ကိုးကွယ်မှုမှ ရုန်းထွက်ခြင်း

jackalin jonginJuly 17, 20122min631

အများတကာလိုပဲ လောကအလယ်မှာ ယက်ကန်ယက်ကန်အသိတွေနဲ့ ရှင် သန်နေရတယ်ပြောရမလား။ နေနေရတယ်ပြောရမလား။ ဝါးဝေနေတဲ့ အသိတွေကို ဝေဝါး နေကြရတော့ ငြီးတာလိုလို ငွေ့တာလိုလို ။

လူတစ်ယောက်လူပီသဖို့ဆိုတာ မလွယ်ဘူးကွ….။ ဘာပညာတတ်မှ ဘာဘာ သာကိုးကွယ်မှ ဘာအလုပ် လုပ်မှနဲ့ အများပြောစကားတွေကို အားအား ယားယား လိုက်နာ ရင်း အများနဲ့ငါ ငါနဲ့အများ အတူတူလိုလို မတူဘူးလိုလို။

လောကက သင်ပေးတဲ့အသိနဲ့ တွက်ရတဲ့ အသက်ကလည်းကြီးလာပြီလို့ မြင် မိတော့…၊ ငယ်လာပြီလို့လည်း ပြောင်းပြန်လှန်ပြီးတော့ မစဉ်းစား။

ဘာမှန်းမသိ ညာမှန်းမသိဆိုတဲ့ စကားအတိုင်း ဘာမှန်းမသိတော့ ညာမှန် လည်း မသိဆိုတာလိုများ မသိတွေများ ပွားများနေမိရော့လား။

တချို့ပြောကြတယ် မသိတာကို မသိဘူးလို့ သိတာကကောင်းတယ် ပြောလို့ပြော၊ သိတာကို သိတဲ့အလျောက် မသိတာ မဟုတ်ဘူးလို့ သိတာက ကောင်းတယ်လို့ ပြောလို့ပြော။

သိနဲ့ မသိကို ခွဲခြမ်းတာလိုလို၊ စိတ်ဖြာတာလိုလို၊ အဓိပ္ပာယ်ဖွင့်တာလိုလို၊ အနက်ကောက်တာလိုလို၊ အရကောက်တာလို လို။
လောကကပေးတဲ့အသိနဲ့ စဉ်းစားကြည့်တော့ မသိတာကို မသိဘူးလို့ သိတာက သိတာကို သိနေတာနဲ့ အတူတူလား…။ ဒါမှမဟုတ် သိတာကို သိနေတာက မသိတာကို မသိဘူးလို့ သိနေတာ မတူဘူးလား။

ဘုရား…ဘုရားလို့ တပြီးတော့ပဲ လိုက်ပြီးတွေးရမလား…..။
အလကား အလကား ဆိုပြီးတော့ပဲ လွှင့်ပစ်လိုက်ရမလား…..။

ကုလားကမည်းတယ်။ တရုတ်ကဖြူတယ်။ ဗမာက ပုံမှန် ဒါက ဘာနဲ့တိုင်းတဲ့ အဖြူအမည်းနဲ့ ပုံမှန်လဲ…..။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ပညာ ဆိုတာ လူ့ဘဝသွားရာလမ်းကြောင်းမှာ

ရှုပ်နေရင် ရှင်းပေးဖို့ (ဓားနဲ့တူသလိုလို)

ကောက်နေရင် ဖြောင့်ပေးဖို့ (ပေနဲ့တူသလိုလို)

မောက်နေရင် နိမ့်ပေးဖို့ ( ဘိုဒူဇာနဲ့ တူသလိုလို)

နိမ့်နေရင်မြှင့်ပေးဖို့ (ဘက်ဖိုးနဲ့တူသလိုလို)

ကြမ်းနေရင် ချောပေးဖို့ ( ကော်ပတ်စားနဲ့တူသလိုလို)

ပူလွန်းနေရင် အေးပေးဖို့ ( အဲကွန်းနဲ့တူသလိုလို)

အေးလွန်းနေရင် နွေးပေးဖို့ ( အဲဝမ်းနဲ့တူသလိုလို)

ပညာဆိုတာ အဲသလို လူသွားလမ်းအတွက် ပြုပြင်ပေးတဲ့ အရာဆိုတော့ ပညာကလူကို သွားသာရုံ နေသာရုံလောက် ပဲလား…..။

ဘာလို့လဲဆိုတော့ ပညာက လူကိုဦးစီးပြီးတော့ လူ့ရဲ့ဆူးငြောင့်ခလုတ် အပူအအေး အကွေးအကောက်တွေကို ပြုပြင်ပေး ရုံလောက်မဟုတ်လား…..။

