ဘာဒရိန်းလဲမသိ

လိုတိုရှင်းပဲရေးတော့မယ်နော်။
ဒီနှစ်သင်္ကြန်ပိတ်ရက်၊ အစိုးရရုံးပိတ်ရက်က ၁၂ရက်တောင်ရတယ်။ ကျမတို့ရုံးက ပုဂ္ဂလကကုမ္ပဏီဆိုပေမယ့်
အစိုးရရုံးပိတ်ရက်အတိုင်းဆိုတော့ ၁၂ရက်ရတာပါပဲ။ ထားပါတော့။ ကျမရဲ့ငယ်သူငယ်ချင်းကတော့ အစိုးရ၀န်ထမ်း၊
နေပြည်တော်မှာ တာဝန်ကျတယ်။ ခုလိုအစိုးရရုံးပိတ်ရက် ရက်ရှည်ရတော့ အိမ်ကိုအလည်ပြန်လာတယ်။
ကျမဆီကိုလည်း လာလည်တယ်။ တစ်ရက် ညဖက်သူအိမ်လာလည်တော့ စပ်မိစပ်ရာ ဟိုဟိုသည်သည်ပြောမိတာပေါ့။
အဲ့ဒါတွေအရင်မပြောခင် သူ့မိသားစုအကြောင်းလေးပြောမယ်။ သူကအဖေမရှိတော့ဘူး။ အဖေလုပ်သူက အစိုးရ၀န်ထမ်း၊
အမေကလည်း အစိုးရ၀န်ထမ်းပဲ၊ တခြားဌာနက။ ကျမသူငယ်ချင်းက ဥာဏ်ကောင်းတယ်၊ စာတော်တယ်။ ဆယ်တန်းအောင်ပြီးတော့
ရေကြောင်းတက္ကသိုလ်တက်ရင်းနဲ့က သူတို့အဖေဌာနက ၀န်ထမ်းသားသ္မီးတွေထဲက ပညာထူးချွန်သူတွေကို နိုင်ငံခြားမှာကျောင်းတက်ဖို့
ပညာတော်သင်လွှတ်တယ်။ သူလည်း ပညာတော်သင်အလွှတ်ခံရတယ်။ ခုပြန်လာတော့ သူ့ကိုပညာတော်သင်လွှတ်တဲ့
ဌာနမှာပဲ အရာရှိတန်းဖြစ်တယ်။ ဒါပေမယ့် သူမပျော်ဘူး။ သူ့မှာ ညီငယ်၂ယောက်ရှိတယ်။ တစ်ယောက်က ဒီနှစ်မှာ ဆေးတက္ကသိုလ်
စတက်နေတာ။ အငယ်ဆုံးလေးက ခုမှ၇တန်းလားရှိသေးတယ်။ သူက အဖေမရှိတော့ သားကြီးတစ်ယောက်အနေနဲ့
အိမ်တာဝန်ယူချင်တယ်။ သူ့ဌာနမှာ ခြစားရင်သူဌေးဖြစ်တယ်။ ဒါပေမယ့် သူ့အဖေတုန်းကလည်း မလုပ်ခဲ့သလို
သူလည်း မလုပ်ချင်ဘူး။ ဒီတော့ သူ့ရဲ့လစာနဲ့က အဆင်မပြေဘူး။ ဒါတောင် ပြန်တမ်းဝင်အရာရှိပါ။ သူငယ်ချင်းက နိုင်ငံခြားထွက်ချင်တယ်။
ထွက်ခွင့်လည်းမရှိဘူး။ သူစိတ်ညစ်တော့ ကျမကိုရင်ဖွင့်ရှာတယ်။ အဲ့ဒီအချိန်တုန်းက ကျမလည်း စင်ကာပူသွားမယ်လို့စဉ်းစားနေချိန်။
ဒါပေမယ့် သွားကောင်းနိုး၊ မသွားကောင်းနိုး။ သူနဲ့ပြောမိသမျှပြန်ပြောရရင်၊ သူစပြောတာက
“နင်က ဒီမှာ ဒီလောက်ရနေရင် မသွားလည်းကိစ္စမရှိပါဘူးဟာ၊ ငါ့လစာနဲ့ကတော့ မလွယ်ဘူး”
“ဒါပေမယ့် ငါကဘာမှမသေချာတဲ့ ကုမ္ပဏီဝန်ထမ်းလေ၊ နင်က အရာရှိကြီးဟဲ့၊ နာမည်မှာပဲကြည့်ပါလား ဦး…….တဲ့၊ ဟီဟိ” (သူ့ဝန်ထမ်းကဒ်ကြည့်ပြီးပြောခြင်း)
