ELEVEN MEDIA GROP မှ သတင်း

အနုပညာရှင်နှင့် မော်ဒယ်များ အထူးသဖြင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ လွန်ကဲစွာ ဝတ်စားဆင်ယင်မှုများကို ထိန်းသိမ်းကြရန် လိုအပ်လာကြောင်း ပရိသတ်များနှင့် အနုပညာရှင်အချို့က ပြောဆိုကြပါသည်။

ပြည်တွင်းပြည်ပရှိ ဖျော်ဖြေပွဲများ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲများနှင့် အခြားသော ဂုဏ်ပြုဧည့်ခံပွဲများတွင် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ ဝတ်စားဆင်ယင်မှုများမှာ အများအမြင်၌ သင့်တော်မှုမရှိသည့်အပြင် မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များ အပေါ်တွင်လည်း ရိုက်ခတ်မှုရှိလာခြင်းကြောင့် ထိန်းသိမ်းရန် လိုအပ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

”အင်တာနက်သုံးတဲ့သူတွေ များလာတဲ့အခါမှာ အမျိုးသမီးသရုပ်ဆောင် မော်ဒယ်အချို့ရဲ့ဝတ်စားဆင်ယင်မှု လွန်ကျူးရဲတင်းတာတွေကို အလွယ်တကူပဲ တွေ့လာရပါတယ်။ အရင်တုန်းကတော့ ဖြတ်ညှပ်ကပ်ပုံတွေနဲ့ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး သံသယဖြစ်ခဲ့ရတယ်။ အခုတော့ တကယ်ဟုတ်နေတဲ့ ဝတ်စားဆင်ယင်မှုတွေ များလာတယ်။ တရားဝင်လုပ်တဲ့ ဖျော်ဖြေပွဲတွေမှာ အလွန်အကျူး ဝတ်ဆင်တာတချို့ရှိသလို ဧည့်ခံဖျော်ဖြေပွဲတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေမှာ တွေ့ရတဲ့ ဝတ်စားဆင်ယင်မှုတွေက အရမ်းရဲတင်းပြီး အလွန်အကျူး ဖြစ်လာတာတွေ များလာတယ်”ဟု အနုပညာ လောကနှင့် နီးစပ်သူတစ်ဦးက ပြောပြ ပါသည်။

အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ လွန်ကဲစွာဝတ်စား ဆင်ယင်မှုများသည် ယခင်နှစ်များက အနည်းငယ်သာရှိခဲ့သော်လည်း ယခုနှစ်များအတွင်း၌ ပို၍များပြားလာခဲ့ ကြောင်း သိရပါသည်။
”မြန်မာအနုပညာရှင်တွေရဲ့ ရုပ်ပျက်ဆင်းပျက် ဝတ်စားဆင်ယင်ပုံ တချို့ကိုမြင်တွေ့ရတာ စိတ်မချမ်းသာဘူး။ မြန်မာဆန်ဆန်ဝတ်စား ဆင်ယင်ရမယ်လို့ အမြင်တစ်ခုတည်း ဆွဲကိုင်ပြောတာ မဟုတ်ပါဘူး။ ခေတ်နဲ့ အလိုက်အထိုက်တော့ ဝတ်စားဆင်ယင်သင့်တာပေါ့။ နိုင်ငံခြားက အနုပညာရှင်တချို့ အဖော်အချွတ်တွေနဲ့ နေထိုင်နေကြတာကို သူ့လူမျိုး၊ သူ့စရိုက်မို့ စိတ်ထဲဘယ်လိုမှ မခံစားရပေမယ့် မြန်မာအနုပညာရှင်တွေ ကိုကျတော့ ကိုယ့်လူမျိုး၊ ကိုယ့်စရိုက်နဲ့ ယှဉ်တွဲတွေးမိပြီး ကြည့်ရတာ စိတ်မချမ်းသာမိပါဘူး”ဟု အမေရိကန်နိုင်ငံမှ မြန်မာပရိသတ်တစ်ဦးက ပြောပြခဲ့ပါသည်။

——————————————————————————–
ကိုယ့်ဝတ်စားဆင်ယင်မှု က ကိုယ့်ရဲ့ကိုယ်ကျင့်တရား ဘယ်အဆင့်အတန်း ရောက်နေသလဲဆိုတာ ကို ထင်ဟပ်စေတာမို့ သတိထား စေချင်ပါတယ်…

