ဝင့်ပြုံးမြင့် မြန်မာ ပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၂ ၉ )

alinsettJuly 18, 20121min1326


”နေကောင်းရဲ့လား ကာကာ။ ကျွန်တော်တကယ်မေးနေတာ၊ နေကောင်းရဲ့ လား”

” တကယ်ပြောရရင် သေတော့မှာ” ဟု တဂွီးဂွီးမြည်သောအသံဖြင့်ပြောသည်။

နောက်တစ်ကြိမ်ချောင်းဆိုးပြန်ရာ လက်ကိုင်ပုဝါထဲ သွေးပိုများလာသည်။

ရာဟင်ခန်သည် ပါးစပ်ကိုသုတ်သည်။ ချွေးရွှဲနေသောနားထင်ကို အကျႌလက်စဖြင့်

ဆွဲသပ်ပြီး ကျွန်တော့်ကို ဖျပ်ခနဲကြည့်သည်။ သူခေါင်းညိတ်ပြချိန်တွင်

ကျွန်တော့် မျက်နှာပေါ်မှ နောက်ထပ်မေးခွန်းကို

သူဖတ်ပြီးဖြစ်ကြောင်းသိရသည်။

”သိပ်မခံတော့ဘူး” ဟု ရာဟင်ခန် လေသံဖြင့်ပြောသည်။

”ဘယ်လောက်ခံမလဲ”

……………………
……………………..
………………………

____________________

”သိပ်မခံတော့ဘူး” ဟု ရာဟင်ခန် လေသံဖြင့်ပြောသည်။

”ဘယ်လောက်ခံမလဲ”

ရာဟင်ခန် ပခုံးတွန့်ပြသည်။ ချောင်းဆိုးပြန်သည်။ ”ဒီနွေအကုန်ကို

မတွေ့နိုင်တော့ဘူးထင်တယ်”

”ကျွန်တော်နဲ့အတူ အိမ်လိုက်ခဲ့ပါ ကာကာ။ သမားတော်ကောင်းကောင်း ပြမယ်။

ဆေးပညာတွေ တချိန်လုံးတိုးတက်နေတာ။ ဆေးဝါးအသစ်တွေရှိတယ်။

ကုထုံးအသစ်တွေရှိတယ်။ ကာကာ့ကိုလည်း စာရင်းသွင်း-” ကျွန်တော့်စကားတွေ

တောရောက်တောင်ရောက်ဖြစ်နေပြီမှန်း ကျွန်တော်သိသည်။ သို့သော် ငိုနေသည်

ထက်တော့ သာသေးသည်။ ကျွန်တော်က ဘာပဲဖြစ်ဖြစ်ငိုချတတ်သူ။

ရာဟင်ခန်သည် အောက်သွားမရှိသောပါးစပ်ကိုဖြဲ၍ ကျေနပ်စွာတသိမ့်သိမ့်

ရယ်သည်။ ကျွန်တော်ကြားဖူးသမျှ ရယ်သံတွေထဲ အမောဆုံးရယ်သံဖြစ်နေသည်။

”အမေရိကားကတော့ အေမားကို အကောင်းမြင်ဝါဒတွေ သွတ်သွင်း ပေးလိုက်ပြီ။

ဒီအကောင်းမြင်ဝါဒကြောင့်ပဲ အမေရိကားဟာ သိပ်ကိုကြီးကျယ်ခဲ့တာ။

ကောင်းပါတယ်။ ကာကာတို့က အလွမ်းသည်တွေ၊ ကာကာတို့ အာဖဂန်ဆိုတာ အလွမ်းသမား

မဟုတ်ဘူးလား။ ကိုယ့်ကိုယ်ကိုယ်သနားရတာနဲ့ … ဂရုဏာသက်ရ တာနဲ့၊

ဒါတွေကိုပဲ ပြန်သာယာနေတတ်တာ။ ဆုံးရှုံးဖို့၊ ခံစားရဖို့ လွယ်လွယ်လေး

အလျှော့ပေးလိုက်ကြတယ်။ ဒါကိုပဲ လူ့ဘဝရဲ့အမှန်တရားတဲ့။ ဘဝဆိုတာ ဒီလို

ပါပဲတဲ့။ ဒါပေမယ့် အခုကျန်းမာရေးကိစ္စမှာတော့ ကာကာက ကံကြမ္မာကို

ယိုးမယ်ဖွဲ့ နေတာမဟုတ်ဘူးနော်။ လက်တွေ့ကျတာပါ။ ဆရာဝန်တွေ အများကြီးနဲ့

ပြပြီးပါပြီ။ အဖြေကတော့ တစ်ခုတည်းပဲ။ သူတို့ကို ကာကာယုံပါတယ်။

ဘုရားသခင်ရဲ့ အလိုတော်က ဒါမျိုးပဲကိုး”

”လောကမှာ ကိုယ်လုပ်တာရယ် မလုပ်တာရယ် ဒါပဲရှိတယ်”

ကျွန်တော့်အပြောကို ရာဟင်ခန်ရယ်ပြန်သည်။

”အေမားကတော့ အေမားအဖေနဲ့ တစ်လေတည်းပဲ။ သူ့ကိုသတိရလိုက် တာကွာ။ အေမားရေ

… ဘုရားအလိုတော်အတိုင်းပါပဲ။ ဒီ့အပြင် အေမားကို လှမ်းခေါ်လိုက်တာ

တခြားအကြောင်းရှိသေးတယ်။ ကာကာမသွားခင်မှာ အေမားကို

တွေ့သွားချင်တာကြောင့်ရော၊ တခြားအကြောင်းရောပေါ့”

”တခြားအကြောင်း”

”အေမားတို့ထွက်ပြေးတဲ့အချိန်ကစပြီး အေမားတို့အိမ်မှာ ကာကာနေခဲ့တာ သိတယ်နော်”

”ဟုတ်ကဲ့”

”ကာကာတစ်ယောက်ထဲ နေခဲ့တာမဟုတ်ဘူးကွဲ့။ ဟက်ဆန်နဲ့အတူ နေခဲ့တာ”

”ဟက်ဆန်”

