ဒါရိုက်တာမောင်ဝါဝါ၏ ကမ္ဘာ့အဆင့်မီ ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲစစ်စစ် ဖြစ်လေ၏

သူရႆဝါJuly 16, 20121min17112

ဒါရိုက်တာမောင်ဝါဝါ၏ ကမ္ဘာ့အဆင့်မီ ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲစစ်စစ် ဖြစ်လေ၏
– သူရဿဝါ –

အိုပါး၊ အိုနီး၊ အာဂျီးရှိ၊ အာဂျီးမား၊ ဆားဒါးငဲ၊ မီးအားနည်း စသည့် အခေါ်အဝေါ် များမှစ ဂင်ဘတ်၊ ကင်မ်ချီ၊ ထမင်းလိပ်၊ ပဲခေါက်ဆွဲ စသည့် အစားအစာ များအလယ် ထား၍ နောက်ပိုး မိန်းမ၊ နှိပ်စက်သော ယောက္ခမ၊ သွေးကင်ဆာ ဆိုသည့် အဖြစ်အပျက် များအဆုံး မောင်ဝါဝါတို့ အားလုံးကို အတုန်းအရုန်း ဖြစ်လောက်အောင်၊ တီဗီရှေ့မှ မခွဲနိုင် မခွာရက် ဖြစ်လောက်အောင် ဆွဲငင်အား ကောင်းလှသော ကိုရီးယား ဇာတ်လမ်းတွဲ များကို ကြည့်ပြီး ရှုပြီး သကာလ မောင်ဝါဝါ တစ်ယောက် စဉ်းစား ပူပန် မိသည်မှာ ထိုသော ကိုရီးယား ကားများ၊ ဇာတ်လမ်းတွဲ များနှင့်သာ မကွာမသွေ မခွဲဘဲ နှစ်ဖြာဂဟေ တွဲ၍ ဒီအတိုင်း သွားမည် ဆိုလျှင် လာလတ္တံ့သော သိပ်မကြာခင် အချိန်ကာလ များတွင် မောင်ဝါဝါတို့ ပရိသတ်များ မြန်မာ စကားမှ ပြောတတ် ပါတော့မလား၊ မြန်မာ ဇာတ်လမ်းတွေမှ ကြည့်ကြ ပါတော့မလား ဟူ၍ ဖြစ်လေရာ ထိုကိစ္စကို အမြန်မကြာ ဖြေရှင်း ကိုင်တွယ်ရန် အကြံအစည် ထုတ်မိ လေတော့သည်။

ထိုသော ကိုရီးယား လှိုင်းလုံးကြီးကို တွန်းလှန် ဖယ်ရှားရန် ကြိုးစား တွေးတော မိသည်တွင် လှေမြောလျှင် လှေနှင့်လိုက်၊ အဆိပ်ကို အဆိပ်နှင့်ဖြေ ဟူသော သဘောတရား ကိုပင် ကိုင်စွဲ၍ ၎င်း ကိုရီးယား ကားများထက် ပိုမို အစွမ်းထက် ဆွဲဆောင်မှု ရှိသော ပြည်တွင်းဖြစ် မြန်မာ ဇာတ်လမ်းတွဲ စစ်စစ်ကို ထုတ်လုပ် ရိုက်ကူး ပြသ နိုင်မှသာလျှင် ရုပ်ရှင် ဗီဒီယို ဇာတ်လမ်းတွဲချစ် ပရိသတ် များ၏ စိတ်အာရုံ အလုံးစုံကို ကိုရီးယား များထံမှ ကောင်း ကောင်းကြီး ဖယ်ခွာ နိုင်လိမ့်မည်ဟု အကြံကောင်း ဉာဏ်ကောင်းများ ရရှိသည် ဖြစ်လေရာ အဆိုပါ ကိုရီးယား ဇာတ်လမ်းတွဲ များထက် မနိမ့်ကျ လှသော ကမ္ဘာ့ အဆင့်မီ၊ မြန်မာ ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲ စစ်စစ်ကြီးကို အပိုင်းပေါင်း သုံးထောင့် ခြောက်ရာ တိတိ ခွဲ၍ ရိုက်ကူး ပြသရန် အတွက် ဒါရိုက်တာ မောင်ဝါဝါ တစ်ယောက် ကြိုးစား ပမ်းစား စတင် စီစဉ် လေတော့သည် ဟူ၏။

