“ဝါဆိုဝါခေါင် ရေကကြီးသနဲ့”

[1]                        “ဝါဆို ဝါခေါင် ရေကကြီးသနဲ့………………..”

 

ရေဝင်နေတဲ့ရှမ်းလေးကျွန်းကနေ စစ်ကိုင်းတံတားကိုလှမ်းမြင်ရတဲ့ပုံလေးပါ။
ပြီးခဲ့တဲ့ဥပုဒ်နေ့က စစ်ကိုင်းဘက်ကမိတ်ဆွေတစ်ယောက်ဆီကို ကန်ပါတ်လမ်းကနေအသွားရှမ်းလေးကျွန်းရေမြုတ်နေတာကိုတွေ့ရတော့ အံ့ဩသွားပါတယ်။

ခါတိုင်းဆိုရင် ဒုတိယဝါဆို ဒါမှမဟုတ်ဝါခေါင်လကျမှ ရေဝင်တတ်တဲ့နေရာလေးက အခုပထမဝါဆိုမှာရေတွေရောက်နေလို့ပါ။

ရှမ်းလေးကျွန်းကတော့ ရှေးကတည်းက ဧရာဝတီမြစ်ရေတက်တယ်ဆိုရင် ရေဝင်နေကျ ရေမြုတ်နေကျနေရာပါဘဲ။

ဒါကြောင့်လဲ အဲဒီရွာမှာရှိတဲ့အိမ်အားလုံးခြေတံရှည်တွေဆောက်ထားပါတယ်။

ဒါပေမယ့်လဲ ရေတက်ပြီဆိုတာနဲ့တစ်ရွာလုံးရှိတဲ့လူရောနွားရော ရေလွတ်တဲ့ကန်ပါတ်လမ်းပေါ်ရောက်လာတာပါဘဲ။

ဒီလိုရေတက်ချိန်ဆိုရင်

ဧရာဝတီမြစ်ရေကျချိန် သောင်ထွန်းနေတဲ့နေရာမှာယာယီတဲဆောက်ပြီးနေသူတွေရယ်၊

နုံးတင်မြေနုကျွန်းပေါ်မှာနေသူတွေနဲ့မြစ်ကမ်းနံဘေးက ရှိတဲ့ရွာကအိမ်တွေတင်မကပါဘူး

စစ်ကိုင်း-ရွှေကြက်ယက်-အမရပူရ ကားလမ်းတောင်ဘက်မှာရှိတဲ့ရွာတွေကအိမ်တွေပါ

စစ်ကိုင်းမန်းလေး ကားလမ်းဘေးမှာ အကုန်ရွှေ့ပြီးလာနေကြရတာနှစ်စဉ်နှစ်တိုင်းပါဘဲ။

ရေတက်ပြီဆိုတာနဲ့ကားလမ်းနံဘေးမှာ အိမ်လေးတွေအရှိုအရှိုနဲ့ပေါ်လာပြီး

ရေမကျမခြင်းဒီအနားမှာဘဲဖြစ်သလိုနေကြရတော့တာပါဘဲ။

နှစ်စဉ်နှစ်တိုင်း ရေတက်လာရင် ရေလွတ်တဲ့နေရာပြောင်းနေလိုက် ရေကျတော့ မူရင်းနေရာပြန်သွားပြီ တံငါလုပ် ကိုင်းလုပ် ယာလုပ်နဲ့နေခဲ့ကြတာ ဘိုးစဉ်ဘောင်ဆက်အသားကျနေပြီလို့တောင်ဆိုနို်င်ပါတယ်။

ဒီလိုရေတက်ချိန်မှာဆိုရင်ရေဘေးပြေးလာတဲ့မိသားစုတွေအတော်များပါတယ်။

သူတို့ခမျာမှာ ယာယီဆောက်ထားတဲ့တဲပေါက်စနထဲမှာဖြစ်သလိုနေကြရပါတယ်။

နေ့ဆိုအိမ်ရှိလူကုန်အပြင်ထွက်နေ၊ညဆိုတိုးခွေ့အိပ်၊ထမင်းဟင်းချက်တော့ တဲ့ရှေ့မှာမီးခိုးတလူလူနဲ့ချက်။

သုံးတဲ့ရေက ကျောပေးထားတဲ့မြစ်ရေကိုခပ်သုံး။

အိမ်သာမရှိတော့ ကြုံတဲ့နေရာမှအညစ်အကြေးစွန့် ဆိုပြန်တော့ အဲလိုရေဘေးရှောင်သူတွေနေတဲ့

ပါတ်ဝန်းကျင်မှာ ညစ်ပတ်ပွထလို့နေပါတယ်။

သူ့တို့မှာတော့ ရွေးချယ်စရာလမ်းမရှိတော့ဖြစ်သလိုနေတာ အသားကျနေပါပြီ.။

ကျန်းမာရေးနဲ့မညီညွတ်တာတော့အမှန်ပါဘဲ။

နှစ်စဉ်နှစ်တိုင်းရေနစ်လို့ အကောင်ရှည်ကိုက်လို့ ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲအသက်ဆုံးရှုံးခဲ့ကြတဲ့လူတွေလဲရှိခဲ့မှာအမှန်ပါဘဲ။

