(အရင်ဆုံး ကျွန်တော်တို့ အေးသာယာကျောင်းရဲ့ အကျဉ်းချုပ်လေး အရင်ပြောပြပါမယ်။ အေးသာယာGTC က၊

ကလော GTI ကနေ ပြောင်းလာတာပါ။ ကျွန်တော်တို့ ကျောင်းသား/သူတွေ နေတဲ့ အဆောင်တွေနဲ့ ကျောင်းဝင်ပေါက်က

လုံးဝ တစ်လွဲပါ။ ကျောင်းကို မြင်နေရတာက နီးနီးလေးရယ်။ ခြံစည်းရိုးကို လှည့်ပါတ်သွားနေရတာနဲ့ပဲ တော်တော်အားကုန်နေပြီ … ။

အခု ဒီအထဲမှာ ဖောက်တယ်ဆိုတဲ့လမ်းတွေကလည်း ဟိုးအရင် ခြံစည်းရိုးမရှိခင်ကတည်းက လမ်းတွေပါ။ ပထမကြားတာက

ခြံစည်းရိုးခတ်မယ် ကျောင်းဝင်ပေါက်ကို ဆေးရုံဖက်မှာလည်း ဖောက်ပေးမယ်လို့ကြားတာ။ ဒါပေမဲ့ မဖောက်ပေးတော့

ခိုးကြောင်ခိုးဝှက်သွားရတာတွေ ဖြစ်လာတာပါ။ ဒါက စည်းကမ်းဖောက်ဖျက်မှုလို့လည်းမြင်လို့ရတယ်၊ အပြစ်လို့

မြင်ရင်လည်း မြင်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျောင်းသား/သူတွေ ပင်ပန်းတာကို ထိုင်ကြည့်မနေနိုင်လို့

ဒီကိစ္စတွေကို လုပ်ခဲ့တာပါ။ )

 

 

အခုတော့ ဒေါ်ဦးဆေးရုံနဲ့ ကျောင်းနဲ့ ဆက်ထားတဲ့လမ်း ဘယ်လိုတွေ ဖြစ်နေလဲမသိပါဘူး ….။ အဲ့ဒီလမ်းကို

ဖောက်ခဲ့တာက မင်းမဟော်ဆောင်က ကျောင်းသားတွေပါ ..။ ပထမတော့ သံဆူးကြိုးတစ်ချောင်းဖြတ် … နောက်တော့

တဖြည်းဖြည်းနဲ့ မတ်တတ်ရပ်သွားလို့ရတဲ့ လမ်းဖြစ်သွားပါတယ်။ လမ်းလေးက စစခြင်းတုန်းက ကျဉ်းကျဉ်းလေး မိုးရွာရင်

ဒူးလောက်မြုပ်တဲ့ ချောင်းကကူးရသေး …. ဗွက်ကလည်း ပေသေးတယ်။ အဲ့လိုပုံစံလေးနဲ့ပဲ အဲ့ဒီလမ်းလေးမှာ စာသင်နှစ်

တစ်နှစ်ဖြတ်သန်းလိုက်ကြပါတယ်။ နောက်တစ်နှစ် မိုးတွင်းကျတော့ လမ်းက ပိုပိုပြီးအခြေအနေဆိုးလာပါတယ်။ အဲ့ဒါနဲ့ တစ်ခုခုတော့

ပြင်မှရမယ်ဆိုပြီးကျွန်တော် စဉ်းစားပါတယ်။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက် ပေါ်တင်သွားနေတဲ့ လမ်းဆိုတော့ ကွန်ကရစ်လမ်းတော့

လုပ်မရမှန်းသိပါတယ်။ လုပ်လို့ရတယ်ဆိုရင်လည်း ပိုက်ပိုက်က တတ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒါနဲ့ လမ်းခင်းဖို့ကို စဉ်းစားတော့

အကြံတစ်ခုရတယ်။ ဘာလဲဆိုတော့ ကျောင်းရဲ့နဖူးစည်းစာတမ်းက ဖျက်ထားတဲ့ ကွန်ကရစ် အကျိုးအပဲ့တွေ ရှိတာပဲ ။

အဲ့ဒါတွေကို ဘယ်နား လွှင့်ပစ်လိုက်လဲဆိုတာ ကျွန်တော်လိုက်ရှာပါတယ်။ ကံကောင်းချင်တော့ ကျောင်းရှေ့ ပလက်ဖောင်းဘေးက

မြောင်းထဲမှာ မြက်တွေဖုံးနေတဲ့ အပုံကြီးကို သွားတွေ့ပါတယ်။ အဲ ….. အရင်တုန်းက ကျောင်းနဖူးစီးစာတန်းက

