သူရဿဝါနှင့် မသိခြင်းဒုက္ခ (၅)

သူရႆဝါJuly 20, 20121min1156

သူရဿဝါနှင့် မသိခြင်းဒုက္ခ (၅)
– သူရဿဝါ –

ကမ္ဘာက အကျယ်ကြီး .. လူ့ဦးနှောက်က သေးသေးလေး။ လောကကြီး ထဲမှာ ဖြစ်ပျက် နေသမျှ ကိစ္စတွေ၊ အကြောင်း တရားတွေ အားလုံးကို လူ၏ ဦးနှောက် သေးသေး လေးထဲ အကုန်လုံး ထည့်ထားဖို့ မဆန့်တဲ့ အခါ မသိခြင်းတွေ ဖြစ်လာသည်။ အဲဒီ မသိခြင်း တွေကြောင့် ရောက်ရတဲ့ ဒုက္ခတွေလည်း များလာသည်။ မောင်ဝါဝါမှာ အဲဒီလို မသိခြင်းကြောင့် ဖြစ်ရသော ဒုက္ခတွေ အတော်ကို များသည်။ အဲဒီ ဒုက္ခတွေ အကြောင်း ရေးလာ တာလည်း များပါပြီ။ မောင်ဝါဝါ၏ မသိခြင်းကြောင့် ဖြစ်သော ဒုက္ခကို သူများ တွေလည်း ခံရသည်၊ မောင်ဝါဝါ ကိုယ်တိုင် ခံရတာ တွေလည်း ရှိသည်။ ဒါပေမယ့် တခါတလေ ကျတော့ အဲဒီ ဒုက္ခ အတော်များများက စာဖတ်သူများ ရယ်ချင် ပြုံးချင် စရာ ကောင်းသော ဟာသတွေ ဖြစ်နေ တတ်သည်။ အဲဒါကြောင့် မောင်ဝါဝါ “မသိခြင်း ဒုက္ခများ” ကို ပေါ့ပေါ့ ပါးပါး ရေးဖြစ်သည်။

မောင်ဝါဝါ့ မသိခြင်း တွေထဲမှာ ဖေ့စ်ဘုတ် ကြီးလည်း ပါသည်။ အဲဒီ ဖေ့စ်ဘုတ်ကြီး ခေတ်စားကာစ တုန်းကဆို အဲဒါကြီးကို နာမည်သာ ကြားဖူးတာ၊ ဘာမှန်း သေချာ မသိ။ ဆိုရှယ် နက်ဝါ့ခ် တစ်ခု အဖြစ် လူတွေ အတော်များများ သုံးကြတာ မြင်နေရသည်။ တဖြည်းဖြည်းနဲ့ ဖေ့စ်ဘုတ်မှ မသုံးလျှင် ခေတ်မမီဟု အထင် ခံရမှာ စိုးသဖြင့် သုံးတတ်တတ်၊ မသုံးတတ်တတ် ဟုဆိုကာ ဖေ့စ်ဘုတ် အကောင့် တစ်ခုတော့ ဖွင့်ထားမည် အကြံရသည်။ အကောင့်ဖွင့် ပြီးသော်လည်း ဘယ်ကနေ ဘယ်လို စသုံး ရမည် ဆိုတာ မောင်ဝါဝါ မသိ။ ဖေ့စ်ဘုတ်မှာ ကဗျာတွေ၊ စာတွေကို Note အဖြစ် တင်လို့ ရသည် ဆိုတာတောင် သူငယ်ချင်း တစ်ယောက်က ပြောပြ သင်ပေး ထား၍ သိရတာ။ တစ်နေ့တော့ မောင်ဝါဝါ ဖေ့စ်ဘုတ် မှာ ကဗျာတစ်ပုဒ် စမ်း၍ တင်ကြည့် လိုက်သည်။ သိပ်မကြာ .. သူငယ်ချင်း တစ်ယောက်က အွန်လိုင်းမှ နေ၍ လာပြော သည်။

“ဟေ့ .. မောင်ဝါဝါ .. မင့်ကိုငါ အခု လိုက်လုပ် ခဲ့တယ်နော်၊ မကြာခင် မင်းကို တက်လုပ် ဦးမယ် သိလား”