ဒီပုံစံ ဒီအချိုးနဲ့ဖြစ်နေတာကို နှစ်ပေါင်းများစွာ နေခဲ့ကြကလဲအံ့တော့အံဩစရာ။

နေသူတွေကလဲဒီအတိုင်းနေခဲ့ကြ။

တာဝန်ရှိသူများကလဲ ဖြစ်တုန်းလေးခဏအကူအညီဝိုင်းပေးလိုက်ကြနဲ့ဘဲပြီးသွားပါတယ်။

ဒီလိုဖြစ်တာ ဘယ်အချိန်များမှ အဆုံးသတ်မယ်မသိပါဘူး။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

နောက်ရက်လက်ဖက်ရည်ဆိုင်ထိုင်ရင်းဂျာနယ်ကောက်ဖတ်ကြည့်တော့တိုက်တိုက်ဆို်င်ဆိုင်

ရှမ်းကလေးကျွန်းမှာ သူငယ်ချင်းတွေရေကူးပြိုင်ရင်း လူငယ်လေးတစ်ယောက်ရေနစ်ပြီးသေတဲ့အကြောင်းဖတ်မိပြန်ပါတယ်။

အဲတော့လဲဟိုတွေးဒီတွေးနဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြန်တွေးမိပြန်ပါတယ်။

ဟိုအရင်ကကျနော်တို့မန္တလေးမှာအခုခေတ်ကြီးလို လည်စရာပါတ်စရာမပေါသလို

စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကလည်းနည်းပါးပါတယ်။

အဲဒါကြောင့်လဲတစ်ခုခုထူးတယ်ဆိုတော့ အပြေးအလွှားသွားကြည့်ကြပါတယ်။

အခုလိုဝါဆိုဝါခေါင် မှာဧရာဝတီမြစ်ရေတက်ပြီ တာရိုးနားရောက်နေပြီဆိုလည်းရေကြည့်သွားကြရတာ အလုပ်တစ်ခု။

ကျနော်တို့ငယ်ငယ်က ဧရာဝတီမြစ်ကို ကာထားတဲ့တာရိုးဆိုတာအခုခေတ်လိုကျယ်ကျယ်လွင့်လွင့်

ကတ္တရာလမ်းမဟုတ်ပါဘူး။

ရှေးရှေးကတဲကရှိခဲ့တဲ့အတို်င်းမပြုမပြင်ထားခဲ့တဲ့မြေဘောင်ကြီးပါ။

အကျယ်ကတော့ စက်ဘီးနှစ်စင်းသွားသာရုံလောက်။

ကားတက်လို့မရပါဘူး။

လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်ကျော်လောက်ဘဲဆိုပါတော့။

တာရိုးနားကိုရေတွေရောက်နေပြီဆိုတဲ့တစ်ရက်ကျနော်တို့အိမ်ဘေးက မိသားစုက မြစ်ဆိပ်ကိုရေကြည့်သွားကြပါတယ်။

အဲဒီအိမ်က သားအလတ်”ဖိုးတာ”ရယ်သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးရယ် သူတို့ညီအကိုမောင်နှမတစ်စုရယ်ပေါ့။

မြစ်ဆိပ်ရောက်တော့ ရေတွေကလဲအတော်တက်နေပါတယ်။

သင်္ဘောတွေသမ္ဗာန်တွေကလဲ ကမ်းနားလေးမှာကပ်ပြီးဆိုက်ထားကြတာပြည့်ကျပ်နေပါတယ်။

အဲဒီအချိန် ဆိုက်ထားတဲ့သင်္ဘောလေးနံဘေးမှာ ရေကြက်လေးတစ်ကောင်က ဘယ်မှမသွားဘဲရပ်နေပါသတဲ့။

“ရေကြက်ကလေးကချစ်စရာလေး”လို့သူ့ကောင်မလေးကလဲပြောရော

ရေကူးနည်းပြဆရာလည်းဖြစ်တဲ့ “ဖိုးတာ”ကအဝတ်အစားတွေချွတ်ပြီး ရေထဲကိုလှလှပပလေးဒိုင်ဗင်ထိုးဆင်းသွားပါသတဲ့။

သူရေထဲဆင်းတဲ့အချိန်နဲ့တစ်ပြိုင်ထဲလောက်မှာရေကြက်ကလေးကလဲရေထဲကိုငုတ်သွားပါသတဲ့။

စွပ်ကနဲရေထဲကိုမြုပ်သွားလိုက်တာတော်တော်နဲ့ပေါ်မလာပါဘူး။

အားလုံးအထင်ကလဲ ရေထဲငုတ်သွားတဲ့ရေကြက်ကလေးနောက်ရေငုတ်ပြီးလိုက်တယ်ပေါ့။

ဒါပေမယ့် အတော်နဲ့ပေါ်မလာတော့ စိတ်ပူစပြုလာပါတယ်။

နာရီဝက်လောက်ကြာလို့မှပေါ်မလာတော့မှ ပြူးတူးပြာတာတွေဖြစ်ပြီးကမ်းကပ်ထားတဲ့

သင်္ဘောကလူတွေကိုအကူအညီတောင်းရပါတယ်။

အဲတော့မှာ အားလုံးက ဒါဆိုရင်ရေနစ်တာသေချာတယ်ဆိုပြီးဝိုင်းရှာကြပါတယ်။

ရေထဲမျောသွားတာတော့မဟုတ်နိုင်ဘူး ကမ်းကပ်ထားတဲ့ဖောင်တွေအောက်ရောက်သွားတာနေမှာဆိုပြီး