“နင့်ကိုတစ်ခုပြောမယ်၊ နင်ကကွန်ပျူတာပိုင်း၊ အဲ့ဒါနင် HRတို့၊ Financialတို့ဆက်လေ့လာပါလား၊ ဒီမှာသာကွန်ပျူတာပလိုဂလမ်ပဲသင်တာဟ၊ တကယ်က ဟိုဘာသာရပ်တွေလည်း လိုတယ်”
“အေးပါဟာ လုပ်တာပေါ့”
“နင်အဲ့၂ခုက တစ်ခုခုထပ်ရရင် ပိုအိုကေပြီဟ”
“အခါသင့်လို့ အခွင့်သာရင်တော့ ဆက်တက်တာပေါ့ဟယ်၊ ဒါနဲ့ နင်တကယ်နိုင်ငံခြားထွက်မှာလား၊ ထွက်လို့မရဘူးမလား”
“အေးဟ၊ အဲ့ဒါကြောင့်ပေါ့၊ အလုပ်ကထွက်ရင် သိန်း၅၀လျှော်ရမယ်လေ၊ ငါကတော့ လျှော်ပြီးထွက်မလားလို့”
“နင့်ဘွဲ့နဲ့ကတော့ အလုပ်ကသေချာပါတယ်၊ နို့ပေမယ့် Spassကရှိသေးတယ်၊ ခုတလော စင်ကာပူမှာဘယ်လိုဆိုတာ နင်လည်းသိသား”
ကျမအဖေ၀င်ပြောပါတယ်၊ “မင်းခွင့်နဲ့သွားကွာ၊ ဟိုမှာအဆင်ပြေရင်အလုပ်ကထွက်လိုက်၊ မပြေရင်ဒီပြန်လာပြီး ပုံမှန်ဆက်လုပ်နေပေါ့”
“ဟုတ်ဦးလေး” (ကျမအဖေနဲ့ သူနဲ့ပြောတာတွေတော့ ပြန်မပြောတော့ပါဘူး၊ ဆိုလိုရင်းကိုပဲဆက်ပါမယ်)
(ကျမပြောတာကပြန်စပါမယ်) “ငါတော့ ခုချိန်ထိ မြန်မာကုမ္ပဏီမှာ မလုပ်ဖူးသေးဘူးဟာ၊ လုပ်ကြည့်ချင်တယ်၊ ငါတို့လုပ်လိုက်တဲ့စစ်စတန်လေး ပြည်တွင်းမှာပဲ မြန်မာတွေသုံးရရင် သိပ်ကောင်းမှာပဲ၊
ခုတော့ဟာ ငါတို့မှာ ကိုယ်ရေးတဲ့စစ်စတန်မျိုးလေး ကိုယ်တိုင်မသုံးရတဲ့ဘဝ၊ တချို့ရုံးတွေမှာ တကယ်လိုနေတာဟ၊ လွယ်လွယ်ပြီးရမယ့်နေရာမှာ အချိန်ကုန်လူပန်း ငွေကုန်တယ်၊ အလုပ်မတွင်ဘူးဟာ၊
ဟိုတခါက ဖုန်းလျှောက်တုန်းက ကြုံရလို့ပါဟာ၊ ဟတ်ထိတယ်ဟေ့”
“ဒါကတော့ဟာ၊ ဒါဆိုနင်မြန်မာကုမ္ပဏီတွေမှာ အဆင်ပြေတဲ့အလုပ်ရှိရင်လုပ်ပေါ့”
“မရှိဘူးတော့မဟုတ်ဘူး၊ ရှားတယ်နဲ့တူပါရဲ့၊ ငါတော့မြန်မာကုမ္ပဏီနဲ့ အကျိုးမပေးဘူးထင်ပါတယ်ဟာ၊ သွားလျှောက်လည်း မလွယ်ပါဘူး၊ အလုပ်သမားမှတ်ပုံတင်လိုရတာနဲ့၊
သန်းခေါင်စာရင်းမိတ္တူလိုရတာနဲ့၊ ထောက်ခံစာတွေရော၊ ဒီထဲ အလုပ်ခန့်ပြီးရင် ပညာအရည်အချင်းစာရွက်တွေကို သိမ်းထားမယ်ဆိုတာရှိသေး၊ ပြီးတော့ စနေနေ့ပါအလုပ်ဆင်းရမှာ၊
မလွယ်ပါဘူးဟာ၊ စနေဆင်းရတာကိစ္စမရှိဘူး၊ ပညာအရည်ချင်းစာရွက်တွေသိမ်းမယ်ဆိုတာတော့ ကိစ္စဟ၊ ဒါနဲ့ပဲ ငါလည်း ဂျာပွန်ကုမ္ပဏီမှာပဲ ဆက်လုပ်ဖြစ်တယ်ဆိုပါတော့၊ ဘာမှမလိုဘူး၊
