ဥပုသ်နေ့နဲ့ပတ်သတ်သမျှ သိကောင်းစရာများ အပိုင်း(၁)

မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာ သိချင်လို့ မေးခိုင်းလို့ပါဘုရား။  အရှင်ဘုရားအားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။

ဖြေ။ ။ ဝါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။

ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ဝါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။

ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့ စိတ်အစဉ်မှာ ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက် ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့်ထိန်းပြီး ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနဲ့ ဥပမာပြပြီး ဝိသာခါကျောင်းအမကြီး ကို ဒီလိုဟောကြားပေးခဲ့ပါတယ်။ လဆန်း (၁)ရက်နေ့ဆို နေရောင်ရှိလို့ ဆံပင်ခြောက်သွေ့မည်ကိုမြင်တဲ့ အမျိုးသမီးဟာ ရေချိုးခေါင်းလျှော်ကြတယ်။ အဲဒီလို ခေါင်းလျှောက်လိုက်တော့ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်းလိုက်တဲ့အခါ ဆံပင်လည်း သွေ့ခြောက်သွားလို့ ဦးခေါင်းဟာ သန့်ရှင်းပြီးပေါ့ပါးသွား တယ်။ ဒါပေမဲ့ နောက်ရက်များမှာ ဦးခေါင်းပေါ်ဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းပေါ်ထွက်လာတဲ့အခါ (၇)ရက်လောက်ကြာတော့ ဦးခေါင်းဟာ လေးလံလာပြန်တယ်။ အဲဒါနဲ့ တစ်ပါတ်လောက်ကြာတဲ့အခါ နောက်တစ်ကြိမ် ခေါင်းလျှော်ရတယ်။

အဲဒီလိုပဲ လူတို့ရဲ့စိတ်မှာ နေ့စဉ် စီးပွားရှာတဲ့အခါဖြစ်စေ၊ ပျော်ပါးတဲ့အခါဖြစ်စေ၊ ပုံစံမျိုးစုံနဲ့နေထိုင်သွားလာလှုပ်ရှားနေရင်း ရာဂ၊ ဒေါသစတဲ့ ကိလေသာမြူမှုန်တွေဟာ ကပ်ငြိနေတယ်။ သံသရာတစ်လျှောက်လုံးကလည်း ဘဝမျိုးစုံနဲ့ ကပ်ငြိလာခဲ့ကြတယ်။ အဲဒါကြောင့် မိမိတို့သန္တာန်မှာ ကိလေသာတွေဟာ မရေတွက်နိုင်အောင် များနေတယ်။ တစ်ဦးနဲ့တစ်ဦး တရားထူးရတာချင်း မတူတာ၊ တရားအသိမတူတာ၊ အကျိုးပေးမတူတာတွေဟာ မိမိတို့ရဲ့ ကျင်လည်ခဲ့ရတဲ့ဘဝတွေမှာ ကိလေသာတွေ ဘယ်လောက်ညစ်ကြေးလာအောင် ပြုလုပ်ခဲ့သလဲဆိုတာ မသိရတဲ့အတွက် မတူကြတာပါ။

တချို့က သူများလို ခဏလေးနဲ့တရားမှတ်ရင် တရားသိမယ်ထင်တယ်။ သူများလို ကောင်းတာလေး တစ်ခုလောက်လုပ်ရင် အကျိုးပေးမယ်ထင်နေတာလေ။ မိမိမှာ ဘဝများစွာက ကောင်းမှု၊ မကောင်းမှုကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့မိုက်ခဲ့လို့ဖြစ်စေ ပြုလုပ်ခဲ့တဲ့ ကိလေသာအညစ်ကြေးတွေက ဘယ်လောက်များသလဲဆိုတာ မသိရဘူးလေ။ ဒါကြောင့် မိမိတို့က မိမိတို့သန္တာန်မှာရှိတဲ့ ကိလေသာ အညစ်ကြေးတွေကို များများပယ်သတ်နိုင်အောင် ကြိုးစားမှ ကိလေသာကင်းရာကိုရောက်မှာဖြစ်သလို မရောက်ခင်မှာလည်း ကိလေသာနည်းတဲ့ အကျိုးပေးကောင်းမှုတွေကို ခံစားရမှာပါ။

