ထူးဆန်းသော ဝတ္ထု (စ/ဆုံး)

စာဖတ်သူများ ခင်ဗျာ … အောက်တွင် ဖော်ပြထားသည့် ကျနော့်ရဲ့ “ထူးဆန်းသော ဝတ္ထု” မှာ ရှည်သည့်အတွက် အချိန်ရမှ ဖတ်ပေးပါရန် ကြိုတင်၍ ပြောကြားအပ်ပါတယ် ခင်ဗျာ။

 

ထူးဆန်းသော ဇရပ်ကလေး

မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။

ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် ထိုဇရပ်ပေါ်၌ အိပ်စက်သော သူများသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်တတ်လေ၏။

ထိုအိပ်မက်ထဲတွင် သမီးရည်းစား ဖြစ်ဟန်ရှိသည့် လွန်စွာ ရုပ်ဆိုးသော ယောက်ျား တစ်ယောက်နှင့် လွန်စွာ လှပသော မိန်းကလေးတို့သည် တစ်ဦးနှင့်တစ်ဦး ဖက်တွယ်ထားသည့် အခိုက် ဓားလှံများ ကိုင်ဆောင်ထားသည့် လူများသည် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦး ကြိုးများဖြင့် တုပ်နှောင်ကာ ဖမ်းဆီး ခေါ်ဆောင် သွားလေသည်။ ယင်းနောက် ချောက်ကမ်းပါး တစ်ခု၏ ထိပ်တွင် ကြိုးဖြင့် တုတ်နှောင်ထားသော ယောက်ျားတစ်ယောက်အား ထိုချောက်ထဲသို့ တွန်းချလိုက်သည်ကို တွေ့ရလေ၏။ ယင်းနောက်တွင် ထိုယောက်ျားသားသည် အိပ်မက်နေသူ၏ ဘေးသို့ ရောက်လာသကဲ့သို့ရှိပြီး “ကျွန်ုပ်ကား သေခဲ့လေပြီ၊ သို့ရာတွင် ကျွန်ုပ် မသေသေး၊ ကျွန်ုပ်အား အသေသတ်၍ ကောင်းရာသို့ ပို့ပါလော့” ဟူ ပြောကြားကာ ပျောက်ကွယ်သွားတတ်လေ၏။

အထက်ပါ အိပ်မက်သည် ကွဲပြားခြင်း မရှိပေ။ ဥပုသ်နေ့ပြင်ပ နေ့ရက်များ၌ အဆိုပါ ဇရပ်ပေါ်၌ အိပ်စက်သောသူ အများစုသည် ထိုအိပ်မက်အား မြင်မက်တတ်လေသည်။ ထိုအိပ်မက်ကား တိုင်းတာရွာတွင် လူပြောများသော အိပ်မက်တစ်ခု ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုအိပ်မက်အား အကြောင်းပြု၍ “အိပ်မက် မက်ချင်ရင် ဇရပ်ပေါ်သွားအိပ်” ဟူသော စကားသည် တိုင်းတာရွာလေး၌ ပေါ်ထွက်လာခဲ့လေတော့သတည်း။

x x x x x x x x x x

ထူးဆန်းသော လူကြီးတစ်ဦး

တစ်နေ့သ၌ အသက် (၄၀) အရွယ်ခန့်ရှိ လူကြီးတစ်ဦးသည် တိုင်းတာရွာလေး၏ ရွာဦးဘုန်းကြီးကျောင်းသို့ ဦးတည် လျောက်လှမ်းလာသည်ကို တွေ့ရလေသည်။ ထိုလူကြီး၏ မျက်နှာတွင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ထူထပ်စွာ ပေါက်ရောက်နေလေသည်။ ထိုလူကြီးသည် သန်မာ ထွားကျိုင်းဟန်ရှိပြီး လွယ်အိတ်ကြီးတစ်လုံးကိုလည်း လွယ်ထားလေသည်။

ထိုလူကြီးသည် ကျောင်းဝင်းအတွင်းသို့ ဝင်လိုက်သည်တွင် ကျောင်း၌ မွေးမြူထားသော ခွေးများက ဝိုင်း၍ ဟောင်ကြလေသည်။ ကိုရင်လေးများ ရောက်လာပြီး ထိန်းလိုက်တော့မှပင် ခွေးများသည် ငြိမ်သွားကြလေသည်။ ထိုအခါ လူကြီးက ကိုရင်လေးများအား “ဆရာတော် ရှိသလား ဘုရား” ဟူ၍ မေးမြန်းလေ၏။ ကိုရင်လေးများက ဆရာတော် ကျောင်းပေါ်တွင် ရှိကြောင်း ပြောသောအခါ ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ တက်သွားလေတော့သည်။

ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ရောက်လျင် ကုလားထိုင်ပေါ်တွင် စာဖတ်နေသော ဆရာတော်အား ဦးချလေ၏။ ထိုအခါ ဆရာတော်က ထိုလူကြီးအား အထူးအဆန်းသဖွယ်ကြည့်ပြီး “ဒကာကြီးက ဘယ်သူတုံး” ဟူ၍ မေးမြန်းလေသည်။ ထိုလူကြီးက “တပည့်တော် မြစ်ကြီးနားဘက်က ဆင်းလာတဲ့သူပါ ဘုရား၊ ဒီရွာနားတစ်ဝိုက်မှာ တပည့်တော် အမျိုးတွေ ရှိတယ်ဆိုလို့ တပည့်တော် လာပြီး စုံစမ်းတာပါ ဘုရား” ဟူ၍ လျောက်ထားလေ၏။

ထိုအခါ ဆရာတော်က ထိုလူကြီးအား သေချာစွာကြည့်ကာ “ဒကာကြီးက အမျိုးတွေရှာရင်း ဒီကျောင်းမှာ တည်းချင်တယ် ဆိုပါတော့” ဟူ၍ ပြောလေရာ ထိုလူကြီးက “မှန်ပါဘုရား၊ တပည့်တော် ဒီကျောင်းမှာ ခေတ္တခဏ တည်းခိုချင်လို့ပါ ဘုရား” ဟူ၍ လျောက်ထားလေသည်။

“အေးကွယ် … တည်းဖို့ ခွင့်ပြုတာက အကြောင်းမဟုတ်ဘူးကွယ့်၊ ဒါပေမယ့် …” ဆရာတော်သည် စကားကို မဆက်သေးဘဲ ရှိနေစဉ် ထိုလူကြီးက “တပည့်တော် ပုံစံကို ကြည့်ပြီး ဆရာတော် အနေနဲ့ လူဆိုးလို့ ထင်ကောင်း ထင်နိုင်ပါတယ် ဘုရား၊ တပည့်တော် လူကောင်းပါ ဘုရား၊ တပည့်တော်မှာ အိမ်ထောင်စု ဇယားရော၊ မှတ်ပုံတင်ပါ ပါလာပါတယ် ဘုရား” ဟူ၍ ဆိုကာ ၎င်း၏ လွယ်အိတ်ကြီး အတွင်းမှ စာရွက်များအား ထုတ်ယူပြီး ဆရာတော်အား ကပ်လေ၏။

ဆရာတော်သည် စာရွက်များအား ကြည့်ရှုပြီးနောက် “အေးကွယ် .. ဒကာကြီး တည်းချင်တယ်ဆိုရင်လည်း ကျောင်းဝေယျာဝစ္စ လုပ်ရင်းနဲ့ နေပေါ့၊ သံဃာ့ပစ္စည်း အဆိပ်သီးတဲ့ကွယ့်” ဟူ၍ ပြောလေသည်။ လူကြီးသည် “မှန်ပါ့ဘုရား၊ ကျေးဇူးတင်ပါတယ် ဘုရား” ဟူ၍ ပြန်လည် လျောက်ထားလေ၏။

“ဒကာကြီး နေမယ်ဆိုရင် ဟောဟို ဇရပ်လေးပေါ်မှာ နေပေါ့ကွယ်” ဟူ၍ ဆရာတော်က ကျောင်း၏ ပြတင်းပေါက်မှနေ၍ ကျောင်း မြောက်ဘက်တွင်ရှိနေသော ဇရပ်လေးအား ညွှန်ပြလိုက်လေ၏။ ထိုအခါ လူကြီးသည် ဆရာတော်အား ဦးချပြီး ထသွားမည် အပြုတွင် ဆရာတော်က “ဒကာကြီး နာမည်က ဘယ်သူတုံးကွယ့်” ဟူ၍ မေးမြန်းရာ လူကြီးသည် မတ်တပ်ရပ်လျက် လက်အုပ်ချီရင်း “တပည့်တော် နာမည် အောင်မောင်းပါ ဘုရား” ဟူ၍ လျောက်ထားကာ ၎င်း နေထိုင်ရမည့် ထူးဆန်းသော ဇရပ်လေးဆီသို့ လျောက်လှမ်းလာခဲ့လေတော့သတည်း။

x x x x x x x x x x

ထူးဆန်းသော မျက်လှည့်

တိုင်းတာရွာလေး၏ အနောက်ဖက် တံခါးအနီးတွင် ကင်းတဲလေးတစ်လုံး ရှိလေသည်။ ထိုကင်းတဲလေးပေါ်တွင် အသက် (၃၀) အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် ဖဲချပ် သုံးချပ်အား ကစားလျက် ရှိသည်ကို တွေ့ရလေ၏။ ထိုအခိုက် အခြားသော လူသုံးဦးသည် ထိုလူရွယ် ရှိနေသော ကင်းတဲပေါ်သို့ တက်၍ ထိုင်လေသည်။

“ဘယ်လိုလဲ မောင်သု ရဲ့၊ တစ်ယောက်တည်း ပျင်းနေသလား” ဟူ၍ ထိုလူရွယ်ထက် အသက်ကြီးပုံရသော လူတစ်ဦးက မေးလိုက်လေရာ မောင်သု ဆိုသူ လူရွယ်က “မပျင်းပါဘူး ဦးအောင်မူးရယ်၊ ဟောဒီ ဖဲချပ်လေးတွေ ဘယ်လို ဖြစ်လာတယ်ဆိုတာ စဉ်းစားနေတာပါ” ဟူ၍ ပြန်ပြောလိုက်လေသည်။ “ဒါလေးများ မောင်သုရယ်၊ ဘာများ ထွေထွေထူးထူး စဉ်းစားစရာ လိုသေးလို့လဲ၊ ဖဲချပ်ဆိုတာ စက္ကူနဲ့ လုပ်ထားတာ၊ စက္ကူဆိုတာက ဝါးက ဖြစ်လာတာလို့ ကြားဖူးတယ်၊ ဒီတော့ကာ အဲဒီ ဖဲချပ်လေးတွေက ဝါးက ဖြစ်လာတာပေါ့” ဟူ၍ ရယ်ကျဲကျဲဖြင့် ပြောလေ၏။

“ဒီဖဲချပ် သုံးချပ်က ပေါ့သေးသေး ဖဲချပ်တွေ မဟုတ်ဘူးဗျ၊ ဟောဒီမှာပဲ ကြည့်လိုက်ဗျာ” ဟူ၍ မောင်သု ဟူသော လူရွယ်သည် ဦးအောင်မူးနှင့် အခြား လူနှစ်ဦးအား ဖဲချပ်များ၏ နောက်ကျောဘက်အား ပြလိုက်လေသည်။ လူသုံးဦးသည် ဖဲချပ်များအား ကြည့်ရှုလိုက်သည့်အခါ ၎င်းတို့၏ မျက်နှာများသည် တွေးဝေသွားသည့်ဟန် ဖြစ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော ၎င်းဖဲသုံးချပ်၏ နောက်ကျောဘက်သည် ရိုးရိုး ဖဲချပ်များကဲ့သို့ မဟုတ်ဘဲ စကြာပုံသဏ္ဍာန်နှင့် အဆိုပါ စကြာသဏ္ဍာန်၏ အတွင်း၌မူ မျက်နှာတစ်ခြမ်းသာ ရှိသော အမျိုးသမီးတစ်ဦး၏ ရုပ်ပုံတို့ ပါရှိနေသောကြောင့်သာ ဖြစ်လေ၏။

“မောင်သုရဲ့ ဖဲချပ်က ဆန်းတော့ အဆန်းသားကွ” ဟူ၍ ဦးအောင်မူးက ပြောသောအခါ မောင်သုဟူသော လူရွယ်က “ဖဲချပ်ထဲကပုံ ဆန်းတာက စဉ်းစားမရသေးလို့ အမြင်ဆန်းတယ်လို့ပဲ ပြောနိုင်ဦးမယ်။ ဒီဖဲချပ်ကို တစ်ထွာလောက် အကွာက ကြည့်မိသူတွေတိုင်းဟာ ကြည့်ပြီး ခဏအတွင်းမှာ အိပ်ပျော်သွားတတ်တယ်လို့လည်း ကြားဖူးထားသေးတယ်ဗျ” ဟူ၍ ပြောကြားလိုက်လေ၏။

ဦးအောင်မူးဆိုသူက မောင်သု ဆိုသူ လူရွယ်၏ စကားအား ပြန်လည် ချေပရန် စကား စသည့်အနေဖြင့် “ဒါကတော့” ဟူ၍ ပြန်လည် ပြောကြားစဉ်မှာပင် ဦးအောင်မူး၏ ဘေးမှ လူနှစ်ဦးသည် တဝါးဝါးသန်းလာကာ အိပ်ပျော်ခြင်း အဖြစ်သို့ ရောက်သွားလေတော့၏။

ထိုအခါ “တော်သေးတယ် မောင်သုရယ်၊ ငါသာ အစောကတည်းက ဆေးမစားမိခဲ့ရင် တစ်ခါတည်း အိပ်ပျော်သွားမှာ အမှန်ပဲကွ၊ အခုတောင် ရီဝေဝေရယ်” ဟူ၍ ပြောလိုက်ရာ မောင်သု ဟူသော လူရွယ်က “ကိုင်း … မြင်ပြီ မဟုတ်လားဗျ။ ဒါ လက်တွေ့ပဲ” ဟူ၍ ပြန်လည် ပြောကြားလိုက်လေ၏။

“ဒီနှစ်ယောက်က ရွာဦးကျောင်းမှာ ရောက်နေတဲ့ လူကြီးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်မှုရှိလိမ့်မယ်လို့ ကျုပ်ကတော့ ထင်မိတယ်ဗျ။ ဒါကြောင့် ဦးအောင်မူး အကူအညီနဲ့ သူတို့ကို သိပ်လိုက်ရတာပဲ။ သူတို့ကို ခေါ်သွားပြီး စစ်မေးရမယ်ဗျို့။ ဦးအောင်မူးမှာ ထန်းရည် အဆင့်သင့်ပါရဲ့ မဟုတ်လားဗျ” ဟူ၍ လူရွယ်က မေးလိုက်ရာ ဦးအောင်မူးက ၎င်း၏ ခါးကြားတွင်မှ ထန်းရည်ပုလင်းထုတ်၍ ပေးလေ၏။

မောင်သု ဆိုသော လူရွယ်သည် အိပ်ပျော်လျက် ရှိသော လူနှစ်ဦး၏ ပါးစပ်နှင့် အင်္ကျီများပေါ်သို့ ထန်းရည်များ လောင်းချကာ ထိုလူနှစ်ဦးအား ဦးအောင်မူးနှင့်အတူ ထမ်းပိုးကာ ကင်းတဲအနီးရှိ ဦးအောင်မူး၏ အိမ်သို့ ထမ်းပိုး သယ်သွားလေတော့၏။

x x x x x x x x x x

 

ထူးဆန်းသော ကျောက်ပြားလေး

တစ်နေ့သ၌ တိုင်းတာရွာ၏ ရွာဦးဘုန်းကြီးကျောင်းဝင်း အတွင်းရှိ မန်းကျည်းပင်ကြီးအောက်တွင် ကိုရင်လေးနှစ်ပါးသည် ထိုင်လျက်ရှိနေသည်ကို တွေ့ရလေ၏။ ထိုကိုရင် နှစ်ပါးအနက် ငတက် ဟူသော ကိုရင်မှ ဖိုးတူ ဆိုသော ကိုရင်အား ဤသို့ ပြောလေ၏။