မောင်ဝါဝါ၏ အပိုင်းပေါင်း သုံးထောင့် ခြောက်ရာ တိတိ ပါဝင်သော ကမ္ဘာ့ အဆင့် မြန်မာ ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲ စစ်စစ်ကြီး အကြောင်းကို ကြားသိ သတင်းရ ကုန်သော ပြည်တွင်း မီဒီယာ များမှာလည်း မောင်ဝါဝါ တစ်ယောက် မည်သို့ မည်ပုံ ရိုက်ကူး ပြသမည်ကို စိတ်ဝင်တစား စောင့်ကြည့် လေ့လာ ကြကုန်သည် ဖြစ်လေ၏။ ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ မောင်ဝါဝါမှာ မြန်မာ ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲ စစ်စစ် ဖြစ်သော်လည်း ကမ္ဘာ့ အဆင့်မီ ဟူ၍ ကြီးကြီး ကျယ်ကျယ် လျှောက်ပြော ထားမိသဖြင့် ဇာတ်လမ်းတွဲ သရုပ်ဆောင် တို့မှာ မြန်မာ ပြည်ဖွား သရုပ်ဆောင် အစစ်များ ဖြစ်ရမည် ဆိုသော်ငြား ကိုရီးယား သာမက ယနေ့ ကမ္ဘာတဝှမ်း ခေတ်စား၍ နေသော ယဉ်ကျေးမှု စရိုက်ပေါင်းစုံကို ထည့်သွင်း ရိုက်ကူး ပြသရန် ဇာတ်လမ်းကို ခက်ခက်ခဲခဲ ပင်ပန်း ကြီးစွာ တွေးတော ဆင်ခြင် ရသည် ဖြစ်လေ၏။ များမကြာမီ အချိန်အတွင်း မှာပင် ဇာတ်လမ်းတွဲ ဒါရိုက်တာ မောင်ဝါဝါ၏ ကမ္ဘာ့ အဆင့်မီ မြန်မာ ပြည်တွင်းဖြစ် ဇာတ်လမ်းတွဲ ကြီးကို ရေးသား ပြီးစီး သွား၍ ထုတ်လွှင့် ပြသလေရာ အလွန်အမင်း အောင်မြင်သည် ဖြစ်သဖြင့် ကမ္ဘာတလွှား လိုက်လံ ပြသရသည် ဖြစ်ပေတော့ရာ ထို ကမ္ဘာ့အဆင့်မီ ပြည်တွင်းဖြစ် မြန်မာ ဇာတ်လမ်းတွဲ စစ်စစ်ကြီး၏ ဇာတ်လမ်း အကျဉ်းချုပ်မှာ ဤသို့ ဤပုံ အလုံးစုံ ဖြစ်လေ တော့သတည်း။

အဖွင့် စစချင်းတွင် ၎င်းဇာတ်လမ်းနှင့် မည်သို့မျှ မသက်ဆိုင် သော်လည်း ကမ္ဘာ့ အဆင့်မီ ဖြစ်စေရန် အတွက် ယခု ကမ္ဘာ့ နာမည်ကျော် အဆိုတော် လေဒီဂါဂါ၏ ပါပါရာဇီ သီချင်းနှင့် ရှာကီရာ၏ ဝါကာ ဝါကာ ကမ္ဘာ့ဖလား သီချင်းတို့ကို ရောမွှေ၍ ရီမစ် လုပ်ထားသော သီချင်းဖြင့် ဇာတ်လမ်းတွဲကို စတင် ဖွင့်လှစ် လိုက်လေ၏။ ပြီးနောက် ဤဇာတ်လမ်းတွဲ၏ မင်းသား ဖြစ်သူက ဇာတ်လမ်း စတင် တည်နေရာ ဖြစ်သော မြန်မာ့ ရနံ့အသက် စစ်စစ် ပါဝင်သည့် အညာဒေသ နေပူပူ ဖုန်ထူထူ အောက်တွင် လမ်းလျှောက် နေပုံနှင့် ဇာတ်လမ်းကို စတင်၍ အသက်ဝင် စေလေ၏။ မင်းသားမှာ အေးမြသော ရာသီဥတု ရှိသည့် ကိုရီးယား ဇာတ်ကား များထဲမှ မင်းသားများ အကျီ င်္လက်ရှည် ဝတ်ဆင်မှုကို အတုယူကာ အကျီ င်္ လက်ရှည်ကြီး တကားကားဖြင့် အညာ နေပူပူ အောက်တွင် လမ်းလျှောက်၍ စတိုင်ထုတ် နေလေရာ သိပ်မကြာခင် အချိန်မှာပင် ချွေးထွက်လွန်၍ အသက်ရှူ ကြပ်ကာ သတိလစ် လဲကျ သွားလေ၏။ ထိုအခါ မည်သို့ မည်ပုံ မည်သည့် နေရာမှ ပေါ်လာမှန်း မသိသော မင်းသမီးမှာ အမြှုပ်တစီစီဖြင့် သတိလစ် လဲကျ နေသော မင်းသားအား ပြေး၍ ပွေ့ဖက်ကာ