ထိုအမည်ကို နောက်ဆုံးဘယ်တုန်းက ခေါ်ခဲ့မိပါလိမ့်။ အပြစ်ရှိခြင်း

သံဆူးကြိုးက ကျွန်တော့်ကိုယ်ထဲ နောက်တစ်ဖန်နစ်ဝင်လာသည်။ ဟက်ဆန့် အမည်ကို

ခေါ်မိလိုက်သည်နှင့် မန္တန်ရွတ်၍ ကျိန်စာတိုက်ခံရသလို နှိပ်စက်ညှင်း

ပန်းမှုကို တစ်ကြော့ခံစားရပြန်သည်။ ရုတ်တရက် လမ်းပေါ်မှလူသွားလူလာတို့၏

ရနံ့က ရာဟင်ခန့်အခန်းကျဉ်းလေးထဲ ပူစပ်ပူလောင်နှင့် စူးရှလာသည်။

”အေမားဆီ စာရေးပြီး ပြောပြမလို့ပဲ။ ဒါပေမယ့် အေမားသိချင်ပါ့ မလားဆိုတာ

ကာကာ မသေချာဘူးလေ။ ကာကာပြောတာ မှားသလား”

‘မှားတာပေါ့’ ဟုဆိုလျှင် အလိမ်အညာဖြစ်တော့မည်။ ဟုတ်တိုင်းမှန်ရာကို

ဖြေချင်လျှင် ‘မမှားပါဘူး’ ဟုဆိုလိုက်ရုံ။ ထိုနှစ်ခုကြားတွင်နေရန်

”ကျွန်တော်မသိဘူး” ဟုဖြေလိုက်သည်။

ရာဟင်ခန်သည် လက်ကိုင်ပုဝါထဲ ချောင်းဆိုးချပြန်သည်။ ချောင်းဆိုးရန်

ခေါင်းအငုံ့ ဦးခေါင်းပေါ်မှ အနာများကိုတွေ့ရသည်။

”အေမားကို ဒီအထိလှမ်းခေါ်တာ အကူအညီတောင်းစရာရှိလို့ပါ။ ကာကာ့ အတွက်

လုပ်ပေးမလား။ ဒါပေမယ့် အကူအညီမတောင်းခင် ဟက်ဆန့်အကြောင်း ပြောပြရဦးမယ်။

နားလည်လား”

”ဟုတ်ကဲ့”

”သူ့အကြောင်း ပြောပြချင်လိုက်တာကွယ်။ ဖြစ်ကြောင်းကုန်စင် အကုန်လုံး

ကိုပြောပြချင်တယ်။ နားထောင်မလား”

ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။

ရာဟင်ခန်သည် လက်ဖက်ရည်သောက်ကာ နံရံပေါ်ခေါင်းမှီ၍ ဇာတ်စုံခင်း သည်။

——————————————

အခန်း(၁၆)

၁၉၈၆ ခုတုန်းက ဘာဖြစ်လို့ ဟက်ဆန့်ကို ဟာဇာရာစခန်းမှာသွားရှာသလဲ

ဆိုတဲ့အကြောင်းရင်း အများကြီးရှိတယ်။ အဓိကအကြောင်းရင်းကတော့ ကာကာ

သိပ်ပြီးအထီးကျန်တယ်။ အဲဒီအချိန်လောက်တုန်းက ကာကာ့မိတ်ဆွေတွေ၊

ဆွေမျိုးတွေ သေတဲ့သူသေ၊ ပါကစ္စတန်နဲ့ အီရန်ကိုပြေးတဲ့သူပြေး၊

ကိုယ်တစ်သက်လုံး နေလာခဲ့တဲ့ ကဘူးမှာ အသိအကျွမ်းတစ်ယောက်တောင်

မရှိချင်တော့ဘူး။ လူတိုင်းပြေးကြပြီလေ။ ဟိုအရင် ကာတာပါဝမ်ရပ်ကွက်ထဲက

ဖရဲသီးရောင်းတဲ့အပိုင်းကို မှတ်မိသေးလား။ အဲဒီကိုသွားရင် ကာကာ့မှာ

နှုတ်ဆက်ရမယ့်လူ တစ်ယောက်မှမတွေ့ဘူး။ စကား လေးဘာလေးထိုင်ပြောဖို့

တစ်ယောက်မှမရှိဘူး။ လမ်းတွေထဲ ရုရှားစစ်သားချည်းပဲ။ ဒီလိုနဲ့ ကာကာလည်း

မြို့ထဲမထွက်ဖြစ်တော့ဘူး။ အေမားအဖေရဲ့အိမ်ထဲမှာပဲ အောင်းနေတယ်။

စာကြည့်ခန်းထဲဝင်ပြီး အေမားအမေရဲ့ စာအုပ်တွေဖတ်၊ သတင်း နားထောင်၊

တီဗွီကနေ ကွန်မြူနစ်ဝါဒဖြန့်တာကြည့်၊ ဒါပဲလုပ်တယ်။ ဘုရားရှိခိုးတယ်၊

စားဖို့ချက်တယ်၊ တော်ကြာစာဖတ်လိုက်၊ တော်ကြာဘုရားရှိခိုးလိုက်၊ ပြီးတော့

အိပ်ယာဝင်။ နိစ္စဓူဝ ဒီပုံအတိုင်း သံသရာလည်နေတာပေါ့ကွာ။

ကာကာ့ရဲ့ အဆစ်ရောင်နာကြောင့် အိမ်ကိုထိန်းသိမ်းဖို့ ခက်ခဲလာတယ်။

ဒူးနဲ့ကျောရိုးက အမြဲတမ်းကိုက်တယ်ကွ။ မနက်အိပ်ယာထရင် ကိုယ်လက်တွေ

အကိုက်အခဲပျောက်အောင် တစ်နာရီလောက်စောင့်ရတယ်။ ဆောင်းတွင်းဆို သာဆိုး

တယ်။ အေမားအဖေရဲ့အိမ်ကိုလည်း တစ်အိမ်လုံးပွထအောင် လုပ်မပစ်ချင်ဘူး။

အဲဒီအိမ်မှာပျော်ခဲ့ကြရတာတွေ၊ အတိတ်အမှတ်တရတွေ တစ်ပုံကြီးပါပဲ အေမားရေ။

အိမ်ကို အေမားအဖေကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာတင် ဘယ်ကဦးမလဲ၊ ဒီအိမ်ဟာ

