မေတ္တာ ဂရုဏာ ထားကြပါဗျာ

Mg OggaJuly 2, 20101min560

နာဂစ်ဖြစ်ပြီး ၈လလောက်အကြာမှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တယ်ဗျ။ သူငယ်ချင်းက နာဂစ်ဒေသက မိဘမဲ့ကလေးတွေကို ဘာသာခြားအဖွဲ့အစည်းတွေက ခေါ်ယူမွေးစားကြတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ကျွန်တော်က “အေးလေ ကောင်းတာပေါ့” လို့ ပြန်ပြောမိလိုက်တော့ သူက မကျေမနပ်နဲ့ “ဟင်း ဒါလား အမျိုးဘာသာသာသနာကို စောင့်ရှောက်တာ ဒါလား ဗုဒ္ဓဘာသာလူငယ်” ဆိုပြီး ထောပနာပြုသဗျ။

ကျွန်တော် သူကို ပြန်မေးလိုက်ပါတယ် ခင်ဗျားက ကလေးတွေ အဆင်ပြေစေချင်တာလား ဗုဒ္ဓဘာသာဝင် တိုးပွားစေချင်တာလားလို့ မေးလိုက်တော့ သူဘာမှပြန်မဖြေပါ။ နာဂစ်ဒေသက ခိုကိုးရာမဲ့တဲ့ ကလေးတွေ ကိုခေါ်ယူစောင့်ရှောက်တာ ကောင်းတဲ့အလုပ်ပါ ဗမာ လုပ်မှကောင်းတာမဟုတ်ပါဘူး ဘယ်ဘာသာ လုပ်လုပ် ဘယ်လူမျိုးလုပ်လုပ် ကောင်းတဲ့အလုပ်ပါ။ ဘာလို့ ငြူစူစောင်းမြောင်းနေတာလဲ။ ပြောကြပါတယ် ဘာသာပျောက်တယ် လူမျိုးပျောက်တယ်တဲ့ အဲဒီလိုပြောနေတဲ့ သူတွေကော ဘုရားရဲ့သာသနာ (အဆုံးအမ)ကို အပြည့်အဝ တည်ရှိနေလို့လား တွေးကြည့်ပါ။ ဗုဒ္ဓဘာသာတွေ တခြားဘာသာပြောင်းသွားတာ ဘာဖြစ်လဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ အရည်အသွေးလား အရည်အတွက်လား ဗုဒ္ဓဘာသာ အများဆုံးတိုင်းပြည် လို့ပြောပြီး ဗုဒ္ဓဘာသာဝင်စစ်စစ် ဘယ်လောက်ရှိလဲ။ ရောယောင်ဝါး အမည်ခံ ဗုဒ္ဓဘာသာဝင်တွေထက် ဘာသာခြားပြောင်းသွားတဲ့ ဗုဒ္ဓဘာသာကမှ သာကောင်းအုန်းမယ်။ စဉ်စားကြည်ပါ