“ဟယ်လို .. ဟိုင်း .. မိုင်ဘရို … တာကော … အိုပါး … ဘိုလိုဖစ်တွားတာလဲဟင်” ဟူ၍ မပီကလာ ပီကလာ ညုတုတုဖြင့် စိုးရိမ်တကြီး မေးမြန်း ပြုစု၍ နေရလေ တော့၏။ ထိုအခါ သတိလစ် လဲကျ နေသော မင်းသားမှာ ရုတ်တရက် သတိရ လာပြီးလျှင် မင်းသမီးနှင့် တွဲဖက်၍ အိန္ဒိယ ဘောလီးဝုဒ် ဇာတ်ကားများ ထဲက အတိုင်း သီချင်းများ ဆိုကာ ကလေတော့သည်။ သူတို့ နှစ်ယောက် တမေ့တမော ကခုန် နေရာသို့ ဘယ်က ဘယ်လို ရောက်လာမှန်း မသိသော လူသုံးဆယ် ခန့်လည်း ရောက်လာကာ သူတို့ နှစ်ဦးနှင့် အတူတူ ပျော်ပျော်ပါးပါးကြီး ကခုန် နေကြ လေတော့သည် ဟူ၏။ ကမ္ဘာ့ အဆင့်မီ ယဉ်ကျေးမှုများ ပါဝင် စေရန် အတွက် ထို ဇာတ်ဝင်ခန်းကို မောင်ဝါဝါမှာ သုံးမိနစ်ခွဲခန့် ပင်ပန်းကြီးစွာ ရေးသား ခဲ့ရလေသည်။ ကခုန်၍ အပြီးတွင် မင်းသမီးမှာ မင်းသားအား အညု အခရာပိုသော မျက်လုံးရွဲ ကြီးများဖြင့် စိုက်ကြည့်ကာ ရည်းစား စကား အတင်း ပြောလေတော့ရာ မင်းသားမှာ ခေါင်းပင် မဖော်နိုင်အောင် ရှက်ရွံ့၍ သွားသဖြင့် အယောင်ယောင် အမှားမှား ခလုပ်များပင် တိုက်သော ဟူပေ၏။