သူ့အတွက် အဓိပ္ပါယ်သိပ်ရှိတယ်။ ပြီးတော့ အိမ်ကိုထိန်းသိမ်းပါ့မယ်လို့ ကာကာ

ကတိပေးခဲ့တယ်လေ။ ခုတော့ ကာကာ အိမ်တစ်လုံးနဲ့ကျန်ရစ်ခဲ့ပြီ။ ကာကာလည်း

အစွမ်းကုန်လုပ်ပါတယ်။ သုံးလေးရက်ခြားတစ်ခါလောက် သစ်ပင်တွေရေလောင်း တယ်။

မြက်ခင်းညှပ်တယ်။ ပန်းပင်တွေကြည့်တယ်။ ပြုတ်နေပျက်နေတာတွေ ပြုပြင်ပေးတယ်။

ဒါပေမယ့် ကာကာက သန်သန်မြန်မြန် မဟုတ်တော့ဘူး။

ဒါနဲ့တောင် ကာကာ ဆက်လုပ်နေတုန်းပဲ။ ဒါပေမယ့် အေမားအဖေဆုံးတဲ့ သတင်းကို

ကြားတော့ … ပထမဆုံးအကြိမ်အဖြစ် ဒီအိမ်ထဲမှာ ကာကာလေ …

သိပ်ကိုအထီးကျန်တာပဲကွယ်။ ရင်ထဲမှာ လပ်ဟာသွားလိုက်တာ ခံတောင်မခံသာဘူး။

ဒီလိုနဲ့ တစ်နေ့တော့ ကားဆီဖြည့်ပြီး ဟာဇာရာစခန်းကိုသွားတယ်။

အလီနဲ့ဟက်ဆန် ဘာမီယန်မြို့ပြင်က ရွာကလေးမှာနေတဲ့အကြောင်း အေမားအဖေ

ပြောထားတာ မှတ်မိနေသေးတယ်။ အလီ့ယောက်ဖ အဲဒီရွာမှာရှိတာလည်း ကာကာ

မှတ်မိတယ်။ အဲဒီမှာ ဟက်ဆန်ရှိမရှိ၊ ဟက်ဆန့်သတင်းပေးနိုင်တဲ့လူ

ရှိမရှိကိုတော့ ကာကာမသိဘူး။ အေမားတို့အိမ်ကနေ အလီနဲ့ဟက်ဆန် ထွက်သွားကြတာ

ဆယ်နှစ် တောင်ရှိပြီကိုး။ ၁၉၈၆ ခုဆိုရင် ဟက်ဆန် အသက်နှစ်ဆယ့်နှစ်၊

နှစ်ဆယ့်သုံး လောက်ရှိပြီ။ အရွယ်ရောက်ပြီပေါ့။ အသက်ရှင်နေသေးတယ်ဆိုရင်၊

ဒီလိုကွာ … ရှိုရာဝီတွေက လူငယ်လူရွယ်ဆိုရင်သတ်တာချည်းပဲ။

ဒါတွေပြောနေဖို့မလိုပါဘူးနော်။

ဘုရားရဲ့အလိုတော်ကြောင့် ဟက်ဆန့်ကို ကာကာရှာတွေ့ခဲ့တယ်။ ခက်ခက်

ခဲခဲတောင် မရှာလိုက်ရဘူး။ ဘာမီယန်မှာ နည်းနည်းပါးပါး

မေးမြန်းကြည့်လိုက်တာနဲ့ သူနေတဲ့ရွာကို လမ်းပြကြတယ်။ ကာကာမှတ်မိနေသေးတာက

အဲဒီနေ့တုန်းက နေကလည်းပူ၊ ဖုန်ကလည်းထူ၊ လမ်းက

လှည်းပန်းတောင်းရာတွေပြည့်လို့။ လမ်းနှစ် ဖက်စလုံး ခြုံတွေကလွဲလို့

ဘာမှမရှိဘူး။ လမ်းချိုးကိုကွေ့လိုက်မှ ကုန်းခေါင်ခေါင်ရဲ့ အလယ်ကောင်မှာ

ရွှံ့တဲလေးတွေ။ ရွှံ့တဲလေးတွေရဲ့နောက်မှာ ဘာမှမရှိတော့ဘူး။

ဘာမီယန်ကလူတွေပြောတော့ ဟက်ဆန့်ကိုရှာရမခက်လှပါဘူးတဲ့။ ရွာထဲ

မှာခြံခတ်ပြီးနေတာ သူတစ်ယောက်ပဲရှိသတဲ့။ အိမ်ကလေးကို ရွှံ့နံရံပုပုလေးနဲ့

ကာထားတယ်။ နံရံပေါ်မှာ အပေါက်ကလေးတွေ။ လမ်းထဲမှာ ဆော့နေတဲ့ကလေးတွေ

ဖိနပ်မပါဘူး။ ကာကာ ခြံတံခါးခေါက်ပြီး ဝင်းထဲဝင်တယ်။ ဝင်းထဲမှာ

ခြောက်နေတဲ့ စတော်ဘယ်ရီစိုက်ခင်းရယ်၊ အရိုးပြိုင်းပြိုင်းရှောက်ပင်ရယ်၊

ဒါပဲရှိတယ်။ ခြံထောင့်က ထနောင်းပင်ရိပ်အောက်မှာ နံပြားဖို။

နံပြားဖိုဘေးမှာ လူတစ်ယောက်။ ဆောင့်ကြောင့် ထိုင်ပြီး နံပြားရိုက်နေတယ်။

ကာကာ့ကိုမြင်တော့ လက်ထဲကမုန့်ညက်လုံး ပြုတ် ကျပါရော။ ကာကာ့လက်တွေကို

သူတအားနမ်းနေတာ ကာကာ မနည်းတားယူရ တယ်။

”ကြည့်စမ်းပါရစေဦး” လို့ကာကာပြောတော့ သူကနောက်ဆုတ်ရပ်ပြ တယ်။

ထွားလာလိုက်တာ။ ကာကာ ခြေဖျားထောက်ကြည့်တော့ သူ့မေးစေ့မီရုံ ကလေးရှိတယ်။