ကျွန်တော်တို့ ဗုဒ္ဓဘာသာရပ်ဝန်းက လူတွေခဏခဏပြောကြတယ်။ ဘယ်ကောင်းမလေးကတော့ ဟိုဘာသာခြားကောင်နဲ့ ရသွားပြီး၊ကောင်းလေးက သူဘာသာထဲဝင်ခိုင်းလို့ ဝင်လိုက်ပြီ၊ ဘယ် ဘာသာခြား အဖွဲ့အစည်းကတော့ လမ်းပေါ်ကကလေးတွေကိုခေါ်ပြီး သူတို့ဘာသာဝင်ဖြစ်အောင် လုပ်ကြတယ်တဲ့ ဒီလိုဒီလို သတင်းတွေ ကျွန်တော်တို့တွေ ပါးစပ်ကနေထွက်နေကြတယ်။ အချိုနေရာတွေမှာ အဓိကရုဏ်းတွေ အထိဖြစ်ကြတယ်။ အီးမေးလ်ကလည်း ဘာသာရေးပုတ်ခက်တဲ့ဖော်ဝက်မေးလ်တွေ များမှများ၊ ဗုဒ္ဓရဲ့ မဟာဂရုဏာတော်ဟာ ဘာသာမရွေး လူမျိုးမရွေး အတူတူပါ။ ဒေဝဒတ်နဲ့ ရာဟုလာ ကိုကျွန်တော်တို့ဘုရားမေတ္တာထားတာအတူတူပဲ ဂရုဏာထားတာ အတူတူပါပဲ ငါလူမျိုး ငါဘာသာ ကောင်းစားဖို့ တခြားလူမျိုးတခြားဘာသာဝင်တွေကို ပုတ်ခက်စော်ကားတာ ဗုဒ္ဓလမ်းစဉ် စစ်စစ်လား စောကြောသင့်ပါပြီ။ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓာတ် ဟာမာနပါပဲ မာနဟာ မကောင်းပါဘူး။ ဗုဒ္ဓရဲ့သားတော်ပီပီ လူတိုင်းသတ္တဝါတိုင်းကို မေတ္တာဂရုဏာစိတ်ထားတွေထားပြီး ဒေါသနဲ့ အာဃာတတွေ ဖြေဖျောက်လိုက်ရအောင်။ ကိုယ်ဘက်မှာ ဘာမှားနေလဲ ဘာတွေပြင်သင်လည်း ကြည့်ကြည်ရအောင် ပြုပြင်ကြရအောင်ဗျာ။

မိဘတွေက သူတို့ကလေးတွေကို ဘာသာရေးအဆုံးအမနဲ့ပတ်သက်ပြီး ဘယ်လောက်များသင်ပေးဖူးလဲ။ ဘုရားတရားသံဃာကိုရိုသေ တန်ဖိုးထားတတ်အောင် ဘယ်လောက်သင်ပေးလဲ သူတို့ကိုယ်တိုင်ကော သေချာသိရဲလား(အများစုကိုပြောတာနော်အားလုံးကိုမဆိုလို)။ ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှုသင်တန်းဆိုပြီး ကြက်တူရွှေး စာချသင် ဦးနှောက်သိပ်မသုံး မတွေးတတ်မခေါ်တတ်ကြ။ တခါက ဘုန်းဘုန်းကုမာရဘလော့မှာ အင်္ဂစာသင်ချင်လို့ဘာသာပြောင်း သွားတဲ့လူငယ်တစ်ယောက်အကြောင်း ပြောသွားတာတွေ့မိတယ်။ (ဟုတ်တယ် လူငယ်တွေကကြိုက်တာတွေရင် ပြောင်းကြမှာပဲ)၊ ဥပုပ်နေ့ဆိုတာ လူကြီးတွေပဲဆိုင် သလိုဖြစ်နေတာတွေ၊ ဗုဒ္ဓဘာသာအမည်ခံပြီး တရုတ်ကုလား ဘိုးတော်မယ်တော် နတ်တွေ မူလီတွေ ကိုးကွယ်နေကြတာတွေ၊ ရှင်ဥပဂုတ်ဟာ မရှိပါဘူးလို့ ဆရာတော်ကြီးတွေက ပြောနေပေမဲ့ ကျောင်းကန်ဘုရား အတော်များမှာ ရှိနေတာတွေ၊ ဂြိုလ်တိုင် အယူအဆတွေဟာ မဟာယနဝါဒလို့ တတ်သိလိမ္မာတဲ့ ပုဂ္ဂိုလ်တွေက ပြောပေမဲ့ ဒီနေအထိ ပူဇော်လို့ကောင်းတုန်း ဒါတွေဒါတွေဟာ ကျွန်တော်တို့ အားနည်းချက်တွေပါ။ ဟိုဘာသာမကောင်းဘူး ဒီဘာသာမကောင်းဘူးဆိုပြီး ပါးစပ်နဲ့ လမ်းဆုံးတဲ့ ခေတ်ကုန်ပါပြီ။ ကျွန်တော်တို့ အားနည်းချက်တွေကို ကျွန်တော်တို့ ပြန်ပြုပြင်ရမှာ ကျွန်တော်တို့ တာဝန်မဟုတ်လား။

