အပိုင်း (၁)

ဟီး…ဟီး…ဟီး…
“နင်စဉ်းစားကြည့်ပါ”

“အေးအေးစဉ်းစားမယ်…ဘာလဲပြော”
ရီချင်စိတ်ကိုအသာမြိုသိပ်ရင်း မနော ပြန်ပြောလိုက်သည်။ ဂီမခေါ် ဂျီမကတော့မသိရှာ။ ရှိပေ့စေ… သူ့အရှိန်နဲ့သူ… ဟီး။

နေပါဦး မျက်နှာပိုးသတ်ထားမှ တော်ကြာသူအသဲကွဲနေတာကို စာနာစိတ်မရှိဘူး ရယ်လို့ ဂျီမတို့ သတိရတိုင်းတိုင်ပတ်လို့ ဆုံးမှာမဟုတ်။ သူမကျေနပ်ပြီဆို မမူးဘဲ စကားတစ်ခွန်းထဲကို အပ်ကြောင်းတွေထပ်ခါ ထပ်ခါ သူတော့မသိနားထောင်သူ ကတော့ ကြာတော့ ရူးချင်စိတ်ပေါက်လာသည်။ ဒင်းဒါကြောင့် ရုပ်လေးသနားကမား နဲ့ ကြိုက်တဲ့သူတိုင်းကထားခဲ့ပြီး အခုထိယောက်ကျားမရနိုင်တာ။

“ငါ့မှာတော့ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ထဲက အော်သူတော့ ဘရိတ်ဖတ်စ် ကလေးဘယ်လိုစားမလဲဟဲ့ သူကဘာလေးကြိုက်တတ်တာ။ ရုံးရောက်တာနဲ့ သူရောက်နေပြီလား မရောက်သေးဘူးလား။ ဒီနေ့မျက်နှာမကောင်းဘူး။ ဒီနေ့တော့ ပျော်နေပုံရတယ်။ အဲလို အသေးစိတ် တစ်နေ့လုံးကို သူ့စိတ်ကိုဝင်ကြည့်ပေးနေ တာပါဟယ်။”

“အင်း အဲဒါကြောင့်လဲ စိတ်တွေကျဉ်းကျပ်ပြီးပြေးတာဖြစ်မယ်” မနော စိတ်ထဲက တွေးမိပြီး အပြင်တော့မပြောရဲ…

“တစ်နေ့လုံးလဲလေ သူလက်လေးလှမ်းလိုက်တာနဲ့ ဒါသူဘာလိုအပ်နေပြီ ဆိုတာ ချက်ခြင်းသိပြီး လိုအပ်တာတွေအကုန် သူမျက်လုံးထဲပုံပေါ်တာနဲ့ လက်တစ်ကမ်း ရောက်အောင် တတ်နိုင်သလောက်စီစဉ်ပေးချင်တာပါဟယ်…ငါအဲ့လောက်ချစ်တာ”

ဂျီမ သူပြောတော့ချစ်တာတဲ့ စဉ်းစားကြည့် လူတစ်ယောက်က အသေးစိတ် ဒီလောက်လူတစ်ယောက်ဘ၀ကို စွက်ဖက်ချင်နေတာ ဘယ်လောက် တခြားသူမှာ စိတ်ကျဉ်းကျပ်လိုက်မလဲ။

“ဒါနဲ့နင်တို့က အခုဘာဖြစ်လို့လဲ”
“သူ့အီးမေး password တွေကိုငါလုံးဝဖွင့်လို့မရအောင်ပြောင်းလိုက်ပြီ”
“ဟင်…င်င်င်”
မနောအံ့သြခြင်းများစွာနဲ့ ဂျီမကို ကြည့်လိုက်သည်။

“ဟဲ့ သူ့အီးမေးက အလုပ်အတွက်ပဲဖြစ်ဖြစ် ပါစင်နယ်ပဲဖြစ်ဖြစ် သူ့ ပရိုက်ဗစ်စီလေ ဟယ်။ အီးမေး password တွေတောင်းပြီး သူများမေးကို လိုက်စစ်ရလောက်အောင် နင်တို့က ဆယ်ကျော်သက်တွေလား။ သုံးဆယ်ကျော်တွေလေ…”