ဘာမီယန်နေကြောင့် သူ့အသားတွေ မဲသဲကြမ်းထော်သွားလိုက် တာများ …

ရှေ့သွားကလည်းမစုံဘူး။ မေးစေ့ပေါ်ကအမွေးကတော့ ဟိုတစ်ပင်သည် တစ်ပင်။

ဒါတွေအားလုံးထက် သူ့အစိမ်းရောင်မျက်လုံးမှေးမှေးလေးတွေ၊ နှုတ်ခမ်း

ပေါ်ကအမာရွတ်၊ မျက်နှာဝိုင်းဝိုင်း၊ ဖော်ရွေတဲ့အပြုံး …

အေမားသာသူ့ကိုတွေ့ရင် မှတ်မိမှာသေချာတယ်။

ကာကာတို့ အိမ်ထဲဝင်ကြတော့ အသားလတ်လတ် ဟာဇာရာတိုင်းရင်းသူ တစ်ယောက်

အိမ်ထဲမှာ ရှောစောင်ရက်နေတယ်။ ”ဒါကျွန်တော့်မိန်းမ”တဲ့၊ ဟက်ဆန်

ပြောပြတယ်။ ”နာမည်က ဖာဇာနာ” တဲ့။ ကောင်မလေးက ရှက်တတ်ပုံပဲ။ စကားပြော

တိုးတယ်။ မျက်လုံးက အညိုရောင်လှလှကြီး။ ကာကာနဲ့ ဘယ်တော့မှ မျက်လုံးချင်း

ဆိုင်မကြည့်ဘူး။ ဒါပေမယ့် ဟက်ဆန့်ကိုကြည့်ပုံကတော့ … ကွာ …

ဒီကောင်ကြီး ရာဇပလ္လင်ပေါ်ရောက်နေသလား မှတ်ရတယ်။

ရွှံ့မံထားတဲ့အခန်းထဲ ကာကာတို့အားလုံး ဝိုင်းထိုင်မိကြတော့ ”ကလေး

ဘယ်တော့လောက် မွေးမလဲ” မေးကြည့်ရတာပေါ့။ အခန်းထဲ ဘာမှများများစားစား

မရှိဘူး။ အနားစုတ်နေတဲ့ကော်ဇောရယ်၊ ပန်းကန်ခွက်ယောက်နည်းနည်းပါးပါးရယ်၊

မွေ့ယာက နှစ်ခု၊ ပြီးတော့မှန်အိမ်တစ်လုံး၊ ဒါပဲ။

လာမယ့်ဆောင်းမွေးမတဲ့ဗျ။ ”အဖေ့နာမည်ခံယူဖို့ သားယောက်ျားလေး မွေးပါစေ

ဆုတောင်းနေတာ” တဲ့။

”အလီဆိုလို့ မေးရဦးမယ်။ သူဘယ်ရောက်နေလဲ” လို့ ကာကာမေးကြည့် တယ်။

ဒီတော့ ဟက်ဆန်မျက်လွွှာချတယ်။ အလီနဲ့ အိမ်ကိုပိုင်တဲ့ သူ့ယောက်ဖ

လွန်ခဲ့တဲ့နှစ်နှစ်က မြေမြှုပ်မိုင်းနင်းမိလို့ သေပြီတဲ့။

ဘာမီယန်မြို့ပြင်ကလေးတင် ဖြစ်ကြတာတဲ့။ မြေမြှုပ်မိုင်းတဲ့။

အာဖဂန်တွေအတွက် တခြားသေနည်းမရှိတော့ဘူးလား အေမားရယ်။ ပြီးတော့လေ …

ဘာကြောင့်မှန်းမသိဘူး။ ကာကာ့စိတ်ထဲမှာ သေချာနေတာတစ်ခုရှိတယ်။

သူ့ကိုသစ္စာဖောက်တာ သူ့ညာခြေထောက်ပဲလို့ … ပိုလီယိုခြေထောက်လေ။

အလီဆုံးတဲ့သတင်းကြားရတော့ ကာကာ့ရင်ထဲနင့်နေတာပဲ။

အေမားသိတဲ့အတိုင်း အေမားအဖေနဲ့ကာကာက တူတူကြီးလာကြတာ။

ကာကာမှတ်မိတဲ့အချိန်ကစပြီး အေမားအဖေဟာ အလီနဲ့အတူနေခဲ့တာ။ ကာကာတို့

သုံးယောက် အားလုံးငယ်ငယ်လေးရှိသေးတယ်။ အလီ ပိုလီယိုရောဂါရပြီး သေမလို

ဖြစ်တော့ အေမားအဖေက တစ်အိမ်လုံးပတ်လျှောက်ပြီး တစ်နေကုန်ငိုနေခဲ့တာ။

ဖာဇာနာက ကာကာတို့ကို ဟင်းချက်ကျွေးတယ်။ ပဲသီး၊ မုန်လာဥနီနဲ့ အာလူး။

ကာကာတို့လက်ဆေးပြီး နံပြားဖိုကကျလာတဲ့ ပူပူနွေးနွေးနံပြားကို ဟင်းရည်

ထဲနှစ်ပြီးစားကြတယ်။ လပေါင်းများစွာအတွင်း ခုမှပဲ အရသာရှိတာစားရတော့တယ်။

စားရင်းနဲ့ ကဘူးကိုလိုက်ခဲ့ဖို့ ဟက်ဆန့်ကို ကာကာခေါ်တယ်။ ကဘူးကအိမ်

အကြောင်း၊ ကာကာတစ်ယောက်ထဲ အိမ်ကိုမကြည့်နိုင်တော့တဲ့အကြောင်း ပြောပြရ

တာပေါ့။ ကာကာပြောပါတယ်၊ သူ့ကိုလည်း လခပေးမယ်၊ သူ့ဇနီးကိုလည်း

ကောင်းကောင်းထားမယ်လို့၊ သူတို့အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက်