အဲဒီလို မိမိတို့ရဲ့စိတ်အစဉ်မှာ ကပ်ငြိမ်နေတဲ့ ကိလေသာမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးပြီး မကောင်းမှုများကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့ ဆေးကြောပေးရပါ တယ်။ တစ်ပါတ်တစ်ခါလောက် မိမိသန္တာန်မှာရှိတဲ့ ကိလေသာညစ်ကြေးတွေ မသန့်ရှင်းနိုင်၊ မလျှော့ပါးနိုင်သေးလို့ အကြိုရက်၊ အပိုရက်များမှာပါ ဥပုသ်သီလ စောင့်ထိန်းပေးရခြင်း ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင်တော့ ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့များကို ဥပုသ်နေ့များလို့ သတ်မှတ်ပေးပြီး စောင့်ထိန်းကြရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ တစ်ပါတ်ရဲ့ အစဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ တစ်ခါသန့်ရှင်းထားလိုက်ပြီး တစ်ပါတ်ရဲ့အဆုံးဖြစ်တဲ့ စနေနေ့မှာ ထပ်သန့်ရှင်းလိုက်မယ် ဆိုရင် ကိလေသာတွေဟာ ကပ်လိုက်၊ လျှော့လိုက်နဲ့ဆိုတော့ ခံသာသေးတာပေါ့လေ။ အဲဒီလိုမဟုတ်ဘဲ တစ်ပါတ်တစ်ခါလောက်ဆို ကိလေသာကပ်တာကပိုများပြီး လျှော်တာကနည်းနေရင် ကိလေသာက ဘယ်တော့မှ ကင်းမှာမဟုတ်တော့ဘူး။ ပြောသာ ပြောရတာပါ။ ခုခေတ်က တစ်ပါတ်တစ်ခါမပြောနဲ့ ဝါတွင်းလေး(၃)လကိုတောင်မှ တစ်ပါတ်တစ်ခါ ကိလေသာမလျှော်တဲ့လူတွေက များနေတာပါလေ။

အဓိကကတော့ မိမိစောင့်ထိန်းနိုင်တဲ့ရက်ကို စောင့်ထိန်းရင် အကောင်းဆုံးပါပဲ။ ကောင်းမှုကုသိုလ်ဖြစ်တဲ့ သီလစောင့်ထိန်းမှုကို မြတ်ဗုဒ္ဓက ဘယ်နေ့မှ စောင့်ထိန်းရမယ်လို့ သေချာမပြောခဲ့ဘဲ အနည်းဆုံးတစ်ပါတ်တစ်ခါလောက်တော့ ဦးခေါင်းလျှော်သလို စောင့်ထိန်းသင့်တယ်လို့ပဲ ပြောခဲ့ပါတယ်။ မိမိတို့က နေ့စဉ်စောင့်ထိန်းနိုင်လေ ကောင်းလေပါပဲ။ ငါးပါးသီလကတော့ လူသားတွေ စောင့်ထိန်းရမဲ့ အရာပါ။ ရှစ်ပါးသီလဥပုသ်သီလကတော့ အရိယာသူတော်ကောင်းဖြစ်အောင် စောင့်ထိန်းတဲ့ သီလပါ။ အဲဒီတော့ မိမိက လူသားတစ်ယောက်ဖြစ်ချင်ရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းရမယ်။ အရိယာသူတော်ကောင်းတစ်ယောက်ပါ ဖြစ်ချင်ရင်တော့ ရှစ်ပါးသီလဥပုသ်သီလကို နေ့စဉ် စောင့်ထိန်း ရမယ်။ ဒါမှမဟုတ် မိမိက တစ်ပါတ်တစ်ခါပဲ အရိယာသူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ ဥပုသ်သီလ စောင့်ထိန်းပေါ့။ ဘယ်တော့မှမဖြစ်ချင်ဘူးဆိုရင်တော့ ဘယ်တော့မှဥပုသ် မစောင့်နဲ့ပေါ့လေ။

အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့ အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။ ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင် အနည်းဆုံးတော့ တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်ထိန်းတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ ကောင်းလေးဆိုတာပဲ မှတ်သားထားကြပြီး နေ့ရက်များစွာ စောင့်ထိန်းနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း ဥပုသ်နေ့အကြောင်း သိကောင်းစရာကို ဒီမျှနဲ့ မိမိသိရှိသမျှ ဖြေဆိုပေးမှုကို ရပ်နားလိုက်ပါတယ်။ တကယ်လို့ ဦးဇင်းရေးသားသမျှထက် ပိုမိုသိချင်သေးတယ်ဆိုရင်တော့ မဟာဂန္ဓာရုံဆရာတော်၊ အရှင်ဇနကာဘိဝံသရေးသားတဲ့ ရတနာ့ဂုဏ်ရည်စာအုပ်မှာ ဖတ်ကြည့်လိုက်ရင် ဥပုသ်အမျိုးအစားများပါ သိရှိရပါလိမ့်မယ်။

