မျှော်လင့်ခြင်းအသစ် ရင်တွင်းဖြစ်တည်

ကျောင်းဆင်းခေါင်းလောင်းသံက စည်းချက်မကျ မြည်ဟီးလာသည်။ ကလေးငယ်တို့၏ နိုင်ငံတော်သီချင်းသီဆိုသံက သံပြိုင်ထွက်ပေါ်လာ၏။ တိတ်ဆိတ်ငြိမ်သက်နေသော ကျောင်းပတ်ဝန်းကျင်သည်လည်း ကလေးငယ်တို့၏ ဆူဆူညံအသံများကြား သက်ဝင်လှုပ်ရှားလာပါသည်။ ကျောင်းရှေ့သစ်ပင်ပေါ်မှ ဝုန်းကနဲ ထပျံသွားသော ခိုငှက်တစ်အုပ်နှင့် မြေပြင်ပေါ်မှ ကျောင်းသားအုပ်တို့ အပြိုင်ကျဲနေကြသလို ရုတ်ရုတ်သည်းသည်း ရှိလွန်းလှ၏။ သူ့ထက်ငါ ဦးအောင် ကျောင်းတံခါးဝတွင် စုပြုံတိုးနေကြသော ကျောင်းသားများ၏နောက်နားတွင် ဖိုးကျော် တစ်ယောက် တဖြည်းဖြည်းချင်း လိုက်လာနေပါသည်။ အမြန်မရောက်လျှင် အိမ်ကထွက်ပြေးတော့မတတ် တိုးဝှေ့နေကြသော ကျောင်းသူ၊ ကျောင်းသားများကို ဖိုးကျော် နားမလည်စွာ ငေးကြည့်နေမိသည်။ တစ်နေကုန် မိဘနှင့်ခွဲပြီး အိမ်အပြန်တွင်တွေ့ကြရမည့် သူများတွေဘဝကို စာနာမိသလိုလိုတော့ ဖြစ်မိ၏။ လာရောက်ကြိုနေသော မိဘများ၏လက်ကိုဆွဲပြီး ခုန်ပေါက်မြူးတူးစွာ ပြန်သွားကြသော အဖော်များကို အားကျစွာငေးမောရင်း ဖိုးကျော်တစ်ယောက် တလှမ်းချင်း လမ်းလျှောက်ပြန်လာခဲ့တော့သည်။
××××××××××××××××××××××××××××


ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ဖိုးကျော်တို့ ရပ်ကွက်ကလေးသို့ ရောက်သည်။ မညီမညာလမ်းလေးအတိုင်း ဝင်လာခဲ့၏။ တဲသာသာ၊ အိမ်မကျတကျ အိမ်လေးများကို မမြင်ဘူးသကဲ့သို့ ငေးမောရင်း ဖိုးကျော် အိမ်ပြန်ရောက်လာသည်။ ဆိုးရွားလှသောအနံ့ဆိုးများက ဖိုးကျော်အား ထူးထွေအနှောက်အရှက် မပေးတော့ပေ။ ကျင့်သားရပြီးဖြစ်နေသဖြင့် သူ့နှာခေါင်းမှာ ယဉ်နေပေပြီ။ ခနော်နီ ခနော်နဲ့ ဝါးခြေတက်ခုံလေးမှတဆင့် အိမ်ပေါ်သို့ တက်လာခဲ့၏။ မဟတဟ တံခါးပေါက်မှာလည်း လူတက်ရုံဖြင့် အလိုလိုပွင့်သွားသည်။ အိမ်၏ဝါးကြမ်းခင်းများမှာ လူတစ်ယောက်၏ အလေးချိန်ကို မခံနိုင်သလို ချိုးချိုးချွတ်ချွတ် ငြီးငြူသံထွက်ပေါ်နေ၏။ ဆယ်ပေပတ်လည်ခန့် အိမ်လေးအတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်ရင်း ဖိုးကျော် အသာလှမ်းဝင်လာခဲ့သည်။ တစ်ခုတည်းသော အိမ်ခန်းအတွင်းမှ သူ့အဖေအိပ်ပျော်နေသည်ကို မြင်နေရ၏။ အိမ်ထောင့်တစ်နေရာတွင် လွယ်အိတ်ကိုချပြီး အခန်းတွင်းသို့ ဝင်လာခဲ့သည်။ သူ့အဖေကတော့ တရှူးရှူး အိပ်ပျော်နေဆဲ။ လဲကျနေသော ပုလင်းလွတ်ကို ဘေးတွင်ထောင်လိုက်ပြီး သူ့အဖေ၏တင်ပါးအောက်လျောကျနေသည့် ပုဆိုးကို အပေါ်ဆွဲတင်ပေးလိုက်၏။ဝတ်ထားသော ကျောင်းစိမ်းလုံချည်ကိုချွတ်ချလိုက်ပြီး အသံမထွက်အောင် ဂရုစိုက်ခါလိုက်၏။ ပြီးနောက် အသာခေါက်လိုက်ပြီး ခေါင်းအုံးအောက်သို့ ထိုးထည့်ထားလိုက်သည်။ပြီးမှ အိမ်နောက်ဖက် မီးဖိုရှိရာ ကပျဉ်လေးဆီ ထွက်လာခဲ့သည်။ ထမင်းစားပွဲခုံအပုလေးပေါ်မှ အုပ်ဆောင်းကို ဖယ်လိုက်ပြီး သူ့အမေပြင်ထားခဲ့သည့် ညနေစာကို တစ်ချက်လှမ်းကြည့်လိုက်၏။ ဘဲဥဟင်းအရည်ကျဲတွင် ဘဲဥတစ်ခြမ်းက အထင်းသားပေါ်နေ၏။ ငါးပိရည်ပန်းကန်မှာလည်း လက်ကျန်ဖြစ်သဖြင့် ပန်ကန်လုံးအောက်ခြေ ကပ်နေလေသည်။ ထမင်းခဲကတော့ အနည်းငယ် အပေါ်ကြောတင်းနေပြီ။ ဖိုးကျော်လည်း လက်ဆေးအင်တုံထဲ လက်နှိုက်ဆေးပြီး စားပွဲဝင်ထိုင်လိုက်၏။ အေးစက်စက် ထမင်းခဲကို လက်ဖြင့်ချေနေရင်း သူ့အဖေ၏ တဟွတ်ဟွတ်ချောင်းသံကြောင့် အသာနားစွင့်နေလိုက်သည်။ ခဏအကြာ ဘာသံမှမကြားတော့၊ ဇရက်မင်းစည်းစိမ်နှင့် ဆက်ငြိမ့်နေလောက်ပြီ။ ထမင်းမစားဖြစ်သေးပဲ ဖိုးကျော် တစ်ယောက် သူ့အဖေအကြောင်း တွေးနေသည်။ သူ့အဖေ၏ နာရီပြင်ဆိုင်လေးမှာ ရပ်ကွက်ဈေးလေးထိပ်တွင်ရှိသည်။ ဟိုးအရင်ကတော့ အထိုက်အလျောက် အလုပ်ဖြစ်သော်လည်း ခုနောက်ပိုင်း သိပ်အဆင်မပြေချင်တော့။ နာရီပျက်လည်း ပြင်မည့်သူက မရှိလောက်တော့ဘူးထင်၏။ တရုပ်နာရီများ အလွန်ပေါသည့် အခုချိန်မျိုးတွင် ပြင်ခနှင့် အသစ်ဈေးက ဘာမျှမကွာတော့။ သူ့အဖေအတွက် ငုတ်တုတ်ထိုင်နေရချိန်များ များလာသည်။ ရှူနာရှိုက်ကုန်း သူ့အဖေမှာလည်း ပင်ပင်ပန်းပန်း တစ်ခြားအလုပ် အလုပ်နိုင်၊ မလုပ်တတ်။ ဒီတော့ နဂိုဝါသနာအခံရှိသည့် အသောက်အစားနှင့်သာ အချိန်ကုန် များနေသည်။ ရံဖန်ရံခါမှ ရသည့်ဝင်ငွေကလည်း သူ့အရက်ဖိုးပင် အလျှဉ်မမှီ။ နံရံတွင်ချိတ်ထားသော ပြက္ခဒိန်အဟောင်းလေးကို လှမ်းကြည့်ပြီး သူ့အမေကို သတိရသွား၏။ ဒီနေ့ အမေအိမ်အပြန် နောက်ကျလိမ့်မည်။ ညနေအဆိုင်းကျသည့်နေ့များတွင် အစောဆုံး ဆယ့်တစ်နာရီခန့်မှ အိမ်ပြန်ရောက်လေ့ရှိသည်။ အမေ့ဝင်ငွေနှင့် သူတို့သုံးယောက်မနည်းရုန်းကန်နေရသည်ကိုလည်း သူအသိပင်။ ဒီကြားထဲ အဖေ့အရက်ဖိုးက ခွဲပေးရသေး၏။ တစ်ခါတစ်ရံ အမေက အပိုဝင်ငွေလေး ရရနေးသေးသဖြင့် တော်ပါသေးသည်။ သို့သော် ဆေးရုံမှ မွေးလူနာ၊ မီးနေသည်အညစ်အကြေးများကို လျှော်ဖွတ်ပေးမှရသည့် အပိုဝင်ငွေအတွက် အမေ့ကို သနားမိသေးသည်။ ဆေးရုံသန့်ရှင်းရေးအလုပ်ကလည်း မည်မျှပင်ပန်းကြောင်း သူကောင်းကောင်းသိ၏။ ဖိုးကျော် တစ်ယောက် သက်ပြင်းချရင်း ထမင်းကိုသာ ကုန်းလွေးလိုက်ပါတော့သည်။
×××××××××××××××××××××××××××××××
ဖိုးကျော် အိမ်စာလုပ်အပြီးတွင်တော့ ညနေငါးနာရီခန့် ရှိလိမ့်မည်။ မလှမ်းမကမ်းရှိ စက်ရုံဆီမှ သံချောင်းခေါက်သံ မကြားသေး။ လွယ်အိတ်ထဲမှ စာအုပ်များကို သွန်ချလိုက်ပြီး အိမ်ထောင့်တွင် ပုံထားခဲ့သည်။ ၎င်းနောက် ဘုရားစင်ပေါ်မှ ထီလက်မှတ်အုပ်များနှင့် စာရင်းစာအုပ်ကို လွယ်အိတ်ထဲထည့်လိုက်၏။ ရေအိုးစင်မှ သောက်ရေတစ်ခွက်ခပ်သောက်ပြီး သူအဖေကို တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ တရှူးရှူးနှင့် အိပ်ကောင်းနေဆဲ။ အိမ်တံခါးကို နောက်ပြန်ကြောနှင့်ကပ် ပိတ်ခဲ့ပြီး ဖိုးကျော် လမ်းထိပ်ထွက်လာခဲ့တော့၏။