ကြည့်ပြီး ဘာမှအဖြေမပေးဘူး။ စားသောက်လက်ဆေးပြီးမှ၊ ဖာဇာနာချပေးတဲ့

စပျစ်သီးတွေစားပြီးမှ ဟက်ဆန်ပြောတယ်။ ဒီရွာက သူ့အိမ်ဖြစ်နေပြီတဲ့။

သူနဲ့ဖာဇာနာ ဒီရွာမှာ ဘဝတစ်ခုထူထောင်ပြီးနေပြီတဲ့။

”ပြီးတော့ ဘာမီယန်နဲ့လည်းနီးတယ်။ အဲဒီမှာ အသိတွေရှိတယ်။ ကျွန်တော့် ကို

ခွင့်လွှတ်ပါ” တဲ့။

”ဒီအတွက် တောင်းပန်စရာမလိုပါဘူး၊ ဟက်ဆန်။ ကာကာနားလည် ပါတယ်” လို့ပြောရတယ်။

ထမင်းစားပြီး လက်ဖက်ရည်သောက်ကြတော့မှ ဟက်ဆန်က အေမားအ ကြောင်းမေးတယ်။

အေမား အမေရိကားရောက်နေတဲ့အကြောင်း ပြောပြလိုက်တယ်။

အေမားအကြောင်းမေးစရာတွေ ဟက်ဆန့်မှာ အများကြီး။ အေမား လက်ထပ်ပြီးပြီ လား၊

သားသမီးရပြီလား၊ အရပ်ဘယ်လောက်ရှည်သလဲ၊ စွန်လွှတ်သေးလား၊

ရုပ်ရှင်ကြည့်သေးလား၊ ပျော်နေပြီလား၊ စသဖြင့်ပေါ့ကွာ။

ဘာမီယန်မှာ နေတုန်းက ဖာစီဘာသာသင်ပေးတဲ့ ဆရာတစ်ယောက်နဲ့ တွေ့ပြီး

ဟက်ဆန့်ကိုစာသင်ပေးလို့ ဟက်ဆန်က စာရေးစာဖတ်တတ်နေပြီ။ ဒါကြောင့် တကယ်လို့

အေမားဆီသူစာရေးရင် ကာကာက ပို့ပေးမလားတဲ့၊ မေးတယ်။ ပြီးတော့

အေမားကစာပြန်လိမ့်မယ်လို့ ကာကာထင်သလားတဲ့။ ကာကာက သူ့ကိုပြောပြတယ်။

အေမားအဖေနဲ့ ခဏကလေးဖုန်းပြောကြရတာ၊ သူ့မေးခွန်းတွေ ကာကာ မဖြေတတ်ဘူး။

ပြီးတော့ အေမားအဖေအကြောင်းမေးတယ်။ ဆုံးသွားကြောင်း ကာကာပြောပြလိုက်တော့

ဟက်ဆန်လေ … မျက်နှာလက်ဝါးအုပ်ပြီး ငိုလိုက်တာ ကွယ်။ တစ်ညလုံး

ကလေးလိုငိုတာ။

သူတို့အိမ်မှာ ညအိပ်ဖို့ ကာကာ့ကိုအတင်းဆွဲထားတယ်။ ဖာဇာနာက ကာကာ့အတွက်

ခေါက်ခုတင်တစ်လုံး စီစဉ်ပေးတယ်။ ကာကာ ရေငတ်မှာစိုးလို့

တွင်းရေခပ်ထားပေးတယ်။ ဟက်ဆန်ငိုတာ၊ ဟက်ဆန့်ကို ဖာဇာနာချော့တာ ကာကာ

တစ်ညလုံးကြားနေခဲ့ရတယ်။

မနက်ရောက်တော့ ဟက်ဆန်က သူနဲ့ဖာဇာနာ ကဘူးကိုလိုက်ခဲ့မယ်တဲ့။

”ကာကာ ဒီကိုမလာသင့်ဘူး။ မင်းမှန်ပါတယ် ဟက်ဆန်။ ဒီမှာဘဝတစ်ခု ရနေပြီပဲ။

ကာကာက ခုလေးတင်ပေါ်လာပြီး မင်းကိုရှိသမျှ အကုန်ထားခဲ့ဖို့ပြောတာ

ကာကာလောဘကြီးရာကျတာပေါ့။ ကာကာ့ကိုသာ ဟက်ဆန်ကခွင့်လွှတ်ရမှာပါ” လို့ကာကာ

ပြောလိုက်တယ်။

”ထားရစ်ခဲ့စရာ များများစားစားမရှိပါဘူး။ ကျွန်တော်တို့လိုက်ခဲ့မယ်။

အိမ်ကို ဂရုစိုက်ဖို့ ကာကာ့ကိုဝိုင်းကူမယ်” တဲ့၊ ဟက်ဆန်ဖြေတယ်လေ။

မျက်လုံးတွေ နီရဲဖောင်းအစ်လို့။

သူတို့ပစ္စည်းပစ္စယလေးတွေ ကော်ဇောအဟောင်းထဲထည့်ပြီး အနားစကို စုချည်၊

အထုပ်ကိုကားပေါ်တင်ကြပြီးတော့ ဟက်ဆန်က အိမ်ပေါက်ဝမှာ ကိုရန်ကျမ်း

ကိုကိုင်ပေးထားတယ်။ ကာကာတို့အားလုံး ကိုရန်ကျမ်းကိုနမ်းပြီး

ကျမ်းအောက်ကနေ ထွက်ကြရတယ်။ ကာကာတို့ ကဘူးကို ကားမောင်းထွက်လာကြတော့

ဟက်ဆန်က သူ့အိမ်ကိုနောက်ဆုံးတစ်ကြိမ် လှည့်ကြည့်တာ ကာကာ မှတ်မိသေးတယ်။

ကဘူးရောက်တော့မှသိတယ်။ ဟက်ဆန်က အိမ်ထဲဝင်နေဖို့ စိတ်ကူးလုံးဝ မရှိဘူး။

”အခန်းတွေအားလုံးလပ်နေတာပဲ ဟက်ဆန်ရာ၊ ဒီမှာ ဘယ်သူမှ လာနေဖို့မရှိ ဘူး”

