အမှန်ပြောရင်သံယောဇဉ်

ပြေးနေတဲ့ ခြေလှမ်းတွေက အလိုလို သယ်ဆောင်သွားသလိုပါ။ အမှတ်မဲ့၊ စည်းချက်ကျ ခြေလှမ်းတွေကြောင့် ကျုပ်ရဲ့အိမ်ရှေ့ကို အမြန်ဆုံးရောက်လာတယ် ထင်မိတာပဲ။ တစ်ဒုန်းဒုန်း ခုန်နေတဲ့ ကျုပ်ရင်ဘတ်ထဲက နှလုံးသားဟာ အပြင်ကိုတိုးထွက်ဖို့ တာဆူနေတယ်။ အသက်ရှူသံ တဟဲဟဲက ကိုယ်ဘာသာကိုယ်တောင် နားညီးလာနေပြီ။ အိမ်ရှေ့ကပြင်လေးအောက် အသာတိုးဝင်လိုက်တယ်။ ခွေကနဲလှဲချလိုက်တာလား လဲကျသွားတာလားတောင် မဝေခွဲလိုက်နိုင်ဘူး။ နားရွက်တစ်ဖက်က တစ်စက်စက်ကျနေတဲ့ သွေးတွေဟာ ကျုပ်ရဲ့လက်ပေါ်ကတဆင့် မြေကြီးပေါ် တပေါက်ပေါက် ကျနေလေရဲ့။ ညာဖက်လက်ကို အသာငုံ့ပြီး လျှာနဲ့လျှက်နေမိတယ်။ စွတ်စွတ်စိုနေတဲ့ စေးပျစ်ပျစ်သွေးတွေက လျှာပေါ်ကို အလိုက်သင့်ပါမလာဘူး။ ကွဲသွားတဲ့ လက်အရေပြားက သွေးစေးတွေနဲ့ ကပ်ခဲနေလို့ လျှက်လိုက်တိုင်း တစစ်စစ်နာနေတာပဲ။ ခုမှသတိထားမိတာက နောက်ခြေတစ်ဖက်ကလည်း အရမ်းနာနေပြီ။ ဒါပေမယ့်….ဒီအပြင်က နာနေတဲ့ ဒဏ်တွေဟာ ကျုပ်ရင်ထဲက နာတာနဲ့စာရင် အပရိက ပါပဲ၊ တကယ်ကို…ရင်ထဲကနာတယ်၊ ကျုပ်ရင်ဘတ်ကြီးထဲကကို နာနေတယ်…။
×××××××××××××××××××××××××××××××××××
စိတ်ညစ်ညစ်နဲ့ ရှေ့ကိုမေးထိုးပြီး ဝပ်နေလိုက်တုန်း ကျုပ်နံမည်ကို ခေါ်သံသဲ့သဲ့ ကြားလိုက်ရတယ်။ နားရွက်ကို အသာထောင်ပြီးနားအစွင့်
“ရွန်းနီ..ရွန်းနီ..သား..ဘယ်များသွားနေတာတုန်း”
ခေါ်သံအဆုံး ကျုပ်လဲ “ဝုန်း” ကနဲ တိုးထွက်လိုက်တယ်။ အခါတိုင်းလိုမှတ်ပြီး သတိလက်လွတ် အထွက်မှာ ဒဏ်ရာတွေကနာလာတာနဲ့ “အီ..အီ” တစ်ချက် ညည်းမိသွားတယ်။

“သား..ရွန်းနီ..မင်းဘာဖြစ်လာတာတုန်း..မင်းတော့ ရန်ဖြစ်လာပြန်ပြီနဲ့တူတယ်..လာခဲ့..လာခဲ့ မင်း ဆေးထည့်မှ ဖြစ်မယ်”