“ဟေ့ကောင် ဖိုးကျော်..မြန်မြန်လာကွာ၊ မင်းတစ်ယောက်ကျန်တော့တာ၊ ဘာတွေအလုပ်ရှုပ်နေတာတုန်း”

လမ်းထိပ်ရောက်လုရောက်ခင် မြင့်ဆွေ၏ အော်သံကြောင့် ခပ်သွက်သွက်လျှောက်ရင်း ပြန်အော်ပြောလိုက်သည်။

“အေးပါကွာ လာနေပါပြီ၊ မင်းတို့ကလည်း လောလိုက်တာ၊ ငါအိမ်စာလက်စသတ်နေလို့ပါကွ”

“မင်းကလည်းကွာ..ခုနှစ်တန်းစာလောက်ကတော့ အေးဆေးပါ၊ မျက်စေ့မှိတ်ဖြေတောင် ရသေး”

မြင့်ဆွေ၏ စကားကို မတုန့်ပြန်တော့ပဲ ဆိုင်ကယ်နောက်သို့ ဖိုးကျော် တက်လိုက်ပါသည်။ သူ့နောက်မှ မြင့်ဆွေ နှင့် ချစ်ထွေး ကလိုက်တက်လိုက်ကြ၏။ ဆိုင်ကယ် ကယ်ရီနောက်တွင် ထိုင်လိုက်လာနေရင်း အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။ ဖိုးကျော်တို့ မြို့သစ်မှ မြို့ထဲရောက်ရန် နာရီဝက်ခန့် အချိန်ပေးရ၏။ နေ့စဉ် ဆိုင်ကယ်ကယ်ရီတစ်စင်းကို ဖိုးကျော်တို့ထီယူရောင်းသည့်ဆိုင်မှ စီစဉ်ပေးသည်။ မြို့ထဲလူစည်ကားသော လ္ဘက်ရည်ဆိုင်၊ ဘီယာဆိုင်များအနီးတွင် ချထားပေးခဲ့ပြီး ညဆယ့်တစ်နာရီခန့်မှ တစ်ခေါက်ပြန်လာကြိုသည်။ ဖိုကျော်တို့အတွက် အပိုဝင်ငွေ ကျောင်းစားရိတ်တော့ အနည်းငယ် ကာမိပါ၏။ တစ်ခါတစ်ရံ သူ့အမေ အကျပ်အတည်းဖြစ်ချိန်မျိုးတွင် သူ့စုဘူးလေးကိုပင် အားကိုးရတတ်သေးသည်။ ထီဆိုင်ကလည်း ရောင်ပြီးမှသာ စာရင်းနှင့်ငွေချေရသဖြင့် အရင်းအနှီးလည်း မလိုပေ။ အနည်းအကျဉ်း အမြတ်ငွေနှင့် ဧည့်သည်များမှ တစ်ခါတစ်ရံပေးတတ်သည့် မုန့်ဘိုးကြောင့် ဖိုးကျော်တို့ သည်အလုပ်ကို စွဲစွဲမြဲမြဲ လုပ်ဖြစ်နေကြပါသည်။်
×××××××××××××××××××××××××××××××××××
ဖိုးကျော် ဒီနေ့ စိတ်ထဲ တင်းနေသည်။ ဖြစ်ပုံကိုလည်း မကျေမနပ် ခံစားရ၏။ ကိုယ့်ဖက်ကလည်း ဘာမှမတတ်နိုင်တော့ စိတ်သာလျှော့ထားရုံ ရှိတော့သည်။ ဖြစ်စဉ်ကို ပြန်တွေးနေမိပြန်သည်။ ဒီနေ့ အခါတိုင်းလိုပင် ညနေစောင်း ထီရောင်းထွက်လာခဲ့ကြပါသည်။ ဘီယာဆိုင်ထဲ အာပေါက်မတတ်ပြောလွန်းသဖြင့် ဧည့်သည်က စိတ်ကြိုက်ရွေးပြီး သုံးစောင်တွဲ တစ်တွဲထိုး၏။ ဖြစ်ချင်တော့ ဧည့်သည်ရွေးသည့်အတွဲက နှစ်စောင်ထဲဖြစ်နေသည်။ တစ်စောင်မှာ ဘယ်လိုကဘယ်လို လျော့နေသည်ကို သတိမထားလိုက်မိ။ အိတ်ကတော့ ပွင့်နေ၏။ လွယ်အိတ်ကို သွန်ချရှာတော့လည်း မတွေ့။ စာရင်းစာအုပ်ကြားတွင်လည်း မရှိ။ ဧည့်သည်ကို မနည်းတောင်းပန်ပြီး တစ်ခြားအတွဲကို ထိုးခိုင်းလိုက်ရသည်။ မြင့်ဆွေ နှင့် ချစ်ထွေး မေးတော့လည်း ဘာမှမသိသလို။ ဘဝင်ကတော့ သိပ်မကျချင်၊ လက်ဆုပ်လက်ကိုင်လည်း မပြနိုင်သဖြင့် သူ့စိုက်လျှော်ရုံသာ ရှိတော့၏။ ထီသုံးစောင်အတွက် စုဘူးထဲမှ တစ်ထောင်တန်တစ်ရွက်ကိုသာ မြင်ယောင်နေပြီး စိတ်မကောင်းဖြစ်နေတော့သည်။ အိမ်သို့ပြန်လာခဲ့ရသော်လည်း ဖိုးကျော်တစ်ယောက် တိတ်ဆိတ်နေတော့၏။ မတတ်နိုင်သည့်အဆုံး ထီနှစ်စောင် ထိုးဖြစ်သည်ဟုသာ သဘောပိုက်ထားလိုက်တော့သည်။