——————————————————————————–

”လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မှာ ဝတ်စားဆင်ယင်မှုကလည်း အရေး ပါတယ်။ ခေတ်ဆန်အောင်ဝတ်လို့ ရပါ တယ်။ ဖော်မှချွတ်မှ ခေတ်ဆန်တာ မဟုတ်ပါဘူး။ ပြောရရင်ရိုင်းနေမလား မသိဘူးဗျာ။ ကိုယ့်ဝတ်စားဆင်ယင်မှု က ကိုယ့်ရဲ့ကိုယ်ကျင့်တရား ဘယ်အဆင့်အတန်း ရောက်နေသလဲဆိုတာ ကို ထင်ဟပ်စေတာမို့ သတိထားစေ ချင်ပါတယ်”ဟု ပြည်တွင်းမှ ပရိသတ် တစ်ဦးကလည်း ပြောဆိုခဲ့ပါသည်။

ပြည်တွင်းတွင် ရှိနေစဉ်ကာလ အတွင်း၌ပင် လွန်ကဲသောဝတ်စား ဆင်ယင်မှုရှိခဲ့သည့် အနုပညာရှင်အချို့ မှာ နိုင်ငံခြားမှ ဖိတ်ကြားသောပြည်ပ ဖျော်ဖြေပွဲများသို့ သွားရောက်ကြသည့် အချိန်တွင် ပိုမိုရဲတင်းစွာ ဝတ်ဆင်ဖျော်ဖြေမှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လွန်ကဲသောဝတ်စား ဆင်ယင်မှုများအပေါ် ပရိသတ်များက ဝေဖန်ပြောဆိုခြင်းများအပြင် အနုပညာရပ်ဝန်းအတွင်းမှ အနုပညာရှင်များကလည်း လုပ်ဖော်ကိုင်ဘက် အနုပညာရှင်အချို့၏ ဝတ်စားဆင်ယင်မှု များအပေါ်တွင်လည်း သုံးသပ်ပြောဆိုခြင်းများလည်း ရှိနေခဲ့ပါသည်။ ”အခုခေတ်မှာဆိုရင် ချက်ချင်းကို ဗီဒီယိုဖိုင်က အင်တာနက်ဝက်ဘ် ဆိုက်တွေမှာတက်နေပြီ။ ဒါကြောင့် ကိုယ့်ဘာသာ ထိန်းထိန်းသိမ်းသိမ်းလေး ဝတ်စားဆင်ယင်နိုင်ရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်”ဟုလူငယ် အမျိုးသမီး သရုပ်ဆောင်တစ်ဦးကလည်း သူ၏အမြင်ကို ပြောဆိုခဲ့ပါသည်။

”အခုနောက်ပိုင်း ဝတ်စားဆင်ယင်မှုအပိုင်းတွေမှာ ခေတ်မီလာတာထက်ကို နည်းနည်းကျော်လာတာမျိုး တွေရှိလာတယ်။ မြန်မာတွေအမြင်နဲ့ မသင့်တော်တာမျိုးတွေ တွေ့နေရပါတယ်။ ဒီအတွက် ဝတ်စားဆင်ယင်မှု ကို နည်းနည်းသတိထားဖို့တော့ လိုလိမ့်မယ်”ဟု ဝါရင့်အမျိုးသမီး သရုပ်ဆောင်တစ်ဦးက ပြောပြသည်။

”ဝတ်စားဆင်ယင်မှုဆိုတာ အနုပညာရှင်တွေအတွက် အရေးကြီးပါတယ်။ ခေတ်လည်း မီရမှာပေါ့လေ။ ဒါပေမယ့် မြန်မာမျက်စိနဲ့ မသင့်တော်တာမျိုး၊ မတင့်တယ်တာမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်”ဟု အမျိုးသမီး သရုပ်ဆောင်တစ်ဦးကလည်း သူမ၏အမြင်ကို ပြောပါသည်။

အနုပညာရှင်များ၏ ဝတ်စား ဆင်ယင်မှု၊ ကိုယ်ကျင့်တရား ထိန်းသိမ်းမှုတို့အတွက် သက်ဆိုင်ရာအစည်းအရုံးများ အနေဖြင့် ပညာပေးစည်းရုံး သတိပေးမှုများ လုပ်သင့်ပြီဖြစ်ကြောင်း ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။

အနုပညာရှင်အချို့၏ လွန်ကဲစွာ ဝတ်စားဆင်ယင်သော အပြုအမူများသည် သာမန်ပရိသတ်များထံသို့လည်း ကူးစက်ရောက်ရှိလျက်ရှိနေပြီး အချိန်အခါ၊ နေရာဒေသနှင့် လျော်ညီမှုမရှိပဲ အရိုင်းဆန်သော ဝတ်စားဆင်ယူများ လည်း များပြားလာခဲ့ကြောင်း သိရသည်။