ပြောလည်းပြော ကျုပ်ကိုလည်း ဆွဲခေါ်သွားတဲ့ ကျုပ်သခင်နောက်ကို လိုက်သွားရင်း တွေးနေမိတယ်။ ကျုပ်အကြောင်းစတွေးလိုက်တိုင်း ငယ်ငယ်က ဘဝတွေကိုပါ ပြန်သတိရလာတတ်တာပေါ့။ မှတ်မိသေးတယ်…ကျုပ်ငယ်ငယ်က အမေရဲ့နို့တောင် ဝအောင်မစို့ရသေးဘူး၊ ခုကျုပ်ရဲ့သခင်နဲ့တွေ့တာ။ ကျုပ်တို့ကို အမေက ရိပ်သာဘုန်းကြီးကျောင်းဘေးမှာ မွေးတာ။ ကျုပ်တို့အားလုံးစုစုပေါင်း လေးကောင်ပေါ့။ အမေကိုယ်တိုင်ကလည်း သခင်မရှိရှာတော့ ဟိုကပ်စား၊ သည်ကပ်စား လမ်းဘေးနေတဲ့ အလေအလွင့် ဘဝ။ သူ့ဝမ်းသူဝအောင်မနည်း ရှာဖွေရုန်းကန်နေရင်း ကျုပ်တို့လေးကောင်ကိုလည်း နို့တိုက်ရသေးတော့ နံရိုးအပြိုင်းပြိုင်းနဲ့ ဖြစ်နေတာ။ ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မသိဘူး၊ ကျုပ်တို့အရွယ်တောင်ကောင်းကောင်း မရောက်သေးဘူး ကျုပ်ညီအစ်ကို အစ်မတွေက တစ်ကောင်ပြီးတစ်ကောင် မတွေ့ရတော့ဘူး။ ကျုပ်တို့တွေကလည်း အဝါနဲ့ အဖြူစပ် နားရွက်ကုပ်ကုပ်လေးတွေနဲ့ဆိုတော့ မွေးချင်သူတွေက ယူယူသွားကြတာ။ နောက်ဆုံးတော့ ကျုပ်တစ်ကောင်ထဲ ဘယ်လိုကျန်နေခဲ့လည်း မသိတော့ပါဘူး။ တစ်ရက်မှာတော့ ကျုပ်အမေကိုမြင်လို့ နို့စို့ရအောင်ပြေးအသွား၊ ကျုပ်အမေကလည်း ကျုပ်ဆီကို လမ်းကူးအလာ ကားတစ်စင်းက အမေ့ကိုဖြတ်တိုက်ချသွားတာပဲ၊ ကျုပ်လဲလန့်ပြီးနောက်ပြန်ပြေးတော့တာ..ခဏနေလို့ အမေ့ဆီသွားလိုက်တော့ အမေကသွေးအိုင်ထဲ ငြိမ်နေပြီ။ ကျုပ်လည်းဗိုက်ကဆာနေတော့ နားမလည်တော့ဘူး၊ မထွက်တထွက် အမေ့နို့ကို အားရပါးရ စို့နေခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျုပ်သခင်နဲ့ စတွေ့တာပေါ့။ သခင်က ကျုပ်ကို ညင်ညင်သာသာလေး ကောက်ပွေ့ခေါ်သွားပြီး မွေးထားခဲ့တော့တာပါပဲ။