“ဟေ့ကောင် ဖိုးတူ၊ ဒီမနက် ဇရပ်ပေါ်မှာ ငါ တံမျက်စည်း သွားလှည်းတော့ ဘာတွေ့ခဲ့လဲ သိလား” ဟူ၍ ပြောလေရာ ဖိုးတူ ဟူသော ကိုရင်မှ –

“ဘယ်သိမလဲကွ၊ တံမျက်စည်းလှည်းရင် အမှိုက်တွေပဲ တွေ့မှာပေါ့”

“ဟေ့ကောင်၊ ငါက အကောင်းပြောနေတာကွ၊ အမှိုက်တွေ့တယ်ဆိုတာတော့ မင်းပြောမှလားကွ၊ ငါတွေ့ခဲ့တာ ထူးဆန်းလို့ အဲဒါ မင်းကို ပြောချင်တာ”

“ဟေ့ကောင် ငတက်၊ ထူးဆန်းတော့ဆိုတော့ မင်းကို အိပ်မက်ထဲက လူကြီးက ကိုယ်ထင် ပြလိုက်တာလားကွ၊ ဒါဆိုရင်တော့ ငါ ဇရပ်နား မသွားရဲတော့ဘူး”

“မင်းကလည်း ထူးဆန်းတယ်ဆိုတာနဲ့ သရဲကို သွားပြေးမြင်တော့တာပဲ။ ပြီးတော့ မင်းကို ပြောရဦးမယ်၊ ဒီကျောင်းဝိုင်းထဲမှာ ငါတို့က အိမ်ရှင်တွေကွ၊ သရဲဆိုတာ အိမ်ရှင်ကို မခြောက်ရဲဘူးလို့ လူကြီးတစ်ယောက်က ပြောဖူးတယ်ကွ၊ အိမ်ရှင်ကို ပြန်ခြောက်လို့ အိမ်ရှင်က မောင်းထုတ်လိုက်ရင် သူတို့က ထွက်သွားရတယ်တဲ့ကွ၊ ငါ ကတော့ ကြောက်ဘူး၊ ငါကို လာခြောက်လို့ကတော့ မောင်းထုတ်လိုက်မှာပဲ”

ဟူ၍ ကိုရင်ငတက်မှ ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုရင်ဖိုးတူအား ရှည်လျားစွာ ပြောပြလိုက်လေ၏။ ထိုအခါ ကိုရင်ဖိုးတူမှ –

“ဟုတ်လားကွ၊ ဒါဆို ငါလည်း သရဲ မကြောက်တော့ဘူးကွာ”

“အေး … အဲဒီလို လုပ်စမ်းပါကွ၊ မင်းက သရဲဆိုတာနဲ့ ငါပြောမယ့် စကားတောင် ဘယ်ရောက်သွားမှန်း မသိဘူး”

“ထူးဆန်းတာ တွေ့ခဲ့တယ်လို့ ပြောတာလေကွာ”

“အေး … ဟုတ်တယ်။ ငါ ထူးဆန်းတာ တွေ့ခဲ့တယ်ကွ၊ မင်း ဘယ်သူမှတော့ လျောက်မပြောနဲ့ဦး၊ ငါ တွေ့ခဲ့တဲ့ ထူးဆန်းတာက ဟိုလူကြီးရဲ့ ခေါင်းဦးအောက်က တွေ့ခဲ့တာကွ” ဟူ၍ ကိုရင်ငတက်မှ ကိုရင်ဖိုးတူ၏ အနီးသို့ကပ်က တိုးတိုးလေး ပြောလိုက်လေ၏။

ထိုအခါ ကိုတင်ဖိုးတူမှ “မင်း ခေါင်းအုံးအောက်က ဘာတွေ့ခဲ့လို့တုန်းကွ၊ ငါ့ကိုလည်း ပြဦး” ဟူ၍ ပြောလေရာ ကိုရင်ငတက်မှ “မင်းတော့ ပြလို့မရဘူးကွ၊ မင်း ကြည့်ချင်ရင် ဇရပ်ပေါ် တံမြတ်စည်း လှည်းတော့မှ သူ့ခေါင်းအုံးအောက် သွားကြည့်ပေါ့ကွ” ဟူ၍ ပြန်လည် ပြောဆိုလေ၏။

“အေး .. ဒါဆိုရင် မနက်ဖြန်ကျ မင်း တံမျက်စည်း မလှည်းနဲ့ကွာ၊ ငါ လှည်းမယ်၊ ဒါနဲ့ မင်းတွေ့ခဲ့တာက ဘာမို့လို့ ထူးဆန်းတယ်လို့ ပြောရတာတုန်းကွ” ဟူ၍ ပြောလေရာ “ငါ တွေ့ခဲ့တာ အနက်ရောင် ကျောက်ပြားလေးကွ၊ အဲဒီ ကျောက်ပြားလေးပေါ်မှာ အင်းကွက်တွေလည်း ရေးထားတယ်ကွ” ဟူ၍ ကိုရင်ငတက်က ပြောလိုက်လေတော့၏။

x x x x x x x x x x

 

ထူးဆန်းသော ဖိုးသူတော်

ရွာဦး ဘုန်းကြီးကျောင်းတွင် အမျိုးရှာရန်ဟုဆိုကာ တည်းခိုနေသော ဦးအောင်မောင်းသည် မနက်ခင်းမှ နေ့ခင်းပိုင်းအချိန်ထိ ဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စ ပြုလုပ်ရင်းဖြင့် နေထိုင်လေ့ပြီး နေခင်းပိုင်းတွင် အမျိုးရှာရန်ဟုဆိုကာ ၎င်း၏ လွယ်အိတ်ကြီးအား လွယ်လျက် ထွက်သွားတတ်လေသည်။

ဦးအောင်မောင်း ရောက်ရှိပြီး နှစ်ပတ်ခန့်အကြာတွင်မူ ခေါင်းတုံးပြောင်ပြောင်၊ အဝတ်အဖြူအား ဘုန်းကြီးများ သင်္ကန်းရမ်းသကဲ့သို့ ဝတ်ရုံထားသည့် လူတစ်ဦးသည် တောင်းကြီးနှစ်လုံးအား ထမ်းပိုးဖြင့် လျှိုထမ်းလျက် ရွာကြီးဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြန်လေ၏။ ထိုလူ (ဖိုးသူတော်) သည်လည်း ဆရာတော်အား လျောက်ထားကာ ခေတ္တ တည်းခိုချင်ကြောင်း လျောက်ထားလေ၏။ ဆရာတော်၏ ခွင့်ပြုချက်အရ ဖိုးသူတော်သည် ဦးမောင်မောင်းနေသည့် ဇရပ်ပေါ်တွင် နေခွင့်ရခဲ့လေသည်။

ဖိုးသူတော်သည် ဦးအောင်မောင်းအား တွေ့သည့်အခါ “ဟေ့လူ ခင်ဗျားက လူဆိုးလား သူခိုးလား” ဟူ၍ မေးလေရာ ဦးအောင်မောင်းသည် တွေ့တွေ့ချင်း ဆောက်နှင့်ထွင်း ဆိုသကဲ့သို့ လွန်စွာ စိတ်ဆိုးသွားပြီး “လူကောင်း ဖိုးသူတော်ရဲ့၊ လူကောင်း၊ ဟောဒီမှာတွေ့လား မတန်ဘဲ အဝတ်ဖြူ မဝတ်ဘူး” ဟူ၍ ၎င်း၏ အင်္ကျီအား ကိုင်ပြကာ ပြောလေတော့၏။

ထိုအခါ ဖိုးသူတော်က “လူကောင်းဆိုလည်း လူကောင်းပေါ့” ဟူ၍ တစ်ကိုယ်တည်း ရေရွတ်သည့်ဟန်ဖြင့် ပြောကာ ၎င်း၏ တောင်းအတွင်းမှ အဝတ်ဖြူအား ထုတ်ယူ၍ ဇရပ်ကြမ်းပြင်ပေါ်၌ခင်းကာ အိပ်စက်လေတော့၏။ ဦးအောင်မောင်းသည် ဖိုးသူတော်အား မကြည်သလိုကြည့်ရင်း “ဖိုးသူတော် ငပျင်းပဲ” ဟူ၍ ပြောလေ၏။ သို့ရာတွင် ဖိုးသူတော်မှာမူ ဘာမှ ပြန်ပြောခြင်း မရှိခဲ့ဘဲ ခဏအကြာတွင် ဖိုးသူတော်ထံမှ ဟောက်သံများ ထွက်ပေါ်လာခဲ့လေတော့သည်။

နောက်တစ်နေ့ အရုဏ်တက်သို့ ရောက်သောအခါ အုန်းမောင်းခေါက်သံကြောင့် ဦးအောင်မောင်းသည် နိုးလာလေသည်။ ၎င်းနှင့် မလှမ်းမကမ်းတွင် ရှိနေသော ဖိုးသူတော်မှာမူ အိပ်စက်နေဆဲပင် ရှိသေး၏။ ဦးအောင်မောင်း မျက်နှာသစ်၍ ပြန်လာသည့်တိုင် ဖိုးသူတော်မှာမူ ဟောက်သံပေး၍ အိပ်စက်နေဆဲပင် ဖြစ်လေတော့သည်။

ထိုအခိုက် ၎င်းတို့ အိပ်စက်ရာ ဇရပ်ဆီသို့ ကိုရင်လေးတစ်ပါး ရောက်ရှိလာလေသည်။ ကိုရင်လေးက ဦးအောင်မောင်းအား “ဒကာကြီး … ဒီနေ့ ရွာထဲကို ဆွမ်းခံလိုက်ခဲ့ပါလား၊ ငစိုးက ညက ချေးပါပြီး ဖျားနေလို့၊ အဲဒါ ခုဆွမ်းခံသွားဖို့ ကျောင်းသားမရှိလို့” ဟူ၍ ပြောလေ၏။ ထိုအခါ ဦးအောင်မောင်းက “ရပါတယ် ကိုရင်လေးရယ်၊ ဆွမ်းခံသွားဖို့ ကျောင်းသားမရှိရင် တပည့်တော် လိုက်ခဲ့ပေးပါ့မယ် ဘုရား” ဟူ၍ ပြန်လည် လျောက်ထားလေ၏။

အရုဏ်ဆွမ်းခံကြွပြီး ကျောင်းသို့ ပြန်ရောက်လာသည့်အခါ ဦးအောင်မောင်းသည် တခူးခူး အိပ်ပျော်နေလျက် ရှိသော ဖိုးသူတော် အနီးသို့ကပ်ပြီး “ဟေ့ … ဖိုးသူတော်၊ လူတွေ နိုးနေပြီ” ဟူ၍ အသံကို အနည်းငယ်မြင့်ကာ ပြောလေ၏။ ထိုအသံကြောင့် ဖိုးသူတော်မှာ အိပ်ယာထက် ထ၍ ငုတ်တုတ်ထိုင်ပြီးနောက် ဦးအောင်မောင်းအား စူးစူးကြီးကြည့်ကာ “ဒီမှာ အိပ်လို့ ကောင်းနေတုန်းရှိသေးတယ်၊ လူတွေ နိုးနေတာများ အလန့်တကြားဖြစ်အောင် ပြောရတယ်လို့၊ ဒီမှာ မှတ်ထား၊ ကျုပ်က လူ မဟုတ်ဘူး၊ ဖိုးသူတော်ဗျ၊ ဖိုးသူတော်” ဟူ၍ ဒေါသသံဖြင့် ပြောပြီး ပြန်လည်၍ အိပ်စက်လေတော့၏။

x x x x x x x x x x

 

ထူးဆန်းသော ဆွေးနွေးဝိုင်း

တစ်ခုသော နေ့ခင်းပိုင်းအချိန်တွင် ဖြစ်လေ၏။ ရွာဦးဘုန်းကြီးကျောင်း၏ အပေါ်ထပ်တွင် ဆရာတော်နှင့်အတူ တိုင်းတာရွာအတွင်းမှ လူများကို တွေ့ရလေသည်။ ၎င်းတို့မှာ စုစုပေါင်း အယောက် ၂ဝ ခန့် ရှိလေ၏။ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဆရာတော်မှ ဤသို့ မိန့်လေသည်။

“သူကြီးနဲ့တကွ ရွာရဲ့ ရပ်မိရပ်ဖတွေကို ခေါ်ရတဲ့အကြောင်းကတော့ မနေ့ညက ဘုန်းကြီးမက်တဲ့ အိပ်မက်ကြောင့်ပဲကွယ့်၊ အိပ်မက်ဆိုတာတော့ အစွဲအလန်းနဲ့ သံယောဇဉ် ရှိကြသေးသူတိုင်း မက်ကြတာပဲ၊ ဘုန်းကြီးလည်း သာမာန်ပုဂ္ဂိုလ်ပဲဆိုတော့ မက်တာပေါ့နော်၊ မနေ့ညက ဘုန်းကြီး မက်တဲ့ အိပ်မက်ထဲမှာ ဒကာကြီးတို့ ပြောပြောနေတဲ့ ဇရပ်ပေါ်က အိပ်မက်ပေးတယ်ဆိုတဲ့ ရုပ်ဆိုးဆိုးနဲ့ လူကို တွေ့လိုက်ရလို့ပဲကွယ့်”

သူကြီးနှင့် ရွာ၏ ရပ်မိရပ်ဖများသည် ဆရာတော် မိန့်တော်မူသည့် စကားများအား စိတ်ဝင်တစား နားထောင်နေကြလေ၏။ ဆရာတော်သည် သူ၏ စကားအား ဆက်၍ ပြောလေ၏။

“ဇရပ်ပေါ်က လူက အိပ်မက်ထဲမှာ ဘုန်းကြီးဆီကို ရောက်လာတယ်၊ ပြီးတော့ သူက လျောက်တယ်ကွယ့်၊ ဆရာတော် ဘုရား၊ တပည့်မှာ အန္တရာယ်နဲ့ နီးကပ် လာပါပြီဘုရား၊ သို့ကြောင့် ဆရာတော်ထံပါး လာရောက် လျောက်ကြားပါသည်ဘုရား လို့ လျောက်တာကွယ့်”

ထိုအခါ သူကြီးမှ “သူက ဘာတွေ လျောက်သွားတာတုံးဘုရား” ဟူ၍ လျောက်ထားလေရာ ဆရာတော်မှ –

“ဒီလို သူကြီးရဲ့၊ သူ လျောက်သွားတာတွေထဲမှာ မောင်အောင်မောင်းက အဓိက ဖြစ်နေတယ်ကွယ့်၊ ဒါကြောင့် မောင်အောင်မောင်း မရှိတုန်း ခင်ဗျားတို့ကို ခေါ်ပြီး ပြောရတာ” ဟူ၍ မိန့်လေ၏။

“ကိုအောင်မောင်းက ဇာတ်လိုက်ဆိုတော့ သူက လူဆိုးများ ဖြစ်နေသလားဘုရား” ဟူ၍ တစ်ယောက်သော ရပ်မိရပ်ဖ တစ်ဦးက လျောက်ထားလေရာ ဆရာတော်မှ ဤသို့ မိန့်လေ၏။

“ဟုတ်တယ် ဒကာဖြူရေ၊ မောင်အောင်မောင်းကို ရုပ်က လူဆိုးရုပ်ပေါက်ပေမယ့် စိတ်ထား ကောင်းတယ်လို့ ဘုန်းကြီးက ထင်ထားခဲ့တာ၊ အိပ်မက်ထဲမှာ ပြောသွားခဲ့တဲ့ထဲမှာတော့ မောင်အောင်မောင်းက တကယ့်ကို စိတ်ညံ့တဲ့ လူတစ်ယောက် ဖြစ်နေတယ်ကွဲ့”

“ဆရာတော် ဘုရား၊ တပည့်တော်တို့ကို ပြည့်ပြည့်စုံစုံလေး သိရအောင် ဇရပ်ပေါ်က လူကြီး လျောက်ထားသွားတာလေးကို ထပ်ပြောပါဦးလား ဘုရား” ဟူ၍ သူကြီးမှ လျောက်ထားလေသည်။ ထိုအခါ ဆရာတော်မှ မိန့်ပြန်လေ၏။