မှတ်ပုံတင်မိတ္တူရယ်၊ ဘွဲ့လက်မှတ်မိတ္တူရယ်ပဲပေးလိုက်တာ၊ အဲ့နှစ်ရွက်တည်းရယ်၊ အရင်ကုမ္ပဏီတုန်းကလည်းအဲ့တိုင်း၊ ခုကုမ္ပဏီမှာလည်း အဲ့နှစ်ရွက်ပဲ၊ ပြီးတော့ လစာတို့၊ တခြားခံစားခွင့်ကျတော့
မဆိုးဘူးဟ၊ ငါ့အနေနဲ့ တခြားကုမ္ပဏီမှာ ဒီလောက်အဆင်ပြေမပြေမသိနိုင်ဘူးလေ၊ ပြီးတော့ မန်နေဂျာမပြောနဲ့ သူဌေးကအစ၀န်ထမ်းတစ်ယောက်စီကို Respectရှိတယ်၊ ဒါလေးကိုသဘောကျတယ်၊
ပညာတွေလည်းရတယ်၊ ယူတတ်လေရလေပဲ၊ သင်တန်းပေးတက်တယ်လေ၊ သင်တန်းလမ်းစရိတ်တောင်ပေးလိုက်သေး၊ ဒါပေမယ့်ဟာ ဖီးလ်တော့ရှိတာပေါ့၊ နင်လည်းသိမှာပါ၊
နင်လည်း တကယ်လို့နိုင်ငံခြားမှာသွားလုပ်ဖြစ်ရင် နှမြောစရာကြီးဟာ၊ နင့်လိုပညာတတ်တစ်ယောက် ပဲ့တာပေါ့၊ ငါတို့လည်းဒီမှာသာနေတာ ဦးနှောက်ဖောက်စားခံရသလိုပါပဲဟာ”
(လူသေးသေးလေးများ၏ ကြီးကြီးကျယ်ကျယ်စကားများ စပါပြီ)
“နင်ကလည်း ဒီလိုတွေးရင်တော့ဟုတ်တာပေါ့ဟ၊ ဒါပေမယ့်ငါ့တို့အခြေအနေနဲ့ အဆင်ပြေတာကိုရွေးရတော့မှာပဲလေ၊ ငါလည်း အစ်ကိုအကြီးဆုံး၊ တာဝန်တွေနဲ့၊ နိုင်ငံခြားမှမထွက်ရင်
ငါကခိုးစားရမှာလားဟ၊ အခြေအနေအရဒီလိုဖြစ်နေရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲဟာ၊ အကောင်းဖက်ကတွေးစမ်းပါ”
“အင်း…တွေးပါတယ်၊ အတိုင်းအတာတစ်ခုတော့ ငါတို့အဆင်ပြေပါတယ်၊ ဒါပေမယ့်နိုင်ငံခြားကလုပ်ငန်းရှင်တွေ ငါတို့ကိုပေးတာနဲ့ ငါတို့ပေးရတာမတန်တာတော့အမှန်ပဲ၊ ဘာတဲ့
ကြီးကြီးကျယ်ကျယ်ပြောလိုက်မယ်၊ ငါ့စိတ်ထဲ ဘရိန်းဒရိန်းများဖြစ်နေမလားလို့”
“အေး၊ ဘရိန်းဒရိန်းဖြစ်ပေမယ့် မန်းနီးဒရိန်းတော့ဖြစ်တယ်လေ၊ ငွေပြန်ဝင်တယ်လေဟာ”
“ဟဲ့၊ ပေးရတာနဲ့ ရတာတန်လား၊ နင်စဉ်းစားစမ်းပါဦး၊ တစ်ယောက်စီပုဂ္ဂလိကအတွက်အသာထား၊ အများအတွက်(ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံအတွက်)ဘာလောက်များနစ်နာသွားလဲ၊ နင်သိရဲ့သားနဲ့”
“သိတယ်ဟေ့၊ မတတ်နိုင်ဘူး၊ အကောင်းဖက်ကစဉ်းစားစမ်းပါ၊ လောလောဆယ်ကိုယ့်မိသားစုအတွက် ရုန်းကန်ရဦးမှာပဲ၊ ဒါပဲ”

About panpan

chit has written 61 post in this Website..