သခင်က ကျုပ်ကို တော်တော်ဂရုစိုက်ရှာတယ်။ ကျုပ်ကိုစမွေးတဲ့နေ့က မှတ်မှတ်ရရ အင်္ဂလန်အသင်းနဲ့ ပေါ်တူဂီအသင်း ကန်တဲ့နေ့၊ မန်ချက်အသင်းသားတွေဖြစ်တဲ့ ရွန်းနီနဲ့ စီရော်နယ်ဒိုတို့ ငြိကြတဲ့ပွဲ ကန်ပြီးတဲ့မနက်မှာ ကျုပ်ကိုခေါ်လာခဲ့တာ။ ကျုပ်သခင်က အင်္ဂလန် ပရိသတ်ဆိုတော့ ကျုပ်နာမည်လဲ “ရွန်းနီ”ဖြစ်သွားတာပေါ့ဗျာ။ သခင်ကဂရုစိုက်တော့ ကျုပ်လည်း တသွေးတမွေးဖြစ်လာခဲ့တာပေါ့။ ကျုပ်အတွက်လည်း သခင်က အားကိုးစရာဆိုတော့ အရမ်းခင်တွယ်တာပဲ။ သူသွားလေရာ အမြဲနောက်က တကောက်ကောက်လိုက်တယ်၊ သတင်းစာလာရင် သခင့်ဆီ ကိုက်ချီပေးသွားတတ်တယ်။ ပြီးတော့ ကျုပ်သခင် ဘုရားကန်တော့ရင် ဘေးမှာဝပ်ပြီး အမြဲငြိမ်နေတာကို သခင်ကလည်း အရမ်းသဘောကျတယ်။ သူကန်တော့ပြီးလို့ အမျှဝေ ကြေးစည်တီးရင် ကျုပ်ကလည်း မနေနိုင်ဘူး။ ဆွဲဆွဲငင်ငင်နဲ့ အော်ပစ်လိုက်တာ။ဒါကိုလည်း ကျုပ်သခင်က လူစုံရင် ကြွားစရာကိုဖြစ်နေတော့တာပါပဲ။ ဒီလိုနဲ့ ကျုပ်အရွယ်ရောက်လာတဲ့အချိန် သခင်ကလည်း အခုနေတဲ့ တောင်ပေါ်မြို့ကလေးဆီ ပြောင်းလာတော့တာ။ ကျုပ်ကိုလည်း တစ်ပါတည်း ခေါ်လာတာပေါ့။

×××××××××××××××××××××××××××

ဒီမြို့ကို စရာက်ခါစက အတော်နေရခက်တာ။ ကျုပ်က အညာမှာမွေးတာကိုး၊ အမွှေးကခပ်ပါးပါးဆိုတော့ အအေးဒဏ်ကို လိမ့်နေအောင်ခံရတာ။ ဘယ်မှလဲမသွားတတ်တော့ အိမ်ထဲက သခင့်ခြေရင်းမှာပဲ အမြဲဝပ်နေရတာ။ တဖြည်းဖြည်းနဲ့ ကြာလာတော့ ဒီမြို့လေးက ကျုပ်နဲ့ သိပ်မစိမ်းတော့ဘူး။ ကျုပ်တို့နေတဲ့အိမ်ရှေ့က လမ်းပြေပြေလေးအတိုင်း တက်သွားလိုက်ရင် ထင်းရှူးပင်တွေ အုပ်ဆိုင်းနေတဲ့ တောင်ကုန်းရပ်ကွက်လေးတစ်ခုဆီရောက်တယ်။ ခြံကျယ်၊ ဝင်းကျယ်ကြီးတွေနဲ့ လူကုံဓံတွေ နေကြတာလေ။ ကျုပ်ကလည်း အပြင်ထွက်ရရင် ဘယ်မှမသွားဘူး၊ အိမ်ရှေ့ကလမ်းလေးအတိုင်း တောင်ကုန်းလေးပေါ် ပြေးတက်နေကျပဲ။ လမ်းလေးကလည်း သန့်ရှင်းပြောင်လက်နေတတ်ပြီး ကျုပ်ကိုရန်မူမယ့် အလေအလွင့်တွေမရှိတော့ ကျုပ်အတွက် ငြိမ်းချမ်းနယ်မြေပေါ့။ မှတ်မိနေသေးတယ်၊ ဒီလမ်းလေးကို စသဘောကျပြီး သွားတတ်ခါစ ရက်ပိုင်းလောက်ကပေါ့၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဖြစ်လိမ့်မယ်။ ကျုပ်လည်း အေးအေးလူလူ ဟိုကြည့်သည်ကြည့်၊ ဟိုနမ်းဒီနမ်းလုပ်ရင်း တောင်ကုန်းလေးဆီ ခပ်ဖြေးဖြေးတက်လာခဲ့တာပေါ့။ ပြီးတော့ ကျုပ်စိတ်ဝင်စားတဲ့ ခြံကျယ်ကြီးရှေ့မှာ ယောင်ပေပေ ရပ်နေမိတယ်။ ဒီအချိန် ခြံကြီးထဲက ကားတစ်စင်းမောင်းထွက်သွားပြီး ဝင်းတံခါးကြီးက ပွင့်လျှက်သားကျန်နေခဲ့တာ။ ချက်ချင်း ပြန်မပိတ်ကြသေးတော့ စပ်စုချင်တဲ့ကျုပ်စိတ်ကို မထိန်းလိုက်နိုင်ဘူး။ ခြံထဲကို စွေ့ကနဲ ဝင်သွားလိုက်မိတာပေါ့။ ဟာ..ဘာပြောကောင်းမလဲ၊ လှချက်ကတော့ အလွန်ပဲ၊ ကျုပ်ဆိုတဲ့ကောင်ကလည်း အညာမှာမွေးတာဆိုတော့ ဒီလိုမြင်ကွင်းမျိုး ကောင်းကောင်းမမြင်ဘူး..ဘူး။ တောင်ကုန်လေးပေါ်က အိမ်ကြီးက ဟီထနေတယ်။ ကျန်နေရာလွတ်တွေမှာက မြက်ခင်းစိမ်းစိမ်းနဲ့ အလှပန်းပင်တွေအပြည့်။ ပန်းတွေကလည်း အရောင်မျိုးစုံ ပွင့်နေကြတယ်။ အိမ်ကြီးနောက်ဖက်မှာက ထင်းရှူးပင်တွေက တောအုပ်လေးတစ်ခုလို ဖြစ်နေတာ။ ပန်းရနံ့လေးတွေ၊ လတ်လတ်ဆတ်ဆတ် မြက်စိမ်းနံ့လေးတွေကို တဝကြီးအနံ့ခံနေရင်း လိပ်ပြာလေးတွေကို ငေးနေမိတယ်။ စိတ်ထဲမှာတော့ ခုန်ပေါက်ပြီး အားရပါးရ ပြေးချင်စိတ်တွေက ထိန်းမနိုင် သိမ်းမရ ဖြစ်နေတာပေါ့။ အလိုလိုနေရင်း မြူးလာတယ်။

