တိမ်ယံသစ္စာ အပိုင်း ( ၂ ရ )

alinsettJuly 14, 20121min1247


စမ်းသပ်မှုများပြီးသောအခါ ကျွန်တော်တို့စုံတွဲ အဘယ်ကြောင့် သားသမီး

မရသည်ကို သူရှင်းမပြတတ်ကြောင်း ဖြေလေသည်။ ကြည့်ရသည်မှာ သိပ်ပြီးပုံမမှန်

ဖြစ်ခြင်းမျိုးတော့မဟုတ်။ ဤပြဿနာကို ‘ဖြေရှင်းပြ၍မရသော သန္ဓေမအောင်ခြင်း’

ဟုခေါ်ဆိုသည်။
________________________

ထို့နောက် ကုသခြင်းအဆင့်များ ရောက်လာသည်။ စိုးရာယာကိုယ်တိုင်

မိမိကိုယ်ကို ဆေးပြင်းများ အတွဲလိုက်ထိုးခဲ့သည်။ ဤအဆင့် ကျရှုံးပြန်သောအခါ

ဒေါက်တာရိုဆန်သည် ဖန်ပြွန်သန္ဓေသားကို အကြံပြုသည်။ ကုန်ကျစရိတ်ကို

မဖာထေးပေးနိုင်ကြောင်း၊ ကံကောင်းပါစေကြောင်း၊ HMO မှ ယဉ်ကျေးသော

စာတစ်စောင်ကို ကျွန်တော်တို့လက်ခံရရှိသည်။

ဧည့်စောင့်ခန်းတွင်ထိုင်ပြီး ရီဒါးစ်ဒိုင်ဂျက်စ်၊ အိမ်ထောင်ထိန်းသိမ်းမှု

စသော မဂ္ဂဇင်းများကို လပေါင်းများစွာ ဖတ်ရှုနေခဲ့ရသည်။ မီးချောင်းလင်းနေသော

စမ်းသပ် ခန်းပေါင်းများစွာ၊ ဆေးထိုးခြင်းများ၊ ထောက်စမ်းကရိယာများ၊

နမူနာစုဆောင်းခြင်းများ၊ သူစိမ်းတစ်ယောက်နှင့် ကျွန်တော်တို့၏

အိမ်ထောင်သည်ဘဝကို နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးခဲ့ရသော

ဟီရိဩတ္တပ္ပကင်းမဲ့သည့် ဆွေးနွေးခြင်းအမှုပေါင်းများစွာ …

ထို့နောက်တွင်ကား ဒေါက်တာရိုစန်နှင့် သူ့ရထားပေါ် ရောက်ရပြန်သည်။

မျက်နှာချင်းဆိုင်မှ ဒေါက်တာရိုစန်သည် စာရေးစားပွဲကို လက်ချောင်းများ

ဖြင့်ခေါက်ကာ ‘မွေးစားခြင်း’ ဆိုသော စကားလုံးကို ပထမဆုံးအကြိမ်

သုံးသွားသည်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး စိုးရာယာငိုလာခဲ့သည်။

ဒေါက်တာနှင့် နောက်ဆုံးတွေ့ပြီး ထိုအပတ်အားရက်တွင် စိုးရာယာသည်

မိဘများအား ဖွင့်ပြောခဲ့သည်။ ခြံနောက်ဘက်တွင် ကျွန်တော်တို့သည် ငါးသလောက်

ကင်လေးစား၍ ဒိန်ချဉ်စုပ်ကာ ပျော်ပွဲစားလေး ကျင်းပနေကြချိန်။ ခါလာဂျမီလာက

နှင်းဆီနှင့် ပျားရည်စုပ်ပန်းပင်များ ရေလောင်းပြီးပြီ။ ပန်းရနံ့နှင့်

ငါးကင်ရနံ့ ထွေရောမွှေးမြနေသည်။ ခါလာဂျမီလာသည် စိုးရာယာကို ခေါင်းလေးသပ်၍

ချော့ခဲ့သည်မှာ နှစ်ကြိမ်ရှိပြီ။

”ဘုရားအသိဆုံးပါပဲ သမီးရယ် … ဒီလိုမျိုး ဟုတ်ချင်မှလည်း ဟုတ်မှာပါ”

ကိုယ့်လက်ကိုယ်ငုံ့ကြည့်နေသော စိုးရာယာ မောနေပြီမှန်း၊ အားလုံးကို

စိတ်ကုန်နေပြီမှန်း ကျွန်တော်သိသည်။

”ဒေါက်တာက ပြောတယ်၊ ကျွန်မတို့ မွေးစားနိုင်ပါတယ်တဲ့” ဟု ညည်းတွားနေသည်။

ဗိုလ်ချုပ်ကြီးတာဟီရီ ဆတ်ခနဲခေါင်းထောင်လာသည်။ အသားကင်ဖိုအဖုံးကို

ပိတ်ကာ ”သူပြောသလား” ဟု သမီးကို မေးသည်။

”သူပြောတာက ဒါဟာလည်း ရွေးပိုင်ခွင့်ပါပဲတဲ့”

