ပုံပြင်တစ်ခုမှသင်ယူခြင်း

Mg OggaJuly 2, 20101min800

ပုံပြင်တွေ ပြောပြတတ်တဲ့ ကျွန်တော်သူငယ်ချင်းကြီးကို သတိရလို့ ပုံပြင်တစ်ပုဒ်လောက် ပြောပြချင်တယ်ဗျ။ PRA သင်တတန်းကသင်ပေးလိုက်တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ဖွံဖြိုးရေး အမြင်ဖွင့်ပေးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

တွေးတောဆင်ခြင်ကြည့်ပေါ့ဗျာ

တခါက လူဆင်းရဲတစ်ယောက် တောလမ်းတစ်ခုမှာလျှောက်သွားရင်း မုဆိုးတစ်ယောက်လုပ်ထားတဲ့ ထောင်ချောက်ဟောင်းတစ်ခု ဖြစ်တဲ့ တွင်းနက်ကြီးတစ်ခုထဲ ခြေချော်ပြီး ကျသွားလေရော။ ကယ်မယ့် သူကလည်းမပေါ်လာ အဓိက သူထမင်းမစားရတာ သုံးရက်တောင်ရှိပြီ။ ကံကောင်းချင်တော့ ဒီတောလမ်းနားကို ဖြတ်သွားတဲ့ သူဌေးကြီးတစ်ဦးက တွင်းထဲက သူအော်သံကိုကြားလိုက်ရတယ်ဗျ။ ဒီလိုကြားတော့ ဒီသူဌေးကြီးက တွင်းထဲကသူကိုကြည့်လိုက်ပြီး ဘာအကူအညီပေးရမလဲ မေးလိုက်တယ်။ တွင်းထဲက သူကကျွန်တော်ဗိုက်ဆာတယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ သူဌေးကြီးက အေး အခုတော့ စားစရာမပါလာဘူး အိမ်ရောက်မှ အိမ်က အစေခံကိုပို့ခိုင်း လိုက်မယ် နောက်ရက်တွေလည်း ပုံမုန်ပိုပေးမယ်လို့ ကတိပြုပြီး အိမ်ပြန်သွားတာပေါ့။ သူဌေးကြီးက သူပေးထားတဲ့ ကတိအတိုင်းပဲ အိမ်ကအစေခံ ကိုနေတိုင်း ထမင်းပို့ပေးတယ်။ တွင်းထဲက သူဆင်းရဲကလည်း နေတိုင်းထမင်းပုံမုန်လာပို့တော့ အဆင်ပြေပြီး  ဝဖြီးလို့ တွင်းထဲမှာပဲအဆင်ပြေနေတာပေါ့ တွင်းထဲက ထွက်ဖို့ကိုလည်းမစဉ်းစားမိဘူးပေါ့။ နောက်ပိုင်းလအတော် အကြာမှာ သူဌေးကြီးက ရောဂါတစ်ခုဖြစ်ပြီး ကွယ်လွန်သွားတယ် သူဌေးကြီးကွယ်လွန်တော့ ပုံမုန် တွင်းထဲကသူကို ထမင်းပို့နေတဲ့ အစေခံကလည်း ထမင်းမပို့ကြတော့ဘူး။ တွင်းထဲကသူဆင်းရဲကတော့ ထမင်းထုပ်မျှော်နေပေမဲ့ ပေါ်မလာဘူး။ နောက်ရက်တွေကြာလာတော့ ဗိုက်ဆာလာတာပေါ့။ ဘယ်သူမှပေါ်မလာဘူး ဒီတော့ အရင်တုန်းကလိုပဲ ကယ်ကြပါအုံးလို့ အော်ကော။ ဒီတခါတော့ တောထဲမှာထင်းခုတ်တဲ့ သူကကြားသွားတယ်။ သစ်ခုတ်သမားက ဘာလုပ်ပေးရမလဲ ဘာကူညီရမလဲ မေးတော့ တွင်းထဲကသူက ထမင်းကျွေးပါလို့ ပြောတယ်။ သစ်ခုတ်သမားက အရင်ကခင်ဗျားဘယ်လိုနေလဲ ပြောတော့ တွင်းထဲကသူက အစအဆုံးပြောပြတယ်။ သစ်ခုတ်သမားက ခင်ဗျား အပေါ်တက်ဖို့ ဘာလို့ မကြိုးစားခဲ့တာလဲ ကျွန်တော်မှတော့ ခင်ဗျားကို်သူဌေးကြီးလို ထမင်းလည်းနေတိုင်းမပို့နိုင်ဘူး အပြင်မှာနေပြီး လုပ်ကိုင်စားသောက်ရင် ခင်ဗျာထမင်းမငတ်ပါဘူးဆိုပြီး တွင်းထဲကျနေတဲ့ သူကို တွင်းထဲက ထုတ်ပြီး ကယ်လိုက်လေသတဲ့။ ပုံပြင်လေးကတော့ ဒါလောက်ပါပဲ။ ယုတ္တိတော့သိပ်မရှိဘူးနော် ဒါပေမယ့် သင်ခန်းစာအများကြီးပေးနေပါတယ်။

ဇာတ်ပေါင်းသော်

တွင်းဆိုတာကတော့ ဆင်းရဲခြင်းပါ။ တွင်းထဲကြသွားတဲ့ သူကတော့ ဆင်းရဲမှုကိုခံစားနေရတဲ့ လူထုပေါ့။သူဌေးကြီးက ဆင်းရဲသူတွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အလှူရှင်တွေပေါ့။ အစေခံက အလှူရှင်တွေရဲ့ ငွေနဲ့ အကောင်အထည်ဖော်ပေးနေတဲ့ INGOတွေ၊ သစ်ခုတ်သမားကတော့ ရပ်ရွာအခြေပြု ဖွံဖြိုးရေးအဖွဲ့အစည်းတွေပေါ့။ ကိုယ်ဘာသာတွေးနော် ကျွန်တော်ဘာမှမပြောတော့ဘူး