ အများကြီး ရှိတဲ့အတွက် အဲဒီသူတွေကို လက်ခံသင့်ပါတယ်။ R ဇာနည်ရဲ့ကွန်မန့်ကို အမှန်တကယ်ထောက်ခံပါဂျောင်း 😉 )

Leave a Reply