“အမလေး ငါမငယ်တော့မှန်းသိပါတယ်ဟယ် ဒါပေမဲ့အဲလောက်နစ်နစ်နာနာမပြောပါ နဲ့။ ငါကသူ့ကိုအရမ်းချစ်လို့ သူနဲ့ပတ်သက်ရင် သေးသေးဖွဲဖွဲလေးကစပြီး အကုန်သိချင်လို့ပါ။”

မနောတစ်ယောက် ဂျီမကို စိတ်ပျက်ခြင်းများစွာနဲ့ကြည့်လိုက်သည်။ နှယ်နှယ်ရရ မဟုတ်ဘူး ဂျီမတဲ့ သူချစ်ပြီဆို ချစ်တဲ့သူ သေပြီသာမှတ်။ အီးပါတာတောင် ဘယ်နှစ်တုံးပဲပါ ကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာမျိုးအထိလိုက်လုပ်ချင်တာ။ ဒါကြောင့် ဒင်းကို သည်းခံခွင့်လွှတ်ပြီးလက်ထပ်မဲ့ အမျိုးကောင်းသား သူရဲကောင်းက အခုထိမပေါ်သေး။

“အေးဟယ် အီးမေး password ပြောင်းလိုက်တော့လဲ။ နင်သူ့အီးမေးမစစ်ရတော့ အလုပ်ရှုပ်သက်သာတာပေါ့။ အဲဒါကို အဲလောက်ငိုကြီးချက်မဖြစ်မနေနဲ့”

“မဟုတ်ဘူးဟဲ့ သူကငါ့ကိုထားခဲ့ပြီ။ လကုန်ရင်တခြားအလုပ်ပြောင်းမှာတဲ့။ ငါ့ကို အကူအညီလိုရင်တော့ ဖုန်းခေါ်နိုင်ပါတယ်တဲ့။ အကြောင်းထူးမရှိရင်တော့ မဆက်ပါ နဲ့တဲ့။ သူအိမ်ထောင်ပြုတော့မှာတဲ့… ဟီး… ဟီး”

“ဟင်… အလုပ်တောင်ပြောင်းပြေး… အဲလေ ပြောင်းတော့မှာတဲ့လား” အော် သတိထားနေရင်းကြားထဲက စကားကမှားရသေးတယ်။

ဂျီမက မနောကို မျက်စောင်းထိုးရင်း…. တဟီး ဟီး ဆက်ငိုနေသည်။

“ဟဲ့ ဘာတွေဖြစ်နေကြတာလဲ” မေးရင်းဝင်လာတဲ့ မယ်ပုကို တွေ့လိုက်တော့ မနော ကံစမ်းမဲပေါက်သလောက်ကို ၀မ်းသာသွားသည်။ Pooch အရုပ်ကလေးတွေကို ချစ်တတ်လွန်းလို့ တွေ့မရှောင်ဝယ်တတ်သော ပူ့ခ်ျ က ကလေးဆန်မယ်ထင်ရပေမဲ့ သူငယ်ချင်းတွေထဲမှာတော့ လူကြီးဆန်စွာ အားလုံးကို ဂိုက်လုပ်ပေးနိုင်သူ။ အမည် ပြောင်ကတော့ နန်းမတော်မယ်ပု။

“ဒီမှာ ဂျီမရယ် အသည်းကွဲနေတာ” ဂျီမ မမြင်အောင် ဖြစ်ပြန်ပြီ ဆိုတဲ့မျက်နှာပေးမျိုး နဲ့မယ်ပုကိုကြည့်လိုက်သည်။

“အီးမေး password တွေပြောင်း၊ အလုပ်ပါပြောင်းပြီး သူ့ကိုထားခဲ့ပြီတဲ့”
“ဘယ်သူလဲ ဘဲဥကလား”

