ထမင်းစားပြီး အချိုတည်းရန်တည်ခင်းတတ်တဲ့ သစ်သီးအချို့ဟာ ကျန်းမာရေးကိုဘယ်လိုအထောက်အကူဖြစ်စေလည်းဆိုတဲ့ ပိုစ့်လေးရေးခဲ့ဘူးပါတယ်၊ အဲဒီတုံးကမပါပေမယ့် လူအများစားသုံးတတ်သော သစ်သီးအချို့ရဲ့ ကျန်းမာရေးအတွက် ဘာတွေအထောက်အပံ့ဖြစ်လဲဆိုတာကို ကျွန်တော်ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲက ကောက်နုတ်ပြီးထမ်မံရေးပြပါရစေ။

အုန်းသီး – အဆီဓာတ်နဲ့ ပရိုတင်းပါဝင်မှု့ အထူးမြင့်ပါတယ်၊အုန်းရည်ဟာ ကိုယ်တွင်း အပူကြီးတာသက်သာစေပြီး ရေဖောဖောတာ ပျောက်စေပါတယ်၊ အုန်းသီး အသားက အုန်းရည်နဲ အကျိုးသက်ရောက်မှု့ကပြောင်းပြန်ပါ အပူပွားစာဖြစ်ပါတယ်။ ခန္ဓာကိုယ်ချည့်နဲ့သူများ၊ ခြေလက်အားမရှိသူများ၊ မောပန်းလွယ်သူများ သင့်လျှော်တယ်၊ ကိုယ်တွင်း အအေးဓာတ်ခံကြောင့် ချောင်းဆိုးတဲ့အခါ အုန်းသီးအသားစားပေးရင် ချောင်းဆိုးရပ်ပြီး သလိပ်ကြေနိုင်တယ် ဒါပေမယ့် ချောင်းဆိုးခြင်းမရှီမှီ အုန်းသီးများများစားရင် အပူချောင်းဆိုးတတ်ပါတယ်။

ဒူးရင်းသီး – အရသာစိမ့်ပြီး အပူကြီးစာဖြစ်ပါတယ်၊ အာဟာရအလွန်မြင့်တဲ့အတွက် ခွန်အားပြည့်စေတယ် ကိုယ်တွင်းအအေးဓါတ်ကို ဖယ်ရှင်းပေးတယ်၊ သွေးလည်ပတ်မှု့အားပေးပြီး ကာမအားတိုးစေပါတယ်၊ သားဖွားပြီးနောက်ချမ်းစိမ့်စိမ့်ဖြစ်တာ ခန္ဓာကိုယ် ချည့်နဲ့သလိုခံစားရတာဖြစ်ရင် ဒူးရင်းသီး စားပေးနိုင်ပါတယ်၊ ဒါပေမဲ့ ချွေးအထွက်များသူ ခြေလက်အားမရှိသူ မျက်နာနီ အာခြောက်ပြီး အိမ်မပျော် ဖြစ်နေသူများအနေနဲ့ ဒူရင်းသီးကို မစားသင့်ပါ။

မင်းဂွတ်သီး – အရသာချိုစိမ့်ပြီး အအေးဓါတ်စာဖြစ်တယ်၊ အစာမျှင်ဓာတ် ဗီတာမင်ဘီနဲ့ စီ စတာတွေကြွယ်ဝစွာပါလို့ ကိုယ်တွင်းကအပူကြီးတာကို သက်သာစေတယ်။ ကိုယ်တွင်းအဆီခြေဖျက်ပေးတယ်။ ဒူရင်းသီးအစားများလို့ ချွဲသလိပ်ထပြီး မအီမသာဖြစ်တာ မျက်နှာနီတာ ဗိုက်ကယ်တာ အသက်ရှု ခက်တာတွေနဲ့ ကြုံရင်အကောင်းဆုံးကတော့ မင်းဂွတ်သီးစားပေးပါ၊ မင်းဂွတ်သီးဟာ အအေးဓာတ်စာဖြစ်လို့ ဒူရင်းသီးကြောင့် ဖြစ်ပေါ်တဲ့အပူကို ငြိမ်းစေပါတယ်။

