ဦးကပ်စေး

ဦးကပ်စေး

လောကမှာ အရေးကြီးဆုံးက ‘ငွေ’ ပဲ ဗျို့ … ။ ခင်ဗျားတို့ကတော့ ပြောကြပါလိမ့်မယ် ‘ငွေထက် အရေးကြီးတာတွေ အများကြီး ရှိသေးတယ်’ လို့ ။ ဒါဖြင့် အသပြာမပါ အိတ်ကပ် ဗလာနဲ့ ကျုပ်တို့ သာဝတ္ထိမြို့တွင်းက ထမင်းဆိုင် ကောင်းကောင်းထဲ ဝင်ပြီး စားတော်တည်လို့ ရနိုင်ပါ့မလား ခင်ဗျာတို့ ။ ပွဲတော်ရက်တို့၊ အလှူအတန်း မင်္ဂလာဆောင်တို့၊ နေ့ကြီး အခါကြီးဆိုတဲ့ ရက်ကြီးတွေမှာ သွားဖို့လာဖို့၊ ပျော်ဖို့ပါးဖို့ ဆိုတာ …. ။ ဒါလည်း ‘ငွေ’ ရှိမှ ပြီးပြည့်စုံနိုင်လိမ့်မနော် ။ အိုးကြီး၊ အိမ်ကြီးနဲ့ ကောင်းကောင်း စံမြန်းဖို့ဆိုတာလည်း အသပြာရွှင်မှ နေချင်တဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။

ဪ …… ဒါနဲ့ ‘ငွေ’ ဆိုတာ အလကား ထိုင်နေတဲ့ လူဆီကို မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်တဲ့ အမျိုးမဟုတ်ဘူးဆိုတာလည်း ခင်ဗျားတို့ကို သိစေချင်တယ်။ ‘ငွေ’ ဆိုတဲ့ အမျိုးက အလွန်ရှာရခက်တဲ့ အမျိုးဗျို့။ စုဆောင်း သိမ်းဆည်းထားမှ တန်ရုံကျတတ်တာကလား။ အလကား မရလို့ ဘယ်သူ့ကိုမှ အလကား မပေးနိုင်ဘူး။ ဒါဟာ … ကျုပ်ရဲ့ ခံယူချက်။ ဘယ်သူ့ကို ဘာမှ အလကား မပေးဘူးတဲ့ အတွက်ရယ်ကြောင့် အရပ်ထဲမှာလေ ကျုပ်ကို ဟောဒီလို ခေါ်ကြတယ်ခင်ဗျ။ “အဒိန္နပုဗ္ဗက …..” ။ “ဦးကပ်စေး” လို့ပဲ ဆိုပါတော့ ။

ကျုပ်ဟာ သာဝတ္ထိမြို့တွင်းက ပစ္စည်းနဲ့ ငွေကြေးမြောက်များစွာ ပိုင်ဆိုင်တဲ့ သူဌေးကြီးတစ်ဦး ဖြစ်ပါတယ်။ သူဌေး ဆိုပေမယ့် အခြားသူဌေးတွေနဲ့ မတူ၊ ခြားနားတဲ့ စရိုက်ရှိသူ ဖြစ်ပါ။ တကယ်ပါဗျာ … အချို့ သူဌေး ဆိုသူတွေများ အိမ်ရှေ့မှာ ဇရပ်အကြီးကြီးတွေ ဆောက်ပြီး သူဆင်းရဲတွေကို နေ့စဉ်နဲ့အမျှ ဆိုသလို အစားအသောက်တွေ ပေးကမ်းနေလိုက်ပုံများ သူတို့ပစ္စည်းတွေ မဟုတ်တဲ့ အတိုင်းပဲခင်ဗျာ့။