“ဒီလို သူကြီးရဲ့၊ သူပြောသွားတာတွေကို ဘုန်းကြီး အနေနဲ့ ပြောရရင်တော့ သူက သူ့ရဲ့မင်းသားလေး သိမ်းဆည်းထားခဲ့တဲ့ ရွှေငွေတွေကို စောင့်ရှောက်နေရတဲ့ လူတဲ့ကွဲ့၊ ပြီးတော့ သူက ပြောသေးတယ်၊ ဇရပ်ပေါ်မှာ လာအိပ်တဲ့လူတွေကို အိပ်မက်ပေးရတာကလည်း အဲဒီဘဝက ကျွတ်လွတ်ချင်လို့တဲ့ကွဲ့၊ သူ့ရဲ့ မင်းသားလေးက သစ္စာပြုပြီး သူ့ကို မှာကြားခဲ့တယ်ဆိုပဲ၊ မင်းသားလေး ထားရစ်ခဲ့တဲ့ ဥစ္စာတွေကို လူဆိုးတွေရဲ့ ရန်က ကာကွယ်ပြီး အချိန်ကျတဲ့အခါ စိတ်သဘောထား ရိုးသားကြတဲ့ လူတွေကို ပေးရမယ်၊ ပြီးရင် အဲဒီ ဥစ္စာတွေထဲက သုံးပုံ နှစ်ပုံကို သာသနာအတွက် လှူဒါန်းရမယ်၊ ကျန်တဲ့ တစ်ပုံထဲကမှ ကုသိုလ်ပြုလုပ်ပြီး မင်းသားလေးနဲ့ သူ့အတွက် ရည်စူး အမျှအတန်း ပေးဝေရမယ်လို့ ပြောတယ် သူကြီးရဲ့”

“စိတ်ဝင်စားစရာပဲ ဘုရား၊ ဆက်မိန့်ပါဦးဘုရား”

“အေးကွယ့်၊ သူက ပြောတယ်၊ တပည့်တော် အနေနဲ့ မင်းသားလေး ထားခဲ့တဲ့ ပစ္စည်းတွေကို စောင့်ရှောက်ရင်းနဲ့ စောင့်လာခဲ့တာ မင်းသားလေး မှာကြားတော်မူခဲ့တဲ့ အချိန်ကို ကျော်လွန် လာခဲ့ပါပြီ ဘုရား၊ ဒါကြောင့် တပည့်တော် အနေနဲ့ ဆရာတော်ဘုရားရဲ့ ကျောင်းဝင်းထဲမှာ ရှိတဲ့ ဇရပ်ပေါ်မှာ လာရောက် အိပ်စက်ကြတဲ့ ရိုးသားသူတွေကို အိပ်မက် ပေးခဲ့တာပဲ ဖြစ်ပါတယ် ဘုရား လို့ ပြောတော့ ဘုန်းကြီးက သူ့ကို ပြန်မေးသေးတယ်ကွဲ့”

“မှန်ပါ၊ ဘယ်လိုများ ဆရာတော်က ပြန်မေးလိုက်တာပါလဲ ဘုရား”

“ဘာကြောင့် ဘုန်းကြီး ကျောင်းဝိုင်းထဲက ဇရပ်ပေါ်မှာ အိပ်တဲ့လူတွေမှ အိပ်မက် ပေးရတာတုံးလို့ မေးတာကွယ်၊ ဒီအခါ သူက ပြောတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရား၊ ဆရာတော် ဘုရားရဲ့ ကျောင်းဝင်းထဲက ဇရပ်က တပည့်တော်ရဲ့ အရှင် မင်းသားလေး ထားရစ်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေ ရှိတဲ့ နေရာနဲ့ နီးလို့ပါပဲ ဘုရားလို့ ပြောတယ်ကွယ့်”

“ဒါနဲ့ သူ့မင်းသားလေး ထားခဲ့တဲ့ ဥစ္စာတွေက ဘယ်နားမှာလို့ ပြောသေးလဲဘုရား”

“သူကြီးက လောဘ တက်နေပြီထင်တယ်” ဟူ၍ ခပ်ပြုံးပြုံးဖြင့် မိန့်လေရာ သူကြီးမှ –

“မဟုတ်ရပါဘုရား၊ တပည့်တော်က သိချင်ရုံပါ ဘုရား” ဟူ၍ ပြုံးပြုံးနှင့်ပင် ပြန်လည် လျောက်ထားလေ၏။ ထိုအခါ ဆရာတော်မှ –

“ရီစရာအနေနဲ့ ဘုန်းကြီးက ပြောတာပါ သူကြီးရယ်၊ သူကြီး သိချင်ပေမယ့် ဘုန်းကြီးကတော့ မပြောနိုင်ဘူးကွဲ့၊ ဘာလို့လဲဆိုတော့ သူက အဲဒီအချက်ကိုတော့ ချန်သွားလို့ပဲကွယ့်၊ ပြီးတော့ သူက မောင်အောင်မောင်းနဲ့ ပတ်သက်လို့ ပြောတယ်ကွယ့်”

“မှန်ပါ့၊ ဘယ်လိုများ ပါလဲဘုရား”

“ဒီလိုကွယ့်၊ မောင်အောင်မောင်းက သူ့မင်းသားလေး ထားခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို မသမာတဲ့နည်းနဲ့ ယူဖို့လို့ လာတဲ့သူတဲ့၊ မောင်အောင်မောင်းရဲ့ အကြံအစည်ဟာ ခုဆို တော်တော် ခရီးပေါက်နေပြီဆိုပဲကွယ့်၊ နောက် တစ်ရက် နှစ်ရက်နေရင် သူ့မင်းသားလေးရဲ့ ပစ္စည်းဥစ္စာတွေ မသမာသူလက်ထဲ ရောက်ရတော့မယ်ဆိုပဲ၊ အဲဒါ ဘုန်းကြီး အနေနဲ့ တားပေးပါလို့ အကူအညီ တောင်းရှာတယ်ကွဲ့၊ အဲဒါ ဘုန်းကြီး အနေနဲ့ ဘယ်လို လုပ်သင့်တယ်ဆိုတာ သူကြီးနဲ့တကွ ရွာရဲ့ ရပ်မိရပ်ဖတွေကို ခေါ်ပြီး တိုင်ပင်ရတာပဲ”

ထိုအခါ သူကြီးဖြစ်သူမှ ဆရာတော်အား လျောက်ထားလေသည်။

“ဆရာတော်အိပ်မက်ထဲက ပြောတဲ့အတိုင်းဆို ကိုအောင်မောင်းက လူဆိုးတစ်ယောက်ပဲ ဘုရား၊ ဒါပေမယ့်လို့လည်း အဲဒါက အိပ်မက်ဆိုတော့ ….” ဟူ၍ ရှေ့ဆက် မပြောဘဲ ရှိနေစဉ်တွင် ၎င်းတို့၏ အနောက်မှ အသံတစ်သံ ပေါ်ထွက်လာလေသည်။

“အိပ်မက်ဆိုတော့ သိပ်မယုံချင်ဘူး ဆိုပါတော့ …”

ထိုအခါ ဆရာတော်ရှေ့တွင် ထိုင်နေကြသော လူများသည် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင်မှာ ဖိုးသူတော် ဖြစ်နေသည်ကို တွေ့လိုက်ရလေတော့၏။

x x x x x x x x x x

ထူးဆန်းသော စကားများ

ရွာသူကြီး ဖြစ်သူမှာ ဖိုးသူတော်အား တွေ့မြင်သောအခါ အထူးအဆန်းသဖွယ် ကြည့်ပြီး “ဘိုးသူတော်က ဘယ်ကနေ ရောက်လာတာတုံး” ဟူ၍ မေးမြန်းလေ၏။ ထိုအခါ ဆရာတော်မှ ကြားဖြတ်၍ “ဖိုးသူတော်က တစ်နေ့ကမှ ကျောင်းမှာ တည်းခိုချင်လို့ဆိုပြီး ရောက်လာတဲ့သူကွဲ့” ဟူ၍ ပြောလိုက်လေသည်။

“ဟုတ်ပါတယ် သူကြီး၊ ကျုပ်က အာဂန္တုပါ၊ ဒါနဲ့ သူကြီးမိန်းမ ဒေါ်ခင်ကျော်ရော နေကောင်းရဲ့ မဟုတ်လား” ဟူ၍ ဘိုးသူတော်မှ မေးလိုက်လေရာ သူကြီးမှာ အံ့အားသင့်သွားပြီး “ဘိုးသူတော်က ကျုပ်မိန်းမကို သိနေတယ်ဟုတ်လား” ဟူ၍ ပြောလိုက်လေ၏။ ထိုအခါ ဘိုးသူတော်မှ “မအံ့ဩပါနဲ့ သူကြီး၊ ကျုပ်က သူကြီးမိန်းမတင် မကပါဘူး၊ ဟောဒီမှာ ထိုင်နေကြတဲ့ ဦးကြီးတွေရဲ့ နာမည်ကိုပါ သိနေပါတယ်ဗျာ၊ ဟောဟိုဘက်မှာ ထိုင်နေတာ ဦးသာအောင် မဟုတ်လားဗျာ” ဟူ၍ ပြောလိုက်လေ၏။

ဦးသာအောင် ဆိုသူနှင့် အခြားသော သူများမှာ ဘိုးသူတော်အား အတိုင်းသား ကြည့်နေကြလေ၏။ ၎င်းတို့၏ အကြည့်များထဲတွင် ထူးဆန်းခြင်း၊ အံ့ဩခြင်းနှင့် ဈာန်ရတဲ့ ဘိုးသူတော်များလား ဟူသော အထင်တို့ ပါဝင်သည်ကို တွေ့ရလေ၏။ ရွာဦးကျောင်း ဆရာတော်သည်ပင်လျှင် ဘိုးသူတော်အား စူးစမ်းသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့ရလေ၏။

ထိုအခါတွင် ဘိုးသူတော်မှ “မအံ့ဩကြပါနဲ့ဗျာ၊ ကျုပ်ခုလို သိတယ်ဆိုတာကလည်း ခင်ဗျားတို့ထင်သလို ဈာန်ရလို့၊ ဉာဏ်ရလို့ မဟုတ်ပါဘူး၊ ကျုပ်ရဲ့ တပည့်လေး မောင်သုဆီကနေ သိရလို့မို့ ပြောနိုင်တာပါ” ဟူ၍ ပြောလိုက်လေရာ သူကြီးမှ “မောင်သု က ဘိုးသူတော် တပည့်လား၊ ဒါဆို ကျုပ်တို့ရွာကို မောင်သု ရောက်လာတာ ဘိုးသူတော်က ကင်းထောက်ဖို့ လွှတ်လိုက်လို့ ရောက်လာတာပေါ့ ဟုတ်စ” ဟူ၍ ပြောလိုက်လေ၏။

“ဟုတ်ပါတယ် သူကြီး၊ ကင်းထောက်ဖို့ ဆိုတာကလည်း ရွာကို မကောင်းကြံဖို့ မဟုတ်ပါဘူး၊ ခု ကျောင်းမှာ ရောက်နေတဲ့ အောင်မောင်းရဲ့ အပေါင်းအပါတွေ ဒီရွာကို ရောက်လာမယ်ဆိုတာကို ကြိုတွက်မိလို့မို့ သူတို့ အခြေအနေ သိရအောင် အရင်ဆုံး လွှတ်လိုက်တာပါ” ဟူ၍ ပြောလေ၏။

“ထားတွေ ထားပါဦး၊ စောစောက ဆရာတော် မိန့်တဲ့ အိပ်မက်အကြောင်းကို ပြောကြရအောင်ဗျာ” ဟူ၍ ဘိုးသူတော်မှ လောဆော်သော အသံဖြင့် ပြောလိုက်လေရာ ဆရာတော်မှ “အိမ်း .. ဒီဘိုးသူတော်က ခေသူ မဟုတ်ပါဘဲလားကွယ့်၊ ဘိုးသူတော် ပြောစက ကျုပ်တောင် ယုန်ထင်ကြောင်ထင် ထင်မိသွားသေးတယ်” ဟူ၍ ခပ်ပြုံးပြုံးဖြင့် မိန့်လေတော့သည်။

(မှတ်ချက် ။   ။ မောင်သုနှင့် ပတ်သက်၍ အထက်တွင် “ထူးဆန်းသော မျက်လှည့်” ဟူ၍ ဖော်ပြခဲ့ပြီး ဖြစ်လေသည်။)

x x x x x x x x x x

 

ထူးဆန်းသော ရာဇဝင်

“ဆရာတော်ရဲ့ အိပ်မက်ထဲမှာ အောင်မောင်းက လူဆိုးတစ်ယောက်လို့ ပြောသွားတာဟာ အမှန်ပါပဲ၊ ကျုပ်အနေနဲ့ အောင်မောင်းကို ကျုပ်ထက် အသက်ကြီးပေမယ့် ဦး ထည့်မခေါ်တာကတော့ ဒီလူဟာ သူတစ်ပါး ပစ္စည်းဥစ္စာတွေကို မတော်မတရား ယူတတ်တဲ့ အကျင့် မကောင်းသူ တစ်ယောက် ဖြစ်လို့ပါပဲ၊ ပြီးတော့ ကျုပ် ဒီနေရာကို ရောက်လာရတဲ့ အကြောင်းကလည်း အိပ်မက်တစ်ခုကြောင့်လို့ ပြောရတော့မှာပဲ” ဟူ၍ ဖိုးသူတော်မှ သူကြီးနှင့် ရွာ၏ ရပ်မိရပ်ဖများအား ပြောလိုက်လေ၏။

ထိုအခါ သူကြီးဖြစ်သူမှ “ဘယ်လို အိပ်မက်များတုန်း ဘိုးသူတော်ရဲ့” ဟူ၍ မေးလေသည်။ ဖိုးသူတော်မှ –

“ကျုပ် အိပ်မက် အကြောင်းကို မပြောခင်မှာ သူကြီးတို့ ရွာမှာ နာမည်ကြီးနေတဲ့ အိပ်မက်အကြောင်းကို မေးရဦးမယ်၊ သူကြီးတို့ သိနေတဲ့ အိပ်မက်ထဲမှာ မင်းသမီး ခပ်ချောချောလေး ပါရဲ့ မဟုတ်လား”

“ဟုတ်တယ်၊ ပါတယ်ဗျ။ အဲဒီ မင်းသမီးလေးက ကံတော့ ဆိုးတယ်တူရဲ့၊ ရုပ်ဆိုးတဲ့ လူနဲ့ ရည်းစားဖြစ်ခဲ့ရတယ်လို့ဗျာ”

“ဒီမှာ သူကြီး၊ ရုပ်ရည်ကိုကြည့်ပြီး လူတစ်ယောက်ကို မဆုံးဖြတ်ပါနဲ့၊ ရုပ်ကိုကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင် နောက်တစ်ခါ မင်းကုသနဲ့ ပပဝတီ ဇာတ်ကို သတိရပါ။ အဲဒီ အိပ်မက်ထဲကလူဟာ ရုပ်ဆိုးပေမယ့် စိတ်သဘောထား ကောင်းတဲ့ လူတစ်ယောက်ပဲ။ ဒါကို ကျုပ်အနေနဲ့ ဘယ်လို သိသလဲဆိုရင် ကျုပ်ရဲ့ ဆရာသမားတွေဆီက မှတ်သားခဲ့ရတဲ့ ရာဇဝင် တစ်ခုကြောင့်ပဲ”

“ဘယ်လို ရာဇဝင်လဲ ဘိုးသူတော်ရဲ့၊ ရာဇဝင်ဆို ကျုပ်က တအားစိတ်ဝင်စားတယ်” ဟူ၍ ဖိုးသူတော်၏ ဘေးတွင် ရှိနေသော လူကြီးတစ်ဦးမှ ပြောလေ၏။ ထိုအခါ ဘိုးသူတော်မှ –

“ဒီလိုပါ၊ ဦးကြီးတို့လည်း ကြားဖူးမှာပါ၊ မြန်မာ့ရာဇဝင်မှာ မင်းသား အမြောက်အမြားကို သတ်ခဲ့တဲ့ ကိစ္စကို ပြောပါတယ်။ အဲ့ဒီလို မင်းသားတွေကို သတ်တုန်းက မင်းသားလေး မောင်မောင်ခ ဟာ ထွက်ပြေး တိမ်းရှောင်ခဲ့တယ်ဆိုပဲ။ မင်းသားလေး မောင်မောင်ခဆိုတာ ဆရာတော် အိပ်မက်ထဲမှာ ဟိုလူ လျှောက်ထားသွားတဲ့ သူ့ရဲ့ မင်းသားလေး ဆိုသူပါပဲ”