ဂျီမရည်းစား ဘဲဥ ဆိုလို့ ဖြူဖြူလုံးလုံးတော့မထင်ပါနဲ့။ တကဲ့ကို မဲမဲရှည်ရှည်။ အိမ် နာမယ်ဘဲဥ ဆိုတော့ မယ်ပုတို့ မနောတို့တွေ ရီလိုက်ရတာ။

“ဘဲဥကနင့်ကို ဘယ်တုံးက ရည်းစားစကားပြောတာလဲ ဂျီမ”
ဒီကိစ္စငါဖြတ်မှဖြစ်မယ်ဆိုပြီး မယ်ပု ဂျီမကိုမေးလိုက်သည်။

“အင်… အဲလိုကြီးတော့”
ဂျီမရဲ့တစ်လွဲဆံပင်ကောင်း အသဲကွဲဇတ်လမ်းများကိုနောကြေနေသော မယ်ပု ဒီလောက်ဆိုသိပြီ။

“ပြောလေ… နင့်ကို ချစ်ပါတယ်လို့ ဘယ်တုံးကပြောခဲ့တာလဲ”
“ငါတို့တွေ စိတ်ချင်းအရမ်းနားလည်ခဲ့ကြတာ”
“အေးလေ… စိတ်ချင်းနားလည်နေကြပါတယ်လို့ကော သူကပြောလား”
“သူ့သူငယ်ချင်းတွေကိုပြောမှာပေါ့”
“ဘယ်သူ့သူငယ်ချင်းကနင့်ကိုလာပြောလို့လဲ”
“သူ့သူငယ်ချင်းတွေကို ငါမှသိပ်မရင်းနှီးတာ”

သက်ပြင်းချပြီး မယ်ပု ဂျီမကိုကြည့်လိုက်သည်။ နဲနဲလေးတောင်ဇတ်လမ်းကမကွဲပြန်ဘူးလား ဂျီမရယ်။ အရင်ဇတ်လမ်းတွေအတိုင်းပဲလား။

“ဘဲဥကလဲ နင့်ကိုချစ်ပါတယ်မပြော၊ နင်ပြောသလို စိတ်ချင်းနားလည်နေပါတယ် လဲမပြော၊ သူ့သူငယ်ချင်းတွေကတစ်ဆင့်လဲမပြော၊ ဘယ်သူမှလဲမပြောဘဲနဲ့ နင်က ဘဲဥကနင့်ကို ချစ်ပါတယ်လို့ ဘာလို့ထင်ရတာလဲ”

“ငါတို့တွေ မျက်လုံးချင်းတွေသိ စိတ်ချင်းနားလည်ပြီး ငါကသူ့ဆံစကနေခြေဖျားအထိ အသေးစိတ်ဂရုစိုက်ပြီးချစ်ခဲ့ရတာပါဟယ်”
အဲဒီမှာစတွေ့တာပဲ… မယ်ပုစိတ်ထဲကစဉ်းစားလိုက်ရင်း…

“အေးလေ နင်ချစ်တာတော့ ငါတို့သိပါပြီ၊ ဘဲဥနင့်ကိုချစ်သလားဆိုတာကတော့ ငါတို့ သူငယ်ချင်းတွေနဲ့တွေ့တုံးလဲသူမပြော ဘယ်သူ့မှလဲမပြောဘူးမဟုတ်လား”

“ဟီး…ဟီး… အေး သူကအရမ်းရက်စက်တာ၊ ငါ့ကို ချစ်ချင်ယောင်ဆောင်ပြီး အသဲခွဲ တာ၊ သူမချစ်ရင် ငါ့ကို ဘာလို့ သူ့အီးမေး password ပေးလဲ”
“အေးပါဟယ် ငါတို့ဘဲဥနဲ့တွေ့ကြည့်ပါဦးမယ်”
“အေး… မေးပေး၊ သူ့မိဘတွေက အတင်းစီစဉ်တာလားမသိဘူး”
“ဟဲ့ သူ့စိတ်မပါပဲ မိဘစီစဉ်တာနာခံရအောင်သူက ကလေးလား၊ နှစ်၄၀ ကျော် ၀တ္တုတွေထဲက အကြောင်းပြချက်တွေစဉ်းစားပြီး လွမ်းမနေနဲ့”
“ငါ့ကို သူချစ်ပါတယ်…. ဟီး…ဟီး”
အော်… ခက်တော့နေပြီ… မယ်ပုနဲ့ မနော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။