ယောက်ျားကြီးတန်မဲ့ သူများ အတင်းတော့ မပြောချင်ပါဘူး။ ဒါပေမယ့်လို့လည်း အမြင်မတော်တာကိုတော့ ပြောရဦးမယ်ဗျ။ ခင်ဗျားတို့လည်း သိရဲ့မဟုတ်လား။ ဦးခေါင်းမှာ ဆံပင်မကပ်၊ အဖါတစ်ရာအစပ်နဲ့ နီကြောင်ကြောင် အဝတ်ကြီးတွေကို ဝတ်ပြီး နှုတ်ခမ်းမပါ ခွက်ဗလာကြီးတွေနဲ့၊ ရဟန်း၊ သံဃာဆိုလား …၊ ဘာဆိုလား …၊ အဲဒီလို လူမျိုးတွေကိုလေ ပေးကျွေးနေလိုက်ပုံများ ကျုပ်ဖြင့် သူတို့အစား ကြားထဲက နှမြောလိုက်တာဗျာ။ တချို့ သူဌေးတွေကြတော့လည်း ရှိသေးတယ်ဗျို့။ တစ်ကိုယ်လုံး အဝတ်မကပ်ဘဲ ရမ်းတန်းရမ်းတန်းနဲ့ (လက်ကို ပြောပါတယ် 😀 ) အဲ့ဒီလို လျောက်သွားနေတဲ့ လူတွေကို လက်အုပ်ချီ ရှိခိုးရုံတင်မက စားကောင်း သောက်ကောင်းတွေကို ဖောဖောသီသီး ကျွေးမွေးနေလိုက်သေးတယ်။

အင်း … ကြာရင်တော့ဖြင့် ဒီလူတွေ မွဲကုန်တော့မှာပဲ။ မကုန်တန်တာ မကုန်အောင်။ မထွက်တန်တာ မထွက်အောင် ကျုပ်လို စုဆောင်း သိမ်းဆည်းထားနိုင်မှ သူဌေးအဖြစ် အနှစ်တစ်ရာမက တည်ရစ်နိုင်လိမ့်မပေါ့ဗျာ။ ဟုတ်တယ်မဟုတ်ပါကလား ခင်ဗျာတို့ရေ …။

xxxxxxxxxxx

ကျုပ်ရဲ့ တစ်ဦးတည်းသော သားလှရတနာလေးရဲ့ နားနှစ်ဖက်ကို ကြည့်လိုက်စမ်းပါဦး ခင်ဗျာတို့ ။ ကျုပ်တတ်သိထားတဲ့ ပန်းတိမ်ပညာနဲ့ ထွင်းထုထားတဲ့ နားထောင်းနှစ်ဖက် ရှိတယ်လေ။ မလှပေဘူးလား ခင်ဗျ။ ကျုပ်အပေါ် အမြင်မကြည်တဲ့ ဒီမြို့တွင်းက လူတွေကတော့ ပြောကြတယ်။ နားတောင်းကြီးက အရုပ်ဆိုးလိုက်တာ … တဲ့။ မလှပတဲ့ နားတောင်းကို ဝတ်ဆင်ထားသူ … တဲ့။ ကျုပ်သားကို အဲဒီလို နာမည်ဖျက်ကြတယ် ခင်ဗျ။ “မဌကုဏ္ဍလီ …” ဆိုပဲ ။ အဓိပ္ပါယ်ကတော့ “မလှပတဲ့ နားတောင်း ဝတ်ဆင်သူ” ပေါ့။

‘ဖေဖေ့ ရင်သွေး သားလူလေးရေ … ဖေဖေကိုယ်တိုင် ဆင်မြန်းပေးထားတဲ့ နားတောင်းကို သားလေး သဘောကျ နှစ်ခြိုက်ရဲ့လားကွဲ့’
‘ဟုတ်ကဲ့ … သား ကြိုက်ပါတယ် ဖေဖေ’ ……. တဲ့။
ဘယ်လောက် လိမ္မာလိုက်တဲ့ သားလဲဗျာ။ ကြိုက်တယ်တဲ့ … ။ သူ ကြိုက်တယ်တဲ့။ ဘယ်သူတွေ ဘာပြောပြော ကျုပ်သားကြိုက်ရင် ပြီးပြီပေါ့ဗျာ။ မဟုတ်ဘူးလား။