”အနုပညာရှင်တစ်ယောက်ရဲ့ နောက်မှာ သူ့ကို လေးစားအားကျတဲ့ စံနမူနာထားတဲ့ ပရိသတ်တွေအများ ကြီး ရှိနေပါတယ်။ သူ့ရဲ့ပြုမှုနေထိုင်မှု တွေက ပရိသတ်တွေအပေါ် အကျိုး သက်ရောက်မှု ရှိတယ်ဆိုတာကို သိထားသင့်ပါတယ်။ ခေတ်မီလို့၊ ခေတ်ဆန်လို့ ရပါတယ်။ ပြည်တွင်းမှာပဲ ဖျော်ဖြေသည်ဖြစ်စေ၊ ပြည်ပမှာပဲ ဖျော်ဖြေသည်ဖြစ်စေ ယဉ်ကျေးမှုမရှိတဲ့ အရိုင်းဆန်တဲ့၊ အမြင်ရိုင်းတဲ့ စရိုက် တွေ ဖြစ်မသွားအောင်တော့ ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်”ဟုလူငယ့်ရေးရာ စာပေများရေးသားနေသူ စာရေးဆရာ တစ်ဦးက ပြောကြားခဲ့ပါသည်။

4 comments

  • mgbakyaing

    July 1, 2010 at 4:15 am

    မြန်မာတစ်ယောက်အနေနဲ့တော့ ဝတ်စားဆင်ယင်မှုမှာ ခေတ်ကိုရိုးမယ်ဖွဲ့ပြီး ကိုယ့်ယဉ်ကျေးမှုပျောက်တော့မယ့်အဖြစ်ကို လုံးဝလက်မခံနိုင်ပါဖူး ခေတ်ဘယ်လိုတိုးတက်ပြောင်းလဲနေပါစေ ကိုယ့်ယဉ်ကျေးမှုုကိုတော့ အတက်နိုင်ဆုံးထိန်းသိမ်းရမှာက ကျွန်တော်တို့ မြန်မာလူငယ်တွ မြန်မာလူမျိုးတွေရဲ့ တာဝန်ပါ ကိုယ့်ရိုးရာကို ကိုယ်မထိန်းသိမ်းရင် ဘယ်သူလာထိန်းသိမ်းမှာလဲ ဗျာ

  • etone

    July 2, 2010 at 1:47 am

    အခုနောက်ပိုင်းထီဆိုင်ကလုပ်တဲ့ဂုဏ်ပြုပွဲတွေမှာဆိုလည်း ဝတ်ထားတာမမြင်ချင်မှအဆုံးပဲ ။ကိုယ့်အဆင့် ဘယ်လောက်ကျသွားလဲဆိုတာသတိမထားမိပဲ အိုက်တင်ကြီးပေးပြီးထိုင်နေတာ လူရယ်စရာတောင်ကောင်းတယ်။

  • rat

    July 2, 2010 at 10:22 am

    ဒါနဲ. တစ်ခုရှိသေးတယ်ဗျ…
    ခင်ဗျားတို.ကြည့်ဘူးကြလားမသိဘူး……. MRTV-4 က
    FMF ဆိုတာကို………. သူကပိုဆိုးသလားလို.ဗျ……… မင်းသမီးတွေဝတ်ထားတာကတော့
    အပျံစားတွေကြီးပဲ ……… နောက်တော့ဆင်ဆာဖြတ်တယ်လေ ။
    ကျုပ်အမြင်ပြောရရင်တော့ မလွှင့်ခင်ကတည်းက ဝတ်စားဆင်ယင်မှုကို ကြိုပြီးတော့သတိပေးထားသင့်တယ် ။
    ဟော…..လွှင့်လဲလွှင့်ရော အဖြုကွက်တွေကော……စပေါ့တွေကော….စုံနေတာပဲ ။ နောက်ပြီးတော့ရှိသေးတယ်..
    Sponsor ပေးတဲ့ကုန်ပဏီက ထုတ်တဲ့ပစ္စည်းကို လဲဆင်ဆာဖြတ်သေးတယ်ဗျ ….. သူကဘာတွေထုတ်ပြီးတော့
    ဘာတွေကြာ်ငြာလို.လဲမသိပါဘူးဗျာ……ကြည့်ရတာရှုပ်နေတာပဲ …… ဘာပဲပြောပြော အခုခေတ်မိန်းကလေးအဝတ်အစားတွေက
    အပေါ်ကိုတိုတက်လာတာတော့ အမှန်ပဲဗျ……

  • htethtet

    July 2, 2010 at 12:54 pm

    စိမ်ခေါ်နေကြပီလား?
    ဒါမှမဟုတ်
    ငါတို့ ယောကျင်္ားတွေကို ဘာထင်တာလဲ
    ဘာသဘောလဲ
    သောက်ပြသနာတက်မှ
    အမျိုးသမီးရေးရာကဝင်မှာလား? ခုတော့ အိပ်ချင်ဆောင်လိုက်အုံး
    စထဲက သူတို့က ကမြင်းပြီးစိမ်ခေါ်နေကြတာ

Leave a Reply