ဖောင်တွေအောက်ငုတ်တဲ့လူငုတ်၊

ပိုက်ကွန်တွေချပြီးရှာလို့ရှာ။

ညကိုးနာရီထိုးလို့မှောင်မဲသွားတဲ့အထိမတွေ့မှ ငိုငိုရီရီနဲ့ပြန်လာကြပါတယ်။

နောက်နေ့မနက်အစောကြီးထ မြစ်ဆိပ်ပြန်သွား လူတစ်ယောက်ရေနစ်သွားတဲ့အကြောင်း

တွေ့ခဲ့ရင် အကြောင်းကြားဘို့ လူတကာကို လိုက်မှာကြရပါတယ်။

ရေနစ်သေခဲ့တာမှန်ရင် ခေါင်းဆေးကျွန်းမှာအလောင်းပေါ်တယ်ဆိုလို့အဲဒီကို တွေ့ရင်အကြောင်းကြားဘု့ိသွားမှာ။

မော်တော်လေးတွေငှားပြီး နောက်မြစ်ရိုးတစ်လျှောက်မှာ အစုန်အဆန်သွားလို့ရှာ။

တစ်ပါတ်ပြည့်တော့ ဆွမ်းသွတ်လို့ရက်လည်လိုက်ကြပါတယ်။

ဖိုးတာ ရေနစ်ပြီးဆယ်ရက်မြောက်တဲ့နေမှာ သူတို့အိမ်ကို မြစ်ဆိပ်ကလှေသမားတွေလိုက်လာကြပါတယ်။

အလောင်းတစ်လောင်းပေါ်လာတာ ဟုတ်မဟုတ်လိုက်ကြည့်ဘို့လာခေါ်တာပါတဲ့။

အဲဒါနဲ့အရပ်ထဲကလူတွေရော အိမ်ကလူတွေရောအပြေးအလွှားလိုက်သွားတဲ့ခါ

ရေထဲမှာမှောက်ခုံကြီးဖြစ်နေတဲ့အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်။

ဘောင်းဘီအနီရောင်းအစင်းကြားလေးဝတ်ထားတာကိုတွေ့လဲတွေ့လိုက်ရော

သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးရော အားလုံးမူးမေ့မတတ်ငိုလိုက်ကြတာသနားစရာ။

ဖြစ်ပုံကတော့ သူဒိုင်ဗင်ထိုးဆင်းချိန်မှာသူ့လက်က ရပ်ထားတဲ့သင်္ဘောရဲ့ပန်ကာဒလက်ထဲဝင်ပြီးညှပ်သွားပုံရပါတယ်။

လက်ကကွက်တိလိုညှပ်နေတာရယ်ရေထဲမှာဖြစ်နေတာရယ်ကြောင့်ရုန်းလို့မရဘဲရေမွန်းပြီးသေတာဖြစ်ပုံရပါတယ်။

သင်္ဘောထွက်ပြီဆိုမှကန်ထုတ်လိုက်သလိုဖြစ်ပြီးထွက်လာပါတယ်။

သူ့လက်မောင်းတစ်ဖက်ကတော့ ကျိုးပြီးတွဲလောင်းကြီးကျနေပါတယ်။

အလောင်းကလဲပုတ်ပွ အင်မတန်စိတ်ဆင်းရဲစရာကောင်းလှပါတယ်။

ဒါကတော့ရေကြီးချိန်မှာကိုယ်မကျွမ်းကျင်တဲ့နေရာမှာရေကူးမိတာကြောင့်ရလာတဲ့အကျိုးဆက်ပါဘဲ။

တော်တော်များများက ရေမြင်ရင်ကူးချင်တတ်ကြပါတယ်။

ဘယ်လောက်ဘဲရေကူးကျွမ်းကျွမ်း နေရာဒေသ မကျွမ်းကျင်ဘူးဆိုရင် မကူးသင့်တာအမှန်ပါဘဲ။

နောက်ရေကူးကန်မှာကူးနေကြလူက  မြစ်ချောင်းအင်းအိုင်တွေမှာကူးရင်ဒုက္ခရောက်တာများပါတယ်။

ရေကူးကန်တွေရဲ့ကြမ်းပြင်က ညီညာနေပါတယ်။

မြစ်တွေချောင်းတွေကန်တွေရဲ့အောက်ကြမ်းပြင်က မညီညာတတ်ပါဘူး။

အဲလိုနေရာမျိုးမှာရေဆင်းကူးတဲ့အခါ အောက်ခြေမျက်နှာပြင်မညီညာလို့ဟန်ုချက်ပျက်ပြီးရေနစ်တတ်ပါတယ်။