အခုဆို ကျုပ်သားလေးတောင် ဘာလိုလိုနဲ့ အရွယ်ရောက်လာခဲ့ပါပြီ။ သူနဲ့ သင့်တော်မယ့် အိမ်ထောင်ဖက်ကို ကျုပ်စဉ်းစားနေခိုက်မှာပဲ ကျုပ်သားလေး အပြင်းဖျား ဖျားပါတော့တယ်။ အခုတော့လေ …. ကြည့်ကြစမ်းပါဦး ခင်ဗျာတို့။ ကျုပ်သား လူချော အပူတသောသောထပြီး အိပ်ယာထက်မှာ ဗုန်းဗုန်းလဲနေလေရဲ့ဗျာ။ ကျုပ်လည်း လက်လှမ်းမီရာ ဆေးမြီး တိုထွာတွေနဲ့ ဂရုတစိုက် ကုသပေးပါတယ်။ ဒါပေမယ့် သက်သာမလာဘူး ခင်ဗျ။ ဒါနဲ့ ကျုပ်လည်း သမားတော်ကြီးတွေရဲ့ အိမ်ဂေဟာကိုသွားပြီး ဆေးနည်း တောင်းရတာပ။ ပိုက်ဆံ မကုန်အောင် တောင်းနည်းမျိုးနဲ့ တောင်းရတာပေါ့။ တော်ကြာ ကျုပ်ရဲ့ ပိုက်ဆံတွေ အလဟသ ကုန်သွားမှဖြင့် ……. ။

ဆေးညွှန်းအတိုင်း ဖော်စပ်ပြီး ကျုပ်သားလေးကို ကုပေးပါတယ်။ တစ်နေ့ကောင်းနိုး၊ တစ်နေ့ကောင်းလာနိုးနဲ့ မျှော်ကိုးကုသနေရင်းက ဆိုးသထက် ဆိုးလို့သာလာခဲ့ပါတယ်။ နောက်ဆုံးမှာ သူဌေးကတော်ကြီးရဲ့ နာပူနာဆာလုပ်တာကို မခံနိုင်တော့လို့ သမားတော် တစ်ယောက်ကို ဈေးဆစ်ခေါ်ပြီး ကုသခိုင်းရပါတော့တယ်။ ကျုပ်သားလေးကို စမ်းသပ်ပြီး အဲဒီ သမားတော် ခေါင်းခါသွားတယ် ခင်ဗျ။ နောက်ထပ် သမားတော်တစ်ယောက် ခေါ်ပြန်တော့လည်း ထိုနည်း၎င်းပါပဲ။ ရော် … ခက်ပြီ။ ဒီသမားတော်တွေကို ခေါ်မိတာ ကျုပ်တော့ မှားပြီ။ ငွေလည်း ကုန်ပြီး ဘာမှလည်း ထူးမလာ။ ကျုပ်သားလေးလည်း သက်သာမလာ။ အဖတ်တင်တာတော့ သူတို့ ယမ်းပြသွားတဲ့ ဦးခေါင်းများပါပဲ။ ကျုပ်သားလေးရဲ့ အသက်ကို သူတို့ မကယ်နိုင်ကြတော့ဘူး ….. တဲ့။

ကျုပ်ကိုယ်တိုင် သားလေးကို အိမ်ထဲမှာပဲ တိတ်တိတ်လေး ဆေးကုပေးနေတုန်းက ကျုပ်သားလေး မမာမကျန်းဖြစ်နေတဲ့အကြောင်း ဘယ်သူမှ မသိလို့ ဘယ်သူမှ လူနာမေးဆိုပြီး မလာကြဘူး။ ကျုပ်ကလည်း မလာစေချင်ဘူးလေ။ သူတို့လာရင် အိမ်ရှင်တို့ ဝတ္တရားအတိုင်း ဧည့်ဝတ်ပြုရပါလိမ့်မယ်။ ဒီအခါ ကျုပ်ရှာဖွေ စုဆောင်းထားတဲ့ ငွေတွေ အလကား ထွက်ကုန်တော့မှာပေါ့။ အခုတော့ ကြည့်ဦးလေ၊ ဟိုသမားတော်တွေကို ခေါ်မိတာ ကျုပ်သားလည်း ပြန်မကောင်းဘဲ ကုသခဆိုပြီး ငွေတွေလည်း ပေးလိုက်ရသေး၊ နောက်ပြီး သူတို့က အရပ်ထဲမှာ ပြောကြလိမ့်ဦးမယ်။ ကျုပ်သားလေးတစ်ယောက် သေငင်ဇောနဲ့ အိပ်ယာထဲ မျောနေတယ် ဆိုတာကိုလေ … ။ လူနာမေးဆိုပြီး ကျုပ်အိမ်ကို လာကြတော့မယ်။ အမလေး …. လေး … ။ မတွေးရဲစရာပါလားနော် ။