ရွာဦးကျောင်း ဆရာတော်၊ တိုင်းတာ ရွာသူကြီးနှင့် အခြားသော ရွာလူကြီးများသည် ဘိုးသူတော်၏ စကားအား စိတ်ဝင်စားစွာ နားထောင်နေလျက် ရှိကြလေ၏။ ဘိုးသူတော်သည် သူ၏ စကားအား ဆက်၍ ပြောပြန်လေ၏။

“အဲဒီလို မင်းသားလေး တိမ်းရှောင်သွားတုန်းက သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေရယ်၊ သူ့ရဲ့ လူယုံတော်တွေရယ် ပါသွားခဲ့ကြတယ်။ သူ့ရဲ့ လူယုံတော်တွေထဲမှာ ခင်ဗျားတို့ရဲ့ အိပ်မက်ထဲက ရုပ်ဆိုးဆိုး လူကြီးတစ်ယောက်လည်း အပါအဝင်ပေါ့။ မင်းသားလေးနဲ့ ရုပ်ဆိုးဆိုးလူကြီး ဘယ်လို ပတ်သက်လာခဲ့တာလဲ ဆိုရင် အဲဒီလူကြီးကို အဆောင်တော်ထဲက မင်းသမီးလေးနဲ့ ရည်ငံနေတာကို ဖမ်းမိသွားလို့ သတ်မိန့်ထုတ်ခဲ့တဲ့အခါမှာ မင်းသားလေး မောင်မောင်ခ က လူကြီးကို ကယ်တင်ခဲ့တယ်ဆိုပဲ၊ ဒါကြောင့် နောက်ပိုင်းမှာ လူကြီးက မင်းသားရဲ့ လူယုံတော် ဖြစ်သွားခဲ့တာ”

“အဲဒီလူကြီးကို ချောက်ထဲကို တွန်းချပြီး သတ်တာ မဟုတ်လား”

“အဲဒါက အိပ်မက်ထဲမှာပါ၊ ကျုပ်ဆရာတွေရဲ့ အပြောအရဆိုရင် တောင်စွယ်နေကွယ် ခေါင်းဖြတ်သတ်မယ် ဆိုတဲ့အတိုင်း ခေါင်းဖြတ်ပြီး သတ်ခဲ့တာလို့” ဖိုးသူတော်သည် သူ၏ စကားအား မဆက်သေးဘဲ ခတ္တ ရပ်နားလိုက်လေသည်။

ထိုအခါ လူကြီးတစ်ဦးမှ “ဒီလိုဆို လူကြီးကို ချောက်ထဲကို တွန်းချပြီး သတ်ခဲ့တာ မဟုတ်ဘူးပေါ့၊ အိပ်မက်ကြီးက အမှားကြီးပေါ့” ဟူ၍ ပြောလိုက်လေရာ ဖိုးသူတော်မှ “ဦးကြီးကလည်း ရမ်းပြီး အမှားထင်တော့တာပဲ၊ ကျုပ်စကား မဆုံးသေးဘူးလေဗျာ၊ ကျုပ် ပြောမှာက ခေါင်းဖြတ် သတ်ခဲ့တာလို့ ဆရာတွေက မပြောခဲ့ပါဘူးလို့၊ ခင်ဗျားတို့ သိထားသလိုပဲ ချောက်ထဲကို တွန်းချပြီး သတ်ဖို့ လုပ်ခဲ့တာပါလို့၊ အဟဲ” ဟူ၍ ဖိုးသူတော်မှ အရွှန်းဖောက်လိုက်လေသည်။ ထိုအခါ သူကြီး ဖြစ်သူမှ “ဖိုးသူတော်ကလည်း အရေးထဲ ပြောင်လိုက်သေးတယ်၊ ဇာတ်လမ်းကို ဆက်ပြောပါဦး” ဟူ၍ ပြောလိုက်လေရာ ဖိုးသူတော်မှ –

“ရီသောသူသည် မရီသောသူထက် လက်ခလယ် အရွယ်ခန့် အသက်ပိုရှည်၏၊ ပြုံးသော သူသည်ကား မပြုံးသော သူထက် လက်သန်း အရွယ်ခန့် အသက် ပိုရှည်၏ … တဲ့။ ဒါက ဗဟုသုတ၊ အချိန်ရတုန်း ကျုပ်စကား ဆက်ပြောဦးမယ်”

“ဒီလူကြီးကို ချောက်ထဲက တွန်းချပြီး သတ်မယ်ဆိုတာ အမိန့်ထုတ်ကတည်းက နန်းတော်ထဲမှာ သိပြီးသားပဲ။ ဒီအချိန်မှာ လူကြီးနဲ့ ချစ်ကြိုက်ခဲ့တဲ့ မင်းသမီးလေးက မင်းသားလေး မောင်မောင်ခ ဆီကို ရောက်လာပြီး လူကြီးကို ကယ်ဆယ်ပေးပါရန် ငိုယိုပြီး ပြောရှာတယ်၊ မင်းသမီးလေး စကားကြောင့် မင်းသားလေးက သနားသွားပြီး လူကြီးကို ကယ်ခဲ့တယ်၊ ဘယ်လို ကယ်ခဲ့တာတုံးဆိုတာတော့ ကျုပ်လည်း သေချာမသိဘူး၊ သူ့နည်း သူ့ဟန်နဲ့ ကယ်ခဲ့တာလို့ ပြောရမှာပဲ”

“ဒီလူကြီးကို မင်းသားလေး ကယ်ခဲ့တယ်ဆိုတာကို မင်းသားလေးရယ်၊ သူ့လူယုံတွေရယ်၊ လူကြီးရဲ့ ရည်းစား မင်းသမီးတို့ပဲ သိခဲ့ကြတာ၊ ဒီအပြင် ဘယ်သူမှ မသိခဲ့ကြဘူး။ မင်းသားလေးက လူကြီးကို ကယ်တင်ပြီး လုံခြုံတဲ့ နေရပ်တစ်ခုကို ပို့ထားခဲ့တယ်၊ မင်းသားလေး တိမ်းရှောင်ခဲ့တဲ့ နေရာကလည်း လူကြီးကို ပို့ထားခဲ့တယ်ဆိုတဲ့ နေရာပဲ၊ အဲဒီ အရပ်မှာ နေထိုင်ခဲ့တဲ့ မင်းသားလေးဟာ သူပါလာတဲ့ ပစ္စည်းဥစ္စာတွေထဲက တချို့တစ်ဝက်ကို သူ့လူယုံတွေကို ခွဲဝေပေးခဲ့တယ်၊ ကျန်တဲ့ ပစ္စည်းတွေကိုတော့ မြေအောက် တစ်နေရာမှာ သိမ်းဆည်းထားခဲ့တယ်ဆိုပဲ”

“ဒါဆို ရတနာတွေက မြေအောက်မှာပေါ့နော်”

“ဟုတ်ပါတယ် သူကြီး မင်းသားလေး သိမ်းထားခဲ့တဲ့ ရတနာတွေက မြေအောက်မှာပါ၊ ပြီးတော့ မင်းသားလေးရဲ့ လူယုံတွေဟာ မင်းသားလေး နေတဲ့နေရာကို ဗဟိုပြုလို့ နေလာလိုက်တာ နောက်ပိုင်း အဲဒီနေရာက ရွာကြီးတစ်ရွာ ဖြစ်လာခဲ့တယ်ဆိုပဲဗျ”

ထိုအခါ သူကြီးဖြစ်သူမှ “ဒါဆို ကျုပ်တို့ တိုင်းတာရွာကြီးက မင်းသားလေး စတင်တည်ခဲ့တဲ့ ရွာကြီးပေါ့” ဟူ၍ ၎င်း၏ ရွာအား ဂုဏ်ယူဝံ့ကြွား လေသံဖြင့် ပြောလိုက်လေတော့၏။

x x x x x x x x x x

 

ထူးဆန်းသော အိပ်မက်

“ဒီလိုပါ၊ ကျုပ် ဆရာသမားတွေ ပြောခဲ့တဲ့ ထဲမှာတော့ ရွာကြီးတစ်ရွာ တည်ခဲ့တယ်ဆိုတာပဲ ပါခဲ့တာပါ၊ ဘယ်နေရာမှာရယ်လို့ မပါခဲ့ပါဘူး။ ဒါကိုလည်း ကျုပ်အနေနဲ့ ရာဇဝင် ပုံပြင်တစ်ပုဒ်လို့ပဲ မှတ်ထားခဲ့တာပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်လ ဝန်းကျင်လောက်ကတော့ ကျုပ်ကို အိပ်မက်ထဲက မင်းသမီးလေးက အိပ်မက် လာပေးခဲ့ပါတယ်”

“မင်းသမီးလေးက အိပ်မက်လာပေးတယ်၊ ဟုတ်မှလည်း လုပ်ပါ ဖိုးသူတော်ရယ်၊ သူ့ရည်စားကြီးက ကျုပ်တို့ရွာမှာ ခင်ဗျားက တစ်နေရာမှာ နေတာ၊ မင်းသမီးလေးက ရွာကို ကျော်ခွပြီး ခင်ဗျားကို အိပ်မက်လာပေးတယ် ဆိုတော့” ဟူ၍ လူကြီးတစ်ဦးမှ ဝင်ထောက်လိုက်လေရာ ဖိုးသူတော်မှ ဤသို့ ပြန်ပြောလေ၏။

“ဦးကြီးရေ … ခင်ဗျားတို့ ဇရပ်ပေါ်မှာ မင်းသမီးလေးက သူ့ရည်းစားကြီးနဲ့တွဲပြီး အိပ်မက်ပေးတာလား၊ သူ့ရည်းစားကြီးကပဲ အိပ်မက်ပေးတာလားဗျ”

“အင်း … သူ့ရည်စားကြီးကပဲ အိပ်မက်ပေးတာဗျ၊ သူ့မင်းသမီးလေးတော့ အစပိုင်းလေးပဲ ပါလိုက်တယ်၊ ဘေးနားမှာ ပြောလိုက်သလို လာပြောပြန်တော့လည်း သူ့ရည်းစားကြီး တစ်ယောက်တည်းပဲဗျ၊ ကျုပ်ကိုယ်တိုင် ဒီအိပ်မက်ကို မက်ခဲ့ဖူးလို့ ပြောတာ” ဟူ၍ ဖိုးသူတော်၏ စကားအား ဝင်၍ ထောက်သူ လူကြီးမှ ပြန်လည် ပြောလေ၏။

ထိိုအခါတွင် ဖိုးသူတော်မှ “ဒါဆိုရင် မင်းသမီးရဲ့ လူကြီးက ခင်ဗျားတို့ ဇရပ်မှာ နေတယ်၊ မင်းသမီးကတော့ တစ်နေရာမှာ၊ အနီးစပ်ဆုံး ပြောရရင် ကျုပ်နေတဲ့နေရာနဲ့ နီးတဲ့ နေရာမှာပေါ့၊ သူတို့ဟာ တစ်နေရာစီမှာ နေကြတာလို့ အလွယ်မှတ်လိုက်ပေါ့ ဦးကြီးရယ်၊ သူတို့က မမြင်အပ်တဲ့ သူတွေဆိုတော့ အတိအကျ ပြောလို့တော့ ဘယ်ရမလဲဗျ၊ ထားပါဦး၊ ကျုပ်စကားကို ပြန်ဆက်လိုက်ဦးမယ်” ဟူ၍ ပြောလိုက်လေ၏။

“မင်းသမီးလေးက ကျုပ်ကို အိပ်မက်ထဲမှာ သူ့ရဲ့ဘဝ ဇာတ်လမ်းလေးကို ပြောပြတယ်၊ ပြီးတော့ မင်းသားလေးတိမ်းရှောင်ခဲ့တဲ့ နေရာဟာ ခင်ဗျားတို့ ရွာကြီးနားပဲဆိုတာကို ပြောတယ်ဗျာ၊ ဟော .. ဟိုက ဇရပ် အောက်မှာလည်း မင်းသားလေး ထားရစ်ခဲ့တဲ့ ရတနာတွေ ရှိတယ်လို့ ပြောတယ် အဲဒီ ရတနာတွေကို သူ့လူကြီးက မင်းသားလေးထံမှာ သစ္စာပြုခဲ့တဲ့အတိုင်း စောင့်ရှောက်ခဲ့ရတယ်၊ မင်းသားလေး သတ်မှတ်ခဲ့တဲ့ အချိန်ကာလတစ်ခု ပြီးစီးခဲ့တဲ့ အခါမှာ သူ့လူကြီးက လူရိုးလူကောင်းတွေ လက်ထဲကို အပ်ဖို့အတွက် လှုပ်ရှားခဲ့တယ်ဆိုပဲ၊ လူကြီးက အဲဒီလို အပ်ပြီးသွားခဲ့ရင် တာဝန်ကျေပွန်ပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီအရပ်ကို စွန့်ခွာနိုင်ပြီးလို့ ပြောသဗျ၊ အဲဒီလို လူကြီးက စွန့်ခွာနိုင်ပြီဆိုရင် မင်းသမီးလေးရှိတဲ့ နေရာဆီကို သွားနေနိုင်ပြီပေါ့ဗျာ၊ ဒါပေမယ့် အချိန်မကျခင်မှာ အမှောင့်ပယောဂ တစ်ခု ဝင်လာတယ်၊ ဒါကတော့ အောင်မောင်း ရောက်လာခဲ့တာပဲ၊ နောက်ဆုံး အောင်မောင်းကို တားဆီးပြီး ပစ္စည်းဥစ္စာတွေကို တာဝန်ကျေစွာ အပ်နှံဖို့အတွက် ကျုပ်ကို မင်းသမီးလေးက အကူအညီ တောင်းသွားခဲ့တယ်လို့ ပြောရတော့မှာပါပဲ” ဟူ၍ ဖိုးသူတော်မှ ရှည်လျားစွာ ပြောလိုက်လေတော့၏။

x x x x x x x x x x

 

ထူးဆန်းသော အကြံအစည်

ဘိုးသူတော်၏ စကားဆုံးသောအခါတွင် ရွာဦးကျောင်းဆရာတော်မှ “ဖိုးသူတော်ကို မင်းသမီးလေးက အကူအညီတောင်းလို့ ရောက်လာတယ် ထားပါတော့၊ ဒါဆို အောင်မောင်းကို တားဆီးဖို့အတွက် ဘိုးသူတော်အနေနဲ့ ဘယ်လိုများ ပြင်ဆင်ထားတုံးကွယ့်” ဟူ၍ မိန့်လေသည်။

“မှန်ပါ့ဘုရား၊ တပည့်တော် မှန်းမိသလောက် ပြောရရင် ကျော်ရှိန် လွှတ်လိုက်တဲ့လူတွေ ဒီနေ့ပဲ ရောက်လာပါလိမ့်မယ် ဘုရား”

“နို့ … နေပါဦး၊ ကျော်ရှိန် ဆိုတာ ဘယ်သူများလဲကွယ့်”

“မှန်ပါ့ ဘုရား၊ တပည့်တော် လျောက်ထားရမယ်ဆိုရင် ကျော်ရှိန်ဆိုတာ အောင်မောင်းရဲ့ ဆရာလို့ ပြောရမှာပါပဲ ဘုရား၊ ကျော်ရှိန်က အခုကိစ္စမှာ အောင်မောင်းကို လွှဲထားခဲ့ပါတာ ဘုရား၊ ပြီးတော့ တစ်ပါတည်း ဆရာတော်ကို တောင်းပန်ချင်ပါသေးတယ် ဘုရား”

“ဘာများတုန်း ဘိုးသူတော်ရဲ့”

“ဒီလိုပါ ဘုရား၊ တပည့်တော် ရောက်တဲ့နေ့မှာ ဆရာတော်ရဲ့ ကျောင်းသားလေး စားမယ့် အစာထဲကို ဝမ်းနုတ်ဆေး ထည့်ခဲ့ပါတယ် ဘုရား၊ ဒါကြောင့် မနက်ခင်း ဆွမ်းခံသွားတဲ့အခါမှာ ကျောင်းသားလေး မလိုက်နိုင်ခဲ့ပါဘူး ဘုရား၊ တပည့်တော် အနေနဲ့ ကျောင်းသားလေးကို မုန်းလို့ အဲဒီလို လုပ်တာမျိုးလည်း မဟုတ်ပါ ဘုရား၊ ဆွမ်းခံကြွချိန်မှာ ကျောင်းသား မလိုက်နိုင်လို့ အောင်မောင်း လိုက်သွားခဲ့ရင် တပည့်တော် အနေနဲ့ အောင်မောင်းရဲ့ ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် စစ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလို ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပါတယ် ဘုရား”

