အတိုက် အခံအင်အား စု များ အ တွက် သတိ ပြု စရာ

ဒီမိုကရေစီအင်အားစုများ အသိတရားနဲ့ သတိထား ဆင်ခြင်နိုင်ဖို့ (ပေးစာ)
ကျနော်ဟာ နအဖအလိုကျ သူတို့ခိုင်းစေသမျှကို တလျှောက်လုံး ဖြည့်ဆည်းပေးလာခဲ့တဲ့ လူတဦးပါ။ အခု ကျ နော် အမြင်မှန်ရလာတဲ့အတွက် ဒီမိုကရေစီအင်အားစုတွေကို ကျနော်တတ်စွမ်းသရွေ့ အားပေးကူညီမယ်ဆို တဲ့ အသိစိတ်နဲ့ ဒီစာကို ရေးခဲ့တာဖြစ်ပါတယ်။

ကျနော့်တာဝန်က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သတင်းတွေကို လိုက်လံစုစည်း ပေးဖို့နဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတင်းပေးရမယ့် တာဝန်ဖြစ်ပါတယ်။ ဒီအ တွက် ကျနော် တလကို ထိုင်းဘတ် (၄,၀၀၀) ရပါတယ်။ ကျနော်ဟာ မြဝတီကနေ မဲဆောက်ကို နေ့စဉ် အ သွားအလာလုပ်ရပြီး သူတို့လိုချင်တဲ့သူတွေ နေထိုင်တဲ့ နေရာတွေ၊ လှုပ်ရှားသွားလာမှုတွေကို သတင်းပေးရ သူလည်း ဖြစ်ပါတယ်။

တနေ့မှာတော့ ကျနော့်ကို အခုလို အမြင်မှန်ရစေတဲ့ အဖြစ်အပျက်တခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကျနော်ဟာ ကျနော့် မိသားစု စားဝတ်နေရေးအတွက် သူများတွေအပေါ်မှာ ဖြစ်ချင်ရာဖြစ် မကောင်းကြံစည်ခဲ့တာတွေ ရှိပါတယ်။ ကျနော်ဟာ ထိုင်းဘက်မှာ အလုပ်သွားလုပ်တဲ့သူတွေကို လက်ညှိုးထိုးပြီး သူတို့ဟာ အဖွဲအစည်းတွေနဲ့ ပတ် သက်တယ်၊ သူတို့ဟာ ဘာတွေလုပ်တယ် စသဖြင့် ဟုတ်တာကော မဟုတ်တာပါ အစီရင်ခံစာတင်တာတွေ လည်း လုပ်ခဲ့ဖူးပါတယ်။

တညမှာ ကျနော့်ညီလေးတယောက်ဟာ မဲဆောက်ဆေးရုံကြီးနဲ့ နီးတဲ့ အတိုက်အခံတွေနေတဲ့ နေရာအနီးမှာ အဖမ်းဆီးခံခဲ့ရပြီး ရိုက်နှက်စစ်ဆေးခံခဲ့ရပါတယ်။ သူ့ကို ဖမ်းတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာ မသိခဲ့ဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် သူသိတာကတော့ သူဟာ စက်ဘီးလေးတစီးနဲ့ ညဘက်ပြန်အလာမှာ သူ့ကို ကျောင်းသားတဦးနဲ့ မှားပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို သိလိုက်တယ်လို့ဆိုပါတယ်။ မြဝတီဘက် ကနေလာတဲ့ မြန်မာထောက်လှမ်းရေးတွေက သူ့ကို မျက်နှာအုပ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ညဘက် ကြီး မြဝတီက စရဖ စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှင်းပန်းမှုတွေလုပ်တာ ခံလိုက်ရပါတယ်။