လူလေးရေ … ဖေဖေလေ မင်းကို ချစ်ပါတယ်ကွယ်။ ဖေဖေလေ လူလေးကို မဆုံးရှုံးချင်ဘူးကွယ်။ လူလေးကိုလေ ဖေဖေကိုယ်တိုင် ဆေးကောင်း ဝါးကောင်းတွေ ဖော်စပ်ပြီး ကုသပေးမယ်နော်။ အခုတော့ လူလေး ဖေဖေ့ကို တစ်ခုတော့ ပြန်ပြီး ကူညီပါဦးကွယ် … နော် ။

ဒီလိုနဲ့ ကျုပ်သားလေးကို အိမ်အရှေ့မှာ ထုတ်ထားလိုက်ပါတယ်။ လူနာ လာကြည့်ချင်တဲ့သူတွေ အိမ်ရှေ့မှာပဲ ကြည့်။ ကြည့်ပြီး ပြန်ပေါ့။ ကျုပ်အနေနဲ့ ဘာမှ ဧည့်ဝတ်ပြုနေစရာ မလိုတော့ဘူး။ ဘာမှလည်း အပိုဆာဒါး ကုန်စရာ မရှိတော့ဘူးပေါ့။ ဘယ့်နှယ်လဲ … ကျုပ်အကြံ ပိုင်တယ်မဟုတ်လား။ ဟော … ဟို လမ်းမထက်က ကြည့်ရင်တောင်မှ ကျုပ်သားလေးကို လှမ်းမြင်ရပါ့ဗျာ ။

xxxxxxxxxx

 

ဒါကတော့ ဗုဒ္ဓစာပန်းချီကို အားကျလို့ ရေးမိခဲ့တာလေးပါ ….

ရေးထားတာ ဒါအကုန်ပဲမို့ ဒါပဲ တင်လိုက်ခြင်းဖြစ်ပါကြောင်း ……………. 😀

ဖတ်ရှုအားပေးသူအပေါင်းကို ကျေးဇူးတင်ရှိပါကြောင်း ……………….။

 

ခင်မင်စွာဖြင့်

အံစာတုံး

20 comments

  • pooch

    July 17, 2012 at 10:56 pm

    အခုခေတ်ဟန်နဲ့ ရေးထားတာပေါ့။ ဖတ်လို့ကောင်းသားပဲ။ ဗုဒ္ဓဝင်တော်တော်များများ ဖတ်ခဲ့ဖူးပေမဲ့ နာမည်တွေ တော့ မမှတ်မိတော့ဘူး။

    ဒါနဲ့ ကာတွန်းပုံက ဂန္ဒီကြီးနဲ့ ခပ်ဆင်ဆင်တူသလားလို့ပါ ။ :mrgreen:

  • မောင်ပေ

    July 18, 2012 at 12:25 am

    မတွန့်တိုသင့်တဲ့ နေရာမှာ မတွန့်တိုရမှန်း သိပြီးသားပါ
    မစ်စတာ အံစာတုံး စာကို နားမလည်ဘူး

  • ဦးဦးပါလေရာ

    July 18, 2012 at 1:28 am

    ဆရာငွေဥဒေါင်းကို သတိရသွားတယ်။
    ကိုအံစာရဲ့စတိုင်လေးကိုရော လက်ရာလေးကိုရော ချီးကျူးပါတယ်..။

    အဲလိုတပိုင်းကြီးတော့မလုပ်နဲ့လေ..
    ရေးမယ့်ရေး ဇတ်လမ်းဆုံးအောင်ရေးမှပေါ့… 🙂

  • htoosan

    July 18, 2012 at 7:35 am

    အတော်ညံ့တဲ့ ဦးကပ်စေးပါလား … အပြင်ထုတ်ပြီး အိုနာသေခြင်း တရားလာရှုကြ .. တစ်ယောက်ဘယ်လောက်ဆိုပြီး ကောက်ရောပေါ့… 😥