ထို့နောက် မင်းသားမှာ သူနှင့် မင်းသမီး၏ တွေ့ပုံ ရေစက် အထူးကို စုံစမ်း တွေးတော မိလေရာ လက်စသတ် တော့ သူတို့ နှစ်ဦးသည် လွန်ခဲ့သော ဘဝပေါင်း များစွာ ဖြစ်သော “ပိုးမင်းသား၏ သိုင်းဝိဉာဉ်” ရုပ်ရှင်ကား ထဲမှ ကိုယ်ရံတော် တပ်မှူးလေး ကျန်ကျောင်းနှင့် မေခြောက်ဖုန် ဟူသည့် အလွန့် အလွန် ချစ်ခင် ကြင်နာ ခဲ့ကြသော ချစ်သူ နှစ်ဦး ဖြစ်ခဲ့ကာ မင်းသားကို တစ်ဖက်သတ် ချစ်ကြိုက် နေသည့် အွန်စော၏ ကြားဝင် နှောင့်ယှက် မှုကြောင့် ထိုဘဝတွင် မပေါင်းဖက် ရဘဲ ကွဲကွာခဲ့ပြီး ယခု ဘဝတွင်မှ ဒါရိုက်တာ၏ အတင်း ဇာတ်လမ်းဆင် တွေ့ပေးမှုကြောင့် ပြန်လည် ဆုံစည်း ရခြင်း ဖြစ်ကြောင်းကို ရာဇဝင် အူပေါက် ပြန်လည် သိရှိရ လေတော့သည် ဆိုလေ၏။ ထိုသို့ ရှေးရှေး ဘဝများက ကွဲကွာ ခဲ့သည်ကို နှစ်ဦးသား ပြန်ပြောင်း ပြောပြ အတိုးချ အလွမ်းသယ်၍ နေစဉ် အချိန်မှာပင် ယခင် ဘဝက သူတို့ နှစ်ဦးအား ခွဲခဲ့သည့် အွန်စော ပြန်ဝင်စားသော လူရိုင်း ခေါင်းဆောင်ကြီး ရောက်လာကာ “ဟိတ် .. ဒီလောက် ကောင်းတဲ့ဟာကို ဒီလို လွယ်လွယ်နဲ့ ယူပြေးလို့တော့ ဘယ်ရမလဲကွ .. ငှဲ ငှဲ ငှဲ” ဟု ခြိမ်းခြောက် ကြိမ်းမောင်းပြီး ရန်ရှာ လေတော့ရာ မင်းသားနှင့် မင်းသမီးမှာ ကသောကမျော ထွက်ပြေးရ ပြန်လေ၏။

ထိုသို့ ထွက်ပြေးရာတွင် ဘယ်ကို ပြေးရင် ကောင်းမလဲဟု ဒါရိုက်တာ မောင်ဝါဝါ စဉ်းစားရာ မြန်မာ ရုပ်ရှင် ကားများ ထဲမှ မင်းသား မင်းသမီးများ ကဒီးကဒီး သွားကြသည့် ချောင်းသာ ကမ်းခြေသို့ပင် ထွက်ပြေး ခိုင်းလျှင် ပို၍ သင့်တော်မည်ဟု တွေးမိလေ၏။ ချောင်းသာ ကမ်းခြေ ရောက်သည်တွင် ကိုရီးယား ဇာတ်ဝင်ခန်း များထဲက အတိုင်း မင်းသားက မင်းသမီးကို ဆိုင်ဆိုင် မဆိုင်ဆိုင် ကုန်းပိုး၍ လမ်းလျှောက် ခိုင်းရန် စဉ်းစား မိသော်လည်း မြန်မာ့မူ မြန်မာ့ဟန် ဇာတ်လမ်းတွဲ ဖြစ်ရမည် ဆိုသဖြင့် မောင်ဝါဝါမှာ ဇာတ်ဝင်ခန်းကို အနည်းငယ် ပြောင်းပြန် လှန်ကာ မင်းသမီးက မင်းသား၏ ကိုယ်လုံးကြီးကို ရင်ခွင်ပိုက် ပွေ့ချီ၍ ချောင်းသာ ကမ်းခြေ တလျောက် ဒုန်းစိုင်း ပြေးသည့် ဇာတ်ဝင်ခန်းကို အစားထိုး ရိုက်ကူး လိုက်လေ၏။ ထိုသို့ ပြေးနေရင်း တန်းလန်းမှာပင် မင်းသမီး၏ လက်ကိုင်ဖုန်းမှာ အသံမြည် လာလေရာ မင်းသားကို ပွေ့ထားရာမှ မြေကြီးပေါ် ပစ်ချ၍ မင်းသမီးမှာ “ဟယ်လို .. ကြားလား၊ ဟယ်လို ကြားလား” ဟု ဆယ့်သုံးခါခန့် အော်ပြီးနောက် “ဘာ ….” ဟု အသံကျယ် ကြီးဖြင့် မြည်တမ်းကာ လက်ထဲမှ ဖုန်းလွတ်ကျ၍ အနီးတွင် ရှိသော မင်းသားအား “နင့်ကိုငါ သေလောက်အောင် မုန်းတယ်” ဟု တစ်ခွန်းတည်း ပြောကာ “ဖြောင်း”ခနဲ နေအောင် ပါးချ၍ ရန်ကုန်သို့ ချက်ချင်း ပြန်သွား လေတော့ရာ ခုလေးတင် လဗ်ဆင်းန် ရိုက်ကာ ကြည်နူး နေရာမှ ချက်ချင်း အခြေအနေ ပြောင်းလဲ သွားပြီး ဘာမဆိုင် ညာမဆိုင် ပါးအရိုက် ခံရသည့် မင်းသားမှာ ပါးကလေး ပွတ်၍ အူကြောင်ကြောင်ဖြင့် အသည်းကွဲ ကျန်ခဲ့လေ၏။