အပိုင်း (၂)
“နင်အလုပ်ပြောင်းတော့မယ်ဆိုဘဲဥ”
မနောနဲ့ မယ်ပု ရုံးအားရက် ဘဲဥကို လက်ဘက်ရည်ဆိုင်မှာ ခေါ်တွေ့ရင်း မေးကြသည်။

“အေးဟုတ်တယ် ငါ့ကောင်မလေးနဲ့ တစ်ရုံးထဲဖြစ်အောင်လေ၊ ၀ါမ၀င်ခင် မင်္ဂလာ ဆောင်လိုက်မလားလို့”
“နင်ဒါဆို ဂျီမကို ဘယ်လိုလုပ်မှာလဲ”
ဘဲဥက သက်ပြင်းတစ်ချက်ချလိုက်ရင်း..

“ငါစိတ်မကောင်းပါဘူးဟာ… နင်တို့သိတဲ့အတိုင်း ငါ့ကောင်မလေးနဲ့ငါက ငယ်ငယ် ထဲက တစ်ရပ်ကွက်ထဲ မိဘချင်းကလဲသဘောတူပြီး စေ့စပ်ထားတယ်လို့တောင် ပြောလို့ရတယ်။ နင်တို့လဲသိတာပဲ”

“ဒါဆိုနင်က ဂျီမကို ဘာလို့အထာတွေပေးခဲ့သေးလဲ”

“ငါကနင်တို့ သူငယ်ချင်းဆိုပြီး အစစကူညီတာပါဟာ။ သူကလဲရောက်စ ရုံးမှာ အူ ကြောင်ကြောင်ဆိုတော့ သူများတွေက ပညာပြရင်ငါက ၀င်ဝင်ပြောပေးတာ။ အဲဒီမှာ သူက ငါ့ကို တစ်မျိုးခံစားလာပုံရတယ်။ အကြည့်လေးတွေ မျက်လုံးလေးတွေနဲ့…”

“နင်အဲလိုကြီးတော့ တစ်ဘက်သတ်မပြောနဲ့ဘဲဥ။ လက်ဝါးက နှစ်ဘက်မတီးရင် မမြည်ဘူး။ သူဘယ်လောက်အထာပေးပေး နင့်စိတ်မပါရင် ဒီလိုတွေဖြစ်လာ စရာမရှိဘူး”
“ငါအမှန်အတိုင်းဝန်ခံပါ့မယ် သူ့လိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုလာညိတာ ဘယ်ယောက်ကျားလေးမသာယာရှိပါ့မလဲ။ ဒါပေမဲ့ ဂျီမက အရမ်းအသေးစိတ် ငါ့ကို ပြသနာလိုက်ရှာလွန်းအားကြီးတယ်။ ဟိုနေ့ကဆိုဟာ ငါ့ အီးမေးကို ငါ့ကောင်မလေးက ပို့ထားတဲ့မေးတွေ့ပြီး လူတွေအများကြီးရှေ့မှာ ငါ့ကို အော်ပြီး ရန်တွေ့တယ်… ကဲစိတ်တိုလို့ ရန်တွေ့တာထားတော့၊ တစ်နေ့လုံးလဲ ငါ့ကို အငြိမ်မနေရအောင် လိုက်ပြီး တဂျီဂျီ ရန်တွေ့နေတာ။ ထမင်းစားချိန် အိမ်သာတက်ချိန်တောင် မရှောင်ဘူး…အဲဒါမျိုးက တစ်ခါမဟုတ်ဘူး.. အခါခါ၊ အလုပ်မှာ အဲလိုလိုက်လုပ်နေတာ နင်စဉ်းစားကြည့်”