သည်စိတ်က ဖိုးကျော်ကို အချိန်ပြည့် နေရာယူထားသည်။ ခံစားချက်မျိုးစုံနှင့် ဝမ်းသာလိုက်၊ ဝမ်းနည်းလိုက် ဖြစ်နေရ၏။ သံသယဝင်သည့်အချိန်တွင် ဒေါသကလည်း ဖြစ်ရသေးသည်။ စိတ်အထင်ကြောင့်လားမသိ၊ မြင့်ဆွေ နှင့် ချစ်ထွေး ကိုကြည့်ရသည်မှာ ပုံမှန်မဟုတ် ထင်နေမိသေးသည်။ ဘဝတူခြင်း မလုပ်သင့်ဟုတွေးနေမိ၏။ တစ်ညက အိပ်မက် မက်အပြီး ဖိုးကျော် တစ်ယောက် အတွေးတွေ ယောက်ယက်ခတ်နေတော့၏။ သူ့အိပ်မက်ထဲတွင် သူ့အမေနှင့်အဖေက ဝတ်ကောင်းစားလှတွေနှင့်။ ဆိုင်ကယ်အသစ်ကြီးကို သူ့အဖေကမောင်းပြီး သူ့ကို ကျောင်းလာကြိုသည်ဟု အိပ်မက်ကို အစအဆုံး မှတ်မိနေသည်။ အိပ်နေရာမှ ထထိုင်လိုက်မိပြီး ခေါင်းအုံးအောက်မှ ထီလက်မှတ်လေး နှစ်စောင်ကို ထုတ်ကြည့်ဖြစ်ခဲ့သေး၏။ စိတ်ကူးထဲတွင် ပီတိဖြင့် ကြည်နူးမည်ကြံကာရှိသေး ပျောက်သွားသော ထီလက်မှတ်တစ်စောင်ကြောင့် ဇောချွေးများ ပျံလာပါသည်။ ထီပေါက်တာတော့ပေါက်ပြီး ဟိုတစ်စောင်က ထပေါက်လျှင်တော့…ဆက်မတွေးရဲတော့။ စိတ်ကို ဖြေသိမ့်ပြီး အိပ်ရန်ကြိုးစားပါသော်လည်း အချီးအနှီးပင်။ တွေးလိုက်တိုင်း ထမင်းလုံးတစ္ဆေခြောက်သလို တနုံ့နုံ့ခံစားနေရသည်။ ကျောင်းသွားရသည်မှာလည်း စိတ်မပါ၊ ထီရောင်းထွက်တော့လည်း စိတ်မပါ။ ဘယ်သူ့မှဖွင့်မပြောရပဲ တစ်ယောက်ထဲ ကြိတ်ခံစားနေရသော သူ့အဖြစ်က အတော်ဆိုးသည် ထင်မိ၏။ အားသည့်အချိန်တိုင်းတွင်တော့ စာအုပ်ကြားမှ ထီလက်မှတ်လေး နှစ်စောင်ကို ထုတ်ထုတ်ကြည့်ရလွန်းသဖြင့် ဟောင်းနွမ်းနေသည်ပင် ထင်ရ၏။ ထီပေါက်ရင်ဆိုသောအတွေနှင့် ပျော်မည်ကြံကာရှိသေး ဟိုတစ်စောင်က အတွေထဲရောက်ရောက်လာပြီး ငိုင်ငိုင်သွားရသည်။
×××××××××××××××××××××××××××××××××××
လဆန်းတစ်ရက်နေ့ မနက်ဖြစ်၏။ ဖိုးကျော် မနက်အစောကြီးကတည်းက နိုးနေမိသည်။ ဖြစ်ချင်တော့ သည်နေ့ အမေကသိပ်နေမကောင်း။ ကျောင်းသွားခါနီး လှဲအိပ်နေသောအမေကို နှုတ်ဆက်ပြီးထွက်သွားတော့မည်အပြု

“ဖိုးကျော်..သားကျောင်းသွားတော့မှာလား၊ သားဖြည်းဖြည်းသွားနော်…အမေကတော့ ဒီနေ့နေမကောင်းတော့ အလုပ်မသွားနိုင်လောက်ဘူး၊ ပြီးတော့ သားဆီက အမေ ပိုက်ဆံနည်းနည်းလိုချင်သေးတယ်၊ လကုန် အိမ်လခပေးဖို့ရယ်၊ ညနေ ဆေးသွားထိုးရအောင်ရယ်၊ သားထဲမှာ ဘယ်လောက်လောက် ရမလဲသားရယ်၊ အမေလည်း လက်ကျန်ကနည်းနေတော့ ..အော်ဒုက္ခ..ဒုက္ခ ငွေပြတ်တဲ့အချိန်မှ နေမကောင်းဖြစ်ရတယ်လို့။ သားပိုက်ဆံလဲ အမေယူမသုံးရက်ပါဘူးကွယ်၊ တကယ်လို့ ဆေးဘိုးမရှိလည်း အိမ်လခအတွက် ငါးထောင်လောက်ဆို ပြေလည်မှာပါ”