ဒီအချိန်မှာ တစ်စုံတစ်ခုက ကျုပ်ကိုပစ်တိုက်လိုက်လို့ ဘေးကိုခွေကနဲ လဲကျသွားတာပေါ့။ အဲ့ဒါ “ညိုမ”နဲ့ ကျုပ်နဲ့စတွေ့တဲ့ ဇာတ်လမ်းအစပါပဲ။ အမှတ်တမဲ့ ကျုပ်ခံလိုက်ရတော့ စိတ်ထဲက ထောင်းကနဲဖြစ်သွားပြီး တုန့်ပြန်ဖို့ အသင့်အနေအထားဖြစ်သွားတယ်။ အမွှေးညိုညိုရှည်ရှည်လေးတွေက မျက်နှာကို ဝေ့ဝဲဖုန်းထားသလို ပို့ယို့ပါးယားကျနေတယ်။ မျက်လုံးညိုညိုကြီးတွေက တလက်လက်အရောင်တွေတောက်နေသလိုပါပဲ။ အရပ်က ကျုပ်ထက်သိသိသာသာ မြင့်နေပေမယ့် အသက်ကတော့ အတော်ငယ်သေးပုံရတယ်။ နိုင်ငံခြားမျိုးမို့ ထွားနေပေမယ့် ကလေးငယ်လို ကစားချင်တဲ့ပုံလေးက ချစ်စရာကောင်းနေပြန်ရော။ လက်နှစ်ဖက်ကို ရှေ့ဆင်းထားပြီး နောက်ခြေက မြင့်ထားတယ်၊ ခေါင်းလေးကို ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်လုပ်နေရင်း ကျုပ်ကိုကြည့်နေတဲ့ ပုံစံလေးက မျက်စေ့ထဲကကို မထွက်ပါဘူး။ ကျုပ်ကိုပြေးဝင်တိုက်လိုက်လို့ ထွက်လာတဲ့ဒေါသတွေကလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။ တွေပြီးငေးကြည့်နေရင်း သူ့ကိုနာမည်တစ်ခု ကျုပ်စိတ်ထဲက ချက်ချင်းပေးလိုက်မိတယ်။ “ညိုမ” တဲ့..ဘယ်လောက်ဗမာဆန်လဲနော်။ နိုင်ငံခြားသူကို ပေးမိတဲ့နာမည်၊ ဘာသာသဘောကျနေတာပေါ့။