အသည်းကွဲ ဇာတ်ဝင်ခန်းများ ထုံးစံအတိုင်း ညဖက် ရောက်သော် မင်းသားမှာ အရက်များ မူးအောင် သောက်၍ ရန်ကုန်မြို့တွင် ရှိသမျှ ကုန်းကျော် တံတား များပေါ် တက်၍ ယိုင်တိ ယိုင်တိုင် လမ်းလျှောက်ကာ အဆွေးခန်းကို ရိုက်ကူး ရလေရာ ဒါရိုက်တာ မောင်ဝါဝါမှာ ခေတ်မီ ဇာတ်ဝင်ခန်း ဖြစ်အောင် နောက်ခံ ပလေးဘက် အနေဖြင့် “ဒုံး ဒ ဒုံးဒုံး ဒုံးဒုံးပျံ” သီချင်းအား ဖွင့်ပေး ထားလေ၏။ ဇာတ်လမ်း၏ အထွဋ် အထိပ် အရှိန် အမြင့်ဆုံး ဖြစ်နေ ချိန်တွင်ပင် မောင်ဝါဝါမှာ ပို၍ ဇာတ်နာအောင် လုပ်လေ၏။ နောက်တစ်နေ့တွင် မင်းသမီးမှာ ကိုရီးယား ကားတို့၏ ထုံးစံအတိုင်း သွေးကင်ဆာ ဖြစ်နေပြီ ဟူသော သတင်းကို မင်းသား ကြားလေရာ မင်းသမီးနှင့် တွေ့ခွင့် ရရန် ကြိုးစား လေတော့၏။ သို့သော် ကိုရီးယား ဇာတ်လမ်းတွဲနှင့် မတူချင်သော မောင်ဝါဝါမှာ ဇာတ်ညွှန်းကို ထပ်မံ ပြောင်းလဲ လိုက်လေရာ နောက်တစ်ခန်းတွင် မင်းသား နှင့် မင်းသမီး ပြန်လည် ဆုံတွေ့ပြီး တကယ်တမ်း မင်းသမီးမှာ သွေးကင်ဆာ မဟုတ်ဘဲ သွေးစုနာ ပေါက်နေခြင်းသာ ဖြစ်ကြောင်း မင်းသား သိရှိ သွားသည်တွင် (ဘယ်က ဘယ်လို ပြန် အဆင်ပြေ သွားမှန်းလည်း မသိ) မင်းသမီးနှင့် ပြန်လည်၍ နှစ်ကိုယ်တူ ချစ်ရည်မျှကာ (ဘယ်တုန်းက ဘာကြောင့် သဘောမတူမှန်းလည်း မသိ) သူ၏ သမီးနှင့် မင်းသား အား သဘောမတူသော ယောက္ခမကြီးနှင့် မင်းသမီး၏ တစ်ဆွေလုံး တစ်မျိုးလုံး အပါအဝင် သူတို့ နှစ်ဦးကို ရှေးဘဝ ကတည်းက လိုက်လံ နှောင့်ယှက်သော အွန်စော လူဝင်စား လူရိုင်း ခေါင်းဆောင်ကြီးနှင့် လူမိုက် အပေါင်းတို့မှာ “ပုလိပ် ကူးစက်ရောဂါ” များဖြင့် အကုန်လုံး သေဆုံး သွားကြပြီးနောက် (တကယ်တော့ မောင်ဝါဝါမှာ ကိုယ့်ဇာတ်ကိုယ် မနိုင်တော့ သဖြင့် ပေါက်ကရ လုပ်ချ လိုက်ခြင်း) မင်းသားနှင့် မင်းသမီး ပျော်ရွှင်စွာ ပေါင်းဖက် ကြရပုံဖြင့် ဇာတ်သိမ်း လိုက်လေ သည်တွင် မောင်ဝါဝါ၏ ကမ္ဘာ့အဆင့်မီ မြန်မာ ဇာတ်လမ်းတွဲ စစ်စစ်ကြီး ဆုံးခန်း တိုင်လေသည် ဖြစ်လေချေတော့ သတည်း။
၁၆ – ဇူလိုင် – ၂၀၁၂
Techspace Journal
Volume (1), Issue (17)

12 comments

  • ကိုရင်မောင်

    July 16, 2012 at 10:20 am

    ရယ်လိုက်ရတာ ဖတ်ဖတ်မော
    ရင်ဘတ်နောက်ကကျော….