မွေးစားခြင်းကိစ္စကို စိုးရာယာနှင့်ကျွန်တော် အိမ်တွင်ပြောခဲ့ကြပြီးပြီ။

စိုးရာယာသည် စိတ်နှစ်ခွဒွိဟဖြစ်နေသည်။ ”ဒါမှားတယ်လို့ ထင်တာပဲ။

အလဟဿတောင် ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ကျွန်မလည်း ဘာမှမတတ်နိုင်ဘူး။

ကျွန်မလက်မောင်းကြားထဲ ကလေးလေးကိုထွေးပြီး ဪ … ဒီကလေးဟာ အမေ့

သွေးကို ကိုးလကြာအောင် သောက်စို့ခဲ့တဲ့ ရင်သွေးကလေးပါလားလို့

သိနေချင်တယ်။ သူ့မျက်လုံးထဲကို ကြည့်လိုက်ရင် အေမားကို – ဒါမှမဟုတ်

ကျွန်မကိုယ်ကျွန်မ ပြန်တွေ့လိုက်ရသလို အံ့ဩနေချင်တယ်။ ကြီးလာတော့

အဖေ့အပြုံး ဒါမှမဟုတ် အမေ့အပြုံးမျိုးရစေချင်တယ်။ ဒါတွေ ဘာမှမပါဘဲ …

မှားနေပြီလားဟင်”

”မမှားပါဘူး”

”ကျွန်မ တစ်ကိုယ်ကောင်းဆန်နေမိပြီလား”

”မဟုတ်ဘူး စိုးရာယာ”

”အေမားသာ မွေးစားချင်တယ်ဆိုရင် … ”

”ဟင့်အင်း၊ မွေးစားမယ်ဟေ့ဆိုတာနဲ့ ခုလိုမျိုး ဘာသံသယမှ ဝင်မနေ

သင့်တော့ဘူး။ ပြီးတော့ကိုယ်တို့နှစ်ဦး သဘောတူသင့်တယ်။ မဟုတ်ရင် ကလေး

အပေါ် ဘယ်တရားမလဲ” ဟု ကျွန်တော်တို့တိုင်ပင်ပြီးခဲ့ကြပြီ။

ယခုတော့ ဗိုလ်ချုပ်ကြီးကိုယ်တိုင် သမီးဘေးနားရောက်ကာ မွေးစားခြင်းကိစ္စ

ဆွေးနွေးနေသည်။

”သမီးရေ … မွေးစားတယ်ဆိုတာ အဖေတို့အာဖဂန်တွေအတွက် ဟုတ်မှ ဟုတ်ရဲ့လား

မသိဘူး။ တစ်ခုပဲပြောမယ်။ ဒီကလေးတွေဟာ ကြီးလာတာနဲ့ သူတို့ရဲ့

မိရင်းဖရင်းတွေကို သိချင်လာကြတယ်။ သူတို့ကို အပြစ်တင်လိုု့လဲမရ။ တစ်ခါတလေ

များ နှစ်တွေလတွေချီပြီး သူတို့ကိုကိုယ်က ကျွေးမွေးသုတ်သင်ခဲ့တယ်နော်။

အချိန်တန်တော့လည်း မိဘရင်းပြန်ရှာဖို့ဆိုပြီး ကိုယ့်ရင်ကို

စုံကန်ထွက်သွားကြတာပဲ။ သွေးကသိပ်စကားပြောတယ် သမီး။ ဒါကို ဘယ်တော့မှ

မမေ့နဲ့”

”သမီး ဒီကိစ္စပြောချင်စိတ် မရှိဘူး၊ အဖေ”