ဖိုးကျော်လည်း တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်

” ရတယ်အမေ..သားညနေကျောင်းက ပြန်လာရင် အဆင်ပြေမှာပါ၊ ဒီကြားထဲ နေ့ခင်းအဆင်ပြေရင်တောင်ပြေမှာ၊ ခုတော့ သားကျောင်းသွားတော့မယ်အမေ၊ လိုတာရှိရင် အဖေ့ကို နှိုးခိုင်းလေ”

သူ့အတွေးနှင့်သူသဘောကျပြီး ဖိုးကျော် တစ်ယောက် ပြုံးနေ၏။ စိတ်ကူးထဲတွင်တော့ နေ့လည်ကျောင်းသို့ မောကြီးပန်းကြီးပြေးလာမည့် သူတို့ထီဆိုင်ပိုင်ရှင် ဦးမောင်၏ ပုံစံသာ မြင်နေမိတော့သည်။ ကျောင်းတက်ရသည်မှာ ကြာလွန်းလှသည်ဟုဖိုးကျော် စိတ်တွင် ထင်နေမိ၏။ ကျောင်းတက်သက်တမ်းတစ်လျောက် ဒီနေ့က အကြာဆုံးထင်နေသည်။ ညနေကျောင်းဆင်းချိန်နီးလာလေ ရင်တွေအခုန်မြန်လာလေဖြစ်နေ၏။ နေ့လည်က ဘာအကြောင်းမှမထူးသဖြင့် စိတ်ထဲတွင်တော့ တထင့်ထင့်။ နိုင်ငံတော်သီချင်းဆိုအပြီး ဖိုးကျော် ကျောင်းပေါက်တွင် ရှေ့ဆုံးမှရောက်နေသည်။ ခပ်သုတ်သုတ် လမ်းလျှောက်လာခိုက် နောက်မှ ဆိုက်ကားဘဲလ်သံကြောင့် လမ်းဘေးကပ်ပေးလိုက်ရင်း လှည့်ကြည့်မိသည်။ လမ်းထဲမှ ဆိုက်ကားဆရာ ဦးလှရွှေက

“ဟေ့ ဖိုးကျော် ..ကျောင်းပြန်လာပြီလားကွ၊ မင်းသူငယ်ချင်းမြင့်ဆွေ အကြောင်း ကြားပြီပြီလားကွ”

” ဗျာ…ဘာဖြစ်လို့လည်းဗျ၊ ကျွန်တော်လည်းခုမှ ကျောင်းပြန်လာတာဆိုတော့ ဘာမှမသိသေးဘူး…ပြောစမ်းပါဦး ဘိုးရွှေ ရ”

“အော်..မင်းမသိသေးပဲကိုး၊ ငါလည်းလမ်းထိပ်က ကြားလာတာပဲ၊ မြင့်ဆွေ ထီပေါက်တယ်လို့ ပြောနေကြတာပဲ၊ ဘာတဲ့ သိန်းငါးဆယ် ဆိုလားကွ၊ မင်းသွားမေးလိုက်ဦး၊ ကဲ သွားပြီဟေ့”

ဦးလှရွှေ၏ စကားအဆုံး ဖိုးကျော် ကတုန်ကယင်ဖြစ်သွားသည်။ ကမာ္ဘမြေကြီး အိုးထိန်းစက်ကဲ့သို့ ချာချာလည်သွားသည် ထင်လိုက်မိ၏။ တစ်စုံတစ်ခုက ဦးခေါင်းတက်ဆောင့်သလို ဒိန်းကနဲ ဖြစ်သွားသည်။ ပြီးနောက်မှ သတိပြန်ရပြီး အိမ်သို့ အမြန် သုတ်ခြေတင်တော့၏။ အိမ်ရောက်ရောက်ချင်း ဘာကိုမှမသိတော့၊ လွယ်အိတ်ကို ဘုန်းကနဲ ပစ်ချပြီး ခေါင်းအုံးအောက်မှ ထီလက်မှတ်နှစ်စောင်ကိုယူပြီး ဦးမောင်ထီဆိုင်သို့ သုတ်ချေတင်တော့သည်။ စိတ်ဇောဆောင်နေသဖြင့် ဘာကိုမှသတိမထားမိတော့။ ထီဆိုင်အရောက် ဘာစကားမှမပြောနိုင်သေးပဲ ဟောဟဲလိုက်နေသည့်သူ့ကိုကြည့်ရင်း ဦးမောင်က