  • မောင်ပေ

    July 16, 2012 at 10:28 am

    မန်းတလေးဂေဇက်မှာ စာဖတ်သူကို ဖတ်နေရင်း တဝါးဝါး တဟားဟား ပြုံးရယ်လာအောင် အရေးတော်တယ်ဗျာ
    ကိုဝါဝါလို ပရော်ဖက်ရှင်နယ် အရေးတွေကို ဖတ်ရလို့ ဂေဇက်ကို စွဲနေတယ်ဗျို့

  • aye.kk

    July 16, 2012 at 12:25 pm

    ဟာဒယရွှင်ဆေး…
    အရေးအသားလေးကို…
    ဖတ်ရတာစိတ်နှလုံးရွှင်ပြုံးချမ်းမြေ့ရပါတယ်ရှင်..။။

  • lynn lynn

    July 16, 2012 at 1:22 pm

    ဖတ်လိုက်တာ ညစ်နေတာတောင် လစ်သွားပြီ။ အရမ်းရယ်ရတယ်။

  • Ma Ei

    July 16, 2012 at 1:41 pm

    အဲ့ဒီ ဇာတ်လမ်းတွဲကြီး
    ခုလွှင့်နေပြီလားဟင်…

  • Wow

    July 16, 2012 at 2:02 pm

    အမလေးရယ်ရလွန်းလို့ အူတောင်နာတယ် ဆြာရယ်…..

  • pan pan

    July 16, 2012 at 2:14 pm

    မင်းသမီးဆီဖုန်းဆက်ပြီး ‘ဘာ’လို့အော်ပြီး မင်းသားပါးကို ဖြန်းခနဲချတဲ့အခန်းတော့ ရေလည်ခိုက်တယ်
    အဲ့လိုပဲ ဘာမှန်းမသိ ပဟေဠိဖွက်တတ်ကြလို့ ခိခိ 😆
    အဲ့…မင်းသမီးက မင်းသားကိုပွေ့ချီပြီးပြေးတဲ့အခန်းကတော့ ပွင့်နဲ့ ဗေကြီးပြေးမြင်တာပဲ
    အပြည်ပြည်ဆိုင်ရာအဆင့်မှီတယ် ကိုဝါရေ :mrgreen:

  • Shwe Tike Soe

    July 16, 2012 at 3:35 pm

    အော် တကယ့် ဒါရိုက်တာ အစစ်ကြီးပါလားဟယ်………..ရီလိုက်ရတာ အူးကိုတက်ရော…
    ချွေးပြန်အောင်ကို ရီရတယ်…….ရုံးက အဲကွန်းပျက်သွားလို……….
    အကယ်ဒမီ ဆုချိတ်မယ်ထင်တယ်နော်……ဒါရိုက်တာ ကိုကိုဝါဝါ……… 😀

  • ဂန္ဓာရီ ဆြာအုပ်

    July 17, 2012 at 12:19 am

    ကောင်းပါ့ဗျား ကြံကြံဖန်ဖန် ရေးလဲရေးတတ်ပ

  • Shwe Ei

    July 17, 2012 at 11:14 am

    ပြောတော့ အပိုင်းပေါင်း ၃၆၀ဝတဲ့။ တပိုင်းကို ဇာတ်ဝင်ခန်းတခန်းသတ်မှတ်သလားမသိ။ မြန်မာပြည်အနှံ့စရိတ်မကုန်ဘဲခရီးပေါက်တာမြင်တော့ မောင်ဝါဝါရုပ်ရှင်အဖွဲ့က မနဲကိုအဆင့်မှီတာဘဲ ။ ဒါနဲ့ ပရိတ်သတ်အားပေးမှုက သောင်းသောင်းဖျဖျဘဲဆို (ဂဲမလောက် ဂဲမလောက် ဂဲမလောက်) 😉

Leave a Reply