  • etone

    July 18, 2012 at 8:37 am

    ကိုအံစာတုံးရေ …
    ဦးကပ်စေးလိုကပ်စေးနည်းသူများကတော့ …. သူဌေးသာ အမည်ခံတာ … အရာရာကို စိတ်ရှိသလို မသုံးနိုင်လို့ … တကယ်တမ်းတော့ ဆင်းရဲသားပါပဲ ။ အစားသောက်ဆင်းရဲမယ် ။ သဒါ္ဓတရားဆင်းရဲမယ် …. နောက်ဆုံး မေတ္တာပါ ဆင်းရဲလိုက်သေးတယ် …. သူ့သားလေးရဲ့ နောက်ဆုံးခရီးကိုတောင် သက်သက်သာသာအိမ်ထဲမှာမနေစေပဲ အပြင်ထုတ်ထားတာ …… ကရုဏာနဲ့ စာနာစိတ်ပါ ခေါင်းပါးပုံရတယ် …… ။

  • ကြောင်လေး

    July 18, 2012 at 9:02 am

    “ဒါနဲ့ ‘ငွေ’ ဆိုတာ အလကား ထိုင်နေတဲ့ လူဆီကို မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်တဲ့ အမျိုးမဟုတ်ဘူးဆိုတာလည်း ခင်ဗျားတို့ကို သိစေချင်တယ်။ ‘ငွေ’ ဆိုတဲ့ အမျိုးက အလွန်ရှာရခက်တဲ့ အမျိုးဗျို့။ “……..
    “ငွေဆိုတာ ခြေထောက် လေးချောင်းပါတယ်၊ ကိုယ့်ဆီကိုဝင်လာချင်ရင်လည်း တားလို့ကိုမရဘူး၊ ထွက်ပြေးသွားပြီဆိုရင်လည်း ဘယ်လိုမှလိုက်လို့မမီတော့ဘူး၊ကုန်ရောပဲ”
    (ဦးဂွမ်တီ)

  • mamanoyar

    July 18, 2012 at 9:15 am

    အရမ်းကိုဖတ်လို့ကောင်းပါတယ်
    အရေးအသားက တကယ်ကိုကောင်းပါတယ် ဖတ်လိုက်တာနဲ့ ဆက်ဖတ်ချင်စိတ်
    ဖြစ်ပေါ်အောင် ဆွဲဆောင်မှုရှိလှပါတယ်
    ဦးကပ်စေးးးးး ကလည်းကပ်စေးလို်က်တာ လွန်ရောပဲ

  • မဂွတ် ထော်

    July 18, 2012 at 9:49 am

    လောကမှာ အရေးကြီးဆုံးက ‘ငွေ’ ပဲ ဗျို့ …
    ငွေကြောင့်မုန်းနေသူတွေ ချစ်ကြ
    ချစ်နေသူတွေမုန်းကြ ငွေကစက္ကူဖြစ်ပေမဲ့
    တော်ခြယ်လှယ်နိုင်တယ်ဗျို့
    လုပ်သလိုဖြစ်နေတာငွေကြောင့်ပဲဗျို့
    ဒါကြောင့်ငွေရှိအောင်စုတော့မယ်ဗျို့
    သဌေးမကြီးဖြစ်အောင်ဗျို့……….

  • ကြည်ဆောင်း

    July 18, 2012 at 10:14 am

    ဆက်ရေးအုံးလေ…ဒီဇာတ်လမ်း သိပေမဲ့ အရေးတမျိုး နဲ့ဆို အတွေးတမျိုး တိုးရတာပေါ့…

  • ဘဲဥ

    July 18, 2012 at 10:33 am

    ဒီပိုစ့်ကိုဖတ်ပီး ………
    များဒို့ ဟတ်ထိတွားဘီ ……

  • စိန်ဗိုက်ဗိုက်

    July 18, 2012 at 12:00 pm

    ဘိုအံတို ့က လုပ်လိုက်ရင် တစ်လစ်တွေချည်ပဲ

  • snow white

    July 18, 2012 at 1:09 pm

    ငွေ ကိုရှာမယ် ငွေရှာတာလည်းသုံးဖို့ဘဲ အဲ့လောက်ကြီးတော့ကပ်စေးမနည်းသင့်ပါဘူး ရှိတဲ့သူတော်တော်များများက ကပ်စေးနည်းတာများပါတယ်။။

  • kyeemite

    July 18, 2012 at 3:48 pm

    ဇတ်လမ်းကိုပီးအောင်ဆက်ရေးမှမန့်မယ်ကွ…ဒါဗြဲ..