“ဖိုးကျော်ရာ၊ ဝီရိယ ကောင်းလှပါလား၊ ကျောင်းကနေ အိမ်တောင်ရောက်ခဲ့ရဲ့လားကွ၊ ဘာလဲ မင်းသတင်းကြားလာပြီပေါ့၊ အေးကွာ တကယ့် မင်္ဂလာ သတင်းကွ၊ မင်းတို့တွေလည်း ဝမ်းသာစရာပေါ့”

ဦးမောင်၏ စကားအဆုံး ဖိုးကျော် က လက်ထဲတွင်ဆုပ်ကိုင်လာသော ထီလက်မှတ်နှစ်စောင်ကို ဦးမောင်လက်အတွင်း ဇွတ်ထိုးထည့်ပေးရင်း ငိုသံပါကြီးဖြင့်

“မဟုတ်ဘူး..မဟုတ်ဘူး၊ အဲ့ဒါကျွန်တော့်လက်မှတ်။ မယုံရင်ကြည့် ကျွန်တော့်စုံတွဲထဲက တစ်စောင်ဗျ၊ မြင့်ဆွေ ခိုးသွားတာ၊ တကယ်ပေါက်တာ ကျွန်တော်ဗျ ကျွန်တော်…ဦးမောင် လုပ်ပါဦးဗျ…အီးးဟီး..ဟီး”

ပြောလဲပြော၊ ငိုလည်ူငိုနေသော ဖိုးကျော်ကိုတလှည့်၊ ထီလက်မှတ်လေးနှစ်စောင်ကိုတလှည့် ကြည့်ရင်း ဦးမောင် နားမလည်တော့

“နေပါဦး ဖိုးကျော်ရာ၊ ဘာတွေဖြစ်လာတာတုန်းဟ..မင်းနှယ် မထိတ်သာမလန့်သာကွာ၊ ပြောဦးဟ ဘာဖြစ်တာလဲ”

“ဦးမောင်..ဒီနေ့ မြင့်ဆွေထီပေါက်တယ်ဆို၊ အဲ့ဒီကိစ္စဗျ”

ဦးမောင်က မျက်မှောင်တစ်ချက်ကုပ်လိုက်ပြီး

“မင်း ဘယ်သူပြောလဲ၊ အေးသိန်းငါးဆယ်ထီဆုကြီးပေါက်တာ မြင့်ဆွေတော့ မြင့်ဆွေပဲ၊ ဘာလဲ မင်းသူငယ်ချင်းမြင့်ဆွေ ထင်လို့လား၊ ဘယ်ကလာ ငါ့ဆိုင်အရောင်းကပေါက်တဲ့ စစ်ကိုင်းကဦးမြင့်ဆွေပါကွာ။ ကဲကဲ..ငါ့ဆိုင်လည်း ကံဇာတာတက်လာပြီ၊ မင်းတို့တွေကိုလည်း မုန့်ဘိုးပေးမလို့ကွ၊ ပြီးရင် ဟိုကောင်တွေရော လွတ်လိုက်ဦး…ရော့ ရော့”

