ကျွန်မနဲ့ မောင်နဲ့ အခုတလောနဲ့

သူရႆဝါJuly 2, 20101min1053

“ကျွန်မနဲ့ မောင်နဲ့ အခုတလောနဲ့”

ရှင့်ကိုချစ်ရတာလေ ..

ကိုယ့်လက်သည်းကိုယ် ပြန်ဆိတ်နေရသလိုပဲ မောင်ရယ်

ခက်တယ်၊ ကျွန်မ မကြိုက်တာတွေ အများကြီးထဲမှာမှ

မောင်ကဘာလို့ ကျွန်မ မျက်နှာမလွှဲပစ်နိုင်တဲ့ အရာဝတ္ထုဖြစ်နေရတာလဲ

အခု … ကျွန်မနဲ့မောင် ဘယ်ဘဝရောက်ချင်ယောင်ဆောင်နေရမယ်

တကယ် .. မသိရိုးအမှန်ပါကွယ်

ရှင့်ကိုကျွန်မ ဘယ်လောက်အထိ တွယ် … ငြိ

ကျွန်မက ကြယ်ကြည့်သူသက်သက်ပဲလား မောင်

အချစ်ဆိုတာ … အချစ်အကြောင်းဆိုတာ

ရိုမီယိုနဲ့ ဂျူးလီးယက်လည်းမဟုတ်၊

အသည်းအသန်လိုက်ရှာနေရတဲ့ ကမ္ဘာဦးကနံရိုးလည်းမဟုတ်ဘူး

မောင်က မောင်ပဲ၊ ကျွန်မက ကျွန်မပဲ

မောင်နဲ့ ကျွန်မ အတူတူရှိနေချင်တာ အချစ်ပဲ

မရယ်ပါနဲ့မောင်ရယ် …

အိပ်မက်ဆိုတာ အပြင်ကအကြောင်းကိုပဲ ပြန်တွေ့ရတာမဟုတ်လား

ကျွန်မအပေါ် ရှင့်စိတ်ဝင်စားမှုက

ရှင်ဖတ်လက်စ စာအုပ်တစ်အုပ်သာသာပါ …

ကျွန်မ သိတာပေါ့ မောင်

ရှင် ဆက်ပြီးမဖတ်ချင်လို့ ခေါက်ထားလိုက်တဲ့ စာရွက်ထိပ်ပိုင်းလေးက ကျွန်မပဲဆိုတာလေ

ရှင်သိပ်ကြိုက်တဲ့သီချင်းထဲကစာသားဟာ ကျွန်မအကြောင်းမဟုတ်ဘူးဆိုတာလေ

သိပ်သိတာပေါ့ မောင်ရယ် …

ကျွန်မ ရှင့်ကိုဒေါသထွက်ရင် ကျွန်မနှုတ်ခမ်းတွေဖိကိုက်ထားရလွန်းလို့ နာကျင်

ရှင့်ဒေါသထဲမှာကျရင်တော့ ကျွန်မက

ရှင် .. လေနဲ့မှုတ်ထုတ်ပစ်ရုံနဲ့လွင့်သွားမယ့် ပုရွက်ဆိတ်ကလေးတစ်ကောင်လိုမျိုး

ခေါက်ရိုးကျိုးပြီးသား စက္ကူငှက်ရုပ်ကလေးလိုမျိုး

ရှင် ဝတ်နေကျ ခြေအိတ်လောက်တောင်

ရှင့်စိတ်ထဲ ကျွန်မက အဖြူအမည်းမသဲကွဲဘူးလေ

ကျွန်မ စိတ်လျှော့လိုက်ပါပြီ မောင်ရယ် …

ရှင်ကလွဲရင် ကျန်တဲ့ ရှင့်အကြောင်းမှန်သမျှကိုပေါ့

အရင်ဘဝက ကျွန်မဘာတွေလုပ်ခဲ့မိသလဲ

မောင်နဲ့ကျွန်မ ဖူးစာက ပြတ်တောက်ပြတ်တောက်ဖြစ်နေအောင်

မောင့်အိပ်မက်တွေထဲ ကျွန်မ ဝင်လိုက်ထွက်လိုက်ဖြစ်နေအောင်

သိပ်ခက်တာပဲ …. မောင်

ဒီလိုနဲ့ပဲ ကျွန်မမှာ လတ်တလော နတ်ဆိုးတွေလက်ထဲက မလွတ်မြောက်နိုင်

ကျွန်မနဲ့ မောင်နဲ့ အခုတလော ကကြိုးကကွက်များနဲ့ ……. ။                      ။

သူရဿဝါ

ဇူလိုင် ၂ ရက် ၊ ၂၀၁ဝ ခုနှစ်

3 comments

  • mgbakyaing

    July 2, 2010 at 1:24 pm

    တကယ့်လက်ရာပဲ ဒီလိုအမြင်တဖက်ကနေပြီး
    ရေးဖွဲ့တတ်တာကိုလေးစားတယ်ဗျာ
    တကယ်

  • etone

    July 7, 2010 at 7:23 am

    ငိုတောင်ငိုချင်လာပြီနော် ;(

  • လင်းဝေကျော်

    July 7, 2010 at 7:42 am

    အန်တီတို့ကတော့ နုနေတုန်းပါလား

Leave a Reply