စိတ်ဆတ်သော မောင်ဝါဝါ ဒေါသတွေ အချောင်းလိုက် ထွက်လေသည်။ ဘယ်လို အကောင်စား မျိုးပါလိမ့် … ကိုယ့်ဟာကိုယ် နေတာကို မိုက်မိုက်ရိုင်းရိုင်းတွေ လာပြောနေသည်။ မောင်ဝါဝါ ပြန်ပြီး ပြဿနာ ရှာတော့မှ

“အာ .. တယ်ခက်တဲ့ ကောင်ပဲ၊ လိုက်လုပ်တယ် ဆိုတာ မင်းတင်ထားတဲ့ ကဗျာကို ဖတ်ပြီး Like လုပ်ခဲ့တယ် ပြောတာ … မကြာခင် တက်လုပ်မယ် ဆိုတာ ငါ ကဗျာ တင်တဲ့အခါ မင်းကို Tag List ထဲ ထည့်လိုက်မယ် ပြောတာ .. ဘာတွေ လျှောက်တွေး နေတုန်း .. ကြံကြီးစည်ရာတွေ”

မသိခြင်းက မောင်ဝါဝါကို ဒုက္ခ ပေးလေသည်။ ဘာပြောမှန်း ဂဃနဏ မသိဘဲ ဒေါသထွက် မိတာ အလကား နေရင်း မိတ်ပျက် ရတော့မလို့၊ အဲဒီတော့မှ မောင်ဝါဝါ သဘော ပေါက်သည်။ လိုက်လုပ်တယ် ဆိုတာ Like ကို ပြောတာ၊ တက်လုပ်တယ် ဆိုတာ Tag ကို ပြောတာ .. အသားလွတ် မိုက်ရိုင်းခြင်း မဟုတ်။ နောက်တစ်ခု မောင်ဝါဝါ မသိတာက Poke လုပ်တာ။ မောင်ဝါဝါ့ သူငယ်ချင်း တစ်ယောက်က ဖေ့စ်ဘုတ်ရှိ မောင်ဝါဝါ့ ပရိုဖိုင်ကို လာ၍ Poke လုပ် သွားသည်။ အဲဒီလို Poke လုပ်ထားကြောင်း Notification တက်လာတာ မောင်ဝါဝါ မြင်တော့ အဲဒီ Poke ဟာ ဘာကို ဆိုလို ချင်မှန်း မသိ။ အလကား နေရင်း ကိုယ့် Wall ပေါ်လာပြီး ကိုယ့်ကို လာပုတ်သည်။ အကြောင်းမဲ့ သက်သက် ပုတ်သည် ဆိုတော့ ဒါ ရန်စတာပဲ။ နင်ပုတ်ရင် ငါလည်း ပြန်ပုတ်တယ်ဟာ ဟုတွေးကာ သူ့ကို မောင်ဝါဝါ သွား၍ အားကျမခံ ပြန်ပုတ်သည်။ သူကလည်း မောင်ဝါဝါ လာပုတ်တာ မြင်တော့ ထပ်၍ လာပုတ် ပြန်သည်။ မောင်ဝါဝါ မခံချင် .. ဒါ ငါ့ကို သက်သက် ကျောတာပဲ ဟုဆိုကာ ပြန်ပုတ်သည်။ အဲဒီလိုနဲ့ မောင်ဝါဝါနှင့် သူ့မှာ တစ်လှည့်စီ အားတိုင်း ပုတ်နေတာ တစ်ပတ်လောက် ကြာသွားသည်။ ဘာလုပ် မှန်းလည်း မသိ။