ဒီလိုရေကြီးချိန်မှာအပျော်ရေဆင်းကူးရင်းက သေတဲ့လူ အပျော်လှေစီးရင်းလှေမှောက်လို့ ကွယ်လွန်သူတွေလဲအများကြီးပါ။

ရေမြင်တိုင်းဆင်းမကူးတာကတော့ အကောင်းဆုံးပါဘဲ။

ဒီလိုရေကြီးချိန် မှာအမြဲကြားရတတ်တာကတော့ ရေကူးပြိုင်ရင်းရေနစ်တာတို့၊

အရွယ်မရောက်တဲ့ကလေးတွေရေထဲမျောပါသွားတာတို့

လူကြီးအလစ်မှာရေဆင်းဆော့တာကနေ ရေနစ်သေသွားတာဆိုတဲ့သတင်းဆိုုးတွေပါဘဲ။

ဒါလေးတွေက သတိထားဆင်ခြင်လို့ ကြိုတင်ကာကွယ်လို့ရနိုင်တာလေးတွေဆိုပြန်ရင်လဲမမှားပါဘူး။

***************************************************************************

 

နောက်ဒီလိုရေတက်ချိန်မှာ ကြုံရတတ်ပြန်တာက အကောင်ရှည်လို့အရပ်ကခေါ်ကြတဲ့မြွေအန္တရာယ်ပါဘဲ။

လူတောင်နေစရာမရှိတော့ ့ဖြစ်သလိုနေ အိမ်မွေးတိရိစ္ဆာန်တွေတောင်ဖြစ်သလိုထားရတဲ့အချိန်မျိုးမှာ

ဒီလိုအကောင်ရှည်တွေကလဲ နေချင်သလိုနေပါဘဲ။

နေစရာမရှိရှာတဲ့အကောင်ရှည်ကလဲ ဆန်အိုးထဲ အဝတ်ပုံထဲ၊စောင်ပုံထဲ၊အိပ်ယာထဲ၊

အိမ်ကချောင်ကျကျနေရာ ဆိုသလိုနေရာအနှံ့မှာဝင်ခွေနေတတ်ပါတယ်။

ကံမကောင်းးအကြောင်းမလှတဲ့သူများကတော့ အကောင်ရှည်နဲ့တည့်တည့်တိုးတော့ အကိုက်ခံရပါတယ်။

အကောင်ရှည်တွေကရေဝင်နေတဲ့နေရာမှာရှိတဲ့သစ်ပင်တွေပေါါ်မှာသစ်ခေါင်းတွေထဲမှာလဲ

အသိုက်လုပ်ပြီးနေလေ့ရှိပါတယ်။

တစ်ခါကဆိုပါစို့ ဒီလိုရေကြီးနေတဲ့အချိန်မှာ ကျနော်တို့သူငယ်ချင်းတသိုက် ငှက်အပျော်စီးကြပါတယ်။

ကျနော်တို့လှေစီးတဲ့နေရာက တောင်သမန်အင်းဘက်မှာပါ။

အဲဒီနှစ်ကရေအတော်ကြီးတော့ မယ်ဇယ်ပင်ကြီးတွေတောင်အပေါ်ကိုင်းဖျားလေးတွေသာကျန်အောင်ရေမြုတ်နေပါတယ်.။

ကျနော်တို့ငှက်စီးနေတဲ့အခါ သမ္မာန်ဆရာက လှေအလည်ခေါင်မှာနေဘို့ မလှုပ်ဘို့ မှာပါတယ်။

နောက်သစ်ပင်တွေနားဖြတ်သွားရင် လှမ်းမကိုင်ဘို့သတိပေးပါတယ်။

ငှက်ကလေးကအင်းရေပြင်မှာလှည့်ပတ်လို့သွားနေပါတယ်။

သစ်ပင်တွေရေမြုတ်နေတာ သစ်ပင်ထိပ်အဖျားလောက်သာရေထဲပေါ်နေပါတယ်။

သစ်ပင်တွေကြားကွေ့ပါတ်သွားနေရင်းက တစ်ယောက်က သစ်ပင်ကိုင်းကိုလှမ်းဆွဲလိုက်တဲ့အချိန်

ဗြန်းကနဲအသံကြီးကြားလိုက်ရလုို့ရေထဲလှမ်းကြည့်လိုက်တဲ့အခါ မြွေတစ်ကောင်ရေကူးနေတာကိုမြင်လိုက်ပါတယ်။

တစ်ယောက်က ဟိုမှာဟိုမှာဆိုပြီအလန့်တကြားအောင်လို့ဝိုင်းကြည့်လိုက်တဲ့အခါ သစ်ပင်ထိပ်ဖျားပိုင်းလေးမှာ

တစ်ကောင်နဲ့တစ်ကောင်လိမ်ယှက်ဖွဲ့လို့ အထွေးလိုက်ကြီးဖြစ်နေတဲ့မြွေသိုက်ကြီးကိုတွေ့လိုက်တော့