“အော် .. ဘုန်းကြီးရဲ့ ကျောင်းသားလေး ဝမ်းလျောတာ ဖိုးသူတော် လက်ချက်ကိုး။ ခုလို ဖိုးသူတော်က အကျိုးသင့် အကြောင်းသင့် လျောက်တယ်ဆိုတော့ ဘုန်းကြီးက ခွင့်လွတ် ရမှာပေါ့ကွယ်၊ ဒါနဲ့ အောင်မောင်းရဲ့ ပစ္စည်းတွေကို စစ်တော့ ဘာများ ထူးထူးခြားခြား တွေ့သတုန်းကွဲ့”

“မှန်ပါ့ဘုရား၊ ပထမဆုံး တပည့်တော် အောင်မောင်းရဲ့ ခေါင်းဦးအောက်ကို ကြည့်မိပါတယ် ဘုရား၊ ဒါကလည်း မောင်သုရဲ့ သတင်းပေးချက်ကြောင့်ပါပဲ ဘုရား၊ ခေါင်းဦးအောက်ကို ကြည့်တော့ မောင်သု ပြောတဲ့အတိုင်းပါပဲ၊ အင်းကျောက်ပြားလေးကို တွေ့ရပါတယ် ဘုရား၊ ဒီအင်းကျောက်ပြားက အိပ်မက်တွေကို အောင်နိုင်စေတယ်လို့ ပြောရမှာပါပဲ ဘုရား၊ အင်းကျောက်ပြား ကြောင့်ပဲ အိပ်မက်ပေးတဲ့ ရုပ်ဆိုးဆိုး လူကြီးဟာ အောင်မောင်းကို ဒုက္ခပေးဖို့ မစွမ်းနိုင်ပါ ဘုရား”

(မှတ်ချက် ။   ။ အင်းကျောက်ပြား အကြောင်းအား အထက်တွင် ထူးဆန်းသော ကျောက်ပြားလေး ဟူ၍ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

“ပြီးတော့ အောင်မောင်းက အိပ်မက်ထဲက လူကြီးကို အင်းကျောက်ပြားရဲ့ အစွမ်းနဲ့ မင်းသားလေး မြှုပ်နှံခဲ့တဲ့ ရတနာတွေရှိရာ နေရာကို ပြခိုင်းလိမ့်မယ် ထင်ပါတယ် ဘုရား၊ မနေ့ညက ဆရာတော်ထံကို အကူအညီပေးဖို့ အိပ်မက်လာပေးတယ် ဆိုတာကို ထောက်ရင် ဒီနေ့မှာပဲ အောင်မောင်းက မင်းသားလေးရဲ့ ရတနာသိုက်ကို ဖောက်ဖို့ လုပ်မယ်လို့ တပည့်တော် အနေနဲ့ တွေးမိပါတယ် ဘုရား”

ထိုအခါတွင် ဆရာတော်မှ “ဒါဖြင့် ဘုန်းကြီးတို့ အနေနဲ့ အိပ်မက်ထဲက လူကြီးကို ဘယ်လို ကူညီကြမတုန်း” ဟူ၍ ပြောလေ၏။ သူကြီးဖြစ်သူမှ “တပည့်တော် အနေနဲ့ တွေးမိတာကတော့ အောင်မောင်း ပြန်လာရင် ဖမ်းလိုက်မယ် ဘုရား” ဟူ၍ ပြောလေရာ ဘိုးသူတော်မှ “ဟုတ်ပါပြီ သူကြီး၊ သူကြီးက အောင်မောင်းကို ဖမ်းမယ် ဆိုတာတော့ လက်ခံပါတယ်၊ ဒါပေမယ့် ကျုပ်ကို မင်းသမီးလေး အကူအညီ တောင်းထားတဲ့ ကိစ္စက ဆုံးခန်းတိုင်အောင် မရောက်နိုင်သေးဗျ၊ ဘာလို့လဲဆိုတော့ အောင်မောင်းကို ဖမ်းလိုက်တဲ့အတွက် မင်းသားလေး ထားခဲ့တဲ့ ပစ္စည်းတွေရဲ့ ရန်ကို လောလောဆယ် ကာကွယ်နိုင်မယ်၊ လောလောဆယ်ကိုပဲ ပြောတာ၊ ပြီးတော့ အောင်မောင်းကို ဖမ်းစစ်ပြီး ရတနာတွေ ရှိတဲ့နေရာကို ပြခိုင်းမယ်ဆိုရင်လည်း အောင်မောင်းက အသတ်သာ အသေခံသွားမယ် ပြပေးမှာ မဟုတ်ဘူး၊ အောင်မောင်း အကြောင်း ကျုပ်ကောင်းကောင်း သိထားတယ်” ဟူ၍ ပြောလိုက်လေတော့၏။

“ဒါဆို ဘိုးသူတော် သဘောက ဘယ်လိုရလဲ”

“ကျုပ်အနေနဲ့ကတော့ အောင်မောင်းတို့ လုပ်ငန်းစပြီဆိုမှ ဝင်ဖမ်းချင်တယ်ဗျာ”

“သူတို့ လုပ်ငန်းစ ဘယ်တော့ စမှာတဲ့လဲ”

“ဒီနေ့ညပဲ စကြလိမ့်မယ်ထင်တယ်” ဟူ၍ ဘိုးသူတော်မှ ပြောလိုက်လေတော့သည်။

x x x x x x x x x x

 

ထူးဆန်းသော ကုသိုလ်

ယင်းနေ့ ညနေအချိန်တွင် လူတစ်ယောက်သည် အထုပ်ကြီး တစ်ထုပ်အား ထမ်းလျက် တိုင်းတာကျေးရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်းတွင် ရှိသော ရွာဦး ဘုန်းကြီးကျောင်းသို့ လျောက်လှမ်းလာနေသည်ကို တွေ့ရလေ၏။ ထိုလူသည် ကျောင်းဝင်းထဲသို့ ရောက်သောအခါတွင် တိုင်းတာရွာ၏ နာမည်ကြီး ဇရပ်ဖြစ်သော အိပ်မက်ပေး ဇရပ်သို့ တည့်မတ်စွာ လျောက်လှမ်းသွားလေ၏။

“အလို …. မပေါ့မပါးကြီးနဲ့ပါကလား၊ မွေးတော့မယ်ထင်ရဲ့”

“အိပ်တုန်းကြီးတဲ့ ဘိုးသူတော်၊ ဒီမှာ မောလာလို့ စကားမများချင်ဘူး၊ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပါ”

“ဘယ့်နှယ်ဗျာ၊ ခင်ဗျားကို ကျုပ်က ဘာပြောလို့တုံး၊ ကျုပ်ဖတ်နေတဲ့ စာအုပ်ထဲက အကြောင်းကို ကျုပ်ဟာကျုပ် ပြောနေတာပါ၊ ခင်ဗျားက အဆံမရှိ ကျည်မရှိနဲ့၊ တယ်လည်း ဒေါသက ဖြစ်တတ်သေးသကိုး”

ထိုအခါတွင် ဦးအောင်မောင်းမှာ ဘိုးသူတော်အား မည်သို့မျှ ဆက်မပြောတော့ဘဲ ရေချိုးရန်အတွက် ပြင်ဆင်လေ၏။

ဦးအောင်မောင်းသည် ရေချိုးခြင်းကိစ္စ ပြီးသောအခါ ၎င်း၏ အိတ်ကြီးကို ဖြည်ပြီးလျှင် အိတ်ကြီးအတွင်းမှ ပုလင်းများကို ထုတ်လေ၏။ ထိုပုလင်းများပင် ဖျော်ရည်ပုလင်းများ ဖြစ်လေသည်။

“စာဖတ်ရတာ မျက်စိညောင်းလာပြီ၊ ဒီအချိန် ဖျော်ရည်လေး ဘာလေးများ သောက်လိုက်ရရင် သိပ်ကောင်းမှာပဲ” ဟူ၍ ဘိုးသူတော်မှ ပြောသောအခါ ဦးအောင်မောင်းမှာ မကြားဟန်ပြု၍ နေလေသည်။

“အလို … ငါ တောင့်တတိုင်း ပြည့်စုံအောင်များ ဖန်ဆင်းလိုက်သလားကွယ်၊ ဟော .. ဟိုမှာ ဖျော်ရည်တွေပါလား ကွယ်ရို့”

“အိပ်တုန်းကြီးရုံတင်မက၊ အစားကလည်း ငမ်းတတ်သေးသကိုး”

“ကျုပ်က အစား မငမ်းပါဘူး၊ အသောက်ကို ငမ်းတာပါ၊ ကျုပ်ကို တစ်ခွက်လောက်ဖျော်ပြီး တိုက်ပါ”

“သောက်ချင်တယ် ဆိုရင်လည်း အဲဒီလို ပွင့်ပွင့်လင်းလင်း ပြောပါ၊ ဒါပေမယ့် ဒီကျောင်းမှာ ဘိုးသူတော်ထက်ကြီးတဲ့ ဆရာတော်နဲ့ ကိုရင်တွေကို အရင်ဆုံး ကပ်ပြီးမှ သောက်ပါ”

“ဒီတစ်ခါ ခင်ဗျား မဆိုးဘူး၊ ကြီးသူ ငယ်သူကို သိတတ်တယ်”

ဦးအောင်မောင်းသည် ဖျော်ရည်များအား ဖျော်ပြီးသောအခါတွင် ဆရာတော်နှင့်တကွ ကျောင်းရှိ ကိုရင်၊ ကျောင်းသားများအား တိုက်လေ၏။ ပြီးနောက် ဖိုးသူတော်အား ဖျော်ရည်တစ်ခွက် ပေးလေသည်။

ထိုအခါ ဘိုးသူတော်မှ “အင်း … တောင်းတတိုင်း ပြည့်စုံရတဲ့အဖြစ်ဟာ ချစ်စရာ ကောင်းလှ၏” ဟူ၍ ပြောလိုက်လေတော့၏။

x x x x x x x x x x

 

ထူးဆန်းသော တိုက်ပွဲ

ညသည် တိတ်ဆိတ်ခြင်းကို ကိုယ်စားပြုတတ်၏။ သို့ရာတွင် ခါတိုင်းနေ့များနှင့်မတူ တိုင်းတာကျေးရွာ၏ ရွာဦးဘုန်းကြီးကျောင်း အတွင်း၌မူ တိတ်ဆိတ်ခြင်း မရှိပါဘဲ မီးရောင်များဖြင့် လှုပ်ရှားနေသည်ကို တွေ့ရလေသည်။

“မောင်ထွန်း၊ ငအောင်၊ ရောင်ကြီး မင်းတို့မှာ ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ပါရဲ့နော်”

“ပါပါတယ် ဆရာ”

“အေး .. ပါတယ်ဆိုလည်း ပြီးရော၊ အချိန် သိပ်မရဘူး၊ မိုးမလင်းခင် အပြီးလုပ်မှရမယ်။ လာ သွားကြရအောင်”

ထိုလူစုသည် မီးတုတ်များ ကိုင်ဆောင်လျက် ရွာဦးကျောင်း ဇရပ်၏ မြောက်ဘက်သို့ ထွက်ခွာ သွားကြလေသည်။ ၎င်းလူစုသည် တစ်နေရာသို့ ရောက်သောအခါတွင် ရပ်လိုက်ကြပြီးနောက် –

“ဒီနေရာပဲကွ၊ အရင်ဆုံး ဒီချုံတွေကို ရှင်းရမယ်၊ နောက်တော့ အောက်က ကျောက်တုံးကြီးတွေကို ဖယ်ရမယ်” ဟူ၍ ၎င်းတို့ အဖွဲ့၏ ခေါင်းဆောင် ဖြစ်ဟန်သူသော လူကြီးမှ ပြောလိုက်လေရာ အခြားသော သူများသည် အသင့်ပါလာသော ဓားများဖြင့် ချုံကြီးများ ခုတ်ထွင် ရှင်းလင်းကြလေသည်။ ပြီးသောအခါတွင် လူသုံးဖက်ခန့်ရှိ ကျောက်တုံးကြီးအား ဖယ်ရှားကြလေ၏။

“ကျောက်တုံးအောက်မှာ ဘာမှလည်း မရှိဘူး ဆရာ”

“ဟ .. ရောင်ကြီးရဲ့၊ ကျောက်တုံး ဖယ်လိုက်ရုံနဲ့ ဖွားခနဲ ပေါ်လာရအောင် ကံထူးသူ ယူစေဆိုပြီး ထားခဲ့တဲ့ ရတနာတွေမှ မဟုတ်ဘဲနဲ့၊ သေချာ စနစ်တကျ ထားခဲ့တဲ့ ရတနာတွေကွ”

“ဒီလိုဆို ဘာဆက်ပြီး လုပ်ရဦးမလဲ ဆရာ”

“အေး .. အဲဒီ ကျောက်တုံးကြီး ဖက်လိုက်တဲ့ နေရာကို တူးကွာ၊ လူတစ်ရပ်မြုပ်လောက် ရောက်ရင် ငါ့ကိုပြော”

တပည့်ဖြစ်ဟန်သူသော လူသုံးယောက်တို့သည် ၎င်းတို့၏ ဆရာပြောသည့်အတိုင်း ကျောက်တုံးကြီးအား ဖယ်ရှားလိုက်သည့် နေရာတွင် တူးဆွကြလေ၏။ ယင်းသို့ တူးဆွရင်း လူတစ်ရပ် မြုပ်သည့် အတိုင်းအတာသို့ ရောက်သောအခါ ၎င်းတို့၏ ဆရာဖြစ်သူအား ပြောလေ၏။

ထိုအခါ ဆရာဖြစ်သူမှာ တူးထားသော တွင်းထဲသို့ ဝင်ရောက်ပြီးလျှင် မြေကြီးအား လက်ဖြင့် ပုတ်၍ ပုတ်၍ နေလေ၏။ ယင်းနောက်တွင် သံတူးရွှင်း အသုံးပြုကာ အားဖြင့် မြေကြီးအား ထိုးစိုက်လိုက်လေသည်။ ထိုအခါ “ဒေါင်” ဟူသော သံကို သံဖြင့် ထိခိုက်မိသည့် အသံကြီးမှာ ညဉ့်နက် သန်းခေါင်အချိန်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သည်။

ယင်း အသံကြောင့် တပည့်ဖြစ်ဟန်တူသူ လူသုံးယောက်မှာ လန့်သွားကြပြီး –

“ဆရာ .. ဆရာ .. ကျနော်တို့ မီးတွေ ငြိမ်းလိုက်ရမလား”

“ဘာလို့တုန်းဟ”

“အသံကြားလို့ ကျောင်းကလူတွေ နိုးသွားရင် ကျနော်တို့ကို မိသွားမှာပေါ့ ဆရာရဲ့”

“အဟတ် … ငါ့ကောင်နှယ်၊ ဆရာ ဆိုမှတော့ အားလုံးကို ကြိုတင် ပြင်ဆင်ပြီးသားပေါ့ကွ၊ ညနေက ဖျော်ရည်ထဲမှာ အိပ်ဆေးတွေ ငါထည့်ပြီး တိုက်လိုက်တယ်ကွ၊ မနက်မိုးလင်း နေဖင်ထိုးမှပဲ ကျောင်းကလူတွေ နိုးကြလိမ့်မယ်ကွ၊ ဒီအတွက် ဘာမှ ပူစရာ မလိုပါဘူးကွာ၊ ဟို ဖိုးသူတော်ဆိုတဲ့ ကောင်ကိုတော့ ပိုပြီးတောင် ပူစရာ မလိုဘူး”

“ဖိုးသူတော် .. ဟုတ်လားဆရာ”

“အေး .. ဟုတ်တယ်၊ မင်းတို့ မမြင်ခဲ့ဘူးလား၊ ဇရပ်ပေါ်မှာ စောင်ခြုံပြီး ကွေးနေတဲ့ တစ်ယောက်လေကွာ”