 

ထပ်မံရေးသားပါဦးမယ်။

စာဖတ်ပရိသတ်များအားလုံး အသိဉာဏ်ဗဟုသုတများတိုးပွားပြီး တိုးပွားသမျှ ကျင့်သုံးလိုက်နာကာ ကိလေသာကင်းစင်တဲ့ နေရာမှာငြိမ်းချမ်းစွာ နေထိုင်နိုင်အောင် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

 

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

9 comments

  • uzin

    July 16, 2012 at 9:01 pm

    ငါးပါးသီလသည် ဗုဒ္ဓဘာသာ၏ မူရင်းသီလ ဟုတ်ပါသလား။ ဗုဒ္ဓမပွင့်မီကပင် ရှိသော သီလ လို့ဖတ်ဖူးလို့ပါ။ သိရှိလိုပါတယ် အရှင်ဘုရား။

  • ဆန်နီနေမင်း

    July 16, 2012 at 9:12 pm

    ငါးပါးသီလကို ဘုရားရှင်မပွင့်ခင်ကတည်းက စောင့်ထိန်းကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးပါးသီလဟာ လူတစ်ယောက်ရဲ့ ပြည့်စုံရမဲ့ကျင့်ဝတ်ထဲမှာ ပါနေလို့ပါ။ သရဏဂုံသုံးပါး၊ သူတော်ကောင်းတွေစောင့်ထိန်းတဲ့ သီလတွေသာ ဘုရားရှင်ပွင့်ပြီးဟောပြောပေးမှ စောင့်ထိန်းကြတာပါ။

  • မောင်ပေ

    July 16, 2012 at 9:35 pm

    တပည့်တော်အနေနဲ ့
    ငါးပါးသီလ ဟာ ဆောက်တည်ဖို ့အရမ်းလွယ်သလို
    စောင့်ထိန်းဖို ့လဲ အရမ်းခက်ခဲနေသလိုပါဘဲ ဘုရား
    ၅ ပါးမှာ ၄ပါး စောင့်ထိန်းနိုင်ပါတယ် ။
    ဒါပေမယ့် သီလယူတိုင်း… “သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဆိုတာကို ဘယ်တော့မှ မရွတ်ခဲ့မိပါဘူး ။
    အသက်လဲ ငယ်သေးလို ့လဲ ပါမယ်ထင်ပါရဲ ့။
    သီလငါးပါးလုံးကို ဆောက်တည်နိုင်ဖို ့ကြိုးစားရပါဦးမယ် ဘုရား
    အရှင်ဘုရားရဲ ့ ပို ့စ်များကို အမြဲစောင့်မျှော် နေပါတယ် ဘုရား

  • aye.kk

    July 16, 2012 at 11:39 pm

    သီလ(၆)မျိုး
    ၁။နိစ္စသီလ
    ၂။ကောမာရဗြဟ္မသီလ(အမျိုးသ္မီးများအတွက်အထူးငါးသီလ)
    ၃။ရှစ်ပါးသီလ
    ၄။ကိုးပါးသီလ
    ၅။ဆယ်ပါးသီလ
    ၆။အာဇီဝဋ္ဌမကသီလ
    ဥပုသ်(၄)မျိုး
    ၁။ပကတိဥပုသ်(ရှစ်ရက်လပြည့်လကွယ်နေ ့များတွင်စောင့်သည့်ဥပုသ်)
    ၂။ပတိဇာဂရဥပုသ်(ဥပုသ်နေ ့မတိုင်မီအကြိုတရက်စောင့်သည့်ဥပုသ်)
    ၃။အဓိဋ္ဌာန်ဥပုသ်(ရက်လနှစ်ပိုင်းခြား၍စောင့်သောဥပုသ်)
    ၄။ပါဋိဟာရိယဥပုသ်(ဥပုသ်အထွက်တရက်စောင့်သောဥပုသ်)
    အင်္ဂတ္ထိုရ်ပါဠိတော်ဒုတိယပဏ္ဏာသ၊မဟာဝဂ်၊ဥပေါသထသုတ်တွင်
    မြတ်စွာဘုရားကဝိသာခါအားဟောကြားသည့်ဥပုသ်(၃)မျိုးမှာ…
    ၁။နိဂဏ္ဌဥပုသ်
    ၂။ဂေါပါလဥပုသ်
    ၃။အရိယာဥပုသ်
    သင်္ဂဇာဆရာတော်၏ဥပုသ်(၃)ပါး၊ဩဝါဒများမှာ…
    ၁။ဘီလူးသီလ(မွန်းမတည့်ခင်မြင်မြင်သမျှအရသာ
    ဆီအိမ့်ချိုဆိမ့်ချဉ်ငံကောင်းဆိုးမကြွင်းဗိုက်တင်းအောင်စားသောက်ပြီးဥပုသ်စောင့်ခြင်းမျိုး)
    ၂။နဂါးဥပုသ်(စားသောက်မှုကိစ္စပြီးသောအခါတရားဘာဝနာ
    မပွားဘဲအစားအဆိမ့်တက်ကာထိနမိတ္တကြောင့်အိပ်ပျော်ကြူးလျှက်
    တရှူးရှူးဟောက်၍ဆောက်တည်သောဥပုသ်မျိုး)
    ၃။စာကလေးဥပုသ်(ထိုသို ့အိပ်ကောင်းတိုင်းအိပ်ပြီး,ညနေစောင်းလျှင်အိမ်ပြန်ချင်သောစိတ်ကူးဖြင့်
    ဖရှုးဖရှုးနှင့်စာကလေးပျံသလိုထ၍ပြန်ကြသောဥပုသ်ဆောက်တည်ပုံ)။။