လို့ ကာကာပြောနေရက်နဲ့ ဟက်ဆန်မနေဘူး။

ဒါက ဂါရဝတရားနဲ့ဆိုင်သတဲ့။ နောက်ဘက်က ရွှံ့တဲထဲကို သူတို့ပစ္စည်း

သွားထားတယ်။ အပေါ်ထပ်ဧည့်သည်ခန်းထဲ ပြောင်းနေဖို့ ကာကာပြောသေးတယ်။

ဒါပေမယ့် ဟက်ဆန်က ဘာမှနားမဝင်ဘူး။ ”အစ်ကိုအေမား ဘယ်လိုထင်မလဲ” တဲ့။

”စစ်ပြီးလို့ ကဘူးကို အစ်ကိုအေမား ပြန်လာတဲ့အခါ သူ့နေရာကျွန်တော်ရောက်

နေရင် ဘယ်လိုထင်မလဲ” တဲ့။

အေမားအဖေဆုံးတာ ဝမ်းနည်းတဲ့အနေနဲ့ ဟက်ဆန်ရက်လေးဆယ် အနက် ဝတ်တယ်။

ချက်ရေးပြုတ်ရေးကိစ္စအားလုံး၊ အိမ်သန့်ရှင်းရေးကိစ္စအားလုံး ဟက်ဆန် တို့

လင်မယားတာဝန်ယူတယ်။ ခြံထဲမှာ ဟက်ဆန်ကပန်းပင်တွေ ကြည့်တယ်။ ရေလောင်းတယ်၊

သစ်ရွက်ကောက်တယ်။ နှင်းဆီခြုံစိုက်တယ်။ အိမ်နံရံ ဆေးသုတ် တယ်။

အိမ်ထဲမှာဆိုရင် နှစ်ပေါင်းများစွာ လူမနေတဲ့အခန်းတွေ ဟက်ဆန်ပဲ

တံမြက်စည်းလှည်းကျင်းထားတာ။ ဘယ်သူမှမဝင်တဲ့ ရေချိုးခန်းကို ဟက်ဆန်ပဲ

တိုက်တယ်။ ဟက်ဆန်လုပ်နေပုံက တစ်ယောက်ယောက်ပြန်အလာကို စောင့်နေ သလိုမျိုး။

အေမားအဖေ ပြောင်းပင်တွေစိုက်ခဲ့တဲ့နေရာနားက အုတ်တံတိုင်းကို မှတ်မိ

သေးလား။ အဲဒီပြောင်းခင်းကို အေမားနဲ့ဟက်ဆန် ဘယ်လိုနာမည်ပေးထားကြလဲ။

‘ဂီလာနပြောင်းခင်း’ ဟုတ်လား။ အဲဒီတံတိုင်းနားကပြောင်းခင်း

ဒုံးကျည်စာမိပြီး အကုန်ပြိုကျသွားတော့ ဟက်ဆန်က တံတိုင်းတစ်ခုလုံး

သူ့လက်နဲ့ကိုယ်တိုင် ပြန်ဆောက်ပေးခဲ့တယ်။ ဟက်ဆန်သာ မရှိရင်

ကာကာဘာမှမလုပ်တတ်ဘူး။

ဆောင်းနှောင်းရောက်လာတော့ ဖာဇာနာ ကလေးအသေမီးဖွားတယ်။ သမီး လေးကွယ်။

အသက်မရှိတဲ့ကလေးကို ဟက်ဆန်က ခြံနောက်နှင်းဆီခြုံနားမှာ မြှုပ် တယ်။

မြေပုံကို ပေါ်ပလာရွက်ခြောက်လေးတွေနဲ့အုပ်ပြီး ကာကာက ကလေးအတွက်

ဆုတောင်းတယ်။ ဖာဇာနာ တဲထဲကမထွက်ဘဲ ငိုနေတော့တာပဲ။ အေမားရေ …

ကြားရတဲ့လူအဖို့ နှလုံးကွဲစရာကောင်းလိုက်တာကွယ်။

အိမ်အပြင်မှာ စစ်ပွဲကြီးတွေဗြောင်းဆန်လို့၊ ကာကာတို့အိမ်ထဲမှာတော့

သုံးယောက်သား ချမ်းမြေ့ရိပ်မြုံလေးပေါ့ကွာ။ ၁၉၈ဝ လောက်ကစပြီး ကာကာ့

အမြင်အာရုံ သိပ်မကောင်းတော့ဘူး။ ဒီတော့ အေမားအမေရဲ့စာအုပ်တွေ ဟက်ဆန်

ဖတ်ပြတယ်။ ခန်းမထဲက မီးလင်းဖိုဘေးထိုင်ပြီး ဟက်ဆန်ကစာဖတ်ပြရင် ဖာဇာနာက

မီးဖိုထဲမှာချက်တယ်။ မနက်မနက်ဆို နှင်းဆီခြုံနားက မြေပုံလေးပေါ်မှာ

ဟက်ဆန်က ပန်းတစ်ပွင့်သွားသွားတင်တယ်။

ဒီလိုနဲ့ ၁၉၈ဝ အစောပိုင်းမှာ ဖာဇာနာ ကိုယ်လေးလက်ဝန်ဖြစ်လာပြန် တယ်။

အဲဒီနှစ်နွေမှာပဲ မိန်းမတစ်ယောက်ပေါ့ကွာ။ ဂိတ်တံခါးလာခေါက်တယ်။

မျက်နှာစည်းပုဝါက မိုးပြာရောင်။ ကာကာ ဂိတ်တံခါးသွားဖွင့်တော့

အဲဒီအမျိုးသမီး ယိုင်နေတယ်။ မတ်တတ်တောင် ကောင်းကောင်းမရပ်နိုင်ဘူး။

ဘာကိစ္စရှိလဲမေးတော့ ဘာမှမဖြေဘူး။ ဂိတ်ဝမှာတင် လဲကျသွားပါရော။

ကာကာလေ … ဟက်ဆန့်ကိုအော်ခေါ်ရတယ်။ လူမမာကို ကာကာနဲ့ ဟက်ဆန်

ဧည့်ခန်းထဲမ’လာပြီး ဆိုဖာပေါ်တင်၊ ပုဝါကိုဆွဲလှပ်ကြည့်တော့ အဲဒီ

အမျိုးသမီးမှာလေ … သွားတွေမရှိဘူး။ ခေါင်းဖြူရွတ်တွကြီးရယ် …

လက်မောင်းမှာ အနာတွေနဲ့။ ကြည့်ရတာ ထမင်းငတ်နေတဲ့ရက်ပေါင်း မနည်းဘူး။

ဒါပေမယ့် အဆိုးဆုံးကတော့ မျက်နှာပဲ။ မျက်နှာက ဓားနဲ့အမွှမ်းခံထားရတယ်။

ဓားဒဏ်ရာတွေ ရှုပ်ရှက်ခတ်နေတာကွဲ့။ ဒဏ်ရာတစ်ခုက မေးရိုးကနေဆံစပ်အထိ