လူငယ်တွေကို ငယ်ကတည်းက ဘာသာရေးအသိဉာဏ်ရင့်သန်အောင် လုပ်ပေးမယ်ဆိုရင်၊ ဗုဒ္ဓလူငယ်တွေ တွေဆုံလို့ရမဲ့ ဘာသာရေးဆွေးနွေးပွဲတွေ၊ လုပ်ငန်းတွေ၊ ပရဟိလုပ်ငန်းတွေ၊ သင်တန်းတွေ များများစားစားရှိနေမယ် ဆိုရင်၊ ဗုဒ္ဓဘာသာလူငယ်တို်င်း ဘာသာရေးကိုယ်ခံအား ကောင်းမယ်ဆိုရင်၊ အမျိုးသားရေး ကိုယ်ခံအားကောင်းမယ်ဆိုရင် ဘယ်ဘာသာက လာဆွယ်ဆွယ် ပါမှာမဟုတ်ပါဘူး။ ဒီလို ရေခံမြေခံကောင်းတွေ ဟာ ဗုဒ္ဓဘာသာအနာဂတ် လူငယ်တွေ ပျော်ပျော်ရွှင်ရွှင် သွက်သွက်လက်လက် ဖွံဖွံဖြိုးဖြိုး ကြီးထွားနိုင်မဲ့ အကြောင်းတရားတွေပါ။ ဒီလိုလုပ်တာဟာ ပြဿနာကို အဖြေရှာတဲ့နည်းပါ။ ဒီလိုမှမဟုတ်ရင် တခြားဘာသာကို ပုတ်ခက် ကဲရဲ့အပြစ်တင်ပြောဆို်တာတွေဟာ ပြဿနာကို ပြဿနာဆင့်တဲ့ ပြဿနာရှာနည်းပါ။ ညီညတ်ရေးကို ပျက်စီးစေတယ် လူမျိုးမုန်းတီမှုတွေတိုးပွားစေတယ် ပျက်စီးခြင်းကိုရှေးရှုပါတယ်။ ကျွန်တော်တို့ ပြဿနာရှာမလား….. အဖြေရှာမလား…..

ဒီတော့ ကျွန်တော်တို့ နိုးထကြပါတော့ သာသနာ တာဝန်ထမ်းရွက်ကြပါတော့ဗျာ။ သာသနာပြုတယ်ဆိုတာ ဘုရားအဆုံးအမ တပါးသူရဲ့ နှလုံးသားထဲ ကိန်းအောင်း သွားအောင်လုပ်တာမှလား ပါးစပ်နဲ့တင်လမ်းမဆုံးစေချင်ပါ။ မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်း အားလုံးအပေါ်မေတ္တာ ဂရုဏာထား တတ်အောင် ပြောဆိုပေးတာ သာသနာပြုတာပဲမဟုတ်လား။

P.S: အခုနောက်ပိုင်း ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတွေ အတော်အများက လူမှုရေးလုပ်ငန်းတွေ၊ ကယ်ဆယ်ရေး ဂရုဏာလုပ်ငန်းတွေ၊ကလေးသူငယ်တွေအတွက် ဘာသာရေးသင်တန်းတွေ လုပ်ဆောင်နေ ကြပါပြီ။ ဒါပေမယ် ကိုယ်နိုင်ငံ အတိုင်းအတာနဲ့ နည်းတယ်ထင်လို့ ဒီပိုစ်ကိုရေးရခြင်းဖြစ်ပါသည်။

လွတ်လပ်စွာကွဲလွဲနိုင်ပါသည်