ဒီပြောချက်ဟာ မှားချင်မှားမှာပေါ့။ မှားရမှာပေါ့။ ဘာဖြစ်လို့လဲဆို ဒီဟာကို ပြောတဲ့သူဟာ လူဖြစ်နေလို့ပေါ့။ လူပဲ မှား စရာရှိရင် မှားခွင့်ရှိရမှာပေါ့…..။

အမှန်လည်း အဲသလိုပေါ့။ လူမို့ မှန်တာပေါ့။ လူမရှိရင် လူနဲ့ ပတ်သက်တဲ့ အမှားအမှန်ဟာ ဘာအသုံးကျတော့မလဲ…..။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ကိုးကွယ်ရတဲ့ ဘာသာဟာလည်း(သို့) ယုံကြည်ရတဲ့ ဘာသာဟာလည်း တမျိုးကြီးဗျ။ ဘာသာရေးရဲ့ အကြီးအကဲက တခြားနဲ့ မတူတဲ့ “ဘုရား” တဲ့ဗျ။ ဘုရားဆိုတာ လူဟုတ်တာလိုလို လူမဟုတ်တာလိုလို…..။

လူဆိုရင်လည်း လူလိုပဲ ဆက်ဆံဝေဖန်ပြောဆို နေထိုင်နိုင်ရမှာပေါ့။ လူတော့လူပေါ့ ဘုရားဆိုတဲ့ လူပေါ့လို့ ဆိုပြန်ရင် လည်း ဘာကြီးလဲဟလို့ မေးရမလိုလို…..။

လူတော့မဟုတ်ဘူး ဒါပေမယ့် လူမဟုတ်တာလည်း မဟုတ်ဘူး…..။ ထူးခြားတဲ့ အရည်အသွေးရှိလို့ သူ့ရဲ့ အသိဉာဏ် လမ်းညွှန်မှုကို မှီပြီး အေးချမ်းတည်ငြိမ်မှု ရတာမို့လို့ ဘုရားလို့ အမည်ပေးခံရတဲ့ လူတစ်ယောက်မို့တဲ့…..။

ဘုရားဟာ လူမဟုတ်ရင်လည်း ဝေးဝေးမှာနေရမှာပေါ့။ ဘာလို့လဲဆို လူမှမဟုတ်တာ…..။

လူဆိုရင်လည်း အေးချမ်းတည်ငြိမ်တဲ့အသိက သူတစ်ယောက်ပဲ သိခွင့်ရှိတာလား…..။

လူသားကမ္ဘာလောကကြီးမှာ သေသွားသူလူနဲ့ ရှင်နေသူလူအပါအဝင် နောင်လာမည့်လူတွေဟာ နည်းနည်းနောနော လား…..။

ဒီလောက်များတဲ့လူတွေထဲမှာ ဘုရားဆိုတဲ့သူ တစ်ယောက်တည်းကပဲ ဒီငြိမ်းချမ်းတဲ့အသိကိုပိုုင်တာလား….။

ကျန်တဲ့သူတွေကရော ဘုရားဆိုသူနဲ့ မဆက်စပ်ပဲ ငြိမ်းချမ်းမှု အသိတစ်ခုခု မရနိုင်ဘူးတဲ့လား…..။

ငြိမ်းချမ်းတဲ့ အရသာချင်းတော့ တူချင်မှ တူမှပေါ့လေ…..။

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

လူတွေဟာ နေရေး မစဉ်းစားပဲ သေရေးကိုပဲ အရေးတယူလုပ်ပြီး စဉ်းစားနေသူက စဉ်းစား…။ နေရေးအတွက်ပဲ စဉ်းစား နေသူက စဉ်းစား…။ နှစ်ခုစလုံးအတွက် စဉ်းစားနေသူတွေက စဉ်းစား….။ ဒီလိုတွေပဲ စဉ်းစားပြီး ဘဝရဲ့ ထွက်ပေါက်ဟာ ဘာလဲလို့ ဆိုတာကိုတောင် ခေါင်းထောင်ပြီး ကြည့်ဖို့ မကြိုးစားကြတော့ဘူး….။

ကိုယ့်ကို ကံကပဲဖန်ဆင်းသလိုလို ၊ ဘုရားသခင်ကပဲ ဖန်ဆင်းသလိုလို လူဟာကိုယ့်ကိုကလေးတောင်မှ ကိုယ်ပိုင်အဖြစ်မ ရှိနေတာ ကိုယ်ကဘာဖြစ်ခွင့်ရှိမှာမို့လဲ…..။