××××××××××××××××××××××××××××××××

ဒီလိုနဲ့ပဲ ကျုပ်တို့သံယောဇဉ် အမျှင်တန်းခဲ့ကြတာပါ။ “ညိုမ” နဲ့ကျုပ်နဲ့ မြက်ခင်းပြင်ကြီးပေါ် ပြေးခဲ့ကြဘူးတယ်။ နှစ်ကောင်ယှဉ်ပြေးနေရင်း “ညိုမ” ကသူ့ကိုယ်လုံးနဲ့ ကျုပ်ကိုဝင်ဝင်တိုက်လိုက်ရင် ယိုင်ယိုင်သွားတာကို သူကသိပ်သဘောကျတာ။ ပြီးတော့မှ လဲသွားတဲ့ကျုပ်ကို သူ့လျှာကြီးနဲ့ အားရပါးရ လျှက်ပေးတတ်သေးတယ်။ အေးရတဲ့ကြားထဲ သူလျှက်ပေးတော့ ပိုအေးပေမယ့် ငြိမ်နေတတ်တာကလည်း ကိုယ်ဘာသာကို နားမလည်နိုင်အောင်ပဲ။ ကျုပ်ကလည်း အားတိုင်း”ညိုမ”တို့ ခြံရှေ့ရောက်လာတတ်တာက အကျင့်ဖြစ်နေပြီလေ…။ခြံနောက်ဖက် ပုဏ္ဏရိပ်ပင်တန်းတွေအောက်က သံဇကာကြားမှာ ဝင်ပေါက်တစ်ခုက ကျုပ်အတွက် အဝင်အထွက် တံခါးမရှ၊ိ ဓားမရှိပေါ့လေ။ “ညိုမ” ပုံစံကလည်း အချိန်တန်လို့ ကျုပ်ရောက်မလာရင် မျှော်နေသလိုပဲ။ အပေါက်ထဲကကျုပ်တိုးဝင်လိုက်ရင် ရှေ့မှာအမြဲထိုင်စောင့်နေတာ တွေ့နေရတတ်တယ်။ တကယ်ကို ပျော်စရာ အချိန်တွေပါပဲ။ ကျုပ်တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ပျော်မြူးစရာအချိန်တွေ ဆိုတာ မရှိခဲ့ဘူးပါဘူး။ လိပ်ပြာလေးတွေကို မမှီမကမ်း လိုက်ဖမ်းရတာတွေ၊ သစ်ရွက်ကြွေတွေကို လိုက်ဟပ်ရတာတွေက “ညိုမ” အကြိုက်ဆုံး အလုပ်တွေပေါ့။ ကစားပြီးမောလာရင် ကျုပ်ဆီကို ကျောနဲ့ကပ်ကပ်ပြီး အယားဖြောက်ခိုင်းရတာလဲ သူ့အကျင့်။ ကျုပ်ကလည်း မမောမပန်း လုပ်ပေးနေကျ ကိစ္စတွေပါလေ။