မယ်ပုနှင့် မနော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အင်း ဂျီမ ဒီလိုလုပ် တတ်တာ ယုံတယ်။ ကိုယ်တွေ့ဟဲ့… ဟု ကြိတ်ညည်းရင်း…

“အေးလေ… ဘာပဲပြောပြော နင်က နင့်အီးမေး password ပြောပြလောက်အောင် ဂျီမကို ချစ်တာပဲ၊ သည်းခံပြီးညှိပေါ့၊ အဲလို အလုပ်ပြောင်းပြီး တစ်ခြားတစ်ယောက်နဲ့ လက်ထပ်တဲ့အထိကျတော့ သူလဲခံစားရတာပေါ့ဟာ…”

“အဲဒီ့ password ကိစ္စကလဲ ဒီလိုပါဟာ၊ အဲဒီနေ့က ငါကလဲ လေဆိပ်မှာပစ္စည်းသွား ပို့ပေးစရာ အရေးတကြီးကိစ္စကရှိ၊ အီးမေးကလဲ attach file တွဲထားရက်သားဖြစ်နေ တော့ ဂျီမကို file attached ဖြစ်သွားရင်ပို့ပေးဖို့၊ ဒီကြားထဲ မီးတွေဘာတွေ ပျက်သွားရင် မေးလ်ပြန်ဖွင့်ပြီး ပို့ပေးလို့ရအောင် password ပြောခဲ့တာပါဟာ။ သူက အဲဒီကစပြီး ငါ့ အီးမေးကို အကုန်မွှေနှောက် တစ်ခုခုဆိုပြသနာရှာ…”

“အေးလေ… ဘာပဲဖြစ်ဖြစ်ပေါ့ဟာ နင်တို့က အခုဒီအတိုင်းပြီးကြတော့မှာလား”

“ငါအမှန်အတိုင်းပြောရရင် ဂျီမကို သံယောဇဉ်ရှိပါတယ် ဒါပေမဲ့ကြောက်လဲ ကြောက်တယ်၊ သူ့ဒဏ်မခံနိုင်ဘူး။ သူကဒေါသထွက်လာရင် ဘာမှမမြင်တော့ သလိုပဲ အရမ်းကြောက်ဖို့ ကောင်းတာပဲ။ ကြာရင် ငါ့အသက်မွေးဝမ်းကျောင်း အလုပ်တောင် ထိခိုက်လာမှာစိုးရတယ်။ ငါသူ့ကို ညှာလို့ အလုပ်ပြောင်းလိုက်တာပါ။ အိမ်က သဘောတူတဲ့ကောင်မလေးက ငါ့ငယ်ချစ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် နင်တို့ငါ့ ကိုအပြစ်ပြောလို့ရပါတယ်။ ဂျီမကို တော့ နင်တို့ဂရုစိုက်လိုက်ပါဟာ။ ငါတော့ သူ့အနား ဆက်နေမပေးနိုင်တော့ဘူး”

————————————

အိမ်အပြန်လမ်းမှာတော့ မယ်ပုနဲ့ မနော အတွေးပေါင်းများစွာ…
“ဒီကိစ္စက ဘဲဥကို အပြစ်ပြောလို့တော့မရဘူး”
မနောကပြောလိုက်သည်…
“ဒါဆိုငါတို့က ဂျီမအပြစ်လို့ပြောရမှာလား။ ဒါဆိုရင်လည်း သူ့ခံစားချက်ကို မစာနာရာ ကြမယ်”
မယ်ပုညီးညီးလေးပြောလိုက်သည်…

“အေးဟယ်… သူကလဲ ငယ်ငယ် ၂ နှစ်သမီးလောက်ကတဲက အမေက နောက်အိမ် ထောင်ပြုပြီးထားခဲ့တော့ အဖေ့ကိုပဲအရမ်းတွယ်တာတာ၊ တစ်ခါအဖေက သူ အလယ်တန်းလောက်မှာပဲ နောက်အိမ်ထောင်ပြုပြန်တော့ အဖေမေတ္တာ တစ်အား ငတ်တာ။ ”