ဖိုးကျော်လည်း ဦးမောင်ပေးလိုက်သော တစ်ထောင်တန်သုံးရွက်ကို စိတ်အမှတ်မဲ့ လှမ်းယူလိုက်ရင်း နှုတ်ဆက်ပြန်လာခဲ့တော့သည်။ ဘာမှန်းမသိသော စိတ်ခံစားချက်တို့ကြောင့် ကြောင်စီစီဖြစ်နေ၏။ အိမ်သို့ ဘယ်လိုနည်းနှင့် ပြန်ရောက်လာသည်ကိုပင် သတိမထားမိတော့ချေ။ တစ်ထောင်တန်သုံးရွက်ကတော့ လက်ထဲတွင် တင်းတင်းဆုပ်ကိုင် ထား၏။ အိမ်အရောက်တွင်တော့ အမေ့ကိုပိုက်ဆံပေးရန် ဘုရားစင်ပေါ်ရှိ စုဘူးလေးကို လှမ်းယူလိုက်သည်။ လက်က ကတုန်ကယင်မို့ ဘုရားသောက်တော်ရေခွက်ကို တိုက်မိသွား၏။ ရေခွက်ကို ပြန်ထောင်လိုက်ပြီး ရေအနည်းငယ်စိုသွားသော ပရိတ်ကြီးစာအုပ်ကို ရေခါရန်ယူလိုက်သည်။ အသုံးနည်းသောစာအုပ်မို့ ဖုန်တွေကသောသောထနေ၏။ စာအုပ်ကိုလှမ်း အမလိုက်တွင် မြင်လိုက်ရသည့် အရာတစ်ခုကြောင့် ဖိုးကျော်လည်း ဆတ်ကနဲဖြစ်သွားသည်။ ဖုန်နှင့်ရေများ ပေကျံနေသည့် ထီလက်မှတ်လေးတစ်စောင်ပင်။ ဖိုးကျော် လည်းသေချာအောင်ပွတ်ကြည့်မိ၏။ သေချာပါသည်. ပျောက်ဆုံးနေသည့် ထီလက်မှတ်လေးတစ်စောင်ပင်။
××××××××××××××××××××××××××××××××××
ဖိုးကျော်က လက်ထဲတွင် တစ်ထောင်တန်ရှစ်ရွက်ကို ကျစ်ကျစ်ဆုပ်ရင်း သူ့အမေ အိပ်နေသည့် အခန်းတွင်းသို့ ဝင်လာခဲ့သည်။ ဖိုးကျော် လက်ထဲမှ ငွေရှစ်ထောင်ကို ယူလိုက်ရင်း ပျော်သွားသည့် သူ့အမေမျက်နှာကိုကြည့်နေရင်း ပီတိစိတ်အဟုန်ကြောင့် ဖိုးကျော်၏ မျက်နှာမှာ ဝင်းပနေပါသည်။ ကာလကြာ သယ်ပိုးထားရသည့် ဝန်အလေးကြီးအား ခုမှလွတ်ချလိုက်သလို ဖိုးကျော်၏ စိတ်မှာလည်း လွတ်လပ်ပေါ့ပါးသွား၏။ သူ့အမေ၏ လက်ကိုဆုပ်ကိုင်ထားရင်းဖိုးကျော်တစ်ယောက် အခန်းအပြင်သို့ ငေးမောနေပါသည်။ လေအတိုက်တွင် လွင့်ပါသွားသော ထီလက်မှတ်အပိုင်းပြတ်များနှင့်အပြိုင် ဖိုးကျော် ၏ စိတ်သည်လည်း…………….။

“ခန့်ညီဖေ” facebook မှ

20-07-2012, Friday,02:30 P:M

5 comments

  • ko khin kha

    July 21, 2012 at 3:31 pm

    ဖတ်ရင်းနဲ့ ခံစားမှု့တွေပါ ပေးသွားတဲ့ပိုစ့်လေးမို့ ကြိုက်တယ်ဗျာ၊
    အရေးကောင်းအတွေးကောင်းပါ။

  • shwe kyi

    July 21, 2012 at 4:29 pm

    ဖတ်သွားပါတယ်နော်။ အခြေခံလူတန်းစားဘဝကိုထင်ဟပ်ပြသွားတာကောင်းလိုက်တာ။ သူတို့ဘဝလေးတွေတချိန်ချိန်မှာလှပနိုင်ပါစေ။

  • မဟာရာဇာ အံစာတုံး

    July 21, 2012 at 8:47 pm

    စာတွေကိုတော့ မဖတ်ရသေးဘူးဗျာ
    ပုံလေးကို ကြည့်ပြီးတော့ ..
    ရင်ထဲကို အေးချမ်းမိသလိုပဲ …
    ပုံလေးအတွက်တော့ ရှဲရှဲပါဗျာ …

  • metallic

    July 21, 2012 at 10:02 pm

    အရမ်းဖတ်လို့ကောင်းတယ်
    ဇတ်လမ်းကောင်းတယ် အလှည့်လေးလည်းပါတယ်
    သဘာဝလည်းကျတယ်
    ဇတ်နာအောင်ရေးပြီး အတင်းလည်းမငိုခိုင်းဘူး 🙂

  • ဇောက် ထိုး

    July 22, 2012 at 7:48 am

    ဖတ်လို့ကောင်းလိုက်တာဗျာ…… ပန်းချီပုံလဲ ပေါ်တယ်။ ဇာတ်ကွက်မဟုတ်ပေမယ့် ဘဝနာတယ်…..အနုစိတ်ကို လှုပ်ရှားမှုရော….ခံစားမှုရော..တွဲပြီးတင်ပြသွားနိုင်တယ်။
    ကျေးဇူးပဲ။

Leave a Reply