ကြက်သီးမွေးညှင်းထလို့ ငှက်သမားကို ဒီနားကမြန်မြန်ခွာခိုင်းရပါတယ်။

ဒါကြောင့်လဲ မြစ်ရေကြီးချိန် မြစ်ထဲမှာ ထင်းဆယ်တဲ့သူတွေမြွေကိုက်ခံရကြတယ်ဆိုတာ

မဆန်းဘူူးလို့ပြောနို်င်ပါတယ်။

ရေတက်ချိန်မှာ နေရာပျောက်သွားတဲ့အကောင်ရှည်တွေကနီးစပ်ရာသစ်ပင် သစ်တုံးတွေပေါ်မှာ

တွယ်ကပ်နေကြရတာကိုး။

သူတို့နေရာကို လူရောက်လာတော့တွယ်ထည့်လိုက်ရော။

နှစ်စဉ်ရေတက်ချိန်မှာ အကောင်ရှည်ကြောင့်အသက်ဆုံးပါးခဲ့သူကတော့နည်းမယ်မထင်ပါဘူး။

ဒီအဖြစ်ဆိုးတွေကလွတ်မြောက်အောင်ဘယ်လိုကာကွယ်ရမယ်ဆိုတာတော့ စဥ်းစားထားသင့်ပါတယ်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ကျနော်ငယ်ငယ်က မြစ်ငယ်မြို့လေးမှာနေဘူးပါတယ်။

ဒုဋ္ဌဝတီဆိုတဲ့မြစ်ငယ်မြစ်က ကရေကြီးချိန်မှာအင်မတန်ရေစီးကြမ်းပြီးကြောက်စရာကောင်းလှပါတယ်။

တောင်ကျရေဆိုတော့လည်းရေကနီနီ။

မြစ်ကသိပ်မကျယ်ဘဲခပ်ကျဉ်းကျဥ်း။

ရေစီးကကြမ်းကြမ်း တစ်လမ်းလုံးတွေ့သမျှကို တဝေါဝေါအသံတွေပေးလို့တိုက်စားသွားတတ်ပါတယ်။

မြစ်ရေကျချိန်ဆိုရင် တောင်ဘက်ခြမ်းကမြစ်ကမ်းပါးကမြေတွေအိမ်တွေ တဝုန်းဝုန်းနဲ့ပြုကျတာကိုမြင်နေရ

ရပါတယ်။

ငယ်ငယ်တုန်းကတော့တွေးမိတာက ဒီလိုအမြဲတမ်းပြောင်းရွှေ့နေရတဲ့နေရာမျုိုးမှာများဘာလိုတွယ်ကပ်

ပြိးနေကြသလဲပေါ့။

ဒီလိုတစ်နှစ်တစ်ခါဒုက္ခခံနေရတဲနေရာလေးကိုဘာလို့မစွန့်လွှတ်ကြသလဲလို့ တွေးမိပြန်ပါတယ်။.

အခုအသက်အရွယ်ရောက်မှ သိလာတာကတော့ လူဆိုတာကိုယ့်ဇာတိ ကိုယ့်မွေးရပ်မြေကိုအလွယ်နဲ့

မခွဲချင်ဘူးဆိုတာပါဘဲ.။

နှစ်စဉ်နှစ်တိုင်းမြစ်ရေတက်တတ်တဲ့အချိန်မှာ စိုးရိမ်ရေမှတ်နားနီးတာနဲ့ ဘေးကင်းရွာရွှေ့ကြဘို့

အမြဲနိုးဆော်ပါတယ်။

ဒါပေမယ့်လဲခေါင်းမာသူများက ရပါသေးတယ်ဆိုတဲ့အတွေးနဲ့ ပေကပ်နေတတ်ကြပြန်ပါတယ်။

မြစ်ရေတက်တယ်ဆိုတာက အများအားဖြင့်တအိအိတက်တတ်တော့ ရှောင်ဘို့တိမ်းဘို့အချိန်ရတယ်လို့

တွက်တတ်ကြပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံညအချိန်မတော်ရုတ်တရက်တက်လာတဲ့အခါမျိုးမှာတော့ ဘာမှမတတ်နိုင်ဘဲ

လည်စင်းခံလိုက်ရပါတယ်။

ဒီလိုအဖြစ်မျိုးကြုံရတယ်ဆိုရင်တော့ရင်နာစရာကောင်းတယ်လို့ထင်မိပါတယ်။

ကိုယ့်မှာပြင်ဆင်နိုင်ခွင့်ရှိပါလျက်နဲ့ မပြင်ဆင်မိလို့ခံလိုက်ရတာကိုပါ။

*************************************************************

“ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ် “လို့

ကျနော်တို့ငယ်ငယ်က ဆိုခဲ့ကြတဲ့ကဗျာလေးလိုပါဘဲ။

ဝါဆိုဝါခေါင်ရောက်လာရင် ရေကလဲကြီးစမြဲ။

အမြဲတမ်းရေမြုတ်တဲ့ဒေသကလူတွေကလဲ ရေလွတ်ရာကုန်းပေါ်မှာယာယီတဲထိုးလို့နေစမြဲ။

ရေကြီးချိန်မှာ အကောင်ပလောင်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးကြစမြဲ
ရေနစ်လို့အသက်သေစမြဲ၊

ဖြစ်သလိုနေကြထို်င်ကြလို့ကျန်းမာရေးနဲ့မညီညွတ်လို့အမည်မဖော်နို်င်တဲ့ရောဂါတွေနဲ့

လူ့လောကကိုကျောခိုင်းကြစမြဲ။

ဒီလိုရင်နာစရာကောင်းတဲ့အဖြစ်အပျက်တွေကရှေးကတည်းကနေအခုထိကြုံရစမြဲ။

ဒီအခြေအနေဆိုးကြီးကလွတ်မြောက်အောင်ဘယ်လိုလုပ်ရင်ကောင်းမလဲလို့စဉ်းစားမိရင်

ကျနော်ဦးနှောက်တွေဆက်အလုပ်မလုပ်ဘဲ “ဟမ်း”သွားစမြဲ………………………………..