  • aye.kk

    July 16, 2012 at 11:54 pm

    သီလ(၆)မျိုး
    ၁။ငါးပါးသီလ(နိစ္စသီလ)
    ၂။ကောမာရဗြဟ္မစရိယသီလ(အမျိုးသ္မီးများအတွက်အထူးငါးပါးသီလ)
    ၃။ရှစ်ပါးသီလ(ဥပုသ်သီလ)
    ၄။ကိုးပါးသီလ(ဥပုသ်သီလ)
    ၅။ဆယ်ပါးသီလ
    ၆။အာဇီဝဋ္ဌမကသီလ
    ဥပေါသထသီလ၊ရှစ်ပါးသီလစောင့်ထိန်းခြင်းနှင့်
    ပတ်သက်၍ဥပုသ်စောင့်ရက်(၄)မျိုးမှာ…
    ၁။ပကတိဥပုသ်(ရှစ်ရက်လပြည့်လကွယ်နေ ့များတွင်စောင့်သည့်ဥပုသ်)
    ၂။ပတိဇာဂရဥပုသ်(ဥပုသ်နေ ့မတိုင်မီအကြိုတရက်စောင့်သည့်ဥပုသ်)
    ၃။အဓိဋ္ဌာန်ဥပုသ်(ရက်လနှစ်ပိုင်းခြား၍စောင့်သောဥပုသ်)
    ၄။ပါဋိဟာရိယဥပုသ်(ဥပုသ်အထွက်တရက်စောင့်သောဥပုသ်)။
    အင်္ဂတ္ထိုရ်ပါဠိတော်ဒုတိယပဏ္ဏာသ၊မဟာဝဂ်၊ဥပေါသထသုတ်တွင်
    မြတ်စွာဘုရားကဝိသာခါအားဟောကြားသည့်ဥပုသ်(၃)မျိုးမှာ…
    ၁။နိဂဏ္ဌဥပုသ်
    ၂။ဂေါပါလဥပုသ်
    ၃။အရိယာဥပုသ်။
    သင်္ဂဇာဆရာတော်၏ဥပုသ်(၃)ပါး၊ဩဝါဒများမှာ…
    ၁။ဘီလူးသီလ(မွန်းမတည့်ခင်မြင်မြင်သမျှအရသာ
    ဆီအိမ့်ချိုဆိမ့်ချဉ်ငံကောင်းဆိုးမကြွင်းဗိုက်တင်းအောင်စားသောက်ပြီးဥပုသ်စောင့်ခြင်းမျိုး)
    ၂။နဂါးဥပုသ်(စားသောက်မှုကိစ္စပြီးသောအခါတရားဘာဝနာ
    မပွားဘဲအစားအဆိမ့်တက်ကာထိနမိတ္တကြောင့်အိပ်ပျော်ကြူးလျှက်
    တရှူးရှူးဟောက်၍ဆောက်တည်သောဥပုသ်မျိုး)
    ၃။စာကလေးဥပုသ်(ထိုသို ့အိပ်ကောင်းတိုင်းအိပ်ပြီး,ညနေစောင်းလျှင်အိမ်ပြန်ချင်သောစိတ်ကူးဖြင့်
    ဖရှုးဖရှုးနှင့်စာကလေးပျံသလိုထ၍ပြန်ကြသောဥပုသ်ဆောက်တည်ပုံ)။။