ဒီအဖြစ်အပျက်တွေကို (၃) ရက်လောက်ကြာမှ ကျနော် သိခဲ့ရတာပါ။ အဲဒီအခါကျမှ ကျနော် သတင်းပေးခဲ့တဲ့ သူတွေလည်း အဲဒီလိုမျိုး ခံစားခဲ့ရမှာကို တွေးမိပြီး ကျနော် အတော်ကို စိတ်မကောင်းဖြစ်သွားရပါတယ်။ ကျ နော့်ကို ကံတရားက သူလုပ်တာ သူခံပေစေ ဆိုတဲ့အတွေးကို ပေးခဲ့တယ်လို့လည်း ထင်မြင်သွားမိပါတယ်။ သွေးသားထိမှ နာတတ်လားလို့ ကျနော့်ကို မြင်ချင်ရင်လည်းမြင်ကြပါတော့။ ကျနော် ဝန်ခံပါတယ်။ နောက်ပိုင်း မှာ ကျနော် အားလုံးကို အသိပေးမှ ဖြစ်တော့မယ်ဆိုတဲ့ စိတ်မျိုးဖြစ်ပေါ်လာခဲ့ပါတယ်။

ကျနော့်ညီလေးဟာ ကျနော့်လိုလူမျိုးတွေကြောင့် ညှင်းပန်းနှိပ်စက်မှုတွေခံခဲ့ရပြီး အခုအခါမှာ ထိတ်လန့်နေ တာ၊ ကြောင်တောင်တောင်ဖြစ်နေတာကို မြင်ရတိုင်း ကျနော့်လုပ်ရပ်တွေအတွက် နောင်တတွေရနေမိပါ တယ်။ တကယ်တော့ အတိုက်အခံတွေနေတဲ့ နေရာကို သတင်းပေးသူတွေထဲမှာ အတိုက်အခံလောကထဲက အသားထဲကလောက်တွေ ပါဝင်နေတယ်ဆိုတာကို အားလုံးသိစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော် အခုလို စာရေးပြီး ဖွင့်ချလိုက်ရတာလည်းဖြစ်ပါတယ်။

ကျနော်တို့လို အင်ဖော်မာတွေကို ကူညီပေးနေတဲ့အထဲမှာ မဲဆောက်က အဖွဲ့အစည်းတချို့ထဲက လူတွေ လည်း ပါဝင်နေပါတယ်။ သူတို့ဟာ ဒီမိုကရေစီကို အကြောင်းပြပြီး ငွေရှာသလို နအဖဘက်က ငွေရတာတွေ လည်း ရှိပါတယ်။ ကျနော်တို့ စုရပ်တွေရှိပါတယ်။ ကျနော် လျှို့ဝှက်နာမည်ပေးထားတဲ့ အဖွဲ့တွေလည်း ရှိပါ တယ်။ နေပြည်တော်က လူကြီးတွေကို သတင်းပေးရတဲ့ အုပ်စု (၂) ခုထဲမှာ မင်းသားကြီးအုပ်စုနဲ့ အရိပ်အုပ်စု ဆိုပြီး (၂) ဖွဲ့ ရှိပါတယ်။

ညစဉ်ညတိုင်းနီးပါး အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးနေတဲ့ စရဖကို ကျနော် ရွံမုန်းလာ သလို မဲဆောက်အတိုက်အခံအင်အားစုတွေထဲက ဒီမိုကရေစီကိုအကြောင်းပြပြီး ကိုယ့်လူကိုကိုယ်ပြန်ဖမ်းခိုင်း တဲ့သူတွေကိုလည်း ကျနော် ဖော်ထုတ်ချင်ပါတယ်။

စရဖက မြှုပ်နှံထားတဲ့သူတွေ သတင်းပေးတွေဟာ လူမှုရေးအသင်း (၂) ခု (တခုက မြန်မာပြည်က အဓိက မြစ် ကြီးနာမည်နဲ့ နောက်တခုက စေတနာ့ဝန်ထမ်းအဖွဲ့ပေါ့) နေရာယူထားကြပါတယ်။ စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ အ ဆက်သွယ်ရှိတဲ့ ရှေ့ကမြေဩဇာဘွဲ့ခံ တနင်္လာနံအမြွှာပူးနာမည်နဲ့ ပုဂ္ဂိုလ်ဟာ ကျနော်တို့နဲ့ အမြဲပဲ အဆက်အ သွယ်ရှိနေပါတယ်။ သူ့လူတွေကို လွှတ်လိုက်တိုင်း သတင်းပေးတဲ့အတွက် သူပေးလိုက်တဲ့ စာရွက်တွေနဲ့အတူ သူ့လူတွေကို ကျနော်တို့ဘက်က ဖမ်းဆီးနို်င်ခဲ့ပါတယ်။