”တစ်ခုတော့ ပြောရဦးမယ်။ အေမားကိုပဲကြည့်။ အေမားရဲ့ ဘာဘာကို

အဖေတို့အားလုံးသိတယ်။ ကဘူးမှာ သူ့အဖိုးဘယ်သူလဲ၊ သူ့ဘိုးအေကြီး ဘယ်သူလဲ၊

အဖေတို့သိတယ်။ သမီးသာမေးမယ်ဆိုရင် အဖေဒီမှာထိုင်နေရင်းတောင်

သူ့ဆွေစဉ်မျိုးဇယားကို ပြောပြနိုင်တယ်။ ဒါကြောင့်မို့ပဲ သူ့အဖေက သမီးကို

လာနားဖောက်တော့ အဖေတွန့်ဆုတ်နေစရာ မလိုခဲ့ဘူး။ ဒီလိုပဲ အေမားအဖေ ကလည်း

သမီးရဲ့မျိုးရိုးကိုသာမသိရင် အေမားနဲ့ သဘောတူမှာမဟုတ်ဘူး။

သွေးဟာသိပ်စကားပြောတယ် သမီး။ ကလေးမွေးစားမယ်ဆိုရင် အိမ်ထဲကို

ဘယ်လိုသွေးမျိုးရောက်လာမလဲ သမီးမသိဘူး။ သမီးက အမေရိကန်ဆိုရင်တော့ ဒါဘာမှ

အရေးမဟုတ်ပြန်ဘူူး။ ဒီကလူတွေဟာ အချစ်အတွက် လက်ထပ်ကြတာ။

မိသားစုနာမည်နဲ့မျိုးရိုးကို စကားထဲထည့်ပြောစရာ မလိုဘူး။ ကလေးကျန်းမာ

နေသရွေ့ စိတ်ချမ်းသာရတာပဲ။ ဒါပေမယ့် အဖေတို့ အာဖဂန်တွေကျတော့ …”

”ငါးကျက်ပြီလား” ဟု စိုးရာယာမေးသည်။

ဗိုလ်ချုပ်ကြီးတာဟီရီ၏ မျက်လုံးများ သမီးကိုကြည့်နေသည်။ သမီး၏

ဒူးများကို အသာပုတ်ပေးပြီး ”လူကလည်း ကျန်းမာတယ်၊ အားကိုးအားထားစရာ

ခင်ပွန်းလည်းရှိနေပြီဆိုတော့ ပျော်အောင်သာနေပါသမီး”

”သားအေမားကရော ဘယ်လိုသဘောရလဲ” ဟု ခါလာဂျမီလာမေးသည်။

”ဆပ်နဲ့တစ်သဘောထဲပါပဲ”

သေချာရှင်းလင်းသွားပြီမို့ ဗိုလ်ချုပ်ကြီး အသားကင်ဖိုဆီ ပြန်လှည့်သည်။

ကျွန်တော်တို့အားလုံး ကိုယ့်အကြောင်းနှင့်ကိုယ် သားသမီး မမွေးစားလိုကြ။

ကျွန်တော့် အကြောင်းကမူ ကျွန်တော့်အတိတ်ပြစ်မှုအတွက် တစ်စုံတစ်ရာက

ကျွန်တော့်အား ဖခင်ဘဝခံယူဖို့ ငြင်းပယ်မည်ကိုကြောက်သည်။

ကျွန်တော် ဒဏ်ခတ်ခံရခြင်း ဖြစ်နိုင်ပါသည်။ ထို့ပြင် ဤပြစ်ဒဏ်သည်

တရားမျှတနေနိုင်သည်။

—————————————————

သိပ်မကြာမီ ကျွန်တော့်ဒုတိယစာအုပ် ထုတ်ဝေနိုင်ခဲ့ပြီး ဆန်ဖရန်စစ္စကိုတွင်

အိပ်ခန်းနှစ်ခန်းပါ အိမ်တစ်လုံးကို ဈေးပေါပေါဖြင့်ဝယ်ယူနိုင်ခဲ့သည်။

ခေါင်မိုးချွန်ချွန် အိမ်ကလေးကိုု သစ်မာသားကြမ်းခင်းထားသည်။

ကျွန်တော်တို့ အိမ်ပြောင်းသည့် အတွက် ခါလာဂျမီလာသည်

တစ်နာရီနီးပါးကြာအောင် ညည်းခဲ့သည်။ စိုးရာယာကို ပိုဂရုစိုက်ရမည်၊

ပိုမေတ္တာထားရမည်ဟု ခါလာကတွေးမိသည်မှစ၍ ခါလာ၏ ရည်ရွယ်ရင်းကောင်းသော်လည်း

လက်ခံရသူအတွက် မသက်သာလှသော ကိုယ်ချင်းစာတရားကြောင့်

စိုးရာယာထွက်ပြေးမှန်းသိပြီး ခါလာဂျမီလာ ညည်းခြင်းဖြစ်သည်။

——————————————–

ကျွန်တော် အိပ်ယာထဲလှဲပြီး လေတွန်းအားကြောင့် ဟစေ့ဟစေ့ဖြစ်နေသော

မှန်တံခါးသံနှင့် ခြံထဲမှပုရစ်အော်သံကို နားစွင့်သည်။ ဘေးမှ စိုးရာယာသည် အိပ်မောကျလျက်။ စိုးရာယာ၏ ဝမ်းပြင်လေးလပ်ဟာနေသည်ကို ကျွန်တော်ခံစား၍