    • ဇောက် ထိုး

      July 17, 2012 at 6:36 am

      ကိလေသာကင်းစင်တဲ့ နေရာမှာငြိမ်းချမ်းစွာ နေထိုင်နိုင်အောင် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်……

      ဆရာတော်ဘုရား… ကိလေသာကင်းစင်တဲ့နေရာတစ်ခုလို့ သီးသန့်မရှိဘူးလို့ယူဆမိပါတယ်ဘုရား။ ကိုယ့်သန္တာန်မှာ ကိလေသာကင်းအောင်အားထုတ်လို့ ကိုယ့်မှာ ကိလေသာကင်းသွားတာမျိုးပဲရှိတယ်လို့ယူဆမိပါတယ်ဘုရား။

      ဒီအကြောင်းလေးကို အထူးလေးဂရုပြုမိတာကလဲ… ကျောက်သင်္ဘောဝါဒမှာ ခန္ဓာနဲ့နိဗ္ဗာန်တဆက် တည်း ဆိုတဲ့ ပြောဆိုမှုကို နိုင်ငံတော် သံဃမဟာနာယက ဝိနိစ္ဆယက ..
      အညေ ခန္ဓာ..အညာ နိဗ္ဗာနန္တိ..အာမန္တာ… ခန္ဓာနဲ့နိဗ္ဗာန် တခြားစီ ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ် ဘုရား။
      အဲဒီပါဠိကိုလဲ ကထာဝတ္ထုမှာပါတယ်ဆိုပြီးလုပ်လိုက်ပါတယ်ဘုရား…

      တကယ်တော့ အဲဒီပါဠိဟာ ပိဋကမှာ မပါဘူးလို့ သိရပါတယ်ဘုရား။ ဒီနေ့ သံဃမဟာနာယကကို ပိဋကမှာ မပါတဲ့ပါဠိ…မရှိတဲ့ပါဠိအတုနဲ့ ဆုံးဖြတ်ထားတာဆိုပြီး မကြာမကြာ ပြောတာဆိုတာ တင်ပြနေကြတာတွေ တွေ့ရှိနေလို့ တပည့်တော် အသိမှာ စွဲနေမိခြင်းလဲဖြစ်ပါတယ်ဘုရား…

      ထိုကြောင့် လူမှာကိလေသာကင်းသွားလို့ ကိလေသာကြောင့်ဖြစ်တဲ့ဒုက္ခမရှိခြင်းကိုပဲ ငြိမ်းချမ်းမှုလို့ဆိုရမည်ထင်ပါတယ်ဘုရား

      ကိလေသာကင်းနေတဲ့ နေရာတစ်ခု… အဲဒီနေရာရောက်သွားရင် ကိလေသာကင်းသွားစေတဲ့ နေရာတစ်ခုလို့ ရှိမည်မထင်ဟု တပည့်တော်ရဲ့ အယူအဆနဲ့ အမြင်ကို လျှောက်တင်မိပါတယ်ဘုရား….

      • နွေဦး

        July 17, 2012 at 1:23 pm

        ဦးဇောက်ရေ..
        ဆရာတော်က “ကိလေသာကင်းစင်တဲ့ နေရာမှာငြိမ်းချမ်းစွာ နေထိုင်နိုင်အောင် ”
        ဆိုတာ ကိလေသာဖြစ်စေတဲ့အကြောင်းတို့ ဖြစ်ပေါ်ခြင်း ကင်းစင် (နည်း)သောအရပ်ကို ဆိုလိုတာနဲ့တူပါရဲ့ဗျာ..။
        ပြောချင်တာ ဥပုသ် စောင့်ပြီး ရုပ်ရှင်ရုံထဲတို့ နိုက်ကလပ်ထဲတို့ သွားမထိုင်နဲ့ ပေါ့ဗျာ..ဟဲဟဲ..။

  • မမ အညာသူ

    July 17, 2012 at 9:47 am

    ဘုန်းဘုန်းဘုရား
    ခုလိုမသိတာလေးတွေတင်ပြပေးတဲ့အတွက်
    ကျေးဇူးအများကြီးတင်ပါတယ်နော်

  • MaMa

    July 17, 2012 at 9:31 pm

    ဝါတွင်းရောက်ခါနီး ဥပုသ်အကြောင်းလေး သိလိုက်ရလို့ ကျေးဇူးအထူးတင်ပါတယ် ဦးဇင်း ဘုရား။ [:)]

Leave a Reply