15-7-2012 တနင်္ဂနွေနေ့ကရွှေကြည်အလှူတစ်ခုကိုအားဖြည့်ကူညီခဲ့ပါတယ်။ ဘာအလှူလဲဆိုတော့ Better Life Group ဆိုတဲ့စေတနာရှင်ပရဟိတအဖွဲ့လေးတစ်ခုရဲ့ ၅ ကြိမ်မြောက်ပညာရေးထောက်ပံ့တဲ့အလှူလေးပါ။ ဘယ်မှာလုပ်ခဲ့ သလဲဆိုရင်အောက်ရှမ်းတဲကြီး သီလရှင်သင်စာသင်ကျောင်းလေးတစ်ခုမှာပေါ့။ ဒဂုန်မြို့သစ်တောင်ပိုင်းအပိုင်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးမှာပါဝင်ပါတယ်။ အဖွဲ့မှာပါဝင်လှုပ်ရှားသူတွေတော်တော်များများဟာ အလုပ်တဖက်နဲ့မအားလပ်ကြသူတွေ ဖြစ်လေတော့ ၄ လမှာ တကြိမ်သာလှူတန်းဖြစ်ခဲ့တယ်။ ငွေကြေးအရလည်းစုဆောင်းဖို့အချိန် ယူတာလည်းပါတာပေါ့ရှင်။ ငွေကြေးမတတ်နိုင် အစိုးရကျောင်းလည်းမရှိရှာတဲ့ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း လေးတွေမှာလှူဖြစ်ခဲ့ကြပါတယ်။ ကလေးတွေစာတတ်မြောက်ရေးနဲ့သူတို့လေးတွေအသိဥာဏ်တိုးတက်စေဖို့ ရည်ရွယ်ပြီး လှုပ်ရှားခဲ့ကြတဲ့အဖွဲ့လေးတခုပါ။ အဖွဲဝင်ရယ်လို့သတ်မှတ်ထားတာမရှိပဲစိတ်ဝင်စားပါကလိုက်ပါလှူဒါန်းနိုင်ပါတယ်။ ပင်တိုင် လှုပ်ရှားသူအမာခံတွေကတော့အမြဲလိုပါဝင်မြဲပါ။

ဒီတစ်ခေါက်မှာတော့ အဖွဲ့အင်အား ၁၉ ယောက်ပါဝင်ခဲ့ပြီးရန်ကုန်နဲ့သိပ်မဝေးတဲ့လယ်ကွင်းတွေကြားက သီလရှင် သင်စာသင်ကျောင်းလေးကိုရောက်ခဲ့ကြပါတယ်။  အလုပ်နားရက်တနင်္ဂနွေနေ့ကိုပဲ အမြဲသွားလှူဖြစ်လေတော့ ကလေးတွေ ခမျာတော့ကျောင်းပိတ်ရက်ကျောင်းတက်ရရှာတယ်လေ။ ဒါပေမယ့်သူတို့ပျော်နေကြပုံပါပဲ။ ငွေကြေးတတ်နိုင်သူတွေ အတွက်ကျူရှင်တွေ အမျိုးမျိုးထားနိုင်ပေမယ့် တကယ့်ကိုနွမ်းပါးရှာသူတွေအတွက်တော့ကျောင်းဆိုတာတောင်အနိုင် နိုင်ရယ်ပါ။ ဆရာဝန်တွေအင်ဂျင်နီယာတွေမွေးထုတ်မပေးနိုင်ခဲ့တောင်မှ ဒီလိုဘကကျောင်းလေးတွေကြောင့် အသိပညာ အလိမ္မာလေးတွေအတော်အသင့် သင်ကြားခွင့်ရမယ်ဆိုရင်သူတို့ဘ၀နည်းနည်းတော့လှပနိုင်မှာပါ။ သူတို့လေးတွေထဲမှာ တချိန်မှာနိုင်ငံကိုခေါင်းဆောင်မှုပေးနိုင်တဲ့သူတွေမပါဘူးလို့လည်းမပြောနိုင်ပါဘူး။ အူးဗိုက်ပြောတဲ့ဒူပေတာပေလူစားမျိုး လေးတွေအများကြီးတွေ့ခဲ့ရပါတယ်။ သူတို့လေးတွေရဲ့ရွာနဲ့ကျောင်းဟာအလှမ်းဝေးရှာရုံမကပဲလမ်း လျှောက် ကျောင်းတက်ရတဲ့လမ်းကလည်းကန်သင်းလမ်းပါ။

ရွှေကြည်တို့အဖွဲ့လည်းကားကိုလမ်းပေါ်ထားခဲ့ရပါတယ်။ ကားလမ်းကနေဆင်းပြီးလယ်ကွင်းတွေကြားက ကန်သင်းလမ်းကို ဖြတ်လျှောက်ကြရပါတယ်။ အသွားမှာတော့ လှူဒါန်းမယ့်ပစ္စည်းတွေသယ်ထားရတာကြောင့်ဓါတ်ပုံမှတ်တမ်း မရခဲ့ပါဘူး။ အခုရွာသူားတွေကြည့်ရှုရမယ့်ပုံတွေကလည်း သူငယ်ချင်းဖုန်းနဲ့ရိုက်ယူခဲ့တာလေးတွေပါ။ ရွှေကြည်မှာတော့ မှတ်တမ်းတင်ဖို့ ဖုန်းရောကင်မရာပါမ ပါတဲ့အတွက် သူများဆီကနေပဲကူးယူရပါတယ်။ ကိုယ်ပျော်မွေ့တဲ့ရွာထဲကခင်မင်ရတဲ့ရွာသူားတွေကိုပြချင်လို့ ဒါ့ပုံတွေကူးတင် ပေးလိုက် ပေမယ့် PRO မဟုတ်တဲ့အတွက်သည်းခံကြည့်ပေးကြပါလို့….။

PS –  အမှန်တကယ်လိုအပ်နေတဲ့နေရာမှန်သမျှလှူချင်လှပါတဲ့ရွှေကြည်ရယ်ပါ။ ပိုက်ဆံမရှာနိုင်တာကခက်နေတယ်။ ရွာအလှူမှာလည်းနည်းနည်းပဲလှူလိုက်နိုင်ပေမယ့် စုပေါင်းအင်အားနဲ့ အားလုံးရဲ့အလှူငွေတွေဟာ မြေစာပင်ရခိုင်သွေး ချင်းတွေအပြင် တကယ်လိုအပ်နေတဲ့ကချင်ဒေသကစာသင်ကျောင်းလေးကိုပါလှူလိုက်နိုင်တယ်လို့တွေးမိတိုင်း ၀မ်းသာပီတိ ဖြစ်ရပါတယ်။ အလှူကိုခွင့်ပြုပေးတဲ့သူကြီးနှင့် စီစဉ်ပေးသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းထပ်လောင်းပြောချင်ပါတယ်။ ဒီရွာသူဖြစ်ခွင့်ရတာကို လည်းဂုဏ်ယူမိပါကြောင်း..။

About ရွှေ ကြည်

ရွှေ ကြည် has written 32 post in this Website..