အစိုးရနည်းပညာကောလိပ် (အေးသာယာ) လို့ ရေးထားတာ။  နောက်ပြီး ကျောင်းရှေ့က အဝိုင်းကလည်း အခုလိုမဟုတ်ဘူး …

ပလက်ဖောင်းပုံစံအဝိုင်းပေါ်မှာ မြက်တွေ စိုက်ထားတာ … လမ်းတက်လျှောက်လို့ ရတယ်။ အဲ့ဒီနဖူးစီးစာတန်းနဲ့ အဝိုင်းကို

ကျောင်းဖွင့်ပွဲလုပ်ခါနီးကျမှ ပြန်ပြင်ကြတာ။ ဒါတွေက နည်းနည်း ပြန်ပြောပြတာပါ။

 

အဲ့ဒီနဖူးစီး အပိုင်းအစတွေတွေ့တော့ ကျွန်တော်က အဲ့ဒီနေ့ညမှာပဲ အဲ့ဒါတွေနဲ့လမ်းခင်းမယ်ဆိုပြီး စီစဉ်လိုက်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲနဲ့ အဆင်မပြေဘူးလေ။ ဘော်ဒါတွေလိုက်စုတော့ တစ်ယောက်ရပါတယ်။

အဲ့ဒါနဲ့ နှစ်ယောက်သား ညနေစောင်းတော့ civil workshop ဖက် သွားပြီး တစ်ဘီးတွန်းလှည်းကို သွားငှားကြပါတယ်။

တစ်ကယ့်တစ်ကယ်လိုချင်တာက mining shop က တွန်းလှည်းကို လိုချင်တာ။ ဘာလို့တုန်းဆိုတော့ သူကပိုကြီးတယ၊်

ဘီးက ရာဘာဘီးကြီးနဲ့လေ။ ငှားလို့ရလာတဲ့ဟာကကျတော့ သံဘီးကြီးနဲ့ ။ ကျောင်းထဲကလမ်းတွေကလည်း

သိတဲ့အတိုင်း ကျောက်ခဲချည်းပဲ။ ခိုးပြီးလမ်းခင်းပါတယ်ဆိုမှ သံဘီးနဲ့တွန်းလှည်းက သံစုံမြည်အောင် အော်တယ်။

…. ဒဒုန်းဒုန်း … ဒဒိုင်းဒိုင်းနဲ့ ကျောင်းလမ်းတစ်လျှောက်ဆူညံလို့။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ … အဲဒါပဲရှိတာကိုး။

အဲ့လိုတွန်းလာရင်းနဲ့ အဆောင်က ဘော်ဒါတစ်ကောင်ကို လမ်းမှာတွေ့တော့ …. အဲ့ကောင်ကပါ ငါလည်းလိုက်မယ်ဆိုပြီး

လိုက်လာတာနဲ့ သုံးယောက်ဖြစ်သွားပါတယ်။ အဲ့ဒီ တွန်းလှည်းကို ကျောင်းရှေ့ခြုံထဲမှာထားပြီး ကျွန်တော်တို့တွေ

မိုးချုပ်တဲ့အထိစောင့်တယ်။

 

၈ နာရီလောက်ကျတော့ လုပ်ငန်းစပါတယ်။ ပါလာတဲ့ ဂေါ်ပြားတစ်လက်နဲ့ အုတ်ပုံကြီးကို တူးပါတော့တယ်။

တူတဲ့သူကတူး ထွက်လာတဲ့အုတ်တွေကို လှည်းပေါ်ကိုတင်တဲ့သူတင် ၊ နောက်ပြီး လမ်းခင်းမဲ့နေရာကို တွန်းလှည်းနဲ့ သွားပုံကြနဲ့ ည ၁၁

နာရီလောက်ကျတော့ အုတ်ပုံကြီးကုန်သွားပါတယ်။ အဲ့ဒါနဲ့ လမ်းပေါ်မှာ ပုံထားတဲ့ အပုံကြီးဆီသွားကြတယ်။ နောက်ပြီး သေသေချာချာ

အုတ်တစ်ချပ်ချင်းစီ ကိုရွေးပြီး လမ်းခင်းကြပါတယ်။ အဲ့လိုနဲ့ ၁ နာရီလောက်ကျတော့ လမ်းခင်းတာပြီးသွားတယ် ။