“ဟာ .. ဒါဆို မဖြစ်ဘူးဆရာ၊ ဖိုးသူတော်ကို ကျနော် အရင်ဆုံး သွားသတ်ရဦးမယ်”

“ဘာဖြစ်တာတုံး မောင်ထွန်းရဲ့၊ ဖိုးသူတော်က ဒီရတနာတွေထက် အရေးမကြီးပါဘူးကွာ၊ ပြီးတော့ အရူးဖိုးသူတော်အတွက် အချိန်မကုန်ခံနိုင်ဘူးကွ”

“မဖြစ်ဘူး ဆရာ၊ ဆရာကြီးက ကျုပ်ကို မှာလိုက်တယ်ဗျ၊ ဖိုးသူတော်တွေ့ရင် တစ်ခါတည်းသာ သတ်ခဲ့တဲ့၊ အဲဒီ ဖိုးသူတော်က ကျုပ်တို့အတွက် မြွေဆိုးလို့ ပြောလိုက်တယ်ဗျ”

“ဟေ … ဟုတ်လားကွ” ဟူ၍ ပြောကာ ဆရာဖြစ်သူသည် တွင်းပေါ်သို့ ပြန်တက်၍ ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ သေနတ်အား ထုတ်ယူလိုက်လေ၏။ “ဆရာကြီးက မှာလိုက်တာဆိုတော့ အရေးကြီးလို့ ဖြစ်လိမ့်မယ်၊ အဲဒီဖိုးသူတော်ကို ငါကိုယ်တိုင် သွားသတ်မယ်၊ မင်းတို့ ငါသွားတုန်း ဒီတွင်းကို သံပြားကြီး ပေါ်တဲ့ထိအောင် တူးထားကြ” ဟူ၍ ဆိုကာ မီးတုတ်တစ်ခုအား တောင်းယူလိုက်လေ၏။

ထိုအချိန်တွင်ပင် “အိုဘယ့် … ဒေါသအိုးကြီးရယ်၊ ကျုပ်ကို တကယ်ပဲ သတ်တော့မှလားကွယ်” ဟူသော အသံသည် ၎င်းတို့နှင့် မလှမ်းမကမ်းမှ ထွက်ပေါ်လာလေ၏။ ထိုအခါ လူများမှာ အသံလာရာဆီသို့ ကြည့်လိုက်ကြသောအခါတွင် ဖိုးသူတော်သည် ၎င်းတို့ထံသို့ ခပ်မှန်မှန် လျောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရလေတော့သည်။

ဖိုးသူတော်အား တွေ့မြင်သောအခါတွင် ဆရာဖြစ်သူ လူကြီး၏ တပည့်များမှာ နီးစပ်ရာ လက်နက်ကိုယ်စီ ဆွဲကိုင်လိုက်ကြသည်ကို တွေ့ရလေ၏။

“သေချင်တဲ့ကျား တောပြောင်းဆိုတာ ဒါမျိုးနေမှာ၊ ကိုယ့်ဟာကိုယ် ဇရပ်ပေါ်မှာပဲ အေးအေးဆေးဆေး အိပ်နေရင် အသေ ပိုကောင်းဦးမယ်၊ ခုဟာက သေနတ်ရှိရာ သားကောင်လာ ဆိုသလို ဖြစ်နေပြီ” ဟူ၍ ဆရာဖြစ်သူ လူကြီးမှ ဖိုးသူတော်အား လှမ်း၍ ပြောလိုက်လေ၏။

“သေချင်တဲ့ကျား တောပြောင်းဖို့ လာတာမဟုတ်ဘူး အောင်မောင်းရေ၊ ကေသရာ ခြင်္သေ့က သားကောင် ဖမ်းလို့လာတာ” ဟူ၍ ဖိုးသူတော်မှ ပြောလိုက်သောအခါတွင် ဆရာဖြစ်သူ ဦးအောင်မောင်းမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေ၏။

“ဟား .. ဟား .. ဟား ၊ သိပ်ရယ်ဖို့ကောင်းတာပဲ ဖိုးသူတော်ရယ်၊ ဟောဒီ ကျုပ်လက်ထဲက သေမင်းက ခြေင်္သေ့ငပျင်းရဲ့ ဗိုက်ကို ဖောက်ထွက်သွားမှာကို သတိမမူမိရန်ကော”

“ကျုပ်က သေနတ်ပြီးတယ် အောင်မောင်းရေ၊ ဂဠုန်ဆရာစံဆီက တုတ်ပြီးဓားပြီး သေနတ်ပြီးတယ်ဆိုတဲ့ ဆေးနည်းကို ရထားတဲ့လူလို့ ပြောလို့တောင် ရနိုင်ပါရဲ့”

“ဒါဆိုလည်း ပြီး မပြီး သိရအောင် စမ်းကြည့်ရတာပေါ့လေ၊ သေရင်တော့ တာဝန် မယူဘူးနော်၊ ဒါပေမယ့် ဆုတစ်ဆုတော့ တောင်းပေးလိုက်ပါမယ်၊ သေရင် အဝီစိမှာ ချိုးကပ်ပါစေဗျာ” ဟူ၍ ဆိုကာ ဦးအောင်မောင်းမှာ ၎င်းနှင့် ဆယ်လှမ်းခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်သော ဖိုးသူတော်အား သေနတ်ဖြင့် ချိန်လိုက်လေ၏။

ထိုအခါ ဖိုးသူတော်မှာ ၎င်း၏ ခြေလှမ်းအား ရပ်လိုက်ပြီးနောက် “ဒီမှာ အောင်မောင်း၊ ငါက သေနတ်ကို ကြောက်တတ်တဲ့လူ မဟုတ်တာတော့ မင်းအတွက် ကံဆိုးလှတယ်လို့ ပြောရမယ်ကွာ” ဟူ၍ ပြောလိုက်လေ၏။

“တော်တော် အပြောကြီးတဲ့ ဖိုးသူတော်၊ ကြွပေတော့ အဝီစိကို” ဟူ၍ ဦးအောင်မောင်းမှ ပြောပြောဆိုဆို သေနတ်မောင်းအား ဖြုတ်ချလိုက်လေတော့၏။

x x x x x x x x x x

 

ထူးဆန်းသော ဇာတ်သိမ်း

“ချောက် .. ချောက် .. ချောက်”

ဦးအောင်မောင်းမှာ သေနတ်အား မောင်းဖြုတ်လိုက်သော်လည်း ကျည်ဆံကား ထွက်လာခြင်း မရှိပေ။ ဦးအောင်မောင်းသည် ကျေနပ်ခြင်း မရှိဘဲ သေနတ်မောင်းအား သုံးခါခန့် ဆက်၍ ဆွဲလေ၏။ သို့ရာတွင် ကျည်ဆံကား ထွက်လာခဲ့ခြင်း မရှိပေ။ ထိုအခါ ဦးအောင်မောင်းမှာ ဖိုးသူတော်အား တစ်လှည့်၊ ၎င်း၏ သေနတ်အား တစ်လှည့်ကြည့်၍ ထူးဆန်းသကဲ့သို့ ဖြစ်လေတော့သည်။

“ဟား … ဟား .. ဟား ၊ ယုံပြီမဟုတ်လား အောင်မောင်းရေ၊ ကျုပ်က သေနတ်ပြီးပါတယ်ဆို” ဟူ၍ ဖိုးသူတော်မှ ရယ်မောလိုက်လေ၏။ ဖိုးသူတော်၏ စကားအဆုံးတွင်မူ တောမီးလောင်သည့်နှယ် ၎င်းတို့ရှိရာ ပတ်ပတ်လည်မှ မီးများ တောက်လောင်လာလေတော့၏။

အဆိုပါ မီးများမှာ ၎င်းတို့နှင့် နီးသည်ထက် နီး၍ လာလေသည်။ အမှန်စင်စစ်အားဖြင့်မူ ယင်းမီးများမှာ တောမီးတောက်လောင်သည် မဟုတ်ဘဲ တိုင်းတာရွာသူကြီးမှ ရွာထဲမှ လူများမှ မီးတုတ်များကိုင်ကာ ၎င်းတို့ ဆီသို့ လှမ်းလျောက်လာခြင်းပင် ဖြစ်လေ၏။ ၎င်းတို့လာပုံမှာ စက်ဝိုင်းပုံစံ ဝိုင်း၍ လာသည်ဖြစ်သည့်အတွက် ဦးအောင်မောင်းနှင့် သူ့လူများမှာ ပြေးပေါက် မရှိတော့ဘဲ ဖြစ်သွားရလေ၏။

ဤသို့ဖြင့် လူချင်း မမျှသောကြောင့် ဦးအောင်မောင်းနှင့် သူ့လူများမှာ အဖမ်းခံလိုက်ရလေတော့သည်။ ယင်းသို့ ဖမ်းဆီးပြီး နောက်တွင် ဖိုးသူတော်၊ သူကြီးနှင့် ရွာသား ငါးယောက်ခန့်မှာ ဦးအောင်မောင်းတို့ တူးထားသော မြေကြီးအား ထပ်၍ တူးကြလေ၏။

သံပြားကြီးအား တူးမိသောအခါ မည်သို့ ပြုလုပ်ရမည်ကို မသိမှန်းရှိနေစဉ် ဖိုးသူတော်မှ သံပြားကြီးပေါ်တွင် ရှိသော ကွင်းအား ၎င်း၏အားဖြင့် ဆွဲလိုက်ရာ သံပြားကြီးမှာ တံခါးသဖွယ် တဖြည်းဖြည်း ပွင့်လာလေ၏။ ယင်းသို့ ပွင့်သွားသောအခါတွင် မြေအောက်သို့ ဆင်းသည့် လှေကားထစ်များကို တွေ့မြင်ရလေတော့သည်။

“တော်တော် ထွင်တတ်တဲ့ လူတွေပဲ” ဟူ၍ ဖိုးသူတော်မှ ပြောကာ ၎င်းကိုယ်တိုင် လှေကားထစ်များမှ မြေအောက်သို့ ဆင်းသွားလေရာ သူကြီးနှင့် ရွာသားငါးယောက်မှာလည်း လိုက်ပါ ဆင်းကြလေသည်။ ၎င်းတို့သည် မြေအောက် လမ်းအတွင်း မီးတုတ်များဖြင့် လျောက်လှမ်းလာခဲ့ရာ အတော်အတန် လှမ်းမိသောအခါတွင် လမ်းပျောက်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မျှော်လင့်ထားသကဲ့သို့ ခရီးအဆုံးတွင် ရတနာများကို မတွေ့ရဘဲ ၎င်းတို့ရှေ့တွင် မြေသားများသာ ကာရံထားသည်ကို တွေ့ရသောကြောင့် ဖြစ်သာ ဖြစ်လေတော့သည်။

ထို့ထက် ၎င်းတို့ ရှေ့တည့်တည့်တွင် တစ်ထွာသာသာခန့်ရှိ အရုပ်သုံးရုပ်ကို တွေ့ရသေး၏။ ယင်းတို့မှာ ကျားရုပ်၊ ခြင်္သေ့ရုပ်နှင့် မြင်းရုပ်တို့ပင် ဖြစ်လေသည်။ ထိုအခါ သူကြီးဖြစ်သူမှ –

“ကဲ .. ဖိုးသူတော်ရေ၊ ကျုပ်တို့ ခရီးတော့ ဆုံးပြီ၊ ဟိုရှေ့က အရုပ်သုံးရုပ်ကို ကလေးတွေ ကစားဖို့ ယူသွားပြီး ပြန်ရုံပဲ ရှိကြတာပေါ့” ဟူ၍ ပြောလေရာ ဖိုးသူတော်မှ “ဒီလို ရှိတယ် သူကြီးရဲ့၊ ကျုပ်တို့အနေနဲ့ အဆုံးမှာ ရတနာတွေ တွေ့မယ်လို့ မျှော်မှန်းပြီး လာခဲ့ပေမယ့် ဟော .. ဟိုက အရုပ်လေးသုံးရုပ်က လွှဲပြီး ဘာမှမရှိ နတ္ထိပါပဲ၊ ဒီတော့ ကျုပ် စဉ်းစားမိတာ တစ်ခုရှိတာဗျ”

“ဘာများတုန်း ဖိုးသူတော်ရဲ့”

“ဒီလိုပါ၊ ခင်ဗျားတို့ အိပ်မက်ထဲမှာ နောက်ဆုံး လူကြီး ပြောသွားတဲ့ စကားကို သိတယ်မဟုတ်လား”

“အင်း သိတယ်လေ၊ သူပြောသွားတာက ကျွန်ုပ်ကား သေခဲ့လေပြီ၊ သို့ရာတွင် ကျွန်ုပ် မသေသေး၊ ကျွန်ုပ်အား အသေသတ်၍ ကောင်းရာသို့ ပို့ပါလော့ ဒါပဲ မဟုတ်လား”

“ဟုတ်တယ် သူကြီး၊ ကျုပ်စဉ်းစားမိတာက အဲဒီ စကားနဲ့ ဒီအရုပ်တွေနဲ့ဟာ ပတ်သက်မှုများ ရှိနိုင်မလားလို့ပါ”

“အင်း … လုပ်စမ်းပါဦး၊ ဖိုးသူတော် စဉ်းစားမိတာကို ကျုပ်တို့လည်း သိရအောင်လို့”

“လူကြီးရဲ့ စကားထဲမှာ စကားက သုံးမျိုးပါတယ်ဗျ၊ ဒီက အရုပ်ကလည်း သုံးရုပ်ပဲ ဆိုတော့”

“ဖိုးသူတော် စကားက စိတ်ဝင်စားစရာပဲ၊ ဒီတော့ ဖိုးသူတော်က ဘယ်လိုလုပ်မယ် စိတ်ကူးထားတုံး” ဟူ၍ သူကြီးမှ မေးမြန်းလိုက်ရာ ဖိုးသူတော်သည် အရုပ်သုံးရုပ်ဆီသို့ လျှောက်လှမ်းသွားပြီး ဘယ်ဘက်ဆုံးတွင်ရှိနေသော ကျားရုပ်အား ကိုင်ကာ ဆွဲလှဲချလိုက်လေ၏။ ယင်းနောက်တွင် အလယ်တွင် ရှိနေသော ခြင်္သေ့ရုပ်အား ပတ်ချာလည် တစ်ပတ် လှည့်လိုက်ပြန်၏။

ထို့နောက် ညာဖက်ဆုံးတွင် ရှိနေသော မြင်းရုပ်အား အပေါ်သို့ ဆွဲ၍ မလိုက်လေရာ မည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့ရှေ့တွင်ရှိနေသော မြေကြီးမှာ တံခါးသဖွယ် ပွင့်လာလေတော့၏။ တံခါးကြီး ပွင့်သွားသောအခါတွင်မူ မီးရောင်၏ အရှိန်ဖြင့် တလက်လက် တောက်ပနေသော ရတနာများအား တွေ့လိုက်ရလေတော့သည်။

အဆိုပါ ရတနာများအား သယ်ယူပြီးသောအခါတွင် အိပ်မက်ထဲတွင် ပြောကြားသွားသည့် မင်းသားလေး၏ သဘောအတိုင်း သုံးပုံနှစ်ပုံအား သာသနာတော် ပြန့်ပွားရေးအတွက် အသုံးပြုပေးပါရန် ဆရာတော်အား အပ်နှံလေ၏။ ကျန်သုံးပုံ တစ်ပုံအား ထပ်မံ၍ ငါးပုံခွဲကာ တစ်ပုံအား ဖိုးသူတော်အား ပေးလေသည်။ နှစ်ပုံအား မင်းသားလေး အစပြုခဲ့သည့် တိုင်းတာရွာကြီး တိုးတက်ကောင်းမွန်ရေးအတွက် အသုံးပြုရန် ရည်စူးလိုက်၏။ ကျန်နှစ်ပုံကိုမူ မင်းသားလေး၊ အိပ်မက်ထဲက ရုပ်ဆိုးဆိုးလူကြီး၊ မင်းသမီးလေးနှင့်အတူ မင်းသားလေး၏ အပေါင်းအပါများအတွက် ရည်စူး၍ အမျှအတန်းများ ပေးဝေခဲ့လေသည်။