ရနေသည်။ ထိုလပ်ဟာမှုသည် အသက်ရှိသတ္တဝါလေးတစ်ကောင်နှယ်။ အရယ်အမော တွေထဲ …

ချစ်တင်းနှောမှုတွေထဲ … ကျွန်တော်တို့အိမ်ထောင်ရေးထဲ … ထိုလပ်ဟာ

ခြင်းသတ္တဝါလေး ချင်းနင်းစိမ့်ဝင်လာခဲ့သည်။ ညဉ့်မှောင်နက်ထဲ ထိုသတ္တဝါလေး

စိုးရာယာဝမ်းထဲမှ ကြွတက်ကာ ကျွန်တော်တို့ဇနီးမောင်နှံကြားထဲ

ဝင်အိပ်နေလိုက် သည်မှာ ပီဘိကလေးလေးတစ်ယောက်သဖွယ် … ။

——————————————————————————————-

အခန်း (၁၄)

ကျွန်တော် ဖုန်းခွက်ချပြီး ဖုန်းကိုကြာမြင့်စွာ စိုက်ကြည့်နေမိသည်။

ခွေးကလေး ဝုတ်ခနဲထဟောင်မှ စောစောကအခန်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်ကို

သတိထားမိ သည်။ တီဗွီကို စိုးရာယာ အသံပိတ်ထားသည်။

”ကြည့်ရတာ နေမကောင်းပုံပဲ၊ အေမား” ဟု ကွပ်ပျစ်ပေါ်မှ စိုးရာယာ

လှမ်းပြောသည်။ ပထမတိုက်ခန်းကိုပြောင်းစဉ်က စိုးရာယာမိဘများ အိမ်တက်မင်္ဂလာ

လက်ဆောင်အဖြစ်ပေးသော ကွပ်ပျစ်ပင်ဖြစ်သည်။ စိုးရာယာသည် ခွေးကလေး ခေါင်းကို

ရင်ဘတ်ပေါ်တင်ကာ ခြေထောက်များ ခေါင်းအုံးအဟောင်းအောက် သွင်း ထား၍

တီဗွီမှပြနေသော မင်နီစိုးတားမှ ဝံပုလွေများ အတိဒုက္ခရောက်ပုံကိုလည်းကြည့်၊

စာစီစာကုံးများကိုလည်း အမှတ်ခြစ်နေသည်။

စိုးရာယာပင် ကျောင်းဆရာမလုပ်ခဲ့သည်မှာ ခြောက်နှစ်တိုင်ခဲ့ပြီ။

စိုးရာယာထလာတော့ ခွေးကလေးပါ ကွပ်ပျစ်ပေါ်မှ ခုန်ဆင်းသည်။ ကျွန်တော်တို့၏

သင်္ဘောခွေးကလေးကို နာမည်ပေးသူမှာ ဗိုလ်ချုပ်ကြီးတာဟီရီ။ ဖာစီဘာသာဖြင့်

‘ပလေတို’ ဟုအဓိပ္ပါယ်ရသည်။ ဗိုလ်ချုပ်ကြီးအပြောအရ ခွေး၏ မဲနက်တည်ငြိမ်သော

မျက်လုံးများကို အချိန်ကြာကြာစိုက်ကြည့်ပါက ခွေးကလေး

ပညာရှိတွေးတွေးနေမှန်း သိရလိမ့်မည်ဟူ၏။

စိုးရာယာ၏မေးစေ့အောက်တွင် အဆီစုလာသည်။ ဆယ်နှစ်ဆိုသောကာလ က

စိုးရာယာ၏တင်ဝန်းကို ဖွံ့ဖြိုးလာစေသည်။ မဟူရာကေသာနွယ်များပင်

အဖြူရောချင်လာသည်။ သို့သော် မျက်နှာလေးကတော့ က’ခန်းအလယ်မှ မင်းသမီး

လေးလိုနုပျိုနေဆဲ။ ငှက်သွင်ပျံကြွ ခုံးမျက်စလေးနှစ်ခု။

နှာယောင်ခပ်ကောက်လေးကား အာရေဗျအက္ခရာလေးလို။

စာရွက်ပုံကို စားပွဲပေါ်တင်လိုက်ကာ ”ကြည့်ရတာနေမကောင်းပုံပဲ၊ အေမား” ဟု

စိုးရာယာဆိုပြန်သည်။

”ကိုယ် ပါကစ္စတန်ကို သွားရမယ်”

စိုးရာယာ ထရပ်ကာ ”ပါကစ္စတန်၊ ဟုတ်လား” ဟုမေးသည်။

”ရာဟင်ခန် တော်တော်မကျန်းမာဘူး”