ဖေ့စ်ဘုတ် ထဲကို ရောက်ခါစ တုန်းက မောင်ဝါဝါ့ အဖို့ အကုန်လုံး အထူးအဆန်း တွေချည်း။ ဖေ့စ်ဘုတ် ထဲမှာ မောင်ဝါဝါ မသိတာတွေ အတော်ကို များလေသည်။ ကောင်မလေးတွေ ဖေ့စ်ဘုတ်မှာ ဓါတ်ပုံ တင်ကြသော အခါ ဘာလို့ ပုံတိုင်း လိုလို လက်နှစ်ချောင်း ထောင်ထောင် ထားမှန်း မောင်ဝါဝါ မသိ၊ ဓါတ်ပုံ ထဲရှိ သူတို့၏ နှုတ်ခမ်းများ ဘာကြောင့် အမြဲတစေ ထော်နေမှန်း မောင်ဝါဝါ မတွေးတတ်၊ ဖေ့စ်ဘုတ် ချက်ထဲတွင် မောင်ဝါဝါနှင့် စကား လာပြောသည့် ကောင်မလေး အတော်များများ ဘာကြောင့် စာသားတွေ ထဲမှာ စကားမပီ သလဲ မောင်ဝါဝါ နားမလည်။ အဲဒီလို မသိတာ လေးတွေက အသေးအဖွဲပါ။ တစ်နေ့တော့ မောင်ဝါဝါ မသိမှုကြောင့် ဒုက္ခ ရောက်လေသည်။

ဖေ့စ်ဘုတ် ထဲမှာ မောင်ဝါဝါ၏ အကောင့် ရှိမှန်း သိသော စာဖတ် ပရိသတ် အချို့က မောင်ဝါဝါနှင့် ဖေ့စ်ဘုတ် ချက်ထဲမှ တဆင့် စကားတွေ လာလာ ပြောတတ် ကြသည်။ များသော အားဖြင့်တော့ မိတ်ဆက် ကြတာ ပါပဲ။ သို့သော် တစ်ရက်မှာ ဖေ့စ်ဘုတ် ချက်ထဲ ကောင်မလေး တစ်ယောက်က ထူးထူးခြားခြား လာပြောသည်။ အရင်းမရှိ .. အဖျားမရှိ။

“အစကတော့ မောင်ဝါဝါ့ စာတွေ ဖတ်ပြီး သဘောကျ လေးစားနေတာ .. အခုမှပဲ အစ်ကိုက နှာဘူးကြီးမှန်း သိတော့တယ်”

“အလို .. ကျွန်တော် ဘာမှလည်း မလုပ်ရ ပါလားဗျာ၊ တွေ့သမျှ ကောင်မလေး တိုင်းလည်း လိုက်မငမ်း ဖူးပါဘူး၊ ဘတ်စ်ကားပေါ် လူကျပ်ကျပ် မှာလည်း လက်မသရမ်း ဖူးပါဘူး … စွပ်စွပ်စွဲစွဲ .. ဘာကြောင့် နှာဘူးကြီးလို့ ပြောသလဲ”

“အပြင်မှာ မသရမ်းတာ .. ဖေ့စ်ဘုတ် ထဲမှာ သရမ်း တယ်လေ ..”

“ဟိုက် .. ပိုဆိုးပြီ၊ ကိုယ့်ဟာကိုယ် ယားလို့တောင် မကုတ်အားတဲ့ ကိစ္စပါဗျာ”

“အစ်ကိုက နှာဘူးကြီးတင် မဟုတ်ဘူး .. လိမ်လည်း လိမ်တတ်သေး တာကိုး .. လက်ပူး လက်ကြပ် မိနေတာ တောင်မှ ငုံတာဥ လုပ်ချင်သေးတယ်”

“မုန်လာဥပါဗျာ ..”

“အို .. ဘာပဲဖြစ်ဖြစ် .. အစ်ကို နှာဘူးကြီးပဲ .. အစ်ကို ဟို Group ထဲမှာ Member ဝင်ထားတာ ညီမ တွေ့တယ်”

“ကျွန်တော် ကိုယ်တိုင်တောင် ဘာမှ မသိရပါလားဟင် .. ဘယ်က Group များပါလိမ့်”

“အိပ်ရင် ခြင်ထောင် ထောင်တဲ့လူ နှိုးရခက်တယ် ဆိုတာ တကယ်ပဲ ..”