ယင်းသို့ မင်းသားလေးတို့အား အမျှအတန်း ပေးဝေခြင်း အလှူပွဲအား တိုင်းတာရွာတွင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့လေသည်။ ဆရာတော်မှလည်း သာသနာတော် ပြန့်ပွားစေရန် ဘုရားစေတီများ တည်ထားခြင်း၊ ပရိယတ် စာသင်တိုက်များသို့ လှူဒါန်းခြင်း စသည့်တို့အား ဆောင်ရွက်ခဲ့လေသည်။

ဖိုးသူတော်မှာမူ ၎င်းရရှိသော အချိုးအား တိုင်းတာရွာရှိ မူလတန်းကျောင်း အား တိုးချဲ့ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်ရန်နှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် လှူဒါန်းခဲ့လေ၏။ အမှန်စင်စစ်အားဖြင့် ဖိုးသူတော်မှာ ရုပ်ဖျက်ထားခြင်း ဖြစ်ပြီး ၎င်း၏ အမည်မှာ စိုးမောင် ဟူ၍ ဖြစ်ကြောင်း နောက်ပိုင်းတွင် သိခဲ့ရလေတော့သတည်း။

 

အထက်ပါ ဝတ္ထုကို ကျနော့်အနေနဲ့ ဘာစိတ်ကူးနဲ့ ရေးခဲ့တာလည်း ဆိုတော့ တစ်နေ့ ရွာက ဘုန်းကြီးကျောင်း အကြောင်းကို စကားပြောရင်းက ဘာရယ်မဟုတ် စပြီး ရေးခဲ့မိတာပါ။ အဲဒီ ရေးထားတဲ့ အတိုအစလေးကို ရွာကြီးထဲကို ထူးဆန်းသော ဆိုပြီး ပို့စ်အဖြစ် တင်ခဲ့ပါတယ်။ အဲဒီမှာ ဖတ်ရှုအားပေးကြတဲ့အတွက် ကျနော့်မှာ နောက်ထပ် ရေးဖို့ခွန်အားတွေ အမှန်ပဲ တိုးလာခဲ့ရပါတယ်။ ဒီအတွက် ဖတ်ရှုအားပေးသူ အပေါင်းကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒီဝတ္ထုဟာ ကျနော့်အတွက် ဆုံးခန်းတိုင်အောင် ရောက်ခဲ့တဲ့ ပထမဆုံး ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ် ခင်ဗျာ။

 

ကျေးဇူးတင်လွှာ

ကျနော့်ရဲ့ ထူးဆန်းသော ပို့များအား လာရောက် အားပေးဖတ်ရှုသွားခဲ့ ကြပါကုန်သော Maung, ကိုရင်မောင်၊ အန်တီမမ၊ မမေဖလားဝါး၊ တောသားလေး၊ ရောင်းရင်းကြီး ကိုပေ၊ ဦးထူးဆန်း၊ ကြောင်လေး၊ ကိုနာဂ၊ ကြည်ဆောင်း၊ ဘဲဥမ၊ ဖရဲသီး၊ Thu Wai၊ အမခိုင်၊ အရင့်ရောင်၊ ကိုကြီးကြီးမိုက်၊ သူကြီး၊ စနိုး၊ မမနိုရာ၊ မောင်ရင်ဗိုက်၊ ဦးဇောက်ထိုး၊ ဝေးလွင့်တိမ်၊ အမပုချ်၊ အရီးလတ်၊ Thar ag၊ မရွှေကြည်၊ Wow၊ ရွှေအိ၊ ရာဇဝင်လူဆိုး၊ ဦးပါ၊ အန်တီပဒုမ္မာ၊ Lynn Lynn၊ မမအညာသူ၊ ဘိုမင်း၊ မဂွတ်ထော်၊ cum min၊ ဖေဂျီးပေါက် တို့အား ကျေးဇူး အထူး တင်ရှိပါကြောင်း။

 

အထက်ပါ ဝတ္ထုအား PDF ဖြင့် ဖတ်ရှုလိုပါက Download ယူ၍ ဖတ်နိုင်ပါကြောင်း၊ အကယ်၍ Link Error တက်နေပါက ထပ်တင်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ကြိုးစားလျှက် …

အံစာတုံး

42 comments

  • အရီးခင်လတ်

    July 15, 2012 at 8:31 pm

    မင်း တောင်မှ အချိန်ကုန်ခံပြီး ရေး နိုင်မှတော့ ဘာလို့ မဖတ်နိုင်ရမတုန်းကွယ်။
    စိတ်ရှည်ရှည်ထားပြီး ဖတ်ပါတယ်။

    ပြီးတော့ အရီးတို့ ရွာမှာလဲ ရတနာ လာရှာပေးမဲ့ ဖိုးသူတော် ရောက်လာပါစေ ဆုတောင်းပါတယ်။
    ဒါမှ ရတနာ သုံးပုံ တစ်ပုံ ရဲ့ ငါးပုံ ထဲ က နှစ်ပုံ ရယ်၊ ဖိုးသူတော် က ပြန်ပေးမဲ့ တစ်ပုံ ရယ် ရမှာ။
    သာဓု၊ သာဓု၊ သာဓု။ 😛

    ဒါမျိုး ကို ပရော်ဖက်ရှင်နယ် လုပ် ရေးလို့ တောင် ရနေပြီ။
    ဆက်ကြိုးစား မောင်အံဇာ ရေ။
    အားပေးပါတယ်။

    ချောင်းဆိုးနေရင် ကွမ်းရွက်ပုံချောင်းဆေးပျောက်ဆေး သောက်။
    မဟုတ် ရင် အဲဒီ အဟမ်း .. ဟမ်း .. ဟမ်း .. က အမြဲကြားနေရတော့မယ်။ 😀

    • မဟာရာဇာ အံစာတုံး

      July 15, 2012 at 8:37 pm

      အရီးလတ် ခင်ဗျာ ..
      ပထမဆုံး ကွန်မန့်လေးအတွက် ကျေးဇူးတင်ကြောင်း
      အရင်ဆုံး ပြောပါရစေ …. (ကော်ပီ)

      အရီးလတ် အားပေးလို့
      နောက်ထပ် စာတွေရေးဖို့အတွက် အားတွေ ပိုပြီး ရှိလာပြီဗျာ …
      လောလောဆယ်တော့ ချောင်းဆိုးတာ ပျောက်အောင်
      ကွမ်းရွက်ပုံလေး သောက်လိုက်ဦးမှ … 😀

  • မောင်ပေ

    July 15, 2012 at 8:33 pm

    အင်း… ဇါတ်လမ်းကတော့ ဆရာကြီးရွှေဥဒေါင်းတို ့ဒဂုန်ရွှေမျှားတို ့ရေးထားတဲ့အတိုင်း ဖတ်လို ့ကောင်းပဗျား ။ ဒါနဲ ့စိုးမောင် ဆိုတဲ့ တစ်ယောက်က အခု နာမည်အမျိုးမျိုးပြောင်းပြီး မန်းဂေဇက်မှာ စာတွေရေးနေတယ် ဆိုကလားဘဲ။

    • မဟာရာဇာ အံစာတုံး

      July 15, 2012 at 8:40 pm

      ရောင်းရင်းကြီးရေ ..
      ချီးကျူးတဲ့အတွက်တော့ ကျေးဇူးပါ ..
      သို့ပေသိ ဆရာကြီးတွေနဲ့တော့ မခိုင်းနှိုင်းပါနဲ့ဗျာ ..
      ဘာလို့လဲဆိုတော့ ကျုပ်က ဝါသနာအရ စာရေးမိတဲ့ ဖွတ်ကျား တစ်ယောက်မို့ပါ …

      ဒါနဲ့ ဥပေ ထင်သလို စိုးမောင်ဆိုတာက အံစာတုံး ဟုတ်ပါဘူးနော့ … 😀
      အဲ့နှစ်လုံးထဲက တစ်လုံးတော့ တူပါတယ်လို့ပဲ …

  • Pye Kun Zaw

    July 15, 2012 at 8:36 pm

    အစအဆုံးဖတ်သွားပါတယ်.. အလွန်ကောင်းတဲ့ ဝတ္တုလေးတစ်ပုဒ်ပါ။ “ဖိုးသူတော်၏ စကားအဆုံးတွင်မူ တောမီးလောင်သည့်နှယ် ၎င်းတို့ရှိရာ ပတ်ပတ်လည်မှ မီးများ တောက်လောင်လာလေတော့၏။” ဆိုတဲ့ အရေးအသားစတိုင်းကို အလွန်ကြိုက်မိပါသည်။

    • မဟာရာဇာ အံစာတုံး

      July 15, 2012 at 8:42 pm

      ဟုတ်ကဲ့ ..
      ခုလို အစအဆုံး အားပေးသွားတဲ့ Pye Kun Zaw အား
      ကျေးဇူးပါလို့ပဲ ပြောပါရစေတော့ဗျာ …

  • htet way

    July 15, 2012 at 8:43 pm

    ကြိုက်တယ် ရေးဗျာ ဒါမျိုးတွေကို ကိုယ်လည်းရေးချင်တယ် မရသေးဘူး
    တကယ်အားပေးခဲ့တယ် ဆရာလေး

    • မဟာရာဇာ အံစာတုံး

      July 15, 2012 at 8:49 pm

      ဆရာထက် ခင်ဗျာ ..
      ခုလို ဆရာတစ်ယောက်က ကျနော့်စာတွေကို လာပြီး အားပေးသွားတဲ့အတွက် ဝမ်းသာ ကြည်နူးမိပါရဲ့ဗျာ …
      ကျေးဇူးလည်း တင်ပါတယ် ခင်ဗျာ …

      ဆရာလေး လို့တော့ ခေါ်ပါနဲ့ဂျ ..
      တော်ကြာ ဟိုဆရာလေးနဲ့ မှားနေမှာစိုးလို့
      “ဒါနရှင်များ မေတ္တာ ရပ်ခံပါတယ်ရှင်” ဆိုပြီးတော့လေ .. 😀
      နောက်တာပါ ခင်ဗျာ ..

  • may flowers

    July 15, 2012 at 8:49 pm

    ခုလို အစအဆုံးပြန်တင်ပေးတဲ့ အတွက်ကျေးဇူးပါ..ပထမပိုင်းကိုဖတ်ပြီး နောက်အပိုင်းတွေတော့

    ရွာထဲကြာကြာမဝင်ဖြစ်တဲ့ အတွက်မဖတ်လိုက်ရပဲ လွတ်သွားတယ်..ခုပြန်တင်ပေးတော့ ပြန်ပြီးဖတ်လိုက်

    ပါတယ်………..အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်…စာရေးသူရဲ့ကျွမ်းကျင်မှုကြောင့် စာဖတ်သူ

    တွေကို မပျင်းအောင် ၊စိတ်ဝင်စားအောင် ဖမ်းစားနိုင်တဲ့ “ ထူးဆန်းသော” ပါပဲလို့။

  • အလင်းဆက်

    July 15, 2012 at 9:00 pm

    ထူးထူးဆန်းဆန်းတွေ..ဆို သားက စိတ်ဝင်စားတယ်ဂျ။ ဖတ်သွားတယ် နော် ။

    တကယ့် ကို ဖတ်ရတာ အရသာ..ရှိတဲ ့ဝတ္ထုပါ..။

  • မဟာရာဇာ အံစာတုံး

    July 15, 2012 at 9:08 pm

    @မမေဖလားဝါး

    ခုလို ဖတ်ရှုအားပေးသွားတဲ့အတွက်
    ကျေးဇူးပါနော့ …
    ဖတ်ရတာ ပျင်းမသွားဘူးဆိုတာကို သိရလို့လည်း
    စာရေးသူ တစ်ယောက် အနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ် ခင်ဗျာ …

    _____________

    @ကိုအလင်းဆက်

    သားသား .. အဲလေ .. ယောင်သွားလို့ …. 😀
    ကိုအလင်းဆက်
    အားပေးဖတ်ရှုသွားတဲ့အတွက်
    ကျေးဇူးပါပဲဗျာ …

    ခင်မင်စွာဖြင့်
    အံစာတုံး

  • ကိုရင်မောင်

    July 15, 2012 at 9:30 pm

    စိတ်ဝင်စားအောင်ရေးနိုင်ပါပေ့ အံစာတုံးရေ….
    အားပေးနေပါတယ် နောက်ထပ်လည်းရေးပါအုံး..
    ခုလို ရွာသားတွေထဲက စိတ်ဝင်စားအောင်ရေးနိုင်တဲ့သူတွေများလာလို့
    မန်းလေးဂဇက်ရွာကြီးကို ဂုဏ်ယူပါတယ် ………..

  • surmi

    July 15, 2012 at 11:51 pm

    ကောင်းတယ် ကျုပ်ကဒါမျိုးတွေကြိုက်တာ
    ငယ်ငယ်ကကျောင်းပြေးပြီးဖတ်ခဲ.တဲ. ဝတ္ထုတွေအတိုင်းဘဲ
    ဇတ်ကိုတကယ်နိုင်ပါတယ် ။
    ဒီရေးဟန်လေးနဲ. ဒီဇတ်လမ်း သိပ်ကိုလိုက်ဖက်ပါတယ်
    အံဇာတုံး ဆိုတဲ.နာမည်ကိုဖျောက်ထားလိုက်ရင် မင်းသိင်္ခလား ရွှေဥဒေါင်းလား ဒဂုန်ရွှေမျှားလား
    ခွဲရခတ်ခက်ခက်ဘဲ ဟေ. ။

  • TTNU

    July 16, 2012 at 12:08 am

    ထူးဆန်းသောမောင်အံစာရေ…
    အခုမှစုပြီးဖတ်မိလို့ ထူးထူးဆန်းဆန်းခံစားမိပါတယ်။
    ထူးဆန်းတာက မောင်ရင် အီးမေဂျာဆိုပြီး မြန်မာအရေးအသားကောင်းလှတယ်။
    မြန်မာစာကိုနိုင်နင်းတဲ့လူတွေကို တီချာကလည်းထူးဆန်းစွာ လေးစားမိတယ်။
    ပြီးတော့ အလွန်ရှည်လျားတဲ့ ဒီပို့စ်ကို စိတ်ရှည်ရှည်ဖတ်မိတဲ့ (အလုပ်များနေပေမဲ့)
    ကိုယ့်ကိုယ်ကို တယ်ထူးဆန်းပါလားလို့ တွေးနေမိပါတော့တယ်။

    😀
    မေတ္တာဖြင့်
    TTNU.