”ကာကာရဲ့ စီးပွားရေးလက်တွဲဖော်ကြီး မဟုတ်လား”

ရာဟင်ခန်ကို စိုးရာယာ မမြင်ဖူးပေ။ ကျွန်တော် ပြောပြထား၍ ရာဟင်ခန့်

အကြောင်း စိုးရာယာသိနေခြင်းဖြစ်သည်။

”ကိုယ်တို့ သိပ်ရင်းနှီးခဲ့ကြတာ။ ကိုယ်ငယ်တုန်းကဆိုရင် သူက ကိုယ့်ရဲ့

ပထမဆုံး လူကြီးသူငယ်ချင်း”

ဘာဘာ့စာကြည့်ခန်းထဲ ဘာဘာနှင့် ရာဟင်ခန်တို့ အဖန်ရည်သောက်နေပုံ၊ ဆေးတံခဲ၍

ပြတင်းနားထိုင်နေစဉ် ခြံထဲမှ သင်းချိုချိုလေကလေး တဖြူးဖြူးနှင့်

ဆေးတံခိုးနှစ်သွယ် ခွေဝန်းရစ်လည်သွားပုံ … ကျွန်တော့်မျက်လုံးထဲ

မြင်လာသည်။

”အေမားပြောတာ မှတ်မိသားပဲ။ သွားတာ ဘယ်လောက်ကြာမလဲ”

”မသိသေးဘူး။ သူက ကိုယ့်ကိုတွေ့ချင်လို့တဲ့”

”အဲဒါ … ”

”ရပါတယ်။ ဘေးကင်းတယ်။ ကိုယ်အဆင်ပြေမှာပါ စိုးရာယာ”

စိုးရာယာ သိလိုသည့်မေးခွန်းကို ဖြေပေးလိုက်သည်။ အိမ်ထောင်သက်

တစ်ဆယ့်ငါးနှစ်သည် ကျွန်တော်တို့နှစ်ဦးအား သူ့စိတ်ကိုယ့်စိတ်

ဖတ်နိုင်သူများ ဖြစ်လာစေခဲ့သည်။

”ကိုယ် လမ်းလျှောက်ထွက်ဦးမယ်”

”ကျွန်မပါ လိုက်ရမလား”

”မလိုက်နဲ့။ တစ်ယောက်ထဲ သွားချင်တယ်”