ဆွဲချထားတာ။ ဘယ်ဘက်မျက်လုံးနေရာကိုတောင် ဖြတ်ချသွားတယ်။

တကယ့်ရုပ်ပျက်ဆင်းပျက်ပါပဲ။

နဖူးပေါ် ကာကာ ရေဝတ်နဲ့သုတ်ပေးတော့ မျက်လုံးတွေပွင့်လာပြီး ”ဟက် ဆန်

ဘယ်မှာလဲ” တဲ့၊ တိုးတိုးလေးမေးတယ်။ ”ကျွန်တော် ဒီမှာပါ” လို့ ဟက်ဆန်

ဖြေပြီး လူနာရဲ့လက်ကိုဖျစ်ပေးနေတာပေါ့ကွယ်။

မျက်လုံးကြီးတွေလည်သွားပြီး ”အိပ်မက်ထဲကလို လူချောကြီးဖြစ်နေသလား

တွေ့ချင်လွန်းလို့ အဝေးကြီးအကြာကြီး လမ်းလျှောက်ခဲ့ရတယ်။

အိပ်မက်ထဲကအတိုင်း တကယ့်လူချောကြီးကိုး” တဲ့။ ဟက်ဆန့်လက်ကိုဆွဲယူပြီး

မျက်နှာကပ်ထားတယ်။ ”ပြုံးပြပါလားနော်” တဲ့။

ဟက်ဆန်ပြုံးပြတော့ အမျိုးသမီးငိုပြန်ရော။ ”သားကိုပြောပြဖူးတဲ့လူ ရှိရဲ့

လား။ အမေ့ဝမ်းကကျွတ်ကတည်းက ပြုံးပြုံးလေး။ အမေကတော့ သားလေးကို

ပွေ့တောင်မပွေ့ခဲ့ဘူး။ အလာဟ်အရှင် … တပည့်တော်ကို ခွင့်လွှတ်ပါ” တဲ့။

ဟက်ဆန့်ကိုမွေးပြီး ၁၉၆၄ မှာ စန်နိုဘား ပန်တျာအဖွဲ့နဲ့လိုက်ပြေး

သွားတယ်လေ။ ဒီကတည်းက စန်နိုဘားကို ကာကာတို့ မတွေ့ခဲ့ကြဘူး။ အေမား လည်း

သူ့ကိုမမြင်ဖူးပါဘူး။ စန်နိုဘားတို့များ ရယ်လိုက်ရင်ပါးချိုင့်လေးနဲ့။

လမ်း လျှောက်ရင် ယောက်ျားတွေ ရူးကုန်မလားပဲ။ လမ်းမှာတွေ့တဲ့လူ

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဘယ်သူမဆို စန်နိုဘားကို

နှစ်ခါပြန်လှည့်မကြည့်ရတဲ့လူ မရှိဘူး။ ခုတော့လည်း …

ဟက်ဆန်လေ … အိမ်ထဲကနေ တဟုန်ထိုးထွက်ပြေးသွားတယ်။ အေမား တို့ဆော့နေကျ

တောင်ကုန်းလေးပေါ်တက်ပြေးတာ။ ကာကာလည်း သူ့ကိုလွှတ် ထားလိုက်တယ်။

မိုးစုပ်စုပ်ချုပ်တဲ့ထိ စန်နိုဘားဘေးမှာပဲ ကာကာနေပေးလိုက်တယ်။

ညရောက်ပြီးလထွက်ချိန်ထိ ဟက်ဆန်ပြန်မလာဘူး။ စန်နိုဘားကတော့ ပြောရှာပါ တယ်။

သူပြန်လာတာ မှားပြီတဲ့။ သားကိုထားရစ်ပြီး ထွက်သွားတုန်းကထက်တောင်

အခုပိုမှားနေပြီတဲ့။ ကာကာကတော့ သူ့ကိုဆွဲထားတယ်။ ဟက်ဆန်ပြန်လာမယ်ဆိုတာ

ကာကာသိတယ်။

နောက်တစ်နေ့မနက်မှ ဟက်ဆန်ပြန်လာတယ်။ တစ်ညလုံးအိပ်ခဲ့ပုံမရဘူး။

နွမ်းဖတ်လို့။ သူ့အမေမျက်နှာပေါ်က အမာရွတ်တွေ၊ ဆံပင်တွေ စမ်းကြည့်ရှာတယ်။

သူတို့အမေပြန်ကျန်းမာအောင် ဟက်ဆန်နဲ့ဖာဇာနာပဲ ပြုစုခဲ့ကြတာကွဲ့။

အဝတ်လျှော်ပေးတယ်။ ကျွေးမွေးပြုစုကြတယ်။ အပေါ်ထပ်ဧည့်သည်ခန်းတစ်ခန်းမှာ

ကာကာ သူ့ကိုထားတယ်။ တစ်ခါတလေများ ကာကာ ပြတင်းကနေ လှမ်းကြည့် လိုက်ရင်

ဟက်ဆန်တို့သားအမိ ခြံထဲမှာ ခရမ်းချဉ်သီးတွေကောက်လို့။ စကားတပြော ပြောနဲ့

နှင်းဆီခြုံတွေညှပ်လို့။ ကာကာ့အထင် ကုန်လွန်သွားခဲ့တဲ့ နှစ်ကာလတွေကို

အမိအရပြန်ဖမ်းနေကြတာလေ။ ကာကာသိသရွေ့ကတော့ ဟက်ဆန်က သူ့အမေကို ဘာဖြစ်လို့

အိမ်ကထွက်သွားသလဲ ဘာညာ ဘာမှမမေးဖူးဘူး။ တချို့ဇာတ်လမ်း တွေဟာ

ပြောပြစရာမလိုဘူးလို့ မှန်းရတာပဲ။

၁၉၉ဝ ဆောင်းတွင်းမှာ ဟက်ဆန့်အတွက် သားကလေးကို စန်နိုဘား

ဝိုင်းကူပြီးမွေးပေးခဲ့တာကွဲ့။ ဆောင်းတွင်းဆိုပေမယ့် နှင်းမကျသေးဘူး။

ဆောင်းလေ ကတော့ ဝင်ပြီ။ ခြံထဲမှာ ပန်းခင်းတွေပျက်၊ သစ်ရွက်တွေ ပွလို့။

စန်နိုဘားက သူ့မြေးကလေးကို သိုးမွေးစောင်ကလေးနဲ့ပတ်ပြီး တဲထဲကထွက်လာတာ

ကာကာ ဘယ်မေ့ဦးမလဲ။ မိုးတွေကအုံ့လို့။ စန်နိုဘား မျက်ရည်တွေကို