  • ဦးဦးပါလေရာ

    July 16, 2012 at 12:53 am

    ဇတ်လမ်းဆင်ထားတာလဲကောင်းတယ်
    စာဖတ်သူကိုဆွဲခေါ်သွားနိုင်တဲ့ အရေးအသားကလဲ ချီးကျူးစရာပါ
    ကျုပ်တို့ရွာမှာ ဝတ္ထုရေးတဲ့စာရေးဆရာတွေ တိုးပွားလာတော့မယ်ပေါ့…..။

  • water-melon

    July 16, 2012 at 7:31 am

    download လုပ်သွားပြီအေ့
    ဒါနဲ့ အရင်တခါနင်ရေးတဲ့ ဟာလေးအေ
    အဲဒါလေးရောတင်ပေးအုန်း download
    တောင်မ ရန်ကုန်လာတုန်း နာ့ကိုဘာမှလည်းမကျွေးဘူး
    ကွမ်းယာဘဲကျွေးတယ်

  • MaMa

    July 16, 2012 at 8:09 am

    မဟာရာဇာကြီး-
    တူးဖော်ရရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို သက်ဆိုင်ရာကို မအပ်ပဲ ထင်သလို စီမံခန့်ခွဲနေတာကို အမြန်ဆုံးလာရောက်ဖြေရှင်းပါတဲ့… 😉
    ပြေလည်ချင်ရင် ညှိနှို်င်းပေးမယ်။
    ရလာတဲ့အထဲက ၅ပုံ၁ပုံခွဲပေးရင် 😆

    • pooch

      July 16, 2012 at 12:39 pm

      မမရေ ကျမလည်း ဝေစုပါတယ်နော်။ 😀

  • ဘဲဥ

    July 16, 2012 at 9:05 am

    အဘမင်းသိင်္ခ ရဲ့ စာတွေ အလွမ်းပြေဖတ်ရသလိုပဲ
    ဂွတ်တယ်ကွာ

  • မောင်ပေ

    July 16, 2012 at 9:15 am

    ဒုတိယ တစ်ခါ စဆုံးပြန်ဖတ်ရင်း
    ကိုယ့်ဟာကိုယ်စဉ်းစားမိတော့
    ဒါမျိုး မရေးတတ်ဘူးဗျ
    ဇါတ်လမ်းကော အရေးအသားပါ ကြိုက်တယ်ဗျို့
    ဒုတိယ လက်မက ကျုပ်ဟာပါ

  • မမ အညာသူ

    July 16, 2012 at 9:24 am

    ပုံပြင်လေးတွေကတကယ်ဖတ်လို့ကောင်းပါတယ်
    ညာကပုံပြင်ဖတ်ရတာကိုကြိုက်တယ်လေ
    ခုလိုတင်ပေးတာကျေးဇူးပါနော်

  • ကြည်ဆောင်း

    July 16, 2012 at 10:33 am

    ထူးဆန်းသောကိုအစအဆုံးအားပေးသွားပါတယ်….
    အရုပ်ကလေး သုံးရုပ်က ဘယ်လိုများ လုပ်လိုက်တာလဲ ဆိုတာ စိတ်ဝင်စားသား…

  • lynn lynn

    July 16, 2012 at 10:40 am

    ကိုမဟာရာဇာ အံစာတုံးရေ ထူးဆန်းသော အကုန်ပြီးမှပဲ စိတ်ချမ်းသာတော့တယ်။ နို့မို့ဆို ဖတ်ချင်းလွန်းလို့ စောင့်နေရတာ။ ကျေးဇူးပါပဲ။ အရေးအသားအရမ်းကောင်းတယ်။ ဖတ်ပြီးရင် ဇာတ်လမ်းကို ဆက်ဖတ်ချင်နေမိအောင်ကို ဆွဲဆောင်နိုင်ပါတယ်။ ထူးထူးဆန်းဆန်းကို ထူးဆန်းသောကို ကြိုက်မိပါတယ်။

  • etone

    July 16, 2012 at 11:05 am

    ကိုအံစာတုံးရေ …
    ချီးကျူးပါတယ် …. ဒီလို ဂမီ္ဘရဆန်ဆန် ဝတ္တုကို လူစိတ်ဝင်စားအောင်ရေးနိုင်လွန်းလို့ရော ၊ အပိုဒ်မခွဲပဲ တထိုင်တည်း ဖတ်ခွင့်ရအောင်တင်ပေးတဲ့အတွက်ရောပေါ့ ။ အားရပါးရကို ဖတ်ပစ်လိုက်ရတယ် …. ။

    စာတပိုဒ်ဖတ်လိုက်ကတည်းက … စိတ်ဝင်တစားဖြစ်အောင်ရေးနိုင်တဲ့ အရေးသားနဲ့ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်အောင် ဖော်ပြထားတဲ့ ဇာတ်လမ်းဆင်မှုကလည်း … တကယ့်ကို နာမည်ကျော်စာရေးစရာတွေအတိုင်းပဲ …. ။ အားလည်းပေးပါတယ်နော် .. နောက်ထပ်ရေးမယ့် စာများကိုလည်း စောင့်ဖတ်အားပေးပါဦးမယ် …. ။ 🙂

  • စိန်ဗိုက်ဗိုက်

    July 16, 2012 at 11:51 am

    ရာဇာ အံကြီးရေ..
    ကြိုက်လွန်းလို ့ လေးချောင်းမြောက်လေး ထောင်ခဲ့ပါရစေ..
    စိတ်ဝင်စားစရာ အင်မတန်ကောင်းပြီး ဆွဲဆောင်မှု ရှိလှပါပေ့ဗျာ..
    ဒီအတိုင်းဆို လုပ်စား..အဲလေ..ရေးစားလို ့ရပြီဗျား….
    ဂယ်ပြောတာပါ..
    ဘီအီးတိုက်..
    ဂိန်..ဂိန်..

  • amatmin

    July 16, 2012 at 12:33 pm

    ဘိုအံရေ..
    တကယ့်ကို မိုက်သဗျာ.. 🙂
    အခုမှ စရေးတဲ့ လက်စွမ်းတောင်.
    ဂလောက်ထက်နေမှတော့ .
    နောက်လာမဲ့ လက်ရာဆို
    ဒိထက်ကောင်းမှာ သေချာနေသပေါ့ဗျာ..
    ကျနော်က ဒါမျိုးစာတွေရဲ့ပရိသတ်ဆိုတော့
    ခင်ဗျားကိုလည်းအားပေးနေပါ့မယ် ဆိုတာလေး..။

  • နွေဦး

    July 16, 2012 at 12:48 pm

    ဤ ကဲ့သိုသော ထူးဆန်းသော ဝတ္ထုကြီးကို
    တီဗွီတွင် ကိုထူးဆန်း ကြော်ညာသော မန်းကီးကော်ဖီလေး သောက်၍
    ဖတ်ပြီးသကာလ လွန်စွာ ကြိုက်နှစ်သက်ကြောင်း ဝေဖန်လိုက်ပါသည်…..။

    • မဟာရာဇာ အံစာတုံး

      July 16, 2012 at 1:00 pm

      ကိုနွေဦးနဲ့
      အောက်က Same Kyaw တို့ရေ

      ခုလို လာရောက် အားပေးဖတ်ရှုသွားတဲ့အတွက်
      ကျေးဇူးပါနော့ ..

  • same kyaw

    July 16, 2012 at 12:53 pm

    အစအဆုံးဖတ်ပြီးလက်မ ထောင်သွားပါတယ်။ဆက်ရေးပါ။ဖတ်ချင်စရာကောင်းအောင်ရေးနိုင်ပါပေတယ်။

  • မဟာရာဇာ အံစာတုံး

    July 16, 2012 at 12:58 pm

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ခုလို ကျနော့်ရဲ့ ဝတ္ထုအား လာရောက် ဖတ်ရှုအားပေး သွားကြပါကုန်သော …
    အရီးလတ်၊ ရောင်းရင်းကြီး၊ Pye Kun Zaw၊ ဆရာထက်၊ မမေဖလားဝါး၊ ကိုအလင်းဆက်၊ ကိုရင်မောင်၊ ကိုဆာမိ၊ တီချယ်ကြီး၊ ဦးပါ၊ ဖရဲသီး၊ အန်တီမမ၊ အမပုချ်၊ ဘဲဥ၊ မမအညာသူ၊ ကြည်ဆောင်း၊ Lynn Lynn၊ မအိတုံ၊ ငစိန်ဗိုက်၊ ကိုအမတ်မင်း တို့အား ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ …

    အထက်ပါ ဝတ္ထုတွင် ကြည်ဆောင်းပြောသည့် အရုပ်သုံးရုပ်အား မည်သို့ ပြုလုပ်လိုက်သည်နည်း ဟူသော မေးခွန်းကို ဖြေရမည် ဆိုရင် အိပ်မက် ထဲက လူကြီးက ကျွန်ုပ်ကား သေခဲ့လေပြီ ပြောသည့်အတွက် သေသူများသည် လှဲလျောင်းသည် ဟူသော သဘော ကိုယူ၍ ပထမအရုပ်အား ဆွဲကာ လှဲလိုက်ခြင်း ဖြစ်ပါသည်။
    ကျွန်ုပ်ကား မသေသေး ဟူသော စကားအရ မသေသေးလျှင် လှုပ်ရှား သွားလာကာ ကျင်လည် နေရသည့် သဘောအရ တစ်ပတ် လှည့်လိုက်ခြင်း ဖြစ်ပါသည်။
    ကျွန်ုပ်အား ကောင်းရာသို့ ပို့ပါလော့ ဟူသော စကားအရ ကောင်းရာဟု ပြောလိုက်လျှင် အထက်ဘုံများကို မြင်မိတတ်ကြပါသည်၊ ထို့အတွက်ကြောင့် တတိယ အရုပ်အား အထက်သို့ ဆွဲမကာ တင်လိုက်ခြင်း ဖြစ်ပါကြောင်း ….

    ခင်မင်၊ လေးစားစွာဖြင့်
    အံစာတုံး

    • Novy

      July 16, 2012 at 1:52 pm

      သေသူများသည် လှဲလျောင်းသည် ဟူသော သဘော ကိုယူ၍ ပထမအရုပ်အား ဆွဲကာ လှဲလိုက်ခြင်း ဖြစ်ပါသည်။
      ကျွန်ုပ်ကား မသေသေး ဟူသော စကားအရ မသေသေးလျှင် လှုပ်ရှား သွားလာကာ ကျင်လည် နေရသည့် သဘောအရ တစ်ပတ် လှည့်လိုက်ခြင်း ဖြစ်ပါသည်။
      ကျွန်ုပ်အား ကောင်းရာသို့ ပို့ပါလော့ ဟူသော စကားအရ ကောင်းရာဟု ပြောလိုက်လျှင် အထက်ဘုံများကို မြင်မိတတ်ကြပါသည်၊ ထို့အတွက်ကြောင့် တတိယ အရုပ်အား အထက်သို့ ဆွဲမကာ တင်လိုက်ခြင်း ဖြစ်ပါကြောင်း …

      အတွေးအခေါ်အယူအဆတွေကလည်း ဆရာကြီးမင်းသိင်္ခ စာအုပ်ထဲက
      ဆားပုလင်း နှင်းမောင်ကျနေတာပဲ 🙂

    • စိန်ဗိုက်ဗိုက်

      July 16, 2012 at 6:55 pm

      ဘိုအံရေ
      နင်နဲ့ ဘိုးသူတော်နဲ ့ စိတ်ချင်းဆက်တယ်နောာ..
      🙂

      • မဟာရာဇာ အံစာတုံး

        July 17, 2012 at 11:03 am

        I’m Creator.
        So, I know how …. 😀
        E lo hote lar taw ma tie buu .. 😀

  • MAUNG

    July 16, 2012 at 1:43 pm

    ထူးဆန်း ပါပေ့ ဆတွတ် ရယ် … အဲ ဟုတ်ပေါင် .. ဆတုံး ရယ်

    ဆက်ရေး ပါဗျာ ..အားပေးနေပါတယ်

  • Novy

    July 16, 2012 at 1:48 pm

    ထူးဆန်းသောဝတ္ထု (စ/ဆုံး ) ကို

    ဖတ်ရတာ တစ်ကယ့် စာရေးဆရာ တစ်ရောက်ရဲ့
    ဆန်းကြယ်သော ဝတ္ထုကို ဖတ်လိုက်ရသလိုပါပဲ
    နောက်တစ်ခါထက်ဖတ်ချင်လို့ ကော်ပီကူထားလိုက်ပါတယ်နော်

  • shwe kyi

    July 16, 2012 at 1:49 pm

    ကို အံစာ(ခ)ကို တောက်တဲ့ရေအခုလိုရှင်းပြမှပဲသိတော့တယ်။ ရွှေကြည်လည်းသိချင်နေတာ။
    တော်လိုက်တာ။ ဖိုးသူတော်ကရောတကယ်ပဲသေနတ်ပီးတာလားဟင်။
    ကိုအံစာစိတ်ဝင်စားအောင်ရေးနိုင်ပါတယ်။ ဆက်လက်ရေးသားပါဦးရှင့်။

    • မဟာရာဇာ အံစာတုံး

      July 16, 2012 at 1:59 pm

      ဒီလိုပါ မရွှေကြည်ရေ ..
      ဖိုးသူတော် သေနတ် ပြီး၊ မပြီးဆိုတဲ့ကိစ္စကို သိချင်ရင်ဖြင့်
      ထူးဆန်းသော ကုသိုလ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖိုးသူတော် ပြောခဲ့တဲ့ …

      “ဘယ့်နှယ်ဗျာ၊ ခင်ဗျားကို ကျုပ်က ဘာပြောလို့တုံး၊ ကျုပ်ဖတ်နေတဲ့ စာအုပ်ထဲက အကြောင်းကို ကျုပ်ဟာကျုပ် ပြောနေတာပါ၊ ခင်ဗျားက အဆံမရှိ ကျည်မရှိနဲ့၊ တယ်လည်း ဒေါသက ဖြစ်တတ်သေးသကိုး”

      ဒီစကားကို ကြည့်ရင်ဖြင့် အဲ့ဒီအချိန်ကတည်းက ဖိုးသူတော်ဟာ ဦးအောင်မောင်းရဲ့ သေနတ်ထဲက ကျည်တွေကို ကြိုတင်ပြီး ယူထားလိုက်ပြီဆိုတာကို ညွှန်းလိုက်တဲ့ သဘောပါပဲလို့ …

      မောင်၊ မနိုဗွီနဲ့ မရွှေကြည်တို့ကို
      ခုလို လာရောက် အားပေးဖတ်ရှုသွားတဲ့အတွက်
      ကျနော်မှ ကျေးဇူး တင်ရှိကြောင်းပါ ခင်ဗျာ ….

      ခင်မင်စွာဖြင့်
      အံစာတုံး

      • shwe kyi

        July 16, 2012 at 3:08 pm

        အော ဂလိုကိုး ကိုအံစာကတော့ ထောင့်စေ့ပါပေ့ဗျာ။

  • Khaing Khaing

    July 16, 2012 at 3:24 pm

    ကိုကြီးအံရေ …….. တနင်္ဂနွေနေ့ရုံးပိတ်ရက်မှာ တင်လိုက်တော့ သများနောက်ကျတာပေ့ါ… ရုံးပိတ်ရက်ပေ မယ့် စိတ်က ပုံပြင်လေးဆီကိုပဲရောက်နေတယ် အင်တာနက်ဆိုင်ရှေ့ကဖြတ်တိုင်းလည်း သတိရတယ် ပုံပြင်လေးကို လူကိုမဟုတ်ပါ ….. ခစ်ခစ်ခစ်

    ဇာတ်သိမ်းကောင်းအောင်ရေးပေးလို့ပြောလို့ စိတ်ဆိုးသေးလား …….. စိတ်ထဲရှိလို့မဟုတ်ဘူးနော် တကယ့်ကိုကောင်းကောင်းလေးဖတ်ချင်လို့ …….

    အရမ်းကောင်းတယ် ဇာတ်လမ်းလေးက အခုတော့ အကုန်မဖတ်ရသေးဘူး …. မနက်ကတည်းကတွေ့တယ် ဒါပေမယ့် ဇာတ်သိမ်းဆိုတော့ ခဏနဲ့ပြီးမယ်မှတ်တာ အခုဝင်မှ အစအဆုံးဖတ်ရဦးမှာပဲ မဖတ်ခင်အရင် မန့်ထားတာ …… ခစ်ခစ်ခစ်

    • Khaing Khaing

      July 16, 2012 at 3:53 pm

      ဒါကတော့ ဖတ်ပြီးမှ မန့်တာပါ …….. ဇာတ်လမ်းဇာတ်အိမ်ဖွဲ့ထားတာကောင်းပါတယ် ….
      စကားသုံးခွန်းကို ပုံဖော်ပြီး အရုပ်ကိုလှည့် လှိူ့ဝှက်တံခါးဖွင့်လိုက်တယ်ပေ့ါလေ ….. မောင်လေးအံဇာတုံးတော်ပါ၏ (ဗျောင်း ဗျောင်း ဗျောင်း)

      ခင်မင်စွာဖြင့်
      Khaing Khaing

      • မဟာရာဇာ အံစာတုံး

        July 16, 2012 at 5:21 pm

        ဟုတ်ကဲ့ပါ အမခိုင်ရေ ..
        ခုလို စိတ်ဝင်တအား အားပေးတာကို ကျေးဇူးပါနော့ ..
        အမခိုင် ပြောခဲ့တဲ့ ဇာတ်သိမ်းကောင်းအောင် ဆိုတဲ့ စကားကို
        ကျနော့် အနေနဲ့ စိတ်ဆိုးစရာ မရှိပါဘူးဗျာ ..
        စိတ်မဆိုးတဲ့အပြင် ကျေးဇူးတောင် တင်ရပါဦးမယ်ဗျာ …

        ခင်မင်စွာဖြင့်
        အံစာတုံး

  • Wow

    July 16, 2012 at 5:57 pm

    အစအဆုံး စိတ်ဝင်စားစရာကောင်းပါဒယ်… တောက်အံချာတဲ့ရေ… 😀

Leave a Reply