——————————————————–

ဂိုးဒင်းဂိတ်ပန်းခြံဆီ ကားမောင်းလာပြီးမှ ပန်းခြံနောက်ဘက်စွန်းရှိ စပရက်

ကယ်ကန်အတိုင်း လမ်းလျှောက်ထွက်လာခဲ့သည်။ မွန်းတိမ်းစနေက ကန်ရေပြင်ပေါ်

ရွှန်းပြက်နေဆဲ။ ကန်ရေပြင်ပေါ်ဝယ် လေပြည်လာရှပ်တိုက်ပြေးနေသော လှေငယ်

တက်စင်းလေးများ။ ပန်းခြံတန်းလျားပေါ်ဝင်ထိုင်ကာ သားအဖတွေ ဘောလုံးကစား

သည်ကိုကြည့်သည်။ မိုးပေါ်မော့ကြည့်လိုက်တော့ အပြာရောင်အမြီးရှည် တပ်ထား

သော စွန်နီနီလေးနှစ်ကောင်။ စွန်မောင်နှံ လေထဲတဟုန်ထိုး ပျံတက်သွားပြီးမှ

ပန်းခြံနောက်ဘက်စွန်းရှိ သစ်ပင်တို့အထက်၊ လေရဟတ်တို့အထက်တွင် ပျောင်းနွဲ့

လှပစွာ လေကစားကြွားလို့နေသည်။

စောစောက ရာဟင်ခန် ဖုန်းဆက်ပြောသည့် စကားလေးတစ်ခွန်းက

အတွေးထဲချင်းနင်းလာသည်။ နောက်ကျမှသတိရ၍ ကောက်ပြောလိုက်သည့် စကား

လေးတစ်ခွန်း။ မျက်လုံးများစုံမှိတ်လိုက်စဉ် တယ်လီဖုန်းလိုင်း၏တစ်ဖက်၊

ဝေးကွာလွန်း သောအရပ်မှ ရာဟင်ခန့်ကို မြင်ယောင်လာသည်။ မသိမသာ

စောင်းငဲ့နေသော ဦးခေါင်း၊ မဆိုစလောက် ပွင့်ဟနေသော နှုတ်ခမ်းများ၊

ကျွန်တော်တို့ ကြားတွင် မြွက်ဟမထားသော လျှို့ဝှက်ချက်ရှိကြောင်း

အရိပ်အမြွက်ဖော်ပြနေသည့် နက်ရှိုင်းသော မျက်လုံးနက်နက်များ။

ချွင်းချက်ကတော့ ရာဟင်ခန် သိနေမှန်းကို ကျွန်တော် အခုမှသိသည်။

သည်လောက်နှစ်တွေအတွင်း ကျွန်တော့်သံသယ မှန်ကန်ခဲ့သည်။ အာစွပ်နှင့်

စွန်ကိစ္စ၊ လျှပ်စီးပုံ ရွှေရောင်လက်တံလေးများ ပါသည့်နာရီနှင့် ငွေကိစ္စ …

ရာဟင်ခန် အားလုံးသိခဲ့သည်။

”ပြန်လာခဲ့။ သူ့အပေါ် ပြန်ကောင်းဖို့နည်းလမ်းရှိတယ်”

ဖုန်းမချခင်ကလေးတင် ရာဟင်ခန်ပြောခဲ့သည့်စကား။

နောက်ကျမှ သတိရ၍ ကောက်ပြောလိုက်သည့် ဤစကားလေးတစ်ခွန်း။

———————————————————————————————–

အိမ်ပြန်ရောက်တော့ စိုးရာယာ သူ့အမေနှင့် ဖုန်းပြောနေသည်။

”သိပ်မကြာပါဘူး … တစ်ပတ်နှစ်ပတ်ပေါ့ … အမေနဲ့အဖေ ကျွန်မနဲ့ အတူလာနေပါလား”

လွန်ခဲ့သောနှစ်နှစ်က ဗိုလ်ချုပ်ကြီးတာဟီရီ ညာဘက်တင်ပါးရိုး ကျိုးခဲ့

သည်။ ဗိုလ်ချုပ်ကြီးသည် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို အံတုပြီး