ရွှဲနေတာပဲ။ မျက်နှာ ကြီးကတော့ ဝင်းလို့ဗျ။ မြေးကလေးကို ပွေ့ထားပုံက

ဘယ်တော့မှမလွှတ်ချင်တော့ဘူး ဆိုတဲ့ပုံမျိုး။

ကလေးကို ‘စိုးရက်ပ်’ လို့ ကင်ပွန်းတပ်တယ်။ ဟက်ဆန်အကြိုက်ဆုံး

ရှာနာမာဝတ္ထုထဲက သူရဲကောင်းနာမည်လေ။ အေမား သိပါတယ်။ ကလေးက

သိပ်ချစ်စရာကောင်းတာ။ သူ့အဖေလိုပဲ သန္ဓေကောင်းတယ်။ စန်နိုဘားတို့

အဖြစ်သည်းပုံကို မြင်စေ့ချင်တယ်။ မြေးကလေးအတွက် အကျႌချုပ်ပေးရတာနဲ့။

ကစားစရာလုပ်ပေးရတာနဲ့။ ကလေးဖျားရင် စန်နိုဘား ညလုံးပေါက် မိုးလင်းတယ်။

သုံးရက် ဥပုသ်စောင့်တယ်။ စိုးရက်ပ် နှစ်နှစ်သားရောက်တော့ အဖွားကို ‘စာစာ’

လို့ခေါ်တတ်ပြီ။ ဒီမြေးအဖွား ခွဲလို့မရတော့ဘူး။

စိုးရက်ပ် လေးနှစ်သားအထိ စန်နိုဘားနေသွားတယ်။ တစ်မနက်မှာ စန်နိုဘား

အိပ်ပျော်ရင်းမနိုးတော့ဘူး။ သေသွားပုံ သိပ်ငြိမ်းချမ်းတယ်။ သေတာကို

မမှုတော့တဲ့ပုံမျိုး။ တောင်ကုန်းလေးပေါ်က သချႋုင်းမှာပဲ စန်နိုဘားကို

မြှုပ်လိုက် ကြတယ်။ တလည်းပင်ကြီးအောက်မှာပေါ့။ အမေသေတော့ ဟက်ဆန်တော်တော်

ခံစားရတယ်။ စိုးရက်ပ်က သာဆိုးသေး။ တစ်အိမ်လုံးပတ်ပြီး

သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ

မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။

……………………
……………………..
………………………

_____________________________

ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

6 comments

  • အလင်းဆက်

    July 18, 2012 at 6:54 pm

    ဟက်ဆန်အကြောင်းးပြန်ကြားရတော့…
    အေမားနဲ ့ထပ်တူ..စိတ်လှုပ်ရ ပါတယ် ။ ပြိးတော့…စိတ်မကောင်းလည်း..ဖြစ်ရပါတယ် ။

    ကျွန်တော်..ေ.နာက်တစ်ပိုင်းတင်ပြဖို ့တောင်..တော်တော်…လက် တွန် ့ လာပါတယ် ။ နောက်တစ်ပိုင်းမှာ..ဆိုရင်……..

  • မောင်ပေ

    July 18, 2012 at 8:48 pm

    ဒီရက်ပိုင်းအတွင်း သိပ်မအားလို ့..
    ဒီအပိုင်းကစပြီး.. ပြန်ကူးပြီ ဆိုတဲ့အကြောင်း
    သတင်းပို ့ခဲ့ပါတယ်…။

  • သကြားလုုံးကြော်

    July 19, 2012 at 11:13 am

    ကောင်းခန်းမှတ်လိုု့ မဟုုတ်သေးဘူးကိုုး။
    ဟက်ဆန် ကအေမားအပေါ်အညှိုးမထားဘဲ ပြန်တွေ့ချင်တုုန်းပဲဆိုုတာ အံ့ဩမိတယ်။
    အေမားလုုပ်ချက်ကိုု ငယ်ငယ်တုုန်းက သိကတည်းက ရင့်ကျက်နေပြီးသားမိုု့ ခွင့်လွတ်ပေမဲ့ ပြန်မတွေ့ ချင်လောက်တော့ဘူး အောင့်မေ့တာ။

  • မဂွတ် ထော်

    July 19, 2012 at 1:56 pm

    အပိုင်းတွေများလွန်းတော့
    ဇာတ်လမ်းကကြည့်ကောင်းနေ
    အိမ်အလုပ်တောင်မလုပ်ချင်ဘူး
    😛

  • အလင်းဆက်

    July 19, 2012 at 6:01 pm

    ကိုပေ…ရေ.. အားတော့မှ..စု ဖတ်တော့လည်း..အရသာ တမျိုး.ပေါ့နော် ။
    အားပေးတာ ကျေးဇူးပါ.။

    သကြားလုံးကြော်..ရေ..
    ကောင်းခန်း..ဆိုတာက လာတော့မှာပါ..ဗျ .။ အားပေးပါဦး.နော် ့။

    မဂွက်ထော်..ရေ.. အိမ် အလုပ်တွေ..များတဲ ့ကြားက ဖတ်ရှု..သွားလို့ ကျေးဇူးနော် ။

    King of Secrets (Bo Min) ကိုလည်း.. ကျေးဇူးပါ ။။ ကောင်းမွန်ပြီး…ထူးခြားတဲ ့ဇာတ်လမ်း…လေးဖြစ်ကြောင်း.ထပ်မံ.ပြောကြားပါရစေ..။

    အားလုံးကို ခင်မင်လေးစားလျက်ပါ ။

Leave a Reply