မမေ့နိုင်သော နေ့တစ်နေ့

Ko chogyiJuly 17, 20121min2743

ဟိုး….အရင်လွန်ခဲ့သော ကျွန်တော်၏ ငယ်ရွယ်စဉ်ကလေးဘဝ

မမေ့နိုင်တဲ့နေ့လေး တစ်ရက်ကို ပြန်သတိရမိတယ်

အဲဒီနေ့က ပတ်ဝန်ကျင်တစ်ခွင်လုံး အုံအုံ့မှိုင်းမှိုင်းနဲ့

မိုးသားတိမ်ရိပ်တွေကလဲ မဲညို့ပြီး အာကာတစ်ခွင်လုံး

ထိုးဖောက်မမြင်နိုင်အောင် အုပ်မိုးထားကြတယ်။

မိုးကလည်း ရွာမယ်ဆို သည်းသည်းမဲမဲ ရွာမချဘဲ

ကလေးငယ်တစ်ယောက် တန်ဖိုးထား မြတ်နိုးတဲ့ အရုပ်ကလေးတစ်ရုပ်

ပျောက်သွားတဲ့အခါ ဝမ်းနည်းပူဆွေး တမ်းတပြီး တအီအီနဲ့

ရှိုက်ကာရှိုက်ကာ ငိူကြွေးနေသလို တစ်စိမ့်စိမ့်နဲ့ တဖွဲဖွဲ ရွာနေတယ်လေ

အဲဒီလိုအချိန်မှာပဲ စူးရှထိတ်လန့်ဖွယ် ဥဩသံစူးစူးကိုကြားလိုက်ရတော့

မိုးထဲရေထဲ ဘယ်ကများမီးလောင်ပါလဲလို့ စဉ်းစားနေတုန်း

‘’ ညီလေး ဘာလုပ်နေတာလဲ မြန်မြန် မတ်တပ်ရပ်လေ” ဆိုတဲ့

ကျွန်တော်အစ်ကိုရဲ့ အလော်တကြီး ပြောဆိုသံကိုကြားတော့

ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နဲ့ ထရပ်လိုက်ပြီး

ကျွန်တော်အစ်ကို ကို ငေးကြည့်မိတာပေါ့။

ဥဩသံတွေ စဲသွားတော့မှ အစ်ကိုကြီးဘာဖြစ်တာလဲလို့မေးမိတယ်။

ညီလေးရေ အဲဒီဥဩသံတွေက မီးလောင်တာမဟုတ်ပါဘူး

“ အစ်ကိုကြီးတို့ အမိနိုင်ငံတော်ကြီးကို နယ်ချဲ့ကိုလိုနီတွေ၊ ကူညီချင်ယောင်

ဆောင်ပြီး ဂုတ်သွေးစုပ်အမြတ်ထုတ်၊ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်ခဲ့ကြတဲ့

တိုင်းတပါးသား အင်္ဂလိပ်နဲ့ ဂျပန်တွေကို အမိမြေပေါ်ကနေ မောင်းထုတ်ပြီး

လွတ်လပ်ရေးကို အရယူကာ နိုင်ငံအကျိုးကို ကိုယ်ကျိုးမရှာ စွန့်လွှတ်စွန့်စား

ခဲ့တဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့

ရတဲ့နေ့ (အာဇာနည်နေ့)မို့လို့ အထိမ်းအမှတ် ဥဩဆွဲတာပေါ့”

အဲဒီလိုဥဩတွေဆွဲပြီး ဘာလုပ်ကြလဲမေးကြည့်တော့ အာဇာနည်အထိမ်းအမှတ်

ကျောက်တိုင်တွေမှာ ချီတက် စီတန်းပြီ လွမ်းသူပန်းခွေချ၊ အလေးပြုကြတာလို့

သိလိုက်ရတယ်။ အထိမ်းအမှတ် ကုသိုလ်ပြု အမျှပေးဝေတဲ့ အနေနဲ့ ဆွမ်းကပ်

လှူဒါန်းတာတွေလဲလုပ်ကြတယ်လို့ ပြောပြတယ်။

နောင်နှစ်အနည်းငယ်အကြာ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဘဝ

ရောက်တော့ ကျောင်းဝတ်စုံ(အဖြူ၊အစိမ်း)လေးနဲ့ ချီတက်အလေးပြုခွင့်

ရလာခဲ့တယ်။

အဲဒီနေ့ကို ကျွန်တော်တစ်သက် ဘယ်တော့မှ မမေ့နိုင်ပါဘူး။

( ဗိုလ်ချုပ်နှင့် တစ်ကွ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူအားလုံးကို

အစဉ်လေးစား ဂုဏ်ယူ ဦးညွှတ်လျှက်)

3 comments

  • စိန်ဗိုက်ဗိုက်

    July 17, 2012 at 12:18 pm

    မှန်၏ ကိုပီချိုခင်ဗျား..
    ဘယ်တော့မှ မမေ့နိုင်ပါ…
    ဥဩသံ မကြားရတော့တောတော့ တစ်မျိုး စိတ်မကောင်းသလိုပဲဗျား

  • အေးဗျာ ကျနော့်အသက်(၁၄-၁၅)လောက်ထိကို ကြားဖူးပါသေးတယ်။
    နောက်ပိုင်း စစ်အာဏာရှင်တွေက အမေ မေ့အောင်လုပ်လိုက်ကြတာ
    ကို ခံရခက်လှပါတယ်ဗျာ။

    • P chogyi

      July 17, 2012 at 3:49 pm

      အစိုးရအသစ် လက်ထက်မှာ ပြန်ပြီး
      အကောင်အထည်ဖော်နိုင်ရင်ကောင်းမယ်
      အာဇာနည်ဗိမာန်ဒီဇိုင်း ပြန်ပြင်မယ့်
      ဦးဆန်းဝင်းတို့ တစ်ခါတည်းတင်ပြပေးရင် ဖြစ်နိုင်မှာပါ။

Leave a Reply