လူသားတိုင်း အဖေ အမေ ဆိုတဲ့မိဘရှိကြပါတယ်၊ အိမ်ထောင်စုတစ်ခုမှာ မိဘစုံစွာနဲ့ သားသမီးတွေဘ၀ကိုဖြတ်သန်းကြတာရှိသလို အဖေနဲ့ဘဲကြီးပြင်းခဲ့ ရတာတွေ အမေနဲ့ဘဲကြီးပြင်းခဲ့ရတာတွေ အဖေရောအမေရောမရှိဘဲ ရုန်းကန်ရတာတွေရှိကြပေမယ့် မိမိကိုလူလောကကြီးရောက်ဖို့ အတွက်တော့ အဖေ၊အမေဆိုတဲ့ မိဘရှိကြပါတယ်၊

ဖခင်ဖြစ်တဲ့ အဖေတွေဟာ ယောက်ျားသားတွေဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေးကို အိမ်ပြင်ပတွင် တာဝန်ယူလုပ်ကိုင်ရှာဖွေကြရတာ သဘာဝအရ ရှိကြသည့်အတွက် သားသမီးတွေဟာ မိခင်ဖြစ်တဲ့အမေတွေနဲ့ အနေများကြရတာပါ၊ သို့သော် အဖေတွေ ဘာလုပ်တယ် ဘယ်လိုနေတယ် ဘယ်အတန်း အစားဆိုတဲ့ အဖေရဲ့လုပ်ရပ်တွေအားလုံးမဟုတ်တောင် ရာခိုင်နှုန်းအတော်များများသည် သား၊သမီးတွေအပေါ်မှာ အရိပ်သဖွယ်ရှိနေတတ်တယ် ဆိုတာ ပြောချင်တာပါ၊ အဖေတစ်ယောက်က အချိန်ပြည့်အရက်မူးနေပြီး အရပ်ထဲသောင်းကျန်းဆိုးပေနေတဲ့ သားသမီးတွေရဲ့ မျက်နှာလေးတွေဟာ ရွှင်ပြနေဖို့ နေနေသာသာ မျက်နှာခက်ထန်ခြင်း၊ အလိုမကျခြင်း၊ ရှက်စိတ်လွှမ်းခြင်း၊ အားတုံအားနာဖြစ်နေခြင်း၊ စိတ်အားငယ်ခြင်းတိုနဲ့ သာရှိနေတတ်ကြပါတယ်၊ ကိုယ်ညက မူးပြီးအရပ်ထဲဆဲဆိုသောင်းကြမ်းထားတဲ့အဖေရဲ့ သမီးတစ်ယောက် နောက်နေ့ကျောင်းသွားတဲ့အခါ ညက “ညဉ်းအဖေ မူးပြီးသောင်းကြမ်း နေတယ်ဆို´´ လို့အမေးခံရရင် အဲဒီသားသမီးမျက်နှာဘယ်လိုဖြစ်နေမလဲတွေးကြည့်ပါ သမီးမိန်းကလေး အပျိုရွယ်လေး ဆိုရင်ရှက်ရှာမှာပေါ့၊ အဲဒီလိုဘဲ အရက်သောက်၊ဆေးလိပ်သောက်တဲ့အဖေက အရွယ်ရောက်လာတဲ့ သားကို အရက်သောက်လို့၊ဆေးလိပ်သောက်လို့ “မင်းဘာလို့သောက်တာလဲ´´ ဆူမိတဲ့အခါ ပြန်ပြောတတ်တဲ့သားဆိုရင် “အဖေကြတော့ရော၊ဘာလို့သောက်တာလဲ´´လို့အမေးခံရရင် ဘာဖြေမလဲ၊ ပြန်ပြောတတ်တဲ့သား မဟုတ်ရင်လည်း သူ့စိတ်ထဲမှာတော့ သူကြသောက်ပြီးတော့ဆိုတဲ့ အတွေးစိတ်လေးတော့ ရှိသွားနိုင်ပါတယ်၊ ဒီလိုဘဲ သူကတော့ ဘယ်အရာရှိရဲ့ သားလေ/သမီးလေ၊ သူက ဗိုလ်ချုပ်သမီးပေါ့၊ သူက လက်သမားဦး——–ဘယ်သူ့သားလေ စသည်ဖြင့် အဖေတွေရဲ့လုပ်ဆောင်တဲ့ ဂုဏ်ပုဒ်ကို ဦးတည်ပြီးတော့လည်း ပြောတတ်ကြပါတယ်၊ အဲဒါဘာဖြစ်လို့လဲဆိုတော့ သားသမီးတွေပေါ်မှာ အဖေတွေရဲ့လုပ်ရပ်၊နေထိုင်ပြုမူမှု့တွေဟာအရိပ် ဖြစ်နေလို့ပါဘဲ၊ အရိပ်ဆိုတာ လွှမ်းမိုးမှု့ပါ နွေခေါင်ခေါင်ပူပြင်းတဲ့ခရီးမှာ သွားလာရင်း ညောင်ပင်၊ကုက္ကိုလ်ပင် တို့လိုအပင်ကြီးတွေအောက် ရောက်သွားရင် အေးမြတဲ့အရိပ်ရဲ့ အရသာကို စာဖတ်သူများ ခံစားဖူးမယ်ထင်ပါတယ်၊ အဲဒီအခါဘယ်လိုမှတ်ချက်ချလည်း ကောင်းလိုက်တဲ့အရိပ်တဲ့၊ အကိုင်းခြောက် တွေနဲ့ဘဲရှိနေတဲ့သစ်ပုပ်ပင်အောက်ရောက်သွားရင်ကော အပင်ကြီးကကြီးပြီး လှပေမယ့် အရွက်တွေနဲ့ဝေဆာမနေတော့ အရိပ်မရဘူး ပူအိုက်လိုက်တာတဲ့၊ ဒါကြောင့် အဖေတွေဟာ သားသမီးတွေအပေါ်မှာ အေးမြတဲ့အရိပ်မျိုးခံစားစေဖို့ နေထိုင်တတ်ရပါလိမ့်မယ်၊ အရိပ်ပေးတယ်ဆိုတာ ဆင်းရဲတာ။ ချမ်းသာတာနဲ့ မဆိုင်ပါဘူး၊ လောကမှာနေတဲ့အခါ တင့်တယ်အောင် ကောင်းမွန်စွာရပ်တည်နိုင်အောင်ပေးတတ်ဖို့ပါ၊ လက်သမားတစ်ယောက်က သူ့ရဲ့သားကို လက်သမား ပညာရပ်လုပ်တတ်အောင်သင်ပေးတယ်၊ ရွှေပန်းတိမ်ဆရာတစ်ယောက်က သူ့သားကိုရွှေပန်းတိမ် အတတ်သင်ပေးတယ်။ ကျောက်အရောင်း အ၀ယ် လုပ်တဲ့သူက သူ့သား၊သမီးကို ကျောက်အရောင်းအ၀ယ်လုပ်တတ်အောင် စဉ်းစားပုံတွေးခေါ်ပုံအယူအဆတွေသင်ပေးတယ်၊ ဒါတွေကလည်း သူတို့သားသမီး တွေဘ၀ရပ်တည်လို့ရအောင် အရိပ်ပေးတာတွေပါဘဲ၊ ဒါတွေဟာအေးမြစေတဲ့အရိပ်တွေပေးနေတာပါ၊ အဖေကအရက်တစ်ပုလင်းတော့ အသာလေး သောက်နိုင်တယ် သားကိုနှစ်ပုလင်းသောက်နိုင်အောင် သင်ပေးမယ်ဆိုပြီးသင်ပေးမယ့် အဖေမျိုးတော့ မရှိသလောက် ရှားမယ်ထင်ပါတယ်၊ ရှိခဲ့ရင်လည်း အဲဒီအဖေပေးတဲ့အရိပ်ဟာ အေးမြတဲ့အရိပ်မဖြစ်ဖူးလို့ထင်ပါတယ်၊ ဒါကြောင့် အဖေ အရိပ်ဟာ သားသမီးတွေအတွက် အေးမြစေအောင် ပေးတတ်ကြဖို့ လိုပါတယ်၊ ဘာလို့လဲဆိုတော့ သားသမီးတွေဟာ မိဘရဲ့အမွေကိုဆက်ခံခွင့်ရှိကြတယ်ဆိုရာမှာ ကောင်းမွေရော ဆိုးမွေးရော အားလုံး ပါနေလို့ပါဘဲ။

အိမ်ထောင်စုတစ်ခုဖြစ်လာလို့  သား၊သမီးရှိနေတဲ့ အဖေတွေအတွက်ရည်ရွယ်ပြီး အကြံပြုရေးခြင်းဖြစ်ပါတယ်။

ဒီအကြောင်းရာလေးဟာ ကျွန်တော်အရင်တင်တဲ့ ပိုစ့်လေးတစ်ခုရဲ့ ကွန့်မန်းတစ်ခုမှာ မစနိုးရေးတာလေးကိုသဘောကြပြီး အတွေးလေးဖြစ်တဲ့အပေါ်မှာ အမှီပြုပြီးရေးထားတာပါ၊  ဒီပိုစ့်လေးတွေးဖြစ်သွားတဲ့အတွက် မစနိုးကိုလည်းကျေးဇူးပါ၊

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..