  • မဟာရာဇာ အံစာတုံး

    July 18, 2012 at 4:20 pm

    ဟုတ်ကဲ့ပါ
    ယခုကဲ့သို့ ကျနော့်ရဲ့ ပို့စ်ကို လာရောက် အားပေးသွားကြပါကုန်သော အရပ်ကတို့အား
    ကျေးဇူး အထူးတင်ရှိပါကြောင်း ……

    ယခုပို့စ်နှင့် ပတ်သက်၍မူ မျိုးကြီး၏ သီချင်းကဲ့သို့ ယခုလောလောဆယ် ဖြစ်နေပါကြောင်း … 😀
    သို့ပါ၍ သည်းခံတော်မူကြပါရန် ပန်ကြားအပ်ပါကြောင်း ……

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

  • MaMa

    July 18, 2012 at 6:21 pm

    ဆရာကြီး ငွေဥဒေါင်းရဲ့ ဗုဒ္ဓစာပန်းချီ ခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းချက်ကလေး ဖတ်ပြီး စိတ်ဝင်စားသွားတယ်။
    ၅အုပ်တွဲတစ်တွဲလုံး ဖတ်ဖြစ်သွားအောင် အရေးအသားနဲ့ စွဲဆောင်သွားနိုင်တယ်။
    ဗုဒ္ဓစာပန်းချီရဲ့ နယူးဗားရှင်း မဟာရာဇာကြီးရဲ့ ခေတ်သစ်ရေးဟန်ကလည်း ဆရာကြီး ငွေဥဒေါင်းနဲ့ အပြိုင် စာဖတ်သူကို စွဲဆောင်နိုင်ပါပေတယ်။

    နောက်ထပ်အကြောင်းအရာတွေကိုလည်း အခုလို နယူးဗားရှင်းနဲ့ ဖတ်ချင်ပါသေးတယ်။ [:)]

    • မဟာရာဇာ အံစာတုံး

      July 18, 2012 at 7:49 pm

      နယူးဗားရှင်းနဲ့ “ရတနာသိုက် ရှာပုံတော်” လာတော့မယ် ခင်ဗျ ..
      အဲ့ထဲမှာ အန်တီမမရဲ့ နာမည်လေးကို
      တစ်ထောင့်တစ်နေရာကနေ သုံးခွင့်ပြုပါနော့ … 😀

      • MaMa

        July 18, 2012 at 10:13 pm

        ရတနာသိုက်ရှာပုံတော် ဆိုတော့လည်း……..
        အပြင်လောကမှာလည်း ရှာနေရတာပဲဆိုတော့ကာ………
        😀

        _________________________
        I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • ရာဇဝင်လူဆိုး

    July 18, 2012 at 7:57 pm

    ကျနော်အမြင်တော့ ချွေတာစုဆောင်းတာ ကောင်းပေမယ့် ကပ်စေးနှဲတာကတော့ လက်မခံနိုင်ဘူး..။ အဲဒီလိုကပ်စေးနှဲနေရင် ထမင်းမစားပဲ စုထားရင် သဌေးဖြစ်မှာလားသိချင်တာ။ အဓိက ငွေသုံးတာ(အတိုင်းအတာနဲ့ပေါ့ နော) အပြစ်မဟုတ်ပါဘူး.။ ငွေတော့ သုံးတတ်ပြီး ငွေရှာချင်စိတ်မရှိတာကမှ လုံးဝအပြစ်ကြီးပဲ..။
    စကားမစပ်..ဒီထဲက သူဌေးကြီးက ဒို့ရွာသူကြီးနဲ့များ အမျိုးတော်လားမသိ (ပွိုင့်တွေ ကပ်စေးနှဲလို့):P

  • metallic

    July 18, 2012 at 8:24 pm

    အကြောင်းအရာနဲ့ဇတ်လမ်းထက်
    အရေးအသားကို ပိုသဘောကြတယ်
    ခုတလော အမ်ဂျီမှာ ဖတ်ချင်စရာကောင်းတာလေးတွေများလာတယ်

    ကျေးဇူးပါ

    • htoosan

      July 19, 2012 at 7:29 am

      ခုတလော အမ်ဂျီမှာ ဖတ်ချင်စရာကောင်းတာလေးတွေများလာတယ်

      မုန်တိုင်းထန်ပြီးတော့ လေပြေ လာနေချိန်ပေါ့နော်….

Leave a Reply