သူ့လို သစ္စာဖောက်ရှိနေသရွေ့၊ သူ့ကို ယုံကြည်နေသရွေ့ လူတွေ အဖမ်းခံနေရဦးမှာကို ကျနော် မမြင်ရက် တော့ပါဘူး။ ကျနော်ဟာ စားဝတ်နေရေးကြောင့် သတင်းပေး လုပ်နေရပေမယ့် သူ့လို မယုတ်မာပါဘူး။ ကျ နော်ကိုယ်တိုင် ဖမ်းပေးခဲ့သူဆိုရင် သူပေးလိုက်တဲ့ စာရွက်တွေနဲ့ မိတဲ့အတွက် အဲဒီမြေဩဇာဆိုသူဟာ အ တော်ကို ယုတ်မာတဲ့သူဆိုတာကို သိလိုက်ရတာပါ။

နောက်တဦးကတော့ အဖိုးတန် ကျောက်နာမည်ကို ရင်းနှီးသူတွေက ရှေ့က ဆရာတပ်ပြီး ခေါ်နေကြတဲ့ ဆေး ဆရာဆိုသူပါ။ သူဟာလည်း မဲဆောက်ဆေးရုံကြီးတဝိုက်မှာနေပြီး အတိုက်အခံတွေရဲ့ အသွားအလာတွေကို သတင်းပေးရသူပါ။ သူ့ကိုကြည့်ရင် လူမှုရေးလုပ်တယ်လို့ ထင်မိပါလိမ့်မယ်။ သူမလာနိုင်တဲ့အခါမှာ သူ့မိန်းမ ကို လွှတ်ပြီး သတင်းပေးတာတွေကို လုပ်နေသူပါ။ လူပုံစံက ဝ၀၊ မျက်နှာလေးထောင့်မကျတကျ ပုံစံရှိပြီး အ တိုက်အခံတွေရဲ့ လှုပ်ရှားမူကို အသေအချာ သတင်းပေးနိုင်သူဖြစ်ပါတယ်။

သူတို့လို လူမျိုးတွေဆီကရတဲ့ သတင်းတွေနဲ့ မင်းသားကြီးတို့၊ အရိပ်တို့က လှုပ်ရှားနေတာပါ။ မင်းသားကြီးဆို တာက အတိုက်အခံအများစု နေထိုင်ရာနေရာကို ပစ်မှတ်ထားလှုပ်ရှားရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီမိုကရေစီအင် အားစုတွေအားလုံး ကျနော့်ညီလို ဘဝမျိုးတွေ မခံစားရစေဖို့နဲ့ သူတို့ ဘယ်သူတွေဆိုတာကို အများပြည်သူ တွေ သိရှိနိုင်အောင် ဓာတ်ပုံနဲ့တကွ တင်ပြနိုင်ဖို့ ကျနော် ကြိုးစားပါဦးမယ်။ သူတို့ရဲ့ လှုပ်ရှားမှုသတင်းတွေကို လည်း ကျနော် သိသလောက် ဆက်ပေးနေပါဦးမယ်။

တိုင်းပြည်အတွက် လုပ်နေကြသူတွေ မြေဩဇာလိုလူရဲ့ ထောင်ချောက်ထဲ မသက်ဆင်းရပါစေနဲ့လို့ ဆု တောင်းရင်း …။

အသားထဲကလောက် သတင်းပေးဖြစ်ခဲ့သူတဦး
မြဝတီမြို့

ဒေါက် တာ လွဏ်း ဆွေဘလော့ မှ ကူးယူ ဖေါ်ပြ ပါ သည်။
http://drlunswe.blogspot.com/

2 comments

  • yannaingech

    July 2, 2010 at 10:25 am

    ၂၀၁၁ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးသမားတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေ ဆက်ရှိနေနိုင်လား။ ပျောက်သွားနိုင်လား…

  • Pa Pa

    July 2, 2010 at 11:54 pm

    I don’t think so in 2011.

Leave a Reply