ဒါပေမဲ့ ဒေါ်ဦးဆေးရုံဖက်တက်တဲ့ အတက်ကြီးက ကျန်သေးတယ်။ အုတ်တွေလည်းပိုတယ်ဆိုတော့ ငါတို့ အဲ့အတက်ကို လှေကားထွင်းပြီး

အုတ်ခင်းမယ်ဆိုပြီး ရှိတဲ့ ဂေါပြားတစ်လက်နဲ့ လှေကားထစ်ကိုဖော် … မိုးရွာထားပေမဲ့ မြေကမာတော့ ထွင်းရတာ တော်တော်တော့ ခက်တယ် ။

လှေကားပုံပေါ်တော့ …. အုတ်တွေ ခင်းကြပါတယ်။ ခင်းပြီးတဲ့အခါကျမှ လှေကားကို လျှောက်ကြည့်တော့ အုတ်ခဲတွေက ရွဲကုန်ပါလေရော။

အထိန်းအကွပ်မှ မရှိတာကိုး။ အဲ့ဒါနဲ့ ဘေးနားက သစ်တိုသစ်စတွေနဲ့ အုတ်ခဲတွေ မလှုပ်အောင်သပ်ရိုက်ဖို့ကြံပါတယ်။

ဓါးကလည်း မပါတော့ … ပါတဲ့ ဂေါ်ပြားနဲ့ ချွန်ရတာပေါ့။ အဲ့လိုနဲ့ သုံးယောက်သားနေရာခွဲပြီး သပ်ရိုက်ကြပါတယ်။

 

အဲ့မှာ ပြဿနာ တက်တော့တာပဲ။ သပ်တွေရိုက်နေတုန်း …. ဆေးရုံဖက်က ခြေသံတွေကြားလို့ မော့ကြည့်လိုက်တော့ လူအယောက် ၄ဝ လောက်က ဓါတ်မီးတွေ၊ ဓါးတွေ ၊ တုတ်တွေနဲ့ ကျွန်တော်တို့ကို ဝိုင်းထားပါတယ်။ နောက်ပြီးတော့ မျက်နှာကို ဓါတ်မီးနဲ့ ထိုးပြီး ….  ”

မင်းတို့ ဘယ်ကတုန်း ဘာလုပ်နေတာတုန်း” ဆိုပြီးမေးတော့။ ကျွန်တော်တို့ “လမ်းခင်းနေတာပါ … မိုးတွင်း ဗွက်ပြဲတော့

ကျောင်းသားကျောင်းသူတွေ ဒုက္ခရောက်လို့ပါ” လို့ ပြန်ပြောရတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့သုံးယောက် ကို ဆူပါလေရော။

မင်းတို့က ကြိုလည်း အသိမပေးဘူး ဘာညာပေါ့။ နောက်ပြီး သူတို့ထင်တာက အဲ့ဒီနားက ရေတွင်းဂွေကို ဖြုတ်ခိုးနေတယ်ထင်တာတဲ့။

တစ်ခါလည်း ဖြုတ်ခိုးခံရဖူးလို့တဲ့။ ကျွန်တော်တို့ သပ်ရိုက်နေတာက မြေမာကို ရိုက်နေတော့ လှိုင်သံထွက်ပြီး အဲ့လိုထင်တာပါ။

အဲ့ဒါနဲ့ ခေါင်းဆောင်ဘယ်သူတုန်း … မင်းတို့နာမည်တွေ ပေးဆိုပြီး roll no.တွေရော နာမည်တွေရော အကုန်စာရင်းမှတ်

သွားပါတယ်။ နောက်နေ့ ခေါင်းဆောင်တဲ့ကောင် ဆေးရုံအုပ်ကြီးဆီလာခဲ့ဆိုပြီး ပြန်သွားကြပါတယ်….. အဲ့ဒါနဲ့ကျွန်တော်တို့လည်း

လုပ်လက်စတွေပြီးအောင်လုပ်ပြီး အဆောင်ကို ပြန်၊ ရေချိုး … နောက်ပြီးအိပ်။ နောက်နေ့ တစ်နေ့လုံးလည်း ထမင်းတောင်ထ

မစားပဲ အိပ်ပစ်ကြတာ။ ညနေပိုင်းကျတော့ ဆေးရုံအုပ်ကြီးရဲ့ အဆူအဆဲကို ကျွန်တော်တစ်ယောက်တည်း သွားခံရတာပေါ့ဗျာ။

 

ဘာရယ်ညာရယ်တော့ မဟုတ်ဘူး …. ကျောင်းတုန်းက အမှတ်တရလေး ပြန်ရေးမိတာပါ။ …..

 

 

About yuiio

has written 8 post in this Website..