အခုတစ်လော ဘာဖြစ်မှန်းမသိဘူး၊ “ညိုမ”အနားရောက်ရင် ကျုပ်ရင်တွေ အရမ်းတုန်နေတတ်တယ်။ ကိုယ်ဘာသာလည်း နားမလည်ဘူး။ အယင်က ညနေစောင်းရင် ကျုပ်သခင်ကမျှော်နေမယ်ဆိုတာ သတိရပြီးပြန်ပြေးနေကျပေါ့။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ပြန်ကိုမပြန်ချင်ဘူးဖြစ်နေတာ။ သူလည်း တစ်ခုခုတော့ ဖြစ်နေသလိုပဲ။ ကျုပ်ကို ပွတ်သီးပွတ်သပ် ပိုလုပ်လုပ်နေတတ်တယ်။ တစ်နေ့ကတော့ ဖြစ်ပုံပြန်မပြောချင်တော့ဘူး။ တုန်ရီမောဟိုက်နေတဲ့ “ညိုမ”ရဲ့နဖူးကို အသာအယာလျှက်ပေးနေတဲ့ ကျုပ်ကိုယ်တိုင်ကလည်း မောပန်းနွမ်းနယ်နေတာပါ။

×××××××××××××××××××××××××××××××

ဒီနေ့ နေ့ခင်းကအဖြစ်တွေက တရေးရေး မတွေးပဲ မြင်ယောင်နေတယ်။ သခင်အလစ်မှာ မိုးတွေပေါက်ပေါက်ကျနေတဲ့ကြားက “ညိုမ”တို့ခြံဆီ ပြေးလာခဲ့တယ်။ စိတ်ကလောနေတော့ ဘယ်လိုကနေ ဘယ်လိုရောက်သွားတယ်ကို သတိမထားမိလိုက်ဘူး။ ခြံစည်းရိုးကြားက အပေါက်လေးအတိုင်း တိုးဝင်လိုက်တယ်။ မိုးကလည်းတိတ်သွားပြီဆိုတော့ “ညိုမ” မျှော်နေလောက်ပြီ တွက်ထားတာပေါ့။ အထင်နဲ့ လက်တွေ့ တစ်ခြားစီဖြစ်သွားတယ်။ ကျုပ်လည်းရောက်သွားရော မမျှော်လင့်တဲ့ ဆီးကြိုမှုနဲ့တွေ့လိုက်ရတာ။ ခြံဝင်းထောင့် “ညိုမ”နေတဲ့အိမ်လေးဆီကနေ ကျုပ်တစ်ခါမှမမြင်ဘူးတဲ့ “ညိုမ”တို့နဲ့ အမျိုးတူတစ်ကောင်းက မာန်ဖီပြီး ကျုပ်ဆီတဟုန်ထိုး ပြေးလာနေတာတွေ့လိုက်ရတယ်။ အရပ်ကလည်း ကျုပ်နှစ်ပြန်လောက် ရှိကောင်းရှိလိမ့်မယ်။ ကျုပ်လည်းဗြုန်းဆိုတော့ ကြောင်ပြီးရပ်နေလိုက်မိတာက အမှားဖြစ်သွားတယ်။ ကျုပ်လည်း သတ္တိကတော့ မသေးပါဘူး။ ခံတော့ချသေးတယ်၊ ဒါပေမယ့် အင်အားချင်းကမမျှတော့ တော်တော်နာနေပြီလေ။ ကျုပ်ထိရာမိရာကိုက်ဆွဲထားပေမယ့် သူ့အမွှေးထူထူကြီးတွေကို ဘယ်တိုးပေါက်မလဲ။ သူကိုက်ချက်ကတော့ တစ်ချက်ဆိုတစ်ချက် ဆိုသလောက်ပါပဲ။ ဒီအချိန်ကျုပ်က “ညိုမ”ကို တောင့်တနေသေးတယ်။ သူများလာကူမလားဆိုတဲ့ မျျော်လင့်ချက်နဲ့ပေါ့။ ကျုပ်လည်း အားအင်တွေ တဖြည်းဖြည်း ဆုတ်ယုတ်လာသလိုပါပဲ။ ဒီအချိန် ခြံစောင့် အဖိုးကြီးရောက်လာပြီး ကယ်လိုက်လို့ မသေတာမှတ်တယ်။ ကျုပ်လည်း ခြံအပြင်အထုတ်ခံလိုက်ရပြီး ပြန်လာခဲ့ရတော့တယ်။”ညိုမ”အရိပ်အယောင်ကိုတော့ မမြင်ခဲ့ရတာ ရင်ထဲကနာတယ်…ကျုပ်ရင်ဘတ်ကြီးထဲကကို နာတယ်။