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(14-7-2012)

 

 

 

 

 

 

 

 

 


[1]

20 comments

  • CASPER

    July 18, 2012 at 4:01 pm

    အန်ကယ်ပေါက်ရဲ့ လက်ရာတွေတွေ့မြင်နေရတာ အတော်လေးသဘောကျမိပါတယ် အန်ကယ်—– အားပေးပါတယ်အန်ကယ်လ်-xxxxxx

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 18, 2012 at 4:45 pm

    ( ခါတိုင်းဆိုရင် ဒုတိယဝါဆို ဒါမှမဟုတ်ဝါခေါင်လကျမှ ရေဝင်တတ်တဲ့နေရာလေးက
    အခုပထမဝါဆိုမှာရေတွေရောက်နေလို့ပါ။ ရှမ်းလေးကျွန်းကတော့ ရှေးကတည်းက
    ဧရာဝတီမြစ်ရေတက်တယ်ဆိုရင် ရေဝင်နေကျ ရေမြုတ်နေကျနေရာပါဘဲ။ )
    ဟုတ်ပါတယ် လေးဘောက်
    ရေ မြန်မာပြည်က မြစ်ချောင်းတွေကတော့ ရေဝေရေလွှဲကိစ္စတွေ သေခြာမလုပ်နိုင်တော့
    မိုးရာသီဆို ဗြုံးဆို အားလုံးမျော မိုးမရွာလို့ကတော့ အားလုံးရေငတ်ဘဲ
    ရေရှည်တွက်တော့ ရင်လေးလိုက်တာ
    ……………………………………
    ( ရေနစ်သေခဲ့တာမှန်ရင် ခေါင်းဆေးကျွန်းမှာအလောင်းပေါ်တယ်ဆိုလို့ )
    ဂမ္ဘီရ ဆန်တယ်နော် လေးဘောက်
    ( လူကြီးအလစ်မှာရေဆင်းဆော့တာကနေ ရေနစ်သေသွားတာဆိုတဲ့သတင်းဆိုုးတွေပါဘဲ။
    ဒါလေးတွေက သတိထားဆင်ခြင်လို့ ကြိုတင်ကာကွယ်လို့ရနိုင်တာလေးတွေဆိုပြန်ရင်လဲမမှားပါဘူး။)
    အလွန်တန်းဘိုးရှိတဲ့ မှတ်ချက်လေးဘဲ
    ဒါမှ ဒို့လေးဘောက်
    ……………………………………………
    ဒဂယ်ဘာ လေးဘောက် လည်း ဓာတ်ရိုက်ဓာတ်ဆင်တွေနဲ့ အလုပ်ရှုပ်နေတဲ့ကြားက
    ရှားရှားပါးပါးဖတ်ရတဲ့ပိုစ့် ကလေးမှာ မီးကုန်ရမ်းကုန် မာန်းမှုတ်အားပေးပလိုက်ခြင်တယ်
    ဂယ်
    နောက်ဂလူဒွေ မန်းစရာမကျန်မှာဆိုးလို့

  • char too lan

    July 18, 2012 at 4:55 pm

    စာတွေ စာတွေ စာတွေ…ပါလာပီ …………… 😀

  • pooch

    July 18, 2012 at 5:16 pm

    လေးပေါက်ရေ မင်းကွန်းဖက်ကို သဘောင်္နဲ့ တခါပဲ စီးဖူးတယ်။ အသိတယောက်ရဲ့ အမျိူးက သဘောင်္ဖွင့်ပွဲဆိုလို့ လိုက်စီးတာ။ ပုုံမှန်ဆို မင်းကွန်းဘက် ကားလမ်းကပဲ သွားဖြစ်တယ်။

    မြစ်ဆိပ်ဘေးက ဘဝတွေက ခင်ခင်ထူး စာတွေ ဖတ်တုန်းကလည်း သိခဲ့ဖူးတယ်။ ဖက်စိမ်းကွမ်းတောင်ကိုင် ရွှေဝတ္ထုတိုတွေထဲမှာ။ ကိုယ်တွေ့ကတော့ အကြောင်းတိုက်ဆိုင်လာလို့ မကင်းရာမကင်းကြောင်းတယောက် သဘောင်္ပျက်ဆယ်လို့ သွားကြည့်ဖူးမှ သိခဲ့တာ။