ပန်းသီး – ပန်းသီးမှာမာလစ်အက်ဆစ်နဲ့ စီထရစ်အက်ဆစ်ပါလို့ အူအတွက်အကျိုးရှိပါတယ်။ ၀မ်းချုပ်သက်သာစေပြီး အစားလည်းပိုစေတယ်၊ ပန်းသီးမှာ ပက်သင်ဓာတ်ပါလို့ ကိုလက်စထရောချပေးတယ်၊ အစာမျှင်ဓာတ်ပါလို့ အစာအိမ်၊ အူလှိုင်းထလှုပ်ရှားမှုကို အားပေးတယ်၊ အစာကြေ ၀မ်းမှန်စေတယ်၊ ကယ်လစီယမ်ဓာတ်နဲ့ ဗီတာမင်အီးတွေပါလို့ ဆီးရွှင်စေတယ်၊ အလှတိုးစေတယ်၊ အိုမင်းရင့်လျှော်မှု့ကို တုံနှေးစေတယ်၊ ပန်းသီးမှာပါတဲ့ကယ်လစီယမ်ဓာတ် ဆားဟာ လူ့ခန္ဓာကိုယ် သွေးရည်ထဲက ဆိုဒီယမ်ဖလှယ်နိုင်လို့ သွေးတိုးကျရေးအတွက် အကျိုးရှိပါတယ်၊ သတိပြုစရာအချက်က ပန်းသီးမှည့်ကသာ အူကို ပံ့ပိုးတာ ၀မ်းလျှောရပ်တာ ဖြစ်စေတတ်ပြီး မမှည့်သေးတဲ့ ပန်းသီးအစိမ်းကတော့ အစာအိမ်နဲ့ အူကို ဒုက္ခပေးတတ်ပါတယ်၊ ဒါကြောင့်မို့ ဆေးပညာရှင်များက ပန်းသီးမှည့်တစ်လုံးနေ့စဉ်စားသုံးခြင်းသည် သက်စောင့်ဆေးမှီဝဲခြင်းလို့တင်စားကြပါတယ်။

သစ်တော်သီး – ကိုယ်တွင်းအစိုဓာတ်ပိုစေတယ်၊ ကိုယ်တွင်းအပူအပုပ်ကိုရှင်းထုတ်ပေးတယ်၊ သလိပ်ကြေစေတယ်၊ အဆုတ်နဲ့ နှလုံးကို အားပေးတယ်၊ အနာစိမ်းပေါက်တာ အရက်အဆိမ့်သင့်တာ သက်သာစေတယ်၊ သွေးပေါင်တက်တာထိန်းပေးတယ်၊ ဆီးရွှင်စေတယ်၊ ကိုယ်တွင်းအင်္ဂါ အဖွဲ့အစည်းများရဲ့ လုပ်ငန်းကိုပုံမှန်ဖြစ်စေတယ်၊ ဗီတာမင်စီပါဝင်လို့ အသားအရေးရှင်းသန့်စေတယ်၊ သွေးဖြူဥကို ပိုလှုပ်ရှားစေတယ်၊ ပက်သင်ပါဝင်လို့ ကိုလက်စထရော ကျစေပြီး လေဖြတ်မယ့် အန္တရာယ်ကို လျော့စေပါတယ်၊

စတော်ဘယ်ရီ – အဆုတ်ကိုရွှမ်းစိုစေတယ်၊ အစာအိမ်ကိုကောင်းစေပြီး ကိုယ်တွင်းအပူအပုပ် ရှင်းထုတ်ပေးတယ်၊ ဆီးရွှင်စေတယ်၊ အရက်အဆိမ့်သင့်တာ ပြေစေတယ်၊ ကိုယ်ခံအားကိုတိုးစေတယ်။ သွားဖုံးအားကောင်းပြီး သွားဖုံးသွေးထွက်တာကာကွယ်ပေးတယ်၊ လတ်ဆတ်တဲ့ စတော်ဘယ်ရီမှာ တန်နစ်အက်ဆစ် ကြွယ်ဝစွာပါလို့  ကိုယ်တွင်းက အဆိပ်အပုပ်တွေ နှိမ်ရှင်းထုတ်ပေးနိုင်စွမ်းရှိလို့ ကင်ဆာမဖြစ်ပွားအောင် တားဆီးကာကွယ်ပေးတယ်။