“အိပ်ချင်ယောင် ဆောင်တဲ့လူ နှိုးရခက်တယ် လုပ်ပါဗျာ .. ကဲပါ .. ပြောပါဦး ဘယ်က ဂရုထဲ ကျွန်တော် ဘာလုပ် မိလို့လဲဟင်”

“ဒို့တဏှာ အစည်းအရုံးလေ .. ဒို့တဏှာ အစည်းအရုံး .. အဲဒီအထဲမှာ အစ်ကို့ နာမည်ကြီးနဲ့ အကောင့်ကြီး တွေ့တာမှ ပြူးနေတာပဲ”

“ဗုဒ္ဓေါ ..”

ဒို့တဏှာ အစည်းအရုံးတဲ့။ မောင်ဝါဝါလည်း တစ်ခါမှ မကြားစဖူး။ ဖေ့စ်ဘုတ်ထဲရှိ အဲဒီ ဂရုထဲ မောင်ဝါဝါ အခန့်သား ရောက်နေသည် ဆိုပါကလား။ သေချာ လိုက်ရှာ ကြည့်တော့မှ ဟုတ်သည်။ အဲဒီ ဂရုထဲက ဒေတာတွေ ကလည်း သူတို့ ပေးထားသည့် နာမည်နှင့် လိုက်သည့် အချက် အလက်တွေ၊ ပုံတွေချည်း။ ဒီအထဲ မောင်ဝါဝါ ရောက်နေမှန်း ကိုယ့်ဟာ ကိုယ်တောင် မသိ။ အဲဒါနဲ့ အဲဒီ ဂရုထဲမှ ထွက်ဖို့ Leave Group ဆိုတာကို မနည်း လိုက်ရှာပြီး ထွက်ရသည်။ နောက်မှ သိရတာက အဲဒီလို ဂရုတွေက ကိုယ့်အကောင့်ကို တစ်ခါတည်း ရိုက်သွင်း၍ ဆွဲထည့် ထားလို့ ရသည် ဆိုပါလား။ မောင်ဝါဝါမှာ အဲဒါကို မသိဘဲ ဘယ်တုန်းက ဘယ်သူ ဘယ်လို အဲဒီထဲ ထည့်သွား၍ ရောက်နေလဲ သိမှ မသိတာ။

ထိုသို့ဖြင့် မသိခြင်း၏ ဒုက္ခကြောင့် မောင်ဝါဝါမှာ အလကားနေရင်း အသားလွတ်ကြီး ကိုနှာဘူး ဖြစ်ခဲ့ရ ဖူးလေသည် ဖြစ်ပါ၏ ပရိသတ်များ။

6 comments

  • myanmarcitizen

    July 20, 2012 at 4:10 pm

    ဟီး ဟီး ပထမဆုံးရီသွားပါကြောင်း။ နောက်ဆို သတိလေးလဲထားအုန်း ကိုယ် ဘယ်အထဲရောက်နေလဲဆိုတာ 🙂

  • မောင်ပေ

    July 20, 2012 at 7:10 pm

    ဒေါက်တာချက်ကြီး ကို လိုက်မလုပ်ထားလို ့တော်သွားတာမောင်…။ ဟီဟိ
    ဆြာဝါ ရဲ ့ရေးချက်များကို အမြဲအားပေးလျှက်ပါဗျား…။

  • maung khinmin

    July 20, 2012 at 7:50 pm

    လိုက်လုပ်တယ်…..တတ်လုပ်တယ် …တဲ့….ကြားဖူးနေသလိုပဲ

    ဪ..ကိုဇာဂနာ…အမေရိကားမှာ..ပြောခဲ့တဲ့စကားပါလား

    အားပေးနေပါတယ်ဗျာ……

    ဟိုတစ်ခါကိစ္စကို..တောင်းပန်ခဲ့ပါတယ်နော်….ဆြာ

    မသိလို ့မှားခဲ့တာကို….သိလို ့တောင်းပန်လိုက်ပါတယ်ဗျာ

  • ဇောက် ထိုး

    July 21, 2012 at 6:24 am

    ဝင်ရောက်… ဖတ်ရှု…ရယ်မော….ပြုံးပျော်သွားရပါကြောင်း…

  • first last

    July 21, 2012 at 8:25 am

    same to you.
    I like to know the meaning of your nick name.

Leave a Reply