×××××××××××××××××××××××××××××
နေ့ခင်းကတည်းက ကျုပ်သခင်က ဆေးထည့်ပေးပြီး ကျုပ်ကိုဝရံတာပေါ်မှာ သိပ်ထားခဲ့တာ။ ဒဏ်ရာတွေကလည်း သွေးအေးလာလေ နာလာလေပဲ။ အိပ်လို့လည်းမရတော့ “ညိုမ”အကြောင်းပဲ တွေးနေမိတာပေါ့။ တွေးလေ တွေ့ချင်စိတ်က ပြင်းပြလာလေပါ။ နောက်ကျိကိုက်ခဲနေတဲ့ ခေါင်းကိုမနည်းထူယူရတယ်။ အချိန်ကတော့ မှောင်လုမှောင်ခင်။ ကျုပ်သခင်ကတော့ သူ့အခန်းထဲမှာ စာဖတ်နေရောပေါ့လေ။ မိုးကလည်း တစိမ့်စိမ့်ရွာချနေတုန်း။ ကျုပ်စိတ်ကို ဘယ်လိုမှ ထိန်းမရတော့ပါဘူး။ သခင်အသံ မကြားရအောင် အောက်ကို ဖြေးဖြေးဆင်းလာခဲ့တော့တယ်။ ပြောလို့သာပြောရတာပါ အမြန်လည်း မလှုပ်ရှားန်ိုင်ဘူးလေ။ မိုးရေစက်တွေက ကျုပ်ကိုယ်ပေါ် တဖျောက်ဖျောက် ကျနေတယ်။ လေကလည်းတစ်ချက်တစ်ချက် ဝေ့လိုက်ရင် အသည်းခိုက်လုမတတ် အေးစက်စူးရှနေသေးတာ။ ကျုပ်လည်း မမှောင့်တမှောင် လမ်းအတိုင်း တောင်ကုန်းလေးရှိရာဆီ လာနေမိတယ်။ စိတ်တွေကတော့ “ညိုမ”ဆီမှာဆိုတာ မပြောလည်း သိကြမှာပေါ့။ အယင်က ပုံရိပ်တွေ၊ ပူလောင်ချိုမြိန်မှုတွေက မရောက်ရောက်အောင် တွန်းပို့ပေးနေသလိုပါ။ ကျုပ်လည်း ခြံအနောက်ဖက် ဝင်နေကျနေရာလေးဆီ တရွေ့ရွေ့ လျှောက်လာခဲ့တယ်။ ပုဏ္ဏားရိပ်ပင်တန်းအောက်က တိုးဝင်မယ်လုပ်တော့ အပေါက်က မရှိတော့ဘူး။ နေရာကတော့မလွဲပါဘူး။ ကျုပ်အမြဲတိုးနေကျဟာကို၊ မျက်စေ့မှိတ်တိုးတောင် မလွဲတာ သိနေတာပဲ။ ခုတော့ မရတော့ဘူး၊ သူတို့ သံဇကာအသစ်နဲ့ ပိတ်ပြီးသွားတာ ဖြစ်မယ်။ တွေ့ချင်ဇောနဲ့ ကျုပ်လည်းဇွတ်တိုးမိနေတာ။ ဘယ်လိုမှ မရဘူး။ လက်တွေနဲ့ ကုတ်ခြစ်ဖဲ့လည်း အားကမရှိတော့ အရာမရောက်ဘူးလေ.