မာလကာသီး – အရိုးအားကောင်းစေတယ်၊ မာလကာသီးရဲ့ အဖန်ဓာတ်ဟာ အူအကျိမြှေးကို ကျုံ့စေလို့ ၀မ်းလျှောတာရပ်စေတယ်၊ဒါကြောင့် မာလကာသီး အစားများရင် ၀မ်းချုပ်နိုင်ပါတယ်၊ ဆီးချိုရောဂါပိုမတိုးလာအောင် တားပေးတယ်၊ သွေးတိုးမထအောင် ထိန်းပေးတယ်၊ ကလေးသူငယ်များ အစာစားချင်စိတ် မရှိတာ၊ အစာမကြေဖြစ်တာကို မာလကာသီးအခြောက်မှုန့်က သက်သာစေပါတယ်။

လိမ္မော်သီး – အရက်မူးပြေစေတယ်၊ ဆီးရွှင်စေတယ်၊ ကိုယ်တွင်းအပူကြီးတာ သက်သာစေတယ်၊ ပက်သင်ပါလို့ ၀မ်းမှန်စေတယ်၊ လိမ္မော်သီးမှန်မှန်စားရင် သွေးလွှတ်ကြောအတွင်းမှာအနယ်ထိုင်နေတဲ့ ကိုလက်စထရောကို ချပေးတယ်၊ သွှေးလွှတ်ကြောပြုပ်ထ မာကျစ်တာကို သက်သာစေပါတယ်။

ကမ္ဗလာသီး – ဆီးရွှင်စေတယ်၊ သွေးဖြူဥကို ပိုမိုနိုးကြွစေတယ်၊ ဆဲလ်တွေကိုကာကွယ်ပေးတယ်၊ ဖရပ်တို့သကြားအမြောက်အများပါလို့ နာလန်ထစ ရောဂါ သည်များအတွက် အထူးသင့်လျော်ပါတယ်၊ မှန်မှန်စားပေးရင် အသားအရေကောင်းမွန်ပြီး အလှတိုးစေတယ်၊ ၀မ်းမှန်စေတယ်၊ အရက်သောက်ပြီး ကမ္ဗလာရည်သောက်ရင် အရက်မူးပြေစေတယ်၊ အရက်နာကျခြင်း သက်သာစေပါတယ်။

တည်သီး – ကိုယ်တွင်းအပူကို ရှင်းပေးတယ်၊ ချောင်းဆိုး သွေးအန် အစာအိမ်အပူကြီး အစာအိမ်အောင့်နဲ့ ပါးစပ်အနာပေါက်တာတွေ သက်သာစေတယ်၊ လတ်ဆတ်တဲ့တည်သီးကို အစိမ်းစားရင် သွေးတိုးကျစေတယ်၊ အမည်းပြောက် တင်းတိပ်တွေကို ကာကွယ်ပေးတယ်၊ မှန်မှန်စားရင် အစာကြေစေတယ်၊ ၀မ်းချုပ်တာကာကွယ်ပေးရုံမက သက်သာစေတယ်၊ ရေနဲ့ပြုတ်ပြီး အရည်ကိုသောက်ပါက လိပ်ခေါင်းရောဂါ သက်သာစေပါတယ်။

ကော်ပီကူးခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း၊ မှီငြမ်းခြင်းများ ကြိုက်နှစ်သက်သလို လုပ်နိုင်ပါတယ်။

ဖတ်ရှုအားပေးသူအပေါင်း ကျေးဇူးပါ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..