“အေးလေ အဖေက အိမ်ထောင်ပြုသွားတော့ အဖွားဆီပို့၊ အဖွားကလဲ တစ်နှစ် လောက်နဲ့ဆုံးသွား အဒေါ်တွေနဲ့က ဆက်ဆံရေးမပြေလည်တော့ သူ့မှာ စိတ်ဒဏ်ရာ တွေတစ်အားများတာ”

“ငါ့ကိုသူပြောဖူးတယ်ဟ ယောက်ကျားလေးတစ်ယောက်က သူ့ကိုနဲနဲလောက် ဂရုစိုက်လိုက်ရင် သူတစ်အားပျော်ဝင်ပြီးတော့ အရမ်းကို မှီတွယ်လိုက်ချင်တာတဲ့…”
“အဖေမေတ္တာငတ်တာလေ…”

“အေး အဲဒီတော့ တစ်လွဲတွေဖြစ်ကုန်တာပေါ့…”
မယ်ပုနဲ့ မနော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရီလိုက်ကြသည်။

“ဟဲ့ မျက်နှာပိုးသတ် တော်ကြာသူ့ကို မစာနာပါဘူးဆိုပြီး ငါတို့ဘက်လှည့်လာ ဦးမယ်”

“တော်ပြီ တစ်ခါပဲခံမယ် မယ်ပုရယ် ကိုယ်ကတော့သူ့အသဲကွဲဇတ်လမ်းတွေကို သနားမဆုံးဖြစ်ပြီး သူ့ရဲ့အော်ကြော်လန်သည်းညည်းကို ကျိတ်မှိတ်ခံတုံးရှိသေးတယ် သူကနောက်တစ်ယောက်ကို ရင်ခုန်နေပြီ”

“အေးအဲဒါလဲ သိပ်မကြာခင် လွဲပြန်တာပဲမဟုတ်လား”

မနောတို့နှစ်ယောက် ကျိတ်ရီလိုက်ရင်း… မယ်ပုက တစ်ခုကို သတိရသွားသည်…

“ဟဲ့ အဲဒါ ဂျီမ ဦးခိုင် ၀တ်လည်တာထင်တယ်သိလား”

“ဟုတ်မယ် ဦးခိုင်တုံးက သနားပါတယ်ဟယ် ဂျီမက ခွေး က ချေးပုံနိုင်သလို ကို နိုင်တာနော်၊ နောက်ဆုံး ဟိုက မျက်ရည်စက်လက်နဲ့ အမေရိကားကို ထွက်သွား ရတယ်”
မနောက ကမန်းကတန်း မယ်ပုအပြောကိုထောက်ခံလိုက်သည်။

“နင်ပြောပုံက မနောရယ် ဂျီမက ခွေးဖြစ် ဦးခိုင် က ချီးပုံဖြစ်ပါရောလား”
တစ်ခွိခွိကျိတ်ရီရင်း…

“ဒါဆို ငါတို့ဒီနေ့ထုံးစံအတိုင်း သူကြိုက်တာလေးတွေချက်ကျွေး၊ အသဲကွဲတယ်ဆိုပြီး ဂျီမက တစ်ဖြဲနှစ်ဖြဲစားတာကို ထိုင်ကြည့်၊ သူကြည့်ချင်တဲ့ အခွေလေးတွေ ၀ယ်ပေး သူကကြည့်နေရင်းနဲ့ လွမ်းလို့ဆိုပြီး အာဗြဲကြီးနဲ့အော်ငိုရင်ချော့… လုပ်ရအုံးမှာပေါ့”

“ထုံးစံအတိုင်းပေါ့ မနောရယ်၊ ကိုယ်ယောက်ကျားမရရင်နေပါစေ သူရသွားရင် ငါ အတော်စိတ်ချမ်းသာမယ်”

About Wow

has written 62 post in this Website..