။ နှုတ်သီးနဲ့ထိုး၊ ကိုယ်လုံးနဲ့တိုက် ဘယ်လိုမှ ကြိုးစားလဲ ပင်ပန်းတာပဲ အဖတ်တင်တော့တယ်။ မဖြစ်နိုင်လေ တွေ့ချင်စိတ်က စေ့ဆော်လေနဲ့ ပင်ပန်းလွန်းလှပြီ။ မိုးကလည်း အညှာတာမဲ့ ပိုသည်းလာနေတယ်။ နေရာတွေမျိုးစုံကွေ့ပတ်ရှာရင်း မောဟိုက်လာပြီ။ တစ်နေရာအရောက်မှာတော့ ပုဏ္ဏားရိပ်ပင်က နည်းနည်းကျဲနေတယ်။ ရှေ့ကို အားထည့်ပြီး တိုးကြည့်လိုက်တော့ ခြံအတွင်းက မီးရောင်ကို ဝါးတားတား မြင်နေရတယ်။ ဇဝေဇဝါနဲ့ ဝေသီသီမျက်လုံးတွေကို အားစိုက်ကြည့်လိုက်တော့ “ညိုမ”အိမ်လေးကို မသဲမကွဲလှမ်းမြင်နေရတယ်။ သစ်ကိုင်းက မျက်နှာထိုးမိတာကို ဂရုမစိုက်အားပဲ ကြိုးစားကြည့်လိုက်မိတယ်။ “ညိုမ”ကို အရင်မြင်လိုက်ရတယ်။ အော်လိုက်ဖို့စိတ်ကူးနေစဉ်မှာပဲ ဘေးကသကောင့်သားကို ခုမှတွေ့ရတော့တယ်။ ကျုပ်ရှိရာကို မသင်္ကာသလို နားရွက်ကြီးထောင်ပြီး နားစွင့်နေလိုက်သေး။ ပြီးမှ “ညိုမ”ဘက်လှည့်ပြီး နဖူးကို သူ့လျှာကြီးနဲ့လျှက်ပေးနေတာ။ ဒီမြင်ကွင်းကို ကြည့်နိုင်တဲ့အင်အားသတ္တိ ကျုပ်မှာ မရှိပါဘူး။ တစ်ကိုယ်လုံးလည်း အရုပ်ကြိုးပြတ် ပုံကျသွားမတတ်ပါပဲ။ ကျုပ်နောက်ကို ပြန်လှည့်လာခဲ့ပါတော့တယ်။ ခြေလှမ်းတွေကို မနိုင့်တနိုင်သယ်ရင်း နှင်းမိုးတွေကြား လျှောက်လာခဲ့တယ်။ အမြင်အာရုံတွေကလည်း နောက်ကျိမှုံဝါးနေတယ်။ တောင်ကုန်းအဆင်းလေးကို ပင်ပန်းတကြီး ထိန်းဆင်းနေရတာ။ မျက်လုံးတွေကလည်း ပြာလာနေပြီ။ ဒဏ်ရာတွေကလည်း နာကျင်ကိုက်ခဲလွန်းနေတယ်။ မိုးရေတွေနဲ့ သွေးတွေကလည်း ခွဲခြားလို့ကို မရတော့ပါဘူး။ ကျုပ်သခင်အိမ်ကို လှမ်းမြင်နေရပြီ….အားတင်းထား..အားတင်းထား …လို့ အားပေးရင်း ဒယိမ်းဒယိုင် လျှောက်ဆဲပါ။ သခင်စာဖတ်နေတဲ့ မီးရောင်လေးက မိုးရေတွေကြားထဲ လှုပ်ရှားယိမ်းထိုးနေပါ့လား…တဖြည်းဖြည်းကြည့်နေရင်း မှိန်မှိန်သွားလိုက်တာ….တဖြည်းဖြည်း…နောက်ဆုံး..လုံးဝကို မှောင်သွားပါတော့တယ်……………….။

” ခန့်ညီဖေ” 17-07-2012…4:38 P:M, Tuesday..

facebook မှာ ပြန်လည် မျှဝေပါသည်။

2 comments

  • mamanoyar

    July 18, 2012 at 10:27 am

    သနားစရာ“ရွန်းနီ` လေးပါလားနော်
    သူ့အမေလဲ သနားပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 18, 2012 at 11:19 am

    သံယောဇဉ်တဲ့….
    အဖော်မဲ့…အမြဲတစ်ယောက်ထဲ….
    အားလုံးသနားစရာတွေပဲနော်…
    ဖတ်ကြည့်သွားပါတယ်ရှင်…။

Leave a Reply