ထုံးစံအတိုင်း မျက်လုံးများနီရဲလျက် အခန်းထဲမှထွက်လာစဉ် ခေါင်းမူးပြီး

ကော်ဇောအစွန်းကို ခလုတ်တိုက်လဲသည်။ ဗိုလ်ချုပ်ကြီး၏အော်သံကြောင့်

ခါလာဂျမီလာ မီးဖိုထဲမှ အပြေးထွက်ခဲ့ရသည်။

”အသံမှအကျယ်ကြီးပဲ။ တံမြက်စည်းရိုးကျိုးသလို ဖောင်းခနဲ

နေတာ” ဟု ခါလာက လျှာအရသာခံ၍ပြောသည်။ ဆရာဝန်ကမူ အရိုးကျိုးလျှင်

ထိုအသံမျိုးမထွက်နိုင်ဟုဆိုသည်။

ဗိုလ်ချုပ်ကြီးတင်ပါးရိုးကျိုးခြင်းမှစ၍ နမိုးနီးယားဝင်ခြင်း၊

သွေးဆိပ်တက် ခြင်း၊ သူနာပြုဆောင်တွင် ကာလကြာရှည်နေခဲ့ရခြင်း

စသောနောက်ဆက်တွဲ အရှုပ်အထွေးများကြောင့် ခါလာဂျမီလာ၏

တစ်ကိုယ်တော်ဝေဒနာပြပွဲ တစ်ခန်း ရပ်သွားခဲ့သည်။ ဗိုလ်ချုပ်ကြီး၏ဝေဒနာများ

အစားထိုးဝင်ရောက်လာသည်။ ဗိုလ်ချုပ်ကြီး၏ ကျောက်ကပ်များ

သိပ်မကောင်းတော့ကြောင်း ဆရာဝန့်စကားကို ခါလာဂျမီလာက ”သူတို့က

အာဖဂန်ကျောက်ကပ်ကို မြင်ဖူးလို့လား” ဟု ဝံ့ကြွားစွာပြောတတ်လေသည်။

ဗိုလ်ချုပ်ကြီးဆေးရုံတက်စဉ် ခါလာဂျမီလာသည် ဗိုလ်ချုပ်ကြီး

အိပ်ပျော်သွားသည်အထိစောင့်သည်။ ကဘူးတွင် ကျွန်တော်ကြားခဲ့ဖူးသော သီချင်း

များကို ခါလာကဆိုပြသည်။ အချိန်ကာလနှင့် ဗိုလ်ချုပ်ကြီး၏ ချူချာမှုကြောင့်

ဗိုလ်ချုပ်ကြီးတို့သားအဖကြား တင်းမာမှုများ ပြေလျော့လာသည်။ သားအဖတစ်တွေ

လမ်းအတူလျှောက်သည်။ ရံခါဆိုသလို ဗိုလ်ချုပ်ကြီးသည် သမီးစာပြသော

အတန်းကိုတက်သည်။ ပြောင်ပြောင်လက်လက် အညိုရောင် စစ်ဝတ်စစ်စားကိုဝတ်ပြီး

အတန်းနောက်ဘက်တွင် တုတ်ကောက်လေးပေါင်ပေါ်တင်၍ ထိုင်နားထောင်နေ တတ်သည်။

တစ်ခါတလေများ မှတ်စုစာအုပ်ပါ ယူလာတတ်၏။

ရာဟင်ခန် ဖုန်းခေါ်သောနေ့က ညမှောင်ထဲ ကျွန်တော် အိပ်ယာထဲလှဲနေ သည်။

နေကာများပေါ် လရောင်ကလေးထိုးနေ၍ မျဉ်းပြိုင်သွယ်တန်းနေသော ငွေမင်

ရောင်လိုင်းများကို ကြည့်နေဖြစ်သည်။ ဘယ်အချိန်လောက်က ကျွန်တော် အိပ်ပျော်

သွားမှန်းမသိ။ မနက်လင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားခြင်းဖြစ်နိုင်သည်။

နှင်းတောထဲ ပြေးနေသော ဟက်ဆန့်ကို ကျွန်တော် အိပ်မက်မက်သည်။

အစိမ်းရောင်အကျႌအနားစ လေထဲလွင့်နေသည်။ အနက်ရောင် ရာဘာဖိနပ်အောက်

နှင်းများတကြွပ်ကြွပ်ကြေ သွားသည်။ ပြန်လှည့်ကြည့်ရင်း

ဟက်ဆန်အော်ဟစ်သွားသော စကားမှာ …

”မင်းအတွက်ဆိုရင် … အခေါက်ပေါင်း ထောင်ချီသွားပစေ”

—————————————————————————————

နောက်တစ်ပတ်အကြာတွင် ပါကစ္စတန်နိုင်ငံတကာလေကြောင်းမှ လေ ယာဉ်ပေါ်

ကျွန်တော်ရောက်ကာ ပြတင်းပေါက်ဘေးခုံတွင်ထိုင်ရင်း ယူနီဖောင်း

ဝတ်လေယာဉ်အမှုထမ်းများကို ကြည့်နေသည်။ မကြာခင် လေယာဉ်ထွက်လာ နိုင်ခဲ့ကာ

တိမ်လွှာထုကို ထိုးခွဲနေပြီ။ ကျွန်တော့်မှာတော့ ပြတင်းခေါင်းမှီလျက်သား

အိပ်ပျော်အောင်စောင့်နေပါသော်လည်း အချည်းနှီး။……………..
…………………
…………………
………………………………… ……………………………………
…………………………………………………….

_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

7 comments

  • အလင်းဆက်

    July 14, 2012 at 6:24 pm

    ဟက်ဆန်နဲ ့အေမားတို ့ အတိတ်တွေတော့…အစ ပေါ်လာပြန်ပြီ ဗျို ့…။

    ဒါနဲ ့သူကြီး.ရေ….
    Hits တွေ မပေါ်တာ ဘာလို ့လဲ… သိချင်လိုက်တာ .။

  • မောင်ပေ

    July 14, 2012 at 7:34 pm

    ပါကစ်စတန်မှာ
    အေမားတစ်ယောက်
    ကညာအသစ်ဖန်မှာလားလို ့
    ဆက်စောင့်ဖတ်ရဦးမှာပ

  • ဝင့်ပြုံးမြင့်

    July 14, 2012 at 10:41 pm

    ကိုပေရေ
    climax ကလာတော့မှာနော။ ဒီဝတ္ထုမှာ climax နှစ်ခု ရှိတယ်လို့ ထင်ရတယ်။ ဒီဝတ္ထု တန်ဖိုးရှိတာက တစ်တိုင်းပြည်လုံးရဲ့ အခြေအနေကို ကိုယ်စားပြုနိုင်လို့ပါပဲ။ တာလီဘန် အကြောင်း သေသေချာချာ သိသွား နိုင်သလို မုဒိမ်းကျင့်ခံရတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဟာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ပြုံးတောင် ဒီဝတ္ထု ဖတ်ပြီးမှ သိတာ။ ပြုံးမသိတာက ယောက်ျားလေးကို အဲဒီလိုလုပ်ရင် မုဒိမ်းမှု မြောက်မမြောက်ဆိုတာပါပဲ။ ဝတ္ထု ဆုံးသွားရင် အဲဒီအကြောင်း အကုန်သိသွားမှာပါ။