နေရရင်လည်း ကံနဲ့ ဘုရားသခင်ရဲ့ စိတ်တိုင်းကျ….။ သေရရင်လည်း ကံနဲ့ဘုရားသခင်ရဲ့ စိတ်တိုင်းကျဆိုတော့ ဒီကမ္ဘာ ကြီးမှာ အသိဉာဏ်အမြင်ဆုံးဆိုတဲ့ လူတွေဟာ ဘယ်နေရာမှာများ သွားပြီးမြင့်နေကြသလဲပေါ့….။

ဒါ ကျုပ်စဉ်းစားချက်ပေါ့….။ ကိုယ်ဟာ နဖားကြိုး အထိုးခံထားရတဲ့ သတ္တဝါတစ်ကောင်မှ မဟုတ်တာပဲ….။

ကိုယ့်ဘဝရဲ့ ဆရာဟာ ကိုယ်ပဲ…..။

ကိုယ့်ဘဝရဲ့ အရှင်သခင်ဟာ ကိုယ်ပဲ…..။

ကိုယ့်ဘဝရဲ့ လွတ်မြောက်မှုဟာလည်း ကိုယ်ပဲ…..။

ကိုယ့်ဘဝရဲ့ အောင်မြင်မှုဟာလည်း ကိုယ်ပဲ…..။

ကိုယ့်ဘဝရဲ့ ကျရှုံးနိမ့်ကျမှုဟာလည်း ကိုယ်ပဲ…..။

ကိုယ့်ဘဝရဲ့ ကိုယ့်ကိုယ့်ကိုယ်ကို ကိုယ့်အဖြစ်ကို ကိုယ်ဖြစ်အောင်လုပ်နိုင်တာဟာ ကိုယ့်ဘဝရဲ့ လူ့အဖြစ်ကို သရုပ်ပြတဲ့ ကိုယ့်ရဲ့အမြင်ပဲ မဟုတ်လား….။

One comment

  • Passing By

    July 18, 2012 at 11:50 am

    အကိုပြောတာ သဘောကျစရာကောင်းပါတယ်။ ထောက်လည်းထောက်ခံတယ်ဗျာ …။
    ဒါပေမယ့် ဒီလျှို့ဝှက်သိုင်းကျမ်း ကလူတိုင်းအတွက်မဟုတ်ပါဘူး လို့ထင်မိပါတယ်။ လူတိုင်းကျင့်ကြံလို့လည်းမရနိုင်ပါဘူး။ ဂိုဏ်းချုပ်ကြီးတွေ အတွက်သီးသန့်ကျင့်စဉ်တစ်ခုလို့မြင်မိပါတယ်။ လူတိုင်းမကျင့်ကြံနိုင်ပါဘူး။ တန်ရာတန်ရာဘဲတွေးနိုင်ကြပါတယ်။ လူတိုင်းကဂိုဏ်းချုပ် လုပ်ဖို့မွေးဖွားလာတာမဟုတ်ပါဘူး။ သန်း ရထောင်ကျော်တဲ့သူတွေမှာ ကုမ္ပဏီပိုင်ရှင်တွေ၊ CEO တွေ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်တာ ၁%နီးနီးပဲရှိပါတယ်။ ကျန်တဲ့ ၉၉.xxx% သောသူတွေမှာ ဒီလိုအတွေးမျိုးတွေ တွေးနိုင်ကြမှာမဟုတ်ပါဘူး။ တွေးမိရင်လည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အတွေးစက်ကွင်းက ကျဉ်းမြောင်းနေတာကိုး။ ဒါကြောင့်လည်း ဝန်ထမ်းတွေဖြစ်နေကြတာပေါ့ .. ။ ဒါကြောင့်လည်း တခြားသူတွေကို အပြစ်တင်နေကြတာပေါ့၊ ကံကိုယိုးမယ်ဖွဲ့နေကြတာပေါ့ ..။
    အဲ ၁% သောသူတွေကတော့ ဒီလိုတွေးနိုင်တဲ့အပြင် ဘာသာရေး၊ နိုင်ငံရေးကိုလည်း အသုံးချတတ်ကြပါတယ်။
    ပြီးတော့ ဘာသာရေး ကိုကိုးကွယ်တာ အပြစ်လို့မဆိုလိုနိုင်သလို အကို(Boss) အတွက် လည်း အကျိုးများနိုင်ပါတယ်။ လူကို နဖားကြိုးတပ်နိုင်တာ ဘာသာရေးတစ်ခုဘဲရှိတယ်လေ။

Leave a Reply