    ဘဝတွေ ဘဝတွေ နည်းမျိုးစုံနဲ့ ရုန်းကန်နေကြတာ ။ထမင်းစားရေသောက်ပြောနေ ကြတဲ့ ဆဲနည်းမျိုးစုံကိုလည်း ကြားခဲ့ရတယ် ။ တချို့တွေကြတော့လည်း သေမထူးနေမထူးပုံစံမျိုးတွေနဲ့ ဖြတ်သန်းနေကြတာ။
    လေးပေါက်ရေ ဆင်းရဲခြင်းက မလွတ်မြောက်နိုင်ပါတဲ့ ။

    ကိုအမတ်တင်တဲ့ မြန်မာ့စပါးကျီကလည်း ဝမ်းနည်းစရာ။ စဉ်းစားလိုက်တော့ လေးပေါက်လိုပဲ ဦးနှောက်က ရပ်သွားတယ်။ 🙁

  • မောင်ပေ

    July 18, 2012 at 8:07 pm

    ကျွန်တော် ရတန်း ၈တန်းကျောင်းသားဘဝက
    ဝါဆိုဝါခေါင် တောင်တမန် ရေတက်ချိန်ရောက်တိုင်း
    တစ်လ ၂ခါလောက် ၊ ရေသွားကူးနေကြ
    အခု လေးပေါက်စာပြန်ဖတ်ပြီးမှဘဲ
    ကြက်သီးထမိတော့တယ်ဗျား

  • may flowers

    July 18, 2012 at 8:25 pm

    ဒီပိုစ့်လေးကို ကြိုက်လွန်းလို့ လက်မထောင်သွားပါတယ်လေးပေါက်ရေ…။ဗဟုသုတရစရာ ဆင်ခြင်

    စရာ လေးတွေမို့ပါ။

  • ဝေးလွင့်တိမ်

    July 18, 2012 at 8:42 pm

    ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ် .. မောင်လဲလိုက်မယ်ချန်မထားနဲ့ အုန်းလက်နွားလေးထားခဲ့မယ်

  • ဦးဦးပါလေရာ

    July 18, 2012 at 9:14 pm

    ကိုပေါက်ရေ-
    ဒီစာလေးဖတ်မိတော့ ကျွန်တော်တွေ့မြင်ခဲ့ဘူးတဲ့ ပျံကျရွှေ့ပြောင်းနေထိုင်ရသူတွေကို ပြန်မြင်ယောင်မိလာတယ်။
    အဲဒါကလဲ မြန်မာနိုင်ငံ အနှံ့မှာကို သူ့ဒေသနဲ့သူ ရှိနေကြမယ်ထင်ပါတယ်။
    အဲဒီအတွက် လောကကြီးရဲ့ တဒေါင့်တနေရာမှာ အဖြေတခုခုတော့ ရှိနေမှာပါ။
    အဲဒီအဖြေကို ရှာတွေ့နိုင်ပါစေလို့ပဲ ဆန္ဒပြုမိပါတယ်။

  • htoosan

    July 18, 2012 at 9:56 pm

    အမိ(သို့) အဖ မြန်မာပြည်ကြီးမှာတော့ ဦးနှောက် ဟမ်းစရာတွေနဲ့ သာ ပြည့်ဆဲပါ။

  • ဖိုးထောင်

    July 18, 2012 at 11:04 pm

    ဟဲ့ ဖြဲမ ဘဲဥ ဘယ်ရောက်ကုန်ပြီလဲ ဦးပေ ပါခေါ် ဟိုမှာ လေးပေါက်ကြီး ဟမ်းနေပြီ
    Factory data reset လုပ်ရအောင် း)

  • အရီးခင်လတ်

    July 19, 2012 at 5:15 am

    ကြားရတဲ့ ဇာတ်လမ်း လေး က စိတ်မကောင်း စရာလေး။
    ရေကြီး ချိန် မှာ ဖြစ်တဲ့ အန္တရာယ်တွေ ကို သိလဲ ဖြစ်နေမြဲ ဆိုတာက တော့ သေချာတယ် ကပေါက်ရေ။
    သဘာဝ ဘေး ဆိုတာကလဲ လူအမြဲ စားနေကြလို ဖြစ်နေတာ။
    ဦးနှောက်တွေဆက်အလုပ်မလုပ်ဘဲ “ဟမ်း”သွားရင် Ctrl+Alt+Del
    မရရင် ဟမ်မာ ရှိလား။ 😉

  • TTNU

    July 19, 2012 at 4:00 pm

    ကိုပေါက်ရေ…
    မာမီ မန်းထားပြီးသားလေးမရှိတော့ဘူးတော့။
    မာမီတို့ အိမ်ရှေ့မြောင်ရေလျှံနေတဲ့အကြောင်းရေးထားတာ။
    ပေါ်လာပြီးသား၊ မာမီဖတ်လိုက်သေးတယ်။
    ထူးဆန်းလိုက်တာ။
    🙁