  • သကြားလုုံးကြော်

    July 15, 2012 at 5:49 am

    ယောက်ျားလေးတွေကိုု အဲလိုုလုုပ်တာလဲ မုုဒိမ်းမှုုမြောက်ပါသည်။ မိန်ူကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် Child Molestation အမှုုအောက်မှာ ပါပါသည်။
    ဒီဝတ္ထုကနေ စဉ်းစားမိတာတခုုက သုူတိုု့လိုု အိမ်ထောင်ရေးဖောက်ပြန်မှုုတွေ ကိုု ဘာသာရေးကြောင့် ဆိုုပြီး ဒီလောက်ရှုံ့ ချနေတဲ့ လူတွေ ကိုုယ်တိုုင် ကြားမှာ ကလေး ယောက်ျားလေးတွေကိုု rape လုုပ်တဲ့ case တွေဘာလိုု့ အရမ်း များနေတာလဲလိုု့။ ကျမအထင်က သုူတိုု့ မွတ်စလင် ကျမ်းထဲမှာ သူများသားမယားပြစ်များ တာကိုု God ကသေချာအပြစ်လိုု့ သေသေချာချာ ပြောထားလိုု့ ရှောင်ကြရှုံ့ချကြ ပေမဲ့ ယောက်ျားလေးတွေကိုု rape လုုပ်တာပွင့်ပွင့်လင်းလင်း ကျမ်းစာထဲမှာ မတားထားတာကြောင့် Loophole ဖြစ်နေလိုု့ ယောက်ျားလေးကိုု rape လုုပ်တဲ့ ကိစ္စတွေ များတယ်လိုု့ ထင်ပါတယ်။ တွေးမိတာတခုုပါ။ အဲဒီအထင် ဟုုတ်မဟုုတ်တော့ ဘာသာရေးအကြာင်း မစုုံစမ်းရသေးဘူး။

  • အလင်းဆက်

    July 15, 2012 at 8:26 pm

    ဦးပေ..ရေ..
    ဆရာမ ပြုံး ပြောသလိုပါပဲ..။ ဇာတ် အရှိန် အမြင့်ဆုံး အပိုင်းက ရောက်တော့မှာပါ ။
    ထူးခြားတာက…. ဒီဝတ္ထုမှာ…climax နှစ် နေရာ ပါနေသလို ထင်ရတယ် ။ အဲဒါ အပြင်…တခြား..ထူးခြားတာရှိသေးပါတယ် ။

    ပုံမှန် ဝတ္ထု တစ်ပုဒ် မှာ..climax..နေရာ..ဟာ အရှိန်နဲ ့ဝုန်း….ဆို..တက်သွားတာပါ ။ ပြိးမှ… အဖြေ တွေ ထုတ်ရင်း ပြန် ဆင်း..။ ဆင်းပြီး.ပြီ ဆိုတာနဲ ့….. ရပ်သွားပြီ.။

    ဒီ စာအုပ်မှာက climax..ဆီကို ဝုန်းခနဲ..ထိုး တက် သွားတာ မဟုတ်ဘူး .။
    ( မဟုတ်ဘူးလို ့ ကျွန်တော် ထင်တာပါ ။)
    တဖြည့်ဖြည်း..တက်သွားတယ် ။ ပြီးတော့….တဖြည်းဖြည်း..လေ.းပဲ.ပြန် ဆင်းတယ် ။
    ပြီတော့….ရပ်လို ့ရပြိ..ဆိုတဲ ့နေရာ..မှာ..မရပ် လိုက်ဘူး…။ ဆက် ပြိး… ပြသွားတဲ ့ပြကွက် တွေ..ရှိနေတယ် ။

    အဲဒီ အတွက်… ထုူးခြားတဲ ့ဟန်… တစ်ခု ရှိနေပါတယ် ။
    ဒါပေမယ့်..ဇာတ် မျော ကြိး.မဟုတ်ပဲ… အပို အလို မရှိ..တိတိရိရိ..ပါပဲ.။

    __________
    သကြားလုံးကြော်ရေ..
    ဆွေးနွေး.ပေးလိ ု့ ကျေးကျေးပါ ။

  • shwe kyi

    July 16, 2012 at 10:42 am

    ဆက်ပါဦးရှင် စောင့်ဖတ်နေပါတယ်။ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားနေမိတယ်။ ဆရာမပြုံးပြောတာနဲ့ ဝတ္ထုအဆုံးကိုမြန်မြန်ရောက်စေချင်လှပါပြီ။ အကုန်သိချင်လှပြီ။ 😀

  • အလင်းဆက်

    July 16, 2012 at 6:14 pm

    ဟုတ်ကဲ ့ ။ စိတ်ရှည် လက်ရှည် စောင့်ဖတ်နေတဲ ့..
    ရွှေကြည် ့ကို အထုူးကျေးဇူးတင်ပါတယ်ဗျာ.။

Leave a Reply