  • Mလုလင်

    July 19, 2012 at 5:06 pm

    ☁、ヽ`ヽ`、.☁``、ヽ` 、☁ヽ`、 ヽ☁`ヽ `、ヽ` `、☁ヽ`ヽ
    ヽ☁`ヽ ရန်ကုန်မှာ လဲ မိုးစွေ တယ် ….ေ ရ ကြီးတယ်။ .. ヽ☁`ヽ `、ヽ
    ヽ` `、☁ ဗွက်ထတယ်။ ခြင်ပေါတယ်။ အမှိုက်မျောတယ်။ ヽ
    ヽ`、☁``、`ヽ`、ヽヽヽ、 ヽ☁`ヽ `、ヽ` `、☁ヽ`ヽ、ヽ`☁、ヽ
    、ヽヽ ဓာတ်ပုံလဲ ထွက် မရိုက်ရ …Lighting ကလဲ မကောင်း .. ヽ``☁、ヽ
    、☁ヽ`လက်ဖက်ရည် တခွက် နဲ့ အိမ်မှာ ပဲ နှပ် ☁、ヽ`ヽ`、.☁``、ヽ` 、
    、ヽ` 、、ヽ``☁、နေရတာ ဖျားတောင်ဖျားချင်လာပြီ .. ヽ` 、、ヽ`、.ـ☁
    、ヽ` 、、ヽ``☁、ヽ`ヽ、、ヽ`ヽ `、ヽ、☁、ヽ`ヽ`、.☁``、ヽ` 、

  • လုလင်မခံချင်အောင်ကြွားလိုက်အုံးမယ်
    မနက်က ဆွမ်းဦးပုညရှင်သွားပြီးစစ်ကိုင်းတံတားနှစ်စင်းကိုဆော်တယ်။
    ညနေ ဘိုသော့ နဲ့ ကန်ပါတ်လမ်းတစ်လျောက်ဆော်တယ် ဖေစ်ဘုတ်သွားပြီးသွားရည်ကျလိုက်ပါအုံးနော်။

  • kai

    July 20, 2012 at 3:12 am

    Historic drought covers nearly two-thirds of continental US

    Washington Post (blog) – 6 hours ago
    The most extensive drought since the 1950s in the continental U.S. keeps getting worse. For the 10th consecutive week, drought conditions …
    http://www.washingtonpost.com/blogs/capital-weather-gang/post/historic-drought-covers-nearly-two-thirds-of-continental-us/2012/07/19/gJQAOp6fvW_blog.html

    ယူအက်စ်မှာ.. တိုင်းပြည်ရဲ့.. ၃ပုံ၂ပုံနီးပါးလောက်.. မိုးခေါင်ရေရှားဖြစ်နေပါတယ်..
    မြန်မာပြည်မှာကျ.. တချို့နေရာတွေရေကြီးနေသပေါ့..

    ဆိုတော့.. ဂလိုဘယ်ဝမ်းမင်း.. ကမ္ဘာပူနွေးလာမှုရဲ့.. အကျိုးသက်ရောက်မှုတွေလို့ ပြောရမှာပါ..
    မိခင်သဘာဝတရားးဟာ.. လူတွေရဲ့ဖျက်စီးထားခဲ့တာတွေကို.. ဒဏ်ရာတွေနဲ့ပြန်တုံ့ပြန်နေတယ်.. ဆိုချင်မိတယ်..

    တိုတိုပြောရရင်..
    လူက.. လမ်းမရှိ..တောင်ဖောက်တယ်..
    မြစ်ဖြတ်.. တံတားထိုးတယ်..
    ကောင်းကင်.. လကမ္ဘာဆီသွားတယ်..

    လူမှာ.. ဘာမဆို.. လုပ်နိုင်တဲ့.. စွမ်းအားရှိတယ်..။

    ကိုယ်ဖျက်စီးခဲ့တာတွေကို.. ပြန်ပြင်ဆင်ဖို့.. တာဝန်ရှိတယ်..
    ဆိုတော့..
    ဧရာဝတီရေကြီးတာဟာ.. သဲသောင်တွေများ.. မြောက်ဖက်က..ရေခဲတွေပျော်ကျနေတာများလာလို့.. ဖြစ်ပုံရပါတယ်..
    တချိန်မှာ..ရေဝေရေလဲဒေသတွေပျက်စီးပြီး.. ရေမရှိ.. မိုးခေါင်ရေရှားကို.. ရင်ဆိုင်ရလိမ့်မယ်..
    ဧရာဝတီကို.. တကယ်(တကယ်) ကယ်တင်ပါ..
    ဘာမှမလုပ်ပဲ ထိုင်ကြည့်ပြီး.. “သဘာဝတရား”အော်နေတာဟာ.. ကယ်တင်တာမဟုတ်..
    ဧရာဝတီကို.. တကယ်(တကယ်) ကယ်တင်ပါ..

  • ကိုခိုင်ရေ
    ရွှေမင်းသားတို့ရောက်ခဲ့တဲ့ တတိယဝင်ရိုးစွန်းမှာရေခဲပြင်ဖြူဖြူတွေမရှိတော့ဘူးဆိုရင် မြန်မာပြည်က
    သဲကန္တာရသေချာပေါက်ဖြစ်ပြီ။
    နောက်မြစ်ဆုံစီမံကိန်းလေးကိုရပ်လိုက်ရုံနဲ့ ဧရာဝတီက အသက်ရှင်မလာသေးဘူးဆိုတာကို
    လူတိုင်းသဘောပေါက်တယ်ဆိုရင် ဧရာဝတီအသက်